မေ ၂၆၊ ၂၀၂၀
အီတလီ
အီတလီဆေးရုံတစ်ခုမှ အရေးပေါ် ဌာန ဆရာဝန်တစ်ဦးနဲ့ တွေ့ဆုံခြင်း
ညီအစ်ကို ဂျန်ဒိုမေးနီကို ဂူးလာဟာ အီတလီနိုင်ငံ၊ ကိုမိုမြို့အနီး အဲရ်ဘာဆေးရုံ၊ အရေးပေါ်ဌာနက ဆရာဝန်တစ်ဦးပါ။ COVID-19 ကူးစက်မှုကြား တာဝန်ထမ်းဆောင်နေရလို့ အခက်အခဲ အများကြီး ရှိတယ်။ ဒါပေမဲ့ ယုံကြည်ချက်ကြောင့် စိတ်ငြိမ်သက်မှု ခံစားရပြီး တခြားသူတွေကို နှစ်သိမ့်ပေးနိုင်ခဲ့တယ်။ (၂ ကောရိန္သု ၁:၄) အီတလီဌာနခွဲရုံး၊ လူထုသတင်းအချက်အလက်ဌာနက တွေ့ဆုံမေးမြန်းတဲ့အခါ သူ့ရဲ့ ဖြေကြားချက်တွေကနေ သိနိုင်ပါတယ်။
ညီအစ်ကို ဂူးလာရဲ့ အောက်ပါ ဖြေကြားချက်တချို့ကို နားလည်လွယ်အောင် ပြုပြင်ထားပါတယ်။
ကပ်ရောဂါကာလအတွင်း ကြုံရတဲ့အခြေအနေတွေကို ပြောပြနိုင်မလား။
ဂျန်ဒိုမေးနီကို ဂူးလာ- ဆူနာမီလာသလိုမျိုး ကျွန်တော်တို့ဆေးရုံမှာ ဗြုန်းဆို အခြေအနေ ပြောင်းသွားတယ်။ ကျွန်တော်တို့ဆေးရုံကို ကိုဗစ်လူနာတွေ သီးသန့် ကုသဆောင်တွေအဖြစ် ပြောင်းလဲလိုက်ရတယ်။ လူနာတွေခမျာ မိသားစုဝင်တွေ၊ မိတ်ဆွေရောင်းရင်းတွေနဲ့ ရှင်ကွဲကွဲနေရတာ စိတ်မကောင်းစရာပါပဲ။ ဒီတော့ လူနာရဲ့အခြေအနေကို လူနာရှင်ဆီ ကျွန်တော် အကြောင်းကြားပေးတယ်။ တစ်ခေါက်မှာပေါ့၊ လူနာရဲ့သားဆီ ညသန်းခေါင်ကြီး ဖုန်းဆက်ပြီး အမေ ဆုံးတော့မယ်လို့ ပြောပြရတယ်။ ဗီဒီယိုခေါနဲ့ ခေါ်ပေးလို့ မေ့မျောနေတဲ့ သူ့အမေကို နောက်ဆုံးအကြိမ် မြင်ခွင့်ရတယ်။ စိတ်ထိခိုက်စရာ ကောင်းလိုက်တာ။
ကျမ်းစာအသိပညာကနေ နှစ်သိမ့်မှု ဘယ်လို ရသလဲ။
ဂျန်- လုပ်ဖော်ကိုင်ဖက်ဆရာဝန်တချို့ စိတ်ပျက်အားလျော့လာကြတာ သတိထားမိတယ်။ ကျွန်တော်ကတော့ ကိုယ်ပိုင်လေ့လာမှုကြောင့် တအား စိတ်ဆင်းရဲမနေဘူး။ ဒီလိုအခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားနိုင်အောင် ယေဟောဝါ ပြင်ဆင်ပေးထားမှန်း သိမြင်လာတယ်။ ဒီကပ်ရောဂါက ကျမ်းစာပရောဖက်ပြုချက် ပြည့်စုံနေတာပဲဆိုတာ သိထားတော့ တအားစိတ်ပျက်ဝမ်းနည်း မနေဘူး။ ယုံကြည်ခြင်း ပိုခိုင်မာလာတယ်။
ယေဟောဝါဆီက ရတဲ့ နှစ်သိမ့်မှုကြောင့် တခြားသူတွေကို ဘယ်လို ပြန်နှစ်သိမ့်ပေးနိုင်သလဲ။
ဂျန်- ဘုရားရဲ့ စွမ်းအားတော် အကူအညီနဲ့ အိမ်မှာ၊ အလုပ်ခွင်မှာသာမက ကပ်ရောဂါကြောင့် အခက်တွေ့နေတဲ့ ညီအစ်ကို/မတွေကိုပါ အားပေးထောက်မနိုင်ခဲ့တယ်။
ယေဟောဝါဆီက အကူအညီနဲ့ မိသားစုကို ဘယ်လို နှစ်သိမ့်ပေးသလဲ ပြောပြနိုင်မလား။
ဂျန်- ကျွန်တော် ဆေးရုံမှာ အနေများပေမဲ့ ဘုရားရေးရာ လုပ်ရိုးလုပ်စဉ်တွေမှာ မိသားစုနဲ့အတူ ပါဝင်နိုင်အောင် အတတ်နိုင်ဆုံး ကြိုးစားတယ်။ ဒါက ကျွန်တော့်ဇနီးကို အားရှိစေတယ်။ ကျွန်တော်တို့ ပိုချစ်ခင်စည်းလုံးလာတယ်။ မိသားစုဝတ်ပြုမှုကလည်း သမီးလေး ဂျင်နီရာကို စိတ်သက်သာရာ ရစေတယ်။ သမီးလေးက သုံးနှစ်အရွယ်ပဲ ရှိပေမဲ့ အခြေအနေ အပြောင်းအလဲရှိမှန်း ရိပ်မိပုံရတယ်။ ‘ဆေးရုံမှာ ကိုရိုနာဗိုင်းရပ်စ် ရှိတယ်၊ ဖေဖေ့ကို ဆေးရုံ မသွားစေချင်ဘူး၊ ဖေဖေ ပြန်မလာမှာ စိုးတယ်’ စသဖြင့် ဂျီကျတတ်တယ်။ သူစိတ်ချမ်းသာအောင် မူရင်းသီချင်းတွေ ဖွင့်ပြလိုက်ရင်တော့ ပြန်ပြုံးပျော်လာတယ်။
အလုပ်ဖော်တစ်ယောက်ကို နှစ်သိမ့်ပေးခဲ့တဲ့ အတွေ့အကြုံရှိရင် ဝေမျှပေးနိုင်မလား။
ဂျန်- ကျမ်းစာ လေ့လာခါစ လုပ်ဖော်ကိုင်ဖက်တစ်ယောက် ရှိတယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်က ဒီဆေးရုံမှာပဲ သူနဲ့ စတွေ့တော့ ကျမ်းစာအကြောင်း ပြောဖြစ်ခဲ့တယ်။ ကပ်ရောဂါ မဖြစ်ပွားခင် သူ ကျမ်းစာလေ့လာတယ်။ လောလောဆယ် တစ်ပတ်ကို နှစ်ကြိမ် ကျွန်တော်တို့ ဗီဒီယိုချိတ်ဆက်ပြီး လေ့လာကြတယ်။ သူက “ကျမ်းစာ လေ့လာလို့ ကျွန်တော့်ဘဝ တည်ငြိမ်လာတယ်။ စိတ်အေးချမ်းလာတယ်။ ကျွန်တော်တို့ ဘာကြောင့် အသက်ရှင်နေရသလဲ၊ ခုလိုကပ်ဆိုးတွေ ဘာကြောင့် ဖြစ်နေရသလဲ စတဲ့ မေးခွန်းတွေရဲ့ အဖြေတွေကိုလည်း သိလာရပြီ။ စိတ်တည်ငြိမ်မှု ရလာတယ်။ မျှော်လင့်ချက် ရှိလာတယ်” လို့ ရင်ဖွင့်တော့ ကျွန်တော် ဝမ်းသာလိုက်တာ။
အသင်းတော်က ညီအစ်ကို/မတွေကိုကော ဘယ်လို နှစ်သိမ့်ပေးခဲ့သလဲ။
ဂျန်- ကျွန်တော်တို့အသင်းတော်က ညီအစ်မတစ်ယောက်မှာ COVID-19 ပိုးတွေ့လို့ ဆေးရုံ တင်ရမယ်။ ဒါနဲ့ လူနာတင်ကား ရှိတဲ့ ညီအစ်ကိုနှစ်ယောက်ကို ကျွန်တော် ဖုန်းဆက် အကူအညီတောင်းလိုက်တယ်။ ညီအစ်ကိုနှစ်ယောက်လည်း ၅၀ ကီလိုမီတာ (၃၁ မိုင်) ကျော်မှာနေတဲ့ အဲဒီညီအစ်မကို သွားခေါ်ကြတယ်။ ညီအစ်မက သူတို့နှစ်ယောက်ကို မြင်တော့ တော်တော် ပျော်သွားတယ်။ ဆေးရုံရောက်လာတယ်။ အရေးပေါ်ခန်းမှာ ကျွန်တော်တို့ကိုလည်း တွေ့ရော စိတ်သက်သာရာရသွားတယ်။ ကျန်းမာရေးဝန်ထမ်း ကျွန်တော်တို့ သုံးယောက်စလုံး သူ့အနားမှာ ရှိနေတာကိုး။ ညီအစ်ကိုတွေရဲ့ ကြင်နာမှု၊ အားပေးမှုတွေကြောင့် သူ တော်တော်လေး အားရှိသွားတယ်။ “ကျွန်မတို့ကို ယေဟောဝါ နားလည်ပေးမှန်း သိပါတယ်။ ဒီတစ်ခါတော့ မမျှော်လင့်ထားတဲ့နည်းတွေနဲ့ ကူညီပေးတယ်” လို့ ကျေးဇူးတင်စကား ပြောတယ်။
နေ့စဉ်ရက်ဆက် ယေဟောဝါကို မျှော်ကိုးနေပါတယ်။ ဘုရားပေးခွန်အား ရဖို့လည်း ပါတာပေါ့။ အလုပ် အသွားအပြန် ကားမောင်းရင်း မူရင်းသီချင်းတွေ နားထောင်ပြီး တစ်နေ့စာ ခွန်အားရယူတယ်။ အကူအညီတွေ ပေးထားလို့ ယေဟောဝါကို ကျေးဇူးတင်တယ်။ တို့ဘေးနား ယေဟောဝါ အမြဲရှိ ဆိုတဲ့ သီချင်းကို နားထောင်ရင်း ‘ယေဟောဝါ ဘေးနား မြဲရှိပေး၊ လက်တွဲဖေးမ၊ ငါတို့ လဲကျတိုင်း၊ ဘယ်တော့မှ လက်မလျှော့နဲ့’ လို့ လိုက်ဆိုတယ်။