မာတိကာဆီ ကျော်သွား

အီတလီ၊ မီလန်အယူခံတရားရုံး

နိုဝင်ဘာ ၁၂၊ ၂၀၂၀
အီတလီ

သားသမီးတွေ ဆေးဝါးကုသမှုအပေါ် သက်သေခံ မိဘတွေရဲ့ အခွင့်အရေးကို အီတလီတရားရုံးက ထောက်ခံ

သားသမီးတွေ ဆေးဝါးကုသမှုအပေါ် သက်သေခံ မိဘတွေရဲ့ အခွင့်အရေးကို အီတလီတရားရုံးက ထောက်ခံ

မကြာသေးခင်က အီတလီ၊ မီလန်အယူခံတရားရုံးက ကလေး ဆေးဝါးကုသမှုနဲ့ဆိုင်တဲ့ အမှုအတွက် ယေဟောဝါသက်သေခံ မောင်နှံတစ်စုံကို အနိုင်ပေးခဲ့တယ်။ ဒီဆုံးဖြတ်ချက်က ကလေးကို သွေးမဲ့ကုသပေးဖို့ တောင်းဆိုရုံနဲ့ မိဘတွေမှာ မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်စွမ်း မရှိဘူးလို့ တရားရုံးအနေနဲ့ ရှုမြင်စရာ မလိုအပ်ကြောင်း ရှင်းလင်းစေတယ်။ မိမိတို့ရဲ့ ခိုင်မာတဲ့ ဘာသာရေး ယုံကြည်ချက်ပေါ် အခြေခံပြီး ကိုယ့်ကလေးကို သွေးမသွင်းဖို့ မိဘတွေ ငြင်းပယ်ခွင့် ရှိကြောင်း တရားရုံးက ဆုံးဖြတ်တယ်။

၂၀၁၉၊ စက်တင်ဘာလမှာ ပြုတ်ကျလို့ ဒဏ်ရာရသွားတဲ့ ဆယ်လအရွယ် သမီးလေးကို သက်သေခံ မောင်နှံက ဆေးရုံခေါ်သွားခဲ့တယ်။ ဆရာဝန်တွေ စမ်းသပ်ပြီး ဒဏ်ရာကြောင့် ဦးခေါင်းခွံနဲ့ ဦးနှောက်ကြားမှာ သွေးခဲနေလို့ ခွဲစိတ်ဖို့လိုကြောင်း တွေ့ရှိတယ်။ သွေးမသွင်းဘဲ အောင်မြင်စွာ ခွဲစိတ် ကုသနိုင်ခဲ့တယ်။

ကလေး နေကောင်းလာနေပြီး အသက်အန္တရာယ် မရှိတော့တဲ့အချိန်ကျမှ “ပိုစိတ်ချရအောင်” သွေးသွင်းရမယ်ဆိုပြီး ဆရာဝန်က ပြောလာတယ်။ မိဘတွေကတော့ သွေးအစား အများလက်ခံထားတဲ့ သွေးမဲ့ကုထုံးကိုပဲ သုံးပေးဖို့ တောင်းဆိုကြတယ်။ ဆရာဝန်က မိဘတောင်းဆိုတဲ့အတိုင်း လုပ်ပေးမယ့်အစား ရဲနဲ့ အစိုးရရှေ့နေရုံးကို တိုင်တန်းလိုက်တယ်။ အစိုးရရှေ့နေက မိသားစုအရေးကိစ္စ ဆောင်ရွက်တဲ့ တရားရုံးကနေ တရားရုံးအမိန့်ကို ရယူခဲ့တယ်။ တရားရုံးအမိန့်က ကလေး ဆေးကုသမှုအတွက် ဆုံးဖြတ်ပိုင်ခွင့်ကို မိဘတွေအစား ဆရာဝန်တွေဆီ လွှဲပြောင်းပေးပြီး မိဘတွေရဲ့ စီမံပိုင်ခွင့်ကို ကန့်သတ်လိုက်တယ်။ ဒါပေမဲ့ မလိုအပ်တဲ့အတွက် သွေးသွင်းကုသမှုကိုတော့ မလုပ်ဖြစ်ကြဘူး။

ဒီကိစ္စက ရုပ်မြင်သံကြားနဲ့ သတင်းစာအတော်များမှာ ဖော်ပြခဲ့တဲ့အထိ လူတွေ စိတ်ဝင်စားစရာ ဖြစ်ခဲ့တယ်။ အီတလီ မီဒီယာအတော်များများက သွေးသွင်းကုသဖို့ တရားရုံးအမိန့်ကြောင့်သာ ဒီကလေးမလေး အသက်ချမ်းသာရာရခဲ့တာလို့ မှားယွင်းစွာ ဖော်ပြခဲ့ကြတယ်။

၂၀၂၀၊ စက်တင်ဘာ ၁၀ ရက်မှာ အယူခံတရားရုံးက မိသားစုရေးတရားရုံးရဲ့ မိဘစီမံ ဆုံးဖြတ်ပိုင်ခွင့်ကို ကန့်သတ်တဲ့ ဆုံးဖြတ်ချက်ကို ပယ်ဖျက်လိုက်တယ်။ ဒါ့အပြင် မိသားစုရေးတရားရုံးက ဒီလိုအမိန့်ကို မထုတ်ပြန်သင့်သလို ဒီလိုကိစ္စမျိုးကို စစ်ဆေးပိုင်ခွင့်တောင် မရှိဘူးလို့လည်း ဆိုတယ်။

မီလန် အယူခံတရားရုံးရဲ့ ဆုံးဖြတ်ချက်မှာ ဒီလို ဖော်ပြထားတယ်။ “ဘာသာရေး ယုံကြည်ချက်ကြောင့် သွေးသွင်းခြင်းကို ငြင်းပယ်တာနဲ့ပဲ မိဘအဖြစ် စီမံဆုံးဖြတ်ပေးခွင့် မရှိဘူးလို့ သတ်မှတ်လို့ မရဘူး။” လွန်ခဲ့တဲ့နှစ် တစ်နှစ်ထဲမှာတင် အီတလီရှိ အယူခံတရားရုံးသုံးခုက ကလေးတွေအတွက် သွေးမဲ့ကုထုံးကို သက်သေခံမိဘတွေ ရွေးချယ်ခွင့် ရှိတယ်လို့ ဆုံးဖြတ်ခဲ့ကြတယ်။

ယေဟောဝါသက်သေတွေဟာ ယုံကြည်ခြင်းကုထုံးကို လက်မခံသလို ဆေးကုသမှုကို ငြင်းပယ်သူတွေ မဟုတ်ကြောင်း တရားရေးနဲ့ ဆေးရုံအာဏာပိုင်တွေ နားလည်ဖို့ အရေးကြီးတယ်။ မိမိတို့ရဲ့ ခိုင်မာတဲ့ ဘာသာရေးယုံကြည်ချက်ကို လေးစားတဲ့ အတွေ့အကြုံရှိ၊ စက်ပစ္စည်းအစုံအလင်ရှိတဲ့ ခေတ်မီဆေးရုံတွေမှာ အကောင်းဆုံး ဆေးဝါးကုသမှုကို ရှာဖွေကြပါတယ်။ ဆေးကုသမှုမှာ သွေးမသွင်းဖို့လောက်သာ တောင်းဆိုကြတာ ဖြစ်တယ်။ ကမ္ဘာတစ်ဝန်း ဆေးရုံကြီးတွေက လေးစားခံရတဲ့ ဆရာဝန်တွေဟာ အဲဒီတောင်းဆိုချက်အတိုင်း သွေးမသွင်းဘဲ အကောင်းဆုံး ကုသပေးနေကြတယ်။

ကလေးတွေအတွက် လက်ခံနိုင်ဖွယ် ဆေးကုသမှုနဲ့ပတ်သက်ပြီး ညီအစ်ကို/မတွေရဲ့ ရပ်တည်မှုကို ထောက်ခံပေးတဲ့ ဒီတရားရုံးဆုံးဖြတ်ချက်တွေအတွက် ကျွန်တော်တို့ ကျေးဇူးတင်ပါတယ်။—တမန်တော် ၁၅:၂၉