မာတိကာဆီ ကျော်သွား

အီတလီနိုင်ငံ၊ စစ္စလီကျွန်း ထဲမီနီ အင်မရေစီ အစိုးရရှေ့နေ တရားရုံး

ဩဂုတ် ၂၂, ၂၀၁၈
အီတလီ

စစ္စလီကျွန်းတရားရုံးက ယေဟောဝါသက်သေ လူနာများရဲ့ လုပ်ပိုင်ခွင့်ကို ပြန်အတည်ပြု

စစ္စလီကျွန်းတရားရုံးက ယေဟောဝါသက်သေ လူနာများရဲ့ လုပ်ပိုင်ခွင့်ကို ပြန်အတည်ပြု

ခွဲစိတ်ဆရာဝန်တစ်ဦးက ယေဟောဝါသက်သေ အမျိုးသမီးလူနာကို အတင်းအကျပ် သွေးသွင်းပေးခဲ့တဲ့အတွက် ရာဇဝတ်မှုမြောက်ကြောင်း အီတလီနိုင်ငံ၊ စစ္စလီကျွန်း ထဲမီနီ အင်မရေစီ တရားရုံးက ၂၀၁၈၊ ဧပြီ ၆ ရက်နေ့မှာ စီရင်ချက် ချခဲ့ပါတယ်။ နစ်နာမှုအတွက် လူနာအမျိုးသမီးကို ယူရို ၁၀,၀၀၀ (၁၁,၆၀၅ ဒေါ်လာ)၊ ယေဟောဝါသက်သေ ခင်ပွန်းသည်ကို ယူရို ၅,၀၀၀ (၅,၈၀၃ ဒေါ်လာ) နစ်နာကြေး ပေးဖို့ အမိန့်ချလိုက်ပါတယ်။ ဘာသာရေး ယုံကြည်ချက်အရ ဘယ်လို ဆေးကုသမှုမျိုး ခံယူမယ်ဆိုတာ ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ လူနာရဲ့ အခွင့်အရေး ချိုးဖောက်မှုနဲ့ ဆရာဝန်တစ်ဦးကို အီတာလျံ တရားရုံး ပထမဆုံးအကြိမ် စီရင်ချက် ချလိုက်တာပါ။

၂၀၁၀၊ ဒီဇင်ဘာလမှာ ညီအစ်မတစ်ဦးဟာ သည်းခြေအိတ် ခွဲစိတ်မှု ခံယူပြီးနောက် ရောဂါသစ်တွေ ခံစားရတယ်။ သွေးပစ္စည်းတွေကို လက်မခံကြောင်း အကြိမ်ကြိမ် ငြင်းပယ်ခဲ့ပေမဲ့ သူ့ကို ချုပ်ထိန်းပြီး သွေးနီဥ သွင်းပေးခဲ့တယ်။ ဆရာဝန်က တရားသူကြီး ခွင့်ပြုချက်နဲ့ လုပ်ဆောင်တာလို့ လိမ်လည်ပြောဆိုခဲ့တယ်။

နောက်ပိုင်းမှာ ဇနီးမောင်နှံနှစ်ဦးက အစိုးရရှေ့နေရုံးမှာ ရာဇဝတ်မှုနဲ့ အဲဒီဆရာဝန်ကို တရားစွဲဆိုတယ်။ တရားရုံးက “အသက်ပြည့်ပြီးသူ၊ ဆုံးဖြတ်ချက်ချနိုင်သူ ယေဟောဝါသက်သေတစ်ဦး ဖြစ်ပါက” ဆရာဝန်အနေနဲ့ လူနာရဲ့ဆန္ဒကို လွန်ဆန်ပြီး “သွေးသွင်းကုသခြင်း မပြုသင့်” လို့ ဆုံးဖြတ်လိုက်ပါတယ်။

ဆရာဝန်က လိုအပ်တယ် ပြောပေမဲ့ လူနာ သဘောမတူတဲ့ ကုသမှုမျိုးကို အီတလီ ဖွဲ့စည်းပုံအခြေခံ ဥပဒေက တားမြစ်ထားတယ်လို့လည်း ထုတ်ပြန်ခဲ့ပါတယ်။ တရားရုံးရဲ့ စီရင်ဆုံးဖြတ်ချက်အရ “အဲဒီလိုကုသမှု လိုအပ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကုသမှု ရှင်းလင်းပြတ်သားစွာ ငြင်းဆိုတဲ့လူနာကို အတင်းအကျပ် ကုသမှု ခံယူစေလို့ မရဘူး။”

အဲဒီအမှုကို ကြားနာခဲ့သူ ပါဒူအာ တက္ကသိုလ်က ဆေးဘက်ဆိုင်ရာ ဥပဒေရေးရာ ပါမောက္ခ ဒေနီယယ်လာ ရိုဒရီဂတ်က “အီတလီ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ဆေးကုသမှုတချို့ကို ငြင်းဆိုပိုင်ခွင့် ရှိကြောင်း၊ အီတလီ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အပိုဒ် ၃၂ မှာ ‘ဥပဒေသတ်မှတ်ချက် မရှိဘဲ မည်သူ့ကိုမှ အတင်းအဓမ္မ ဆေးကုသပေးလို့ မရ’ လို့ဖော်ပြထားကြောင်း” ရေးသားခဲ့တယ်။ တရားရုံးရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး အီတလီလူမျိုး ဥပဒေပညာရှင်၊ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေပညာရှင် လူကာဗင်ချီက ခိုတီဒီယာနို စာနီသား ဆိုတဲ့ ကျန်းမာရေးစာစောင်မှာ ဒီလိုရေးသားခဲ့တယ်- “သွေးမသွင်းချင်တဲ့ လူနာတွေကို အတင်းအကျပ် သွေးသွင်းခွင့်ပေးတဲ့ ဥပဒေ မရှိပါ။ ကုသမှုကို ငြင်းဆိုပိုင်ခွင့်က အရာရာထက် ပိုအရေးပါတယ်။”

ယေဟောဝါသက်သေများရဲ့ ရှေ့နေအဖွဲ့ဝင် မာချယ်လို ရီဖီချီက ဒီလိုပြောပြတယ်- “လူနာတွေအနေနဲ့ ဘယ်လို ဆေးကုသမှု ခံယူမယ်ဆိုတာ ဆုံးဖြတ်ပိုင်ခွင့် ရှိကြောင်း ဖော်ပြထားတဲ့ လူ့အခွင့်အရေးဆိုင်ရာ ဥရောပတရားရုံး ပြဋ္ဌာန်းထားတဲ့ စံနှုန်းတွေ၊ ဥရောပ စံနှုန်းတွေနဲ့ ကိုက်ညီတဲ့ စီရင်ဆုံးဖြတ်ချက် ဖြစ်လို့ ကျွန်တော်တို့ ဝမ်းသာပါတယ်။ စိတ်ဝင်စားစရာကတော့ အီတာလျံဥပဒေပြုအဖွဲ့က ၂၀၁၇ ခုနှစ်မှာ ‘သေတမ်းစာ ဥပဒေ’ ဆိုတဲ့ ၂၁၉/၂၀၁၇ ဥပဒေကို ပြဋ္ဌာန်းခဲ့တယ်။ အဲဒီမှာလည်း အလားတူ စံနှုန်းတွေကို အလေးပေးဖော်ပြထားတယ်။”

ရှေ့နေအဖွဲ့ဝင် နောက်တစ်ဦးဖြစ်တဲ့ လူချီယို မာစဲလာက “တရားရုံးရဲ့ စီရင်ဆုံးဖြတ်ချက်ဟာ လူနာအခွင့်အရေးကို မချိုးဖောက်ဘဲ လူနာကို အကောင်းဆုံး ဆေးကုသပေးဖို့ အစွမ်းကုန် ကြိုးစားကြတဲ့ ဆရာဝန်တွေအတွက် အကာအကွယ် ဖြစ်ပါလိမ့်မယ်” ဆိုပြီး ပြောတယ်။