မာတိကာဆီ ကျော်သွား

ရောမမြို့မှာ ကျင်းပတဲ့ သိပ္ပံနည်းကျ ခွဲစိတ်ကုသမှု အသင်းများရဲ့ ပူးတွဲညီလာခံမှာ ညီအစ်ကို၊ ညီအစ်မတွေက သွေးမသွင်းဘဲ ကုသနိုင်တဲ့နည်း အချက်အလက်တွေကို ဝေမျှပေးနေကြစဉ်

ဇွန် ၂၇၊ ၂၀၁၉
အီတလီ

အီတလီ ဆေးညီလာခံကြီး နှစ်ခုမှာ ဆရာဝန်တွေက သွေးမသွင်းဘဲ ကုသနိုင်တဲ့ နည်းတွေကို စိတ်ဝင်စားကြ

အီတလီ ဆေးညီလာခံကြီး နှစ်ခုမှာ ဆရာဝန်တွေက သွေးမသွင်းဘဲ ကုသနိုင်တဲ့ နည်းတွေကို စိတ်ဝင်စားကြ

ပလဲရ်မာမြို့ SIAARTI ညီလာခံမှာ ပြသထားတဲ့ ကျွန်တော်တို့ရဲ့ ပြခန်းကို ဆေးဘက်ဆိုင်ရာ ပညာရှင်တွေ လာကြည့်ကြ

သွေးမသွင်းဘဲ ကုသနိုင်တဲ့ ဆေးပညာနဲ့ ခွဲစိတ်ကုသမှုဆိုင်ရာ ကုထုံးတွေကို ကမ္ဘာချီကွန်ရက် အစီအစဉ်နဲ့ ပြင်ဆင်ပေးထားတဲ့အတွက် ယေဟောဝါသက်သေတွေကို ဆရာဝန်များစွာက ကျေးဇူးတင်ကြောင်း ပြောကြတယ်။ ရောမမြို့က ယေဟောဝါသက်သေများရဲ့ ဌာနခွဲရုံးမှာ တည်ရှိတဲ့ ဆေးရုံ သတင်းအချက်အလက် ဝန်ဆောင်မှုလုပ်ငန်း (အီတလီ) လည်း အဲဒီကမ္ဘာချီ ကွန်ရက်မှာ ပါဝင်တယ်။ လွန်ခဲ့တဲ့ နှစ်ကုန်ပိုင်း ၂၀၁၈၊ အောက်တိုဘာ ၁၀ ရက်ကနေ ၁၃ ရက်အထိ စစ္စလီကျွန်း၊ ပလဲရ်မာမြို့မှာ မေ့ဆေး၊ ထုံဆေး၊ အသက်ကယ်ဌာန၊ အထူးကြပ်မတ်ကုဌာန ဆိုင်ရာ အီတလီ အမျိုးသားကွန်ဂရက် (SIAARTI) ညီလာခံ ကျင်းပခဲ့တယ်။ အဲဒီမှာ ဆေးရုံ သတင်းအချက်အလက် ဝန်ဆောင်မှုလုပ်ငန်း (အီတလီ) က ကိုယ်စားလှယ်တွေနဲ့ ဆေးရုံဆက်သွယ်ရေး ကော်မတီ အဖွဲ့ဝင်တွေဟာ သတင်းအချက်အလက် ပြခန်းတစ်ခု ပြသခဲ့ကြတယ်။ ညီလာခံ ပြီးပြီးချင်း ရောမမြို့ “လာ နူဗိုလာ” ကွန်ဗင်းရှင်းစင်တာမှာ ကျင်းပတဲ့ သိပ္ပံနည်းကျ ခွဲစိတ်ကုသမှု အသင်းများရဲ့ ပူးတွဲညီလာခံမှာလည်း ညီအစ်ကိုတွေ ပြခန်း ပြသခဲ့တယ်။

အဲဒီညီလာခံတွေမှာ သွေးမသွင်းဘဲ ဆေးကုသခြင်းအကြောင်း စိတ်ဝင်စားတဲ့ ဆေးပညာရှင်များစွာကို နောက်ဆုံးအချက်အလက်တွေ တင်ပြပေးနိုင်တဲ့ အခွင့်အရေး ရရှိကြတယ်။ မလဲရ်မာမြို့ ညီလာခံမှာ မေ့ဆေးဆရာဝန် ၂,၈၀၀ တက်ရောက်ခဲ့တယ်။ အီတလီမှာ ကျင်းပတဲ့ ခွဲစိတ်ကုသမှုဆိုင်ရာ အကြီးဆုံး ညီလာခံလို့ သတ်မှတ်ကြတဲ့ ရောမမြို့ ညီလာခံမှာ ခွဲစိတ်ဆရာဝန် ၃,၅၀၀ တက်ရောက်ခဲ့တယ်။ ဆေးဘက်ဆိုင်ရာ နယ်ပယ်အသီးသီးက ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့ကြတယ်။ အီတလီ ခွဲစိတ်ဆရာဝန်အသင်းအားလုံးက အဖွဲ့ဝင်တွေနဲ့ အမေရိကန် ခွဲစိတ်ဆရာဝန်များကောလိပ်က အီတလီအသင်းသားတွေလည်း ပါတယ်။ ကျန်းမာရေး ဝန်ကြီးဌာနအပါအဝင် ပြည်တွင်း အဖွဲ့အစည်းများစွာကလည်း ဒီညီလာခံကို ထောက်မကူညီပေးကြတယ်။

စစ္စလီကျွန်း၊ ကန်တဲန်ညာမြို့ ပေါ်လီကလင်နီကို ဆေးရုံက မေ့ဆေးဆရာဝန် ဗင်ချင်းဇို စကူဒယ်ရီဟာ ကျွန်တော်တို့ရဲ့ မလဲရ်မာမြို့ ပြခန်းကို ရောက်လာတယ်။ ၂၀၁၉၊ ဇန်နဝါရီ ၁၈ ရက်နေ့မှာ နှလုံးပင်မ သွေးလွှတ်ကြော ခွဲစိတ်ထားတဲ့ ယေဟောဝါသက်သေ လူနာတစ်ယောက်ကို သူ အရေးပေါ် ကုသပေးခဲ့ရတယ်။ အလွန်ရှုပ်ထွေးတဲ့ ကုသနည်းကို သွေးမသွင်းဘဲ လုပ်နိုင်ခဲ့တယ်။ “၂၀၁၈ ခုနှစ်၊ SIAARTI ညီလာခံတုန်းက [ခင်ဗျားတို့ရဲ့ ပြခန်းကြောင့်] တကယ် အကူအညီ ဖြစ်ခဲ့တယ်။ ခင်ဗျားတို့ ပေးတဲ့ အချက်အလက်တွေက အများကြီး အထောက်အကူ ဖြစ်တယ်” လို့ ဒေါက်တာ စကူဒယ်ရီ ပြောတယ်။

လက်တလောမှာတော့ အီတလီက ဆရာဝန် ၅,၀၀၀ ကျော်ဟာ ယေဟောဝါသက်သေ လူနာတွေကို ထိရောက်တဲ့၊ စိတ်ချရတဲ့ ခွဲစိတ်ကုသနည်းတွေနဲ့ သွေးမသွင်းဘဲ ကုသဖို့ သဘောတူထားတယ်။ အီတလီနိုင်ငံမှာ နှစ်တိုင်း သက်သေခံလူနာ ပျမ်းမျှ ၁၆,၀၀၀ လောက်ဟာ အဲဒီနည်းနဲ့ ဆေးကုသမှု ခံယူကြတယ်။