မာတိကာဆီ ကျော်သွား

ရောမမြို့ အယူခံတရားရုံး

ဖေဖော်ဝါရီ ၇၊ ၂၀၂၀
အီတလီ

မိဘတွေမှာ မိမိတို့ကလေးကို သွေးမသွင်းဘဲ ဆေးကုသဖို့ ရွေးချယ်ပိုင်ခွင့်ရှိကြောင်း ရောမမြို့ အယူခံတရားရုံးက ထောက်ခံ

မိဘတွေမှာ မိမိတို့ကလေးကို သွေးမသွင်းဘဲ ဆေးကုသဖို့ ရွေးချယ်ပိုင်ခွင့်ရှိကြောင်း ရောမမြို့ အယူခံတရားရုံးက ထောက်ခံ

ဆရာဝန်တွေက ညီအစ်မတစ်ယောက်ရဲ့သားကို သွေးသွင်းကုသဖို့ ပြုလုပ်တာကို ညီအစ်မက လက်မခံတဲ့အတွက် ရောမကလေးသူငယ်တရားရုံးက ညီအစ်မရဲ့ မိဘအခွင့်အရေးကို ဆိုင်းငံ့ထားတဲ့ ဆုံးဖြတ်ချက် ချခဲ့တယ်။ အဲဒါကို ရောမမြို့အယူခံတရားရုံးက ၂၀၁၉၊ ဒီဇင်ဘာ ၁၇ ရက်နေ့မှာ ပြန်ပြင်ဆင်ပေးခဲ့တယ်။ အယူခံတရားရုံးက ညီအစ်မရဲ့ မိဘအုပ်ထိန်းခွင့်ကို ပြန်ပေးတဲ့အပြင် အပြစ်မရှိကြောင်း ဆုံးဖြတ်ပေးခဲ့တယ်။ ဒီဆုံးဖြတ်ချက်က နောက်ပိုင်းအမှုတွေအတွက် အရေးပါပါလိမ့်မယ်။ ယေဟောဝါသက်သေ မိဘတွေဟာ မိမိတို့ကလေးကို သွေးမသွင်းဘဲ ဆေးကုသဖို့ ရွေးချယ်ခွင့် ရရှိကြပါတော့မယ်။

ညီအစ်မတစ်ယောက်နဲ့ ဆယ်နှစ်အရွယ်သား ယာဉ်မတော်တဆ ဖြစ်ပြီးနောက် ဒီအမှု ပေါ်ပေါက်ခဲ့ခြင်းဖြစ်တယ်။ သားဖြစ်သူ ထိခိုက်ဒဏ်ရာရတဲ့အတွက် ဆေးရုံတင်လိုက်ရတယ်။ သုံးရက်ကြာပြီးနောက် ဆရာဝန်တွေက ခွဲစိတ်ကုသဖို့ စီစဉ်ကြတယ်။ ညီအစ်မက သားဖြစ်သူကို ဆရာဝန်တွေ ခွဲစိတ်ကုသဖို့၊ သူလိုအပ်တဲ့ တခြားကုသမှုတွေ ပြုလုပ်ဖို့ သဘောတူပေမဲ့ သွေးမသွင်းဘဲ ကုသပေးဖို့ တောင်းဆိုခဲ့တယ်။ သားဖြစ်သူရဲ့ အခြေအနေဟာ အရေးပေါ်အခြေအနေ မဟုတ်ပေမဲ့ ဆေးရုံက အစိုးရရှေ့နေဆီ စာတင်လိုက်တယ်။ ညီအစ်မဖြစ်သူဟာ မိမိရဲ့ ဘာသာရေးယုံကြည်ချက်တွေကြောင့် ကလေးကို ဂရုမစိုက်ဘူးလို့ ဖော်ပြထားတယ်။ ဒါကြောင့် လိုအပ်မယ်ဆိုရင် ဆရာဝန်တွေကို သွေးသွင်းကုသခွင့်ပေးဖို့ ဆေးရုံက အစိုးရရှေ့နေဆီ ခွင့်ပြုချက် တောင်းထားတယ်။ အစိုးရရှေ့နေက ညီအစ်မဟာ သားရဲ့ ကောင်းကျိုးကို အရေးမစိုက်ဘူးလို့ စွပ်စွဲပြီး ညီအစ်မရဲ့ မိဘအခွင့်အရေးကို ဆိုင်းငံ့ထားဖို့ ကလေးသူငယ်တရားရုံးကို တောင်းဆိုခဲ့တယ်။ ကလေးသူငယ်တရားရုံးက ဒီလိုကိစ္စမျိုးကို ဆုံးဖြတ်ပေးပိုင်ခွင့် မရှိပေမဲ့ တောင်းဆိုချက်အတိုင်း အတည်ပြုပေးလိုက်တယ်။ ဒါကြောင့် ညီအစ်မက အဲဒီဆုံးဖြတ်ချက်ကို အယူခံတရားရုံးထံ တင်ပြခဲ့တယ်။

အယူခံတရားရုံးက ညီအစ်မဟာ မိမိရဲ့ ကလေးကို ဂရုစိုက်တဲ့ မိခင်ကောင်းတစ်ယောက်ဖြစ်ကြောင်း အသိအမှတ်ပြုခဲ့တယ်။ “ဘာသာရေးယုံကြည်ချက်ကြောင့် သွေးသွင်းကုသမှုကို လက်မခံတာနဲ့ပဲ မိဘအခွင့်အာဏာ မရထိုက်ဘူးလို့ မသတ်မှတ်နိုင်ကြောင်း” ဆုံးဖြတ်ချက်မှာ ဖော်ပြခဲ့တယ်။ တရားရုံးက ညီအစ်မကို မိဘအခွင့်အရေး ပြန်ပေးပြီး မိဘအခွင့်အရေး ရုပ်သိမ်းထားခြင်းက ဥပဒေကို ချိုဖောက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့တယ်။

အထက်တရားရုံးရဲ့ အတိုင်ပင်ခံလူကြီးဟောင်း၊ ဘာရီတက္ကသိုလ်က ဘာသာရေးဆိုင်ရာ ဥပဒေ ပါမောက္ခ နီကိုလာ ကိုလာယာနီ ဒီလိုပြောတယ်– “အယူခံတရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော် သဘောတူတယ်။ ကလေးသူငယ်တရားရုံးက ဒီလိုမျိုး ဆုံးဖြတ်ချက်ကို ချလိုက်လို့ ကျွန်တော် စိတ်ပျက်သွားတယ်။ ဒါက လူအတော်များများဟာ ဘာသာရေး လွတ်လပ်ခွင့်ရဖို့ အခက်တွေ့နေကြတယ်၊ ယေဟောဝါသက်သေတွေဆို ပိုလို့တောင်ခက်တယ်ဆိုတဲ့ အထောက်အထားပါပဲ။”

အီတလီနိုင်ငံ၊ လူထုသတင်းအချက်အလက် ဌာနက ညီအစ်ကို ခရစ်ရှန် ဒီ ဘလာဆီယို ဒီလို ရှင်းပြတယ်– “ဘာသာရေး ခွဲခြားဆက်ဆံမှုကို အခြေခံတဲ့ ဆုံးဖြတ်ချက်ကို ပြန်ပြင်ဆင်ပေးတဲ့အတွက် ရောမမြို့ အယူခံတရားရုံးကို ကျေးဇူးတင်ပါတယ်။ ယေဟောဝါသက်သေတွေဟာ ကလေးတွေကို အလွန်ဂရုစိုက်သူတွေ ဖြစ်သလို ကျွန်တော်တို့ရဲ့ အမှားအမှန်သိစိတ်ကို လေးစားပြီး အကောင်းဆုံး ကုသမှုပေးတဲ့ ဆရာဝန်များစွာကိုလည်း ကျေးဇူးတင်ကြတဲ့သူတွေပါ။”

ကျွန်တော်တို့ရဲ့ ညီအစ်ကို၊ ညီအစ်မတွေမှာ မိမိတို့ကလေးရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဆုံးဖြတ်ပိုင်ခွင့်ရှိကြောင်း တရားရုံးဆုံးဖြတ်ချက်က အတည်ပြုပေးခဲ့တယ်။ ဒီတရားရေးအောင်မြင်မှုအတွက် ယေဟောဝါဘုရားကို ကျေးဇူးတင်ပါတယ်။ ညီအစ်ကို၊ ညီအစ်မတွေ ဆေးကုသဖို့ ဆုံးဖြတ်ချက်တွေ ချတဲ့အခါ ကိုယ့်ရဲ့ အမှားအမှန်သိစိတ်နဲ့ ကျမ်းစာကို မချိုးဖောက်အောင် ဘုရားကူညီပေးပါလိမ့်မယ်။—ဆာလံ ၃၇:၂၈