နိုဝင်ဘာ ၂၂၊ ၂၀၁၇
အီတလီ
ဥရောပရဲ့ အကြီးမားဆုံး ရွှေ့ပြောင်းလာသူများ ကြိုဆိုရေးစခန်းရှိ ဒုက္ခသည်တွေကို ယေဟောဝါသက်သေတွေ ကြိုဆို
ရောမ။ အီတလီနိုင်ငံ၊ စစ်စလီကျွန်း၊ မီနေယိုမြို့ (ကာရာ ဒီ မီနေယို) ဒုက္ခသည်စခန်းဟာ ဥရောပရဲ့ အကြီးဆုံး ဒုက္ခသည်စခန်း ဖြစ်တယ်။ အီရီထရီးယား၊ နိုင်ဂျီးရီးယား၊ ဆိုမာလီယာ၊ ဆီးရီးယား စတဲ့ နိုင်ငံ ၄၀ ကျော်က လူထောင်ပေါင်းများစွာ နိုင်ငံရေးခိုလှုံခွင့် ရဖို့ ထွက်ပြေးလာခဲ့ကြတယ်။
လွန်ခဲ့တဲ့ ငါးနှစ်အတွင်း ယေဟောဝါသက်သေတွေက ကြိုဆိုရေးစခန်းကို လည်ပတ်ပြီး (အထက်ပါပုံ) စိတ်ဝင်စားသူတိုင်းကို ကျမ်းစာအကြောင်း အခမဲ့ သင်ပေးကြတယ်။ ကာရာ ဒီ မီနေယို အုပ်ချုပ်ရေးရုံးနဲ့ ပူးပေါင်းဆောင်ရွက်မှုကြောင့် ယေဟောဝါသက်သေများရဲ့ ဝတ်ပြုအစည်းအဝေးကို တက်ရောက်လိုသူ ဒုက္ခသည်တွေအတွက် ကြိုပို့ယာဉ် ၅၀ စီစဉ်နိုင်ခဲ့ကြတယ်။ လူများစွာဟာ နိုင်ငံတော်ခန်းမလို့ခေါ်တဲ့ ဝတ်ပြုရာနေရာတွေကို အပတ်တိုင်း သွားရောက်နိုင်ကြပြီ။ ကာရာ ဒီ မီနေယိုစခန်းက ဒုတိယ ဒါရိုက်တာ မစ္စ အီဗာနာ ဂါလန်တီက ယေဟောဝါသက်သေတွေနဲ့အတူ လုပ်ဆောင်ရတဲ့ အတွေ့အကြုံကို ဒီလိုပြောပြတယ်– “ဧည့်သည်တွေအတွက် သူတို့ လုပ်ဆောင်ပေးခဲ့တာတွေ၊ ဆက်လုပ်ဆောင်နေတာတွေကို ကျွန်မ အသိအမှတ်ပြုတယ်၊ လေးစားတယ်လို့ ပြောချင်ပါတယ်။ ကိုယ်အကျွမ်းမဝင်တဲ့နေရာဒေသကို ရောက်နေတဲ့ ဒုက္ခသည်တွေဟာ [ယေဟောဝါသက်သေတွေရဲ့] ကြိုဆိုမှု ခံရလို့ ဝမ်းနည်းစိတ်တွေ ပျောက်ပြီး စိတ်ပျက်စရာ အခြေအနေတွေကို မေ့ထားနိုင်ကြတယ်လို့ ကျွန်မ ယူဆပါတယ်။”
၂၀၁၁ ခုနှစ်မှာ စခန်းကို ရောက်လာတဲ့ နိုင်ဂျီးရီးယားလူမျိုး ဟမ်ဖရီ အိုဆီဂီဒီဟာ ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာ စလေ့လာပြီး ၂၀၁၄ နိုဝင်ဘာလမှာ နှစ်ခြင်းခံခဲ့တယ်။ သူ ဒီလိုပြောပြတယ်– “ကျမ်းစာက ကျွန်တော့်ဘဝကို တကယ်ပဲ ပြောင်းလဲစေတယ်။ ကျွန်တော် မူးယစ်ဆေး ဖြတ်လိုက်ပြီ။ လိင်အကျင့်ယိုယွင်းတာကိုလည်း ဖြတ်နိုင်ပြီ။ စခန်းကို ရောက်လာတဲ့အခါ ယေဟောဝါသက်သေတွေက ကျွန်တော် လိုအပ်တာတွေကို ကူညီပေးကြတယ်။ ဘုရားနဲ့ ရင်းနှီးလာအောင်လည်း ကူညီပေးကြတယ်။ ယေဟောဝါသက်သေတွေရဲ့ ဝတ်ပြုရာအစည်းအဝေးတွေ တက်နိုင်အောင် ကြိုပို့ယာဉ် စီစဉ်ပေးတဲ့ စခန်းက တာဝန်ရှိသူတွေကိုလည်း ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။” အခု မစ္စတာ အိုဆီဂီဒီဟာ အီတလီနိုင်ငံ၊ ပါလဲမိုမြို့မှာ နေထိုင်ပြီး အလုပ်လုပ်နေပါပြီ။ သူ့ကို ကူညီပေးခဲ့တဲ့ ကျမ်းစာသတင်းစကားကို ဒုက္ခသည်တွေ အပါအဝင် တခြားသူတွေကို ဝေမျှနေပါပြီ။
အီတလီနိုင်ငံက ယေဟောဝါသက်သေများရဲ့ ပြောရေးဆိုခွင့်ရှိသူ ခရစ်ရှန် ဒီ ဘလာဆီယို ဒီလိုပြောတယ်– “ကျွန်တော်တို့ရဲ့ အဓိကအလုပ်က သမ္မာကျမ်းစာ သွန်သင်ပေးချက်တွေကို လူတွေ နားလည်သဘောပေါက်လာအောင် ကူညီပေးဖို့ပါ။ ကာရာစခန်းက တာဝန်ရှိသူတွေနဲ့ ပူးပေါင်းလုပ်ဆောင်မှုကြောင့် ဒုက္ခသည်များစွာဟာ ကျမ်းစာပညာပေးအစီအစဉ်ကနေ အကျိုးခံစားခဲ့ကြတယ်။ ဒီပညာပေးအစီအစဉ်ကြောင့် လူများစွာဟာ စိတ်ပိုင်း၊ ဘုရားရေးရာပိုင်း အကူအညီတွေ ရရှိကြတယ်။”
Media Contacts:
International: David A. Semonian, Office of Public Information, +1-845-524-3000
Italy: Christian Di Blasio, +39-06-872941