မေ ၂၃၊ ၂၀၁၈
အီတလီ
သွေးမဲ့ကုသမှု တိုးတက်ရေး သမိုင်းဝင် ညီလာခံကို ပါဒူအာ တက္ကသိုလ်မှာ လက်ခံကျင်းပ
ရောမ။ ၂၀၁၇၊ နိုဝင်ဘာ ၂၄၊ သောကြာနေ့မှာ ဆရာဝန်တွေ၊ ဆေးသုတေသန ပညာရှင်တွေ၊ ဥပဒေပညာရှင်တွေဟာ “အရွယ်ရောက်လူနာ သွေးသွင်းဖို့ ငြင်းဆိုရင် ဘယ်ကုသနည်းတွေ ရွေးချယ်နိုင်သလဲ—သွေးဖြင့် အသက်ကယ်ပါ ၂၀၁၇” ခေါင်းစဉ်ရှိ ညီလာခံတက်ဖို့ အီတလီနိုင်ငံ၊ သက်တမ်းအရင့်ဆုံး ပါဒူအာ တက္ကသိုလ်မှာ စုရုံးခဲ့ကြတယ်။ ညီလာခံကို အီတလီနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာန အပါအဝင် အီတလီနိုင်ငံက သိပ္ပံဆိုင်ရာ အဖွဲ့အစည်း ၂၅ ခုကျော်က ကမကထ ပြုခဲ့တယ်။
အစဉ်အလာအရ ခက်ခဲတဲ့ကုသမှု၊ ခွဲစိတ်ကုသမှု လုပ်တဲ့အခါ သွေးသွင်းခြင်းကို အန္တရာယ်ကင်းတဲ့ တစ်ခုတည်းသော အသက်ကယ်နည်းအဖြစ် ယူမှတ်ခဲ့ကြတယ်။ ညီလာခံတက်ရောက်သူများစွာဟာ အဲဒီအစဉ်အလာကို လက်မခံကြတော့ဘူး။ ရောမမြို့၊ ဥရောပဆေးရုံက နှလုံးခွဲစိတ်ကုပါရဂူ လုကာ ဝီလ်တက် ဒီလိုရှင်းပြတယ်– “ဒီနေ့ ကျွန်တော်တို့ သိလိုက်ရတာက သွေးသွင်းခြင်းဟာ အန္တရာယ် ဖြစ်စေနိုင်တယ်၊ ကုသမှု အတော်များများမှာ သွေးသွင်းဖို့ မလိုဘူး။”
ဒေါက်တာ ဝီလ်တက်နဲ့ အစီအစဉ်မှာ ပါဝင်တဲ့ တခြားဆရာဝန်တွေက ကိုယ်တွေ့ အတွေ့အကြုံအပြင် သွေးသွင်းကုသခြင်းနဲ့ဆက်စပ်နေတဲ့ သေဆုံးမှု၊ ဖျားနာမှု၊ ဆေးရုံတက်ချိန်၊ သွေးသွင်းကုသမှုကြောင့် တခြားဆိုးရွားတဲ့ ကျန်းမာရေး အန္တရာယ်စတဲ့ သိပ္ပံဆိုင်ရာလေ့လာမှုတွေပေါ် အခြေခံပြီး ကောက်ချက်ချကြတာ ဖြစ်တယ်။ *
“ဒီနေ့ ကျွန်တော်တို့ သိလိုက်ရတာက သွေးသွင်းခြင်းဟာ အန္တရာယ် ဖြစ်စေနိုင်တယ်၊ ကုသမှုများစွာမှာ သွေးသွင်းဖို့ မလိုဘူး။”—ဒေါက်တာ လုကာ ဝီလ်တက်၊ နှလုံး ခွဲစိတ်ကုဆရာဝန်၊ ဥရောပဆေးရုံ၊ ရောမမြို့
သွေးသွင်းစရိတ် ကြီးမားမှုအပြင် သိပ္ပံအထောက်အထားကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ၂၀၁၀ ပြည့်နှစ်မှာ လူနာသွေး စီမံခန့်ခွဲမှု (PBM) ကို အကောင်အထည်ဖော်ဖို့ လှုံ့ဆော်ပေးခဲ့တယ်။ PBM ဆိုတာ ကျန်းမာရေး၊ လူနာဘေးကင်းရေး၊ ခွဲစိတ်ကုသမှုရလဒ်ကောင်း ရှိရေး၊ သွေးသွင်းခြင်းကို သိသိသာသာ လျှော့ချရေးအတွက် နည်းစနစ်အမျိုးမျိုး၊ လုပ်ထုံးလုပ်နည်းအမျိုးမျိုးကို အာရုံစိုက် သုံးသပ်ကြတယ်။ WHO က ဆုံးဖြတ်ချက်တစ်ရပ် ထုတ်ပြန်ပြီး ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ ၁၉၃ နိုင်ငံမှာ PBM ကို အကောင်အထည်ဖော်ကြဖို့ တိုက်တွန်းလိုက်တယ်။
ရောမမြို့၊ စန်အန်ဒရေယာ တက္ကသိုလ်ဆေးရုံက သွေးသွင်းကုသမှု ဆရာဝန်ကြီး ပါမောက္ခ စတက်ဖနီယာ ဗာဂလီယိုက PBM နဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့တယ်။ အရင်တုန်းက ဆေးကုသတဲ့အခါ လှူဒါန်းထားတဲ့သွေး စီမံခန့်ခွဲမှုပေါ် မူတည်ခဲ့တယ်။ ဒါပေမဲ့ အခုတော့ “လှူဒါန်းထားတဲ့သွေးကို မဟုတ်ဘဲ လူနာရဲ့သွေးကိုပဲ အာရုံစိုက်လာပြီ” လို့ပြောတယ်။ PBM ရဲ့ရည်ရွယ်ချက်တစ်ခုက “ကုသနေစဉ်အတွင်း လူနာသွေး ဆုံးရှုံးမှု နည်းအောင် အတတ်နိုင်ဆုံး အာရုံစိုက်ခြင်း” ဖြစ်တယ်။ လူနာသွေးကို ထိန်းသိမ်းတဲ့ ဆေးပညာတွေဟာ “တကယ်တော့ ပိုအရည်အသွေးကောင်းတဲ့ ကုသနည်း ဖြစ်တယ်” လို့ ပါမောက္ခ ဗာဂလီယို ရှင်းပြခဲ့တယ်။
ဗီရိုနာ တက္ကသိုလ်ဆေးရုံက အထွေထွေ ခွဲစိတ်ဆရာဝန် ဒေါက်တာ တိုမာဆို ကမ်ပတ်နာရိုက သွေးမဲ့ကုသနည်းတွေရဲ့ အကျိုးကျေးဇူးတွေကို အတည်ပြုခဲ့တယ်။ ၁၉၉၀ ပြည့်လွန်နှစ်တွေနှောင်းပိုင်းမှာ အရှုပ်ထွေးဆုံး ဝမ်းဗိုက်ပိုင်း ခွဲစိတ်ကုသမှုဆိုင်ရာ အချက်အလက်တွေကို ဆန်းစစ်ပြီးနောက် ဒီလိုကောက်ချက်ချတယ်– “သွေးမသွင်းတဲ့လူနာတွေဟာ သွေးသွင်းတဲ့လူနာတွေနဲ့ နှိုင်းယှဉ်ရင် ရောဂါသစ် တိုးမှုနှုန်း၊ သေဆုံးမှုနှုန်း ပိုနည်းတယ်။”
“သွေးမသွင်းတဲ့လူနာတွေဟာ သွေးသွင်းတဲ့လူနာတွေနဲ့ နှိုင်းယှဉ်ရင် ရောဂါသစ် တိုးမှုနှုန်း၊ သေဆုံးမှုနှုန်း ပိုနည်းတယ်။”—ဒေါက်တာ တိုမာဆို ကမ်ပတ်နာရို၊ အထွေထွေ ခွဲစိတ်ဆရာဝန်၊ ဗီရိုနာ တက္ကသိုလ်ဆေးရုံ
ညီလာခံတက်ရောက်လာတဲ့ တခြားသူတွေလိုပဲ ဒေါက်တာ ကမ်ပတ်နာရိုက သွေးမဲ့ကုသနည်း ရှာကြံဖို့ ဆရာဝန်တွေကို လှုံ့ဆော်ပေးခဲ့တဲ့ ယေဟောဝါသက်သေတွေကို ကျေးဇူးတင်ကြောင်း ပြောတယ်။ ပါဒူအာ တက္ကသိုလ် ဆေးဥပဒေ တွဲဖက်ပါမောက္ခ အန်နာ အာပရီလေ ဒီလိုပြောတယ်– “ယေဟောဝါသက်သေတွေကို ကျေးဇူးတင်ပါတယ်။ သူတို့ဟာ သွေးသွင်းတာကို ငြင်းဆိုပိုင်ခွင့်ကိစ္စကို ပေါ်ပေါက်စေခဲ့သူတွေ၊ ဒီအကြောင်းကို လူတိုင်း စဉ်းစားသုံးသပ်အောင်၊ သွေးကို အတတ်နိုင်ဆုံး လျှော့သုံးဖို့ ကူညီပေးခဲ့သူတွေပါ။”
“ယေဟောဝါသက်သေတွေကို ကျေးဇူးတင်ပါတယ်။ သူတို့ဟာ သွေးသွင်းတာကို ငြင်းဆိုပိုင်ခွင့်ကိစ္စကို ပေါ်ပေါက်စေခဲ့သူတွေ ... ပါ။”—အန်နာ အာပရီလေ၊ ဆေးဥပဒေ တွဲဖက်ပါမောက္ခ၊ ပါဒူအာ တက္ကသိုလ်
မေ့ဆေး၊ နှလုံး၊ သားဖွားမီးယပ်၊ သွေး၊ ကင်ဆာ၊ အရိုးစတဲ့ ဘာသာရပ်မျိုးစုံက အထူးကု ဆရာဝန်ကြီးတွေ ညီလာခံမှာ တင်ဆက်ခဲ့ကြတယ်။ ဒါပေမဲ့ အလေးပေးတဲ့ အကြောင်းအရာက အတူတူပါပဲ– ဆေးအဖွဲ့အစည်းတွေ၊ ဥပဒေပြုစုသူတွေ၊ သာမန်ပြည်သူတွေအားလုံးကို ပညာရှင်တွေ ထုတ်ဝေထားတဲ့ အချက်အလက်၊ အတွေ့အကြုံတွေ၊ PBM နည်းစနစ်တွေ ဖွင့်ပြသင့်တယ်။
ဒေါက်တာ ဝီလ်တက် ဒီလို ထပ်ပြောတယ်– “လူ့ကိုယ်ခန္ဓာ ခွဲစိတ်ကုသမှုတွေထဲက မျက်မှောက်ခေတ် ခွဲစိတ်ကုသနည်းတွေထဲမှာ ပင်မသွေးလွှတ်ကြော ခွဲစိတ်ကုသရတာက အကြီးဆုံး ခွဲစိတ်ကုသမှု ဖြစ်တယ်။ ... ဒါကို သွေးမဲ့ခွဲစိတ်ကုသပေးနိုင်တယ်ဆိုရင် တခြားဘယ်ကုသမှုကိုမဆို လုပ်နိုင်ပြီ။”
^ ဥပမာ၊ မကြာသေးခင်က ဩစတြေးလျ အနောက်ပိုင်းမှာ သွေးသွင်းကုသမှုအကြောင်း လေ့လာပြီး ဂျာနယ်တစ်ခုမှာ ထုတ်ဝေခဲ့တဲ့ သွေးသွင်းခြင်း ဆိုတဲ့ ဆောင်းပါးကို ညီလာခံမှာ ရည်ညွှန်းဖော်ပြခဲ့တယ်။ စာရေးဆရာတွေက လူနာသွေး စီမံခန့်ခွဲမှု အစီအစဉ်ကို ခြောက်နှစ်ကြာ ကျယ်ကျယ်ပြန့်ပြန် လေ့လာမှုရလဒ်ကို ဖော်ပြကြတယ်။ အဓိက ဆေးရုံကြီးလေးခုမှာ လူနာ ၆၀၅,၀၄၆ ယောက်ရဲ့ အချက်အလက်တွေကို ဆန်းစစ်လေ့လာခဲ့ကြတယ်။ လေ့လာမှု ပြုလုပ်နေစဉ်အတွင်း သွေးအသုံးပြုမှု ၄၁ ရာခိုင်နှုန်း လျော့ကျသွားတယ်။ လူနာသေဆုံးမှု ၂၈ ရာခိုင်နှုန်း၊ ဆေးရုံတက်သူ ပျမ်းမျှ ၁၅ ရာခိုင်နှုန်း၊ ဆေးရုံအတွင်း ကူးစက်ရောဂါရမှု ၂၁ ရာခိုင်နှုန်း၊ နှလုံးဖောက်ခြင်း၊ လေဖြတ်ခြင်း ဖြစ်ပွားမှု ၃၁ ရာခိုင်နှုန်း လျော့နည်းသွားတယ်။ PBM အစီအစဉ်ကို အကောင်းအထည်ဖော်မှုကြောင့် လူနာတွေ ရလဒ် ပိုကောင်းလာကြတယ်။ သွေးအသုံးပြုမှု လျော့နည်းလာတယ်။ ကုန်ကျစရိတ် သက်သာစေတယ်။