မာတိကာဆီ ကျော်သွား

အီတလီနိုင်ငံရဲ့ တရားရုံးချုပ် တည်ရှိရာ ရောမမြို့က တရားရေးနန်းတော်

ဇူလိုင် ၁၈၊ ၂၀၁၉
အီတလီ

အီတလီ တရားရုံးချုပ်က ယေဟောဝါသက်သေတွေရဲ့ ဆေးကုသမှု ရွေးချယ်ပိုင်ခွင့်ကို ထောက်ခံ

အီတလီ တရားရုံးချုပ်က ယေဟောဝါသက်သေတွေရဲ့ ဆေးကုသမှု ရွေးချယ်ပိုင်ခွင့်ကို ထောက်ခံ

ဆေးကုသမှုကို ညီအစ်ကို၊ ညီအစ်မတွေ ရွေးချယ်ပိုင်ခွင့် ရှိကြောင်း အီတလီနိုင်ငံရဲ့ အမြင့်ဆုံး တရားရုံးချုပ်က ၂၀၁၉၊ မေ ၁၅ ရက်နေ့မှာ အတည်ပြုပေးခဲ့တယ်။ လူနာတစ်ယောက်ဟာ သွေးမသွင်းဘဲ ဆေးကုသချင်တဲ့ မိမိရဲ့ ဆုံးဖြတ်ချက်ဘက် ရပ်တည်ပေးမယ့် ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ ကိုယ်စားလှယ်တစ်ဦး ရွေးချယ်ပိုင်ခွင့် ရှိတယ်လို့ တရားရုံးချုပ်က အတည်ပြုပေးခဲ့တယ်။ ဒါ့အပြင် အီတလီ တရားဥပဒေအရ လူနာဟာ ကျန်းမာရေး အခြေအနေကြောင့် မကြာခင် ပြောဆိုဆုံးဖြတ်နိုင်စွမ်း ပျောက်ဆုံးသွားနိုင်ချိန်မှာတောင် ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ ကိုယ်စားလှယ် ရွေးချယ်ပိုင်ခွင့် ရှိကြောင်း အတည်ပြုခဲ့တယ်။

ညီအစ်ကိုနဲ့ ညီအစ်မ ကပ်ပဲလီ

ဒီဆုံးဖြတ်ချက်ဟာ အသင်းတော်အကြီးအကဲ ဖြစ်တဲ့ ညီအစ်ကို လူကာ ကပ်ပဲလီရဲ့ အမှုပေါ် အခြေခံပြီး ထွက်ပေါ်လာတာပါ။ သူဟာ ဦးနှောက်သွေးကြော ပုံမှန် မဟုတ်တဲ့ ရောဂါကို လွန်ခဲ့တဲ့ ၂၅ နှစ်လုံးလုံး ခံစားခဲ့ရတယ်။ ဒီအတွက် ဆေးကုသမှုများစွာ လိုအပ်ခဲ့တဲ့အပြင် စကားမပြောနိုင်တဲ့အခါတွေလည်း ရှိတယ်။ ဒီအတွက် ညီအစ်ကို ကပ်ပဲလီဟာ ကိုယ်စားလှယ်လွှဲစာကို အသေအချာ ဖြည့်ပြီး ဇနီး ဖြစ်သူ ဖရန့်စစ်ကာကို ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခဲ့တယ်။ ဒါပေမဲ့ တရားသူကြီးနဲ့ အယူခံ တရားရုံးဟာ သူ့အမျိုးသမီးကို သူ့ရဲ့ ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ ကိုယ်စားလှယ်အဖြစ် အသိအမှတ် မပြုခဲ့ဘူး။ ဒါက သွေးမသွင်းဘူးဆိုတဲ့ ညီအစ်ကို ကပ်ပဲလီရဲ့ ဆုံးဖြတ်ချက်ကို တရားရေးအရ ပယ်ဖျက်နိုင်တဲ့ အနေအထား ရောက်သွားတယ်။

ညီအစ်ကို ကပ်ပဲလီရဲ့ အမှုဟာ ၂၀၁၇၊ ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ တရားရုံးချုပ်ကို ရောက်သွားတယ်။ လူနာရဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို ကာကွယ်ပေးထားတဲ့ အီတလီနိုင်ငံ ဥပဒေနဲ့ လူ့အခွင့်အရေးဆိုင်ရာ ဥရောပတရားရုံးရဲ့ ဆုံးဖြတ်ချက်ကို အောက်တရားရုံးက ချိုးဖောက်ရာကျတယ်လို့ အီတလီနိုင်ငံရဲ့ တရားရုံးချုပ်က ဆုံးဖြတ်ခဲ့တယ်။ ဘာသာရေး ခံယူချက်ကြောင့် ဖြစ်မယ်ဆိုရင် ဆေးကုသမှုအပေါ် လူနာရဲ့ ငြင်းပယ်ပိုင်ခွင့်ကို ပိုလို့တောင် အလေးထား ကာကွယ်ပေးသင့်တယ်လို့လည်း တရားရုံးချုပ်က ဖော်ပြခဲ့တယ်။ တရားရုံးချုပ်ရဲ့ အဲဒီဆုံးဖြတ်ချက်ကြောင့် ကျွန်တော်တို့ ညီအစ်ကို၊ ညီအစ်မတွေရဲ့ သွေးမဲ့ ဆေးကုသလိုတဲ့ ဆန္ဒကို အီတလီ တရားရုံးတွေဟာ အခု ပိုပြီး အလေးထားရပါတော့မယ်။

အီတလီနိုင်ငံက ညီအစ်ကို၊ ညီအစ်မတွေဟာ သွေးအသုံးပြုခြင်းနဲ့ပတ်သက်ပြီး ကျမ်းစာနဲ့ လေ့ကျင့်ထားတဲ့ အမှားအမှန်သိစိတ်အတိုင်း ဆက်ပြီး ကျင့်ကြံနေပါတယ်။ သူတို့ရဲ့ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ကို ကာကွယ်ဖို့ တရားရုံးချုပ် လုပ်ဆောင်ခဲ့တာကို ကြားသိရလို့ ကမ္ဘာချီ ညီအစ်ကိုအသင်းအပင်းတစ်ခုလုံး ဝမ်းသာရပါတယ်။—တမန်တော် ၁၅:၂၉