မာတိကာဆီ ကျော်သွား

စက်တင်ဘာ ၂၆၊ ၂၀၁၉
အီတလီ

နာဇီနဲ့ ဖက်ဆစ်တွေ နှိပ်စက်ညှဉ်းပန်းခဲ့တဲ့ ယေဟောဝါသက်သေတွေအတွက် အမှတ်တရ ကမ္ပည်းဆိုင်းဘုတ် အီတလီမှာ ဖွင့်လှစ်

နာဇီနဲ့ ဖက်ဆစ်တွေ နှိပ်စက်ညှဉ်းပန်းခဲ့တဲ့ ယေဟောဝါသက်သေတွေအတွက် အမှတ်တရ ကမ္ပည်းဆိုင်းဘုတ် အီတလီမှာ ဖွင့်လှစ်

ထရီယက်စတာမြို့မှာရှိတဲ့ ရီဆီယယ်ရယ် ဒီ ဆန် ဆာဘာမှာ တင်ထားတဲ့ ကမ္ပည်းဆိုင်းဘုတ်ကို တွေ့ရစဉ်။ ယေဟောဝါသက်သေတွေဟာ ချွေးတပ်စခန်းမှာ ခရမ်းရောင်တြိဂံပါတဲ့ ဝတ်စုံ ဝတ်ကြရ

၂၀၁၉၊ မေ ၁၀ ရက်နေ့တုန်းက အစိုးရအရာရှိတွေ၊ သမိုင်းပညာရှင်တွေ၊ သတင်းစာဆရာတွေ၊ရာနဲ့ချီတဲ့ ဧည့်သည်တော်တွေဟာ နာဇီနဲ့ ဖက်ဆစ်တွေ နှိပ်စက်ညှဉ်းပန်းခဲ့တဲ့ ထောင်နဲ့ချီတဲ့ ညီအစ်ကို၊ ညီအစ်မတွေကို ဂုဏ်ပြုတဲ့ ကမ္ပည်းဆိုင်းဘုတ်ဖွင့်ပွဲ အခမ်းအနားကို တက်ရောက်ခဲ့ကြတယ်။ အခမ်းအနားကို အီတလီမြောက်ပိုင်းက ထရီယက်စတာမြို့မှာရှိတဲ့ ရီဆီယယ်ရယ် ဒီ ဆန် ဆာဘာမှာ ကျင်းပခဲ့တယ်။ အရင်က ဆန်စက်ဖြစ်တဲ့ အဲဒီနေရာဟာ တစ်ခုတည်းသော အီတလီ ချွေးတပ်စခန်းနဲ့ သေဆုံးသူတွေကို မီးသင်္ဂြိုဟ်တဲ့နေရာ ဖြစ်လာတယ်။ အခမ်းအနားကို နိုင်ငံတွင်းမှာ လူကြည့်အများဆုံးဖြစ်တဲ့ ကနားလေးချင်းကွေ တီဗွီလိုင်း အပါအဝင် ဒေသတွင်းနဲ့ နိုင်ငံတစ်ဝန်းက မီဒီယာတွေ စိတ်ဝင်တစား တက်ရောက်ခဲ့ကြတယ်။

အီတလီနိုင်ငံက ယေဟောဝါသက်သေတွေရဲ့ ပြောရေးဆိုခွင့်ရှိသူ ခရစ္စယန် ဒီ ဗလာစီယိုက သစ္စာစောင့်သိခြင်းအကြောင်း ဟောပြောပြီး အခမ်းအနားကို ဖွင့်လှစ်ခဲ့တယ်။ “ယေဟောဝါသက်သေတွေဟာ နာဇီအုပ်ချုပ်မှုအောက်မှာ ဘာသာရေးယုံကြည်ချက်ကြောင့် နှိပ်စက်ခံရတဲ့ တစ်ခုတည်းသော အဖွဲ့ဖြစ်တယ်။ နှိပ်စက်ညှဉ်းပန်းမှု မခံရအောင် ရှောင်နိုင်တဲ့ တစ်ခုတည်းသော အုပ်စုလည်း ဖြစ်တယ်။ သူတို့ရဲ့ ခရစ်ယာန်ယုံကြည်ချက်ကို စွန့်လွှတ်ပြီး အစိုးရကို ထောက်ခံဖို့ပဲ လိုခဲ့တာပါ။ ဒါပေမဲ့ သူတို့ရဲ့ ခရစ်ယာန်ယုံကြည်ချက်တွေက ဘုရားကို သစ္စာရှိဖို့၊ တခြားသူတွေကို မေတ္တာပြဖို့ ရဲစွမ်းသတ္တိ ရှိစေခဲ့တယ်” လို့ ပြောခဲ့တယ်။ ပြီးတဲ့နောက် ဒုတိယကမ္ဘာစစ်အတွင်းမှာ မိသားစုနဲ့အတူ နှိပ်စက်ညှဉ်းပန်း ခံခဲ့ရတဲ့ ညီအစ်မ အယ်မာ ဘာဝါကို လူတွေ့မေးမြန်းထားတဲ့ ဗီဒီယိုကို ပြတယ်။ စစ်မှန်တဲ့ခရစ်ယာန်တွေဟာ အသတ်ခံရမယ်ဆိုရင်တောင် ယုံကြည်ခြင်းကို စွန့်မှာမဟုတ်ဘူးလို့ ညီအစ်မ ရှင်းပြတယ်။ နိဂုံးချုပ်မှာ ထရီယက်စတာမြို့တော်ဝန် ရိုဘယ်တို ဒီပီယာဇာ မိန့်ခွန်းပြောတယ်။ မိန့်ခွန်းမှာ ဒီလို ပါတယ်– “ဒီကမ္ပည်းဆိုင်းဘုတ်အတွက် ကျွန်တော် တကယ်ဝမ်းသာတယ်။ ဒီလို နှိပ်စက်ညှဉ်းပန်းမှုမျိုး ထပ်မဖြစ်အောင် ကျွန်တော်တို့ လုပ်ရမယ်။” အဲဒီနောက် ဆိုင်းဘုတ်ကို ဖွင့်လှစ်လိုက်တယ်။

ပညာရှင်တွေ၊ အထင်ကရပုဂ္ဂိုလ်တွေက ဒီအခမ်းအနားရဲ့ အရေးပါမှုအကြောင်း ပြောဆိုကြတယ်။ ဥပမာ၊ အီတလီက ဧဝံဂေလိ ချာ့ချ်များရဲ့ ဥက္ကဋ္ဌဟောင်း ဂျော်ဂျီယို ဘူရှား ဒီလိုပြောတယ်– “ဘယ်ဘာသာရေးအုပ်စုကမှ ယေဟောဝါသက်သေတွေလို ယုံကြည်ချက်အတွက် အသက်မစွန့်ခဲ့ကြဘူး။ . . . ဒါပေမဲ့ ဒီဆိုးဝါးတဲ့ တွေ့ကြုံမှုက ယေဟောဝါသက်သေတွေကို ခွန်အားရှိစေတယ်။ ကျွန်တော်တို့လည်း ဘုရားသခင်ကို ယုံကြည်ပေမဲ့ ယေဟောဝါသက်သေတွေပဲ ယုံကြည်ချက်ကို သက်သေပြခဲ့ကြတယ်။ သူတို့တစ်ဖွဲ့တည်းပဲ နာဇီအစိုးရရဲ့ ယုံကြည်ချက်တွေကို ဆန့်ကျင်ခဲ့တယ်။ (ထပ်ဆင့်မှတ်ချက်တွေကို လေးထောင့်ကွက်မှာ ကြည့်ပါ။)

သမိုင်းဝင်နေရာဖြစ်တဲ့ ရီဆီယယ်ရယ် ဒီ ဆန် ဆာဘာကို နှစ်စဉ် လူ ၁၂၀,၀၀၀ လောက် လာရောက်လည်ပတ်မယ်လို့ ခန့်မှန်းရပါတယ်။ ယုံကြည်ချက်နဲ့ နိုင်ငံရေးကြားနေမှုကြောင့် နာဇီနဲ့ ဖက်ဆစ်တွေရဲ့ နှိပ်စက်ညှဉ်းပန်းမှုကို ခံခဲ့ရတဲ့ ထောင်နဲ့ချီတဲ့ ယေဟောဝါသက်သေတွေအတွက် အမှတ်တရ ကမ္ပည်းဆိုင်းဘုတ်ကို ဧည့်သည်တိုင်း မြင်တွေ့ရပါလိမ့်မယ်။—ဗျာဒိတ် ၂:၁၀