မာတိကာဆီ ကျော်သွား

အီရီထရီးယားမှာ ထောင်ကျနေတာ ၁၁ နှစ်ရှိပြီဖြစ်တဲ့ ညီအစ်ကို တက်စ်ဖေဇန် ဂေဘရီမိုက်ကယ်

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၆ ရက်
အီရီထရီးယား

အီရီထရီးယားနိုင်ငံမှာ ထောင်ကျနေတဲ့ အသက် ၈၀ အရွယ် ယေဟောဝါသက်သေတစ်ဦးကို လွှတ်ပေးဖို့ အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် ကော်မရှင် တောင်းဆို

အီရီထရီးယားနိုင်ငံမှာ ထောင်ကျနေတဲ့ အသက် ၈၀ အရွယ် ယေဟောဝါသက်သေတစ်ဦးကို လွှတ်ပေးဖို့ အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် ကော်မရှင် တောင်းဆို

အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် ကော်မရှင် (USCIRF) က အီရီထရီးယားမှာ ထောင်ကျနေတာ ၁၁ နှစ်ကျော်ပြီဖြစ်တဲ့ ညီအစ်ကို တက်စ်ဖေဇန် ဂေဘရီမိုက်ကယ်အတွက် စိုးရိမ်ကြောင်း ပြောကြားခဲ့တယ်။ “ဂေဘရီမိုက်ရယ်ဟာ အသက် ၈၀ ကျော် သက်ကြီးရွယ်အိုဖြစ်လို့ သူ့ရဲ့ ကျန်းမာရေးနဲ့ ထောင်တွင်းအခြေအနေကို စိုးရိမ်မကင်း ဖြစ်မိပါတယ်” လို့ USCIRF ဝက်ဘ်ဆိုက်မှာ ဖော်ပြထားတယ်။ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၇ ရက်မှာ USCIRF ကော်မရှင်အဖွဲ့ဝင် ဖရက်ဒရစ် ဒေဗီက ညီအစ်ကို ဂေဘရီမိုက်ကယ်ကို လွှတ်ပေးဖို့ လူသိရှင်ကြား တောင်းဆိုလိုက်တယ်။

တခြားသူတွေကို မိမိရဲ့ ယုံကြည်ချက်အကြောင်း ပြောပြလို့ ညီအစ်ကို ဂေဘရီမိုက်ကယ်ကို ၂၀၁၁၊ ဇူလိုင် ၂၀ ရက်မှာ အာဏာပိုင်တွေ ဖမ်းဆီးခဲ့တယ်။ အီရီထရီးယားနိုင်ငံမှာ မွေးဖွားပေမဲ့ နိုင်ငံသားအဖြစ် သတ်မှတ်မခံရဘူး။ အကြောင်းကတော့ ၁၉၉၄ ခုနှစ်မှာ အစိုးရက ယေဟောဝါသက်သေအားလုံးကို နိုင်ငံသားဖြစ်ခွင့် ရုပ်သိမ်းလိုက်လို့ပါ။

ညီအစ်ကို ဂေဘရီမိုက်ကယ်ဟာ ၁၉၇၁၊ ဇန်နဝါရီမှာ ယေဟောဝါသက်သေတစ်ဦး ဖြစ်လာတယ်။ အေးအေးဆေးဆေးနေတတ်သူ၊ အိမ်နီးချင်းတွေကို ကူညီပေးသူ၊ မိသားစုကိုချစ်တဲ့သူအဖြစ် သူ့ကို လူတွေ သိကြတယ်။ ယေဟောဝါသက်သေတစ်ဦးဖြစ်တဲ့ လမ်လမ်နဲ့ ၁၉၇၄ ခုနှစ်မှာ လက်ထပ်ခဲ့တယ်။ သားသမီး ၄ ယောက်၊ မြေး ၅ ယောက် ရှိတယ်။

ညီအစ်မ ဂေဘရီမိုက်ကယ် ဒီလို ပြောတယ်– “ထောင်ကျနေတဲ့ ကျွန်မခင်ပွန်းရဲ့ ကျန်းမာရေးကို စိုးရိမ်တယ်။ သူ့ရဲ့ မေတ္တာနဲ့ ထောက်မမှုကို သတိရပေမဲ့ ယေဟောဝါဘုရားက သူကို ကြည့်ရှုစောင့်ရှောက်နေမယ်ဆိုတာ ကျွန်မ ယုံကြည်တယ်။ ယေဟောဝါအပေါ် သမာဓိစောင့်သိသွားဖို့ စိတ်ပိုင်းဖြတ်ထားတဲ့ သူ့ရဲ့သစ္စာသမာဓိကို လေးစားမိတယ်။ အခုလိုအခက်အခဲ ကြုံနေရချိန်မှာ ဒေသနာ ၁၀:၄ ကို တွေးတောဆင်ခြင်တာက ကျွန်မကို အေးဆေးတည်ငြိမ်စေတယ်။”

အီရီထရီးယား အစိုးရက ၁၉၉၁ ခုနှစ်ကစပြီး ယေဟောဝါသက်သေတွေကို တောက်လျှောက် ညှဉ်းပန်းနှိပ်စက်လာခဲ့တယ်။ ၂၀၂၀၊ ဒီဇင်ဘာလကနေ ၂၀၂၁၊ ဖေဖော်ဝါရီလအတွင်း ယေဟောဝါသက်သေ ၃၂ ယောက် စည်းကမ်းချက်နဲ့ ထောင်ကနေလွတ်လာကြပေမဲ့ အယောက် ၂၀ ကတော့ အချိန်အကန့်အသတ်မရှိ ထောင်ကျနေဆဲဖြစ်တယ်။ တရားရုံးမှာပဲဖြစ်ဖြစ်၊ တခြားနည်းနဲ့ပဲဖြစ်ဖြစ် ဥပဒေအကာအကွယ်ရယူဖို့ မဖြစ်နိုင်တဲ့အတွက် ထောင်ဒဏ်တစ်သက် ကျသလို ဖြစ်နေတယ်။

နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းကြီးတွေက အီရီထရီးယား အစိုးရရဲ့ လူအခွင့်အရေး ချိုးဖောက်မှုကို အကြိမ်ကြိမ် ပြစ်တင်ရှုတ်ချကြတယ်၊ အခြေအနေကို ပြောင်းလဲဖို့ တိုက်တွန်းကြတယ်။ ယေဟောဝါသက်သေတွေနဲ့ တခြားသူတွေကို နှိပ်စက်ညှဉ်းပန်းနေတဲ့ အီရီထရီးယား အာဏာပိုင်တွေဟာ “အလွန်ဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု” ကျူးလွန်နေတယ်လို့တောင် ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့က ၂၀၁၆ ခုနှစ်မှာ ပြောကြားခဲ့တယ်။

ညီအစ်ကို ဂေဘရီမိုက်ကယ်လို သက်ကြီးရွယ်အိုတွေကိုတောင် ထောင်ချထားတာကို ကြည့်ရင် ယေဟောဝါသက်သေတွေအပေါ် အီရီထရီးယားအစိုးရ ချမှတ်ထားတဲ့ မူဝါဒဟာ ရက်စက်လွန်းတယ်ဆိုတာ မြင်သာပါတယ်။ ၂၀၁၁ ခုနှစ်ကစလို့ ထောင်ထဲမှာ သေဆုံးခဲ့တဲ့ ယေဟောဝါသက်သေ လေးယောက် ရှိသွားပါပြီ။ သက်ကြီးရွယ်အို သက်သေခံ သုံးယောက်ကတော့ ထောင်ကလွတ်တာနဲ့ သေဆုံးသွားတယ်။ ထောင်ကျနေချိန်အတွင်း ဆိုးရွားတဲ့ အခြေအနေတွေ ကြုံခဲ့ရလို့ပါ။

ဒီကိစ္စနဲ့ပတ်သက်ပြီး အီရီထရီးယား အာဏာပိုင်တွေနဲ့ ဆွေးနွေးဖို့ ယေဟောဝါသက်သေတွေ တောင်းဆိုပေမဲ့ မအောင်မြင်ခဲ့ဘူး။

မတရား ထောင်ကျနေတဲ့ ညီအစ်ကို/မတွေအတွက် ကျွန်တော်တို့ ဆုတောင်းပေးနေပါတယ်။ ယေဟောဝါဘုရားက သူတို့ကို ဆက်ထောက်မပေးနေမယ်ဆိုတာ ယုံကြည်စိတ်ချပါတယ်။​—⁠ဟီဘရူး ၁၃:⁠၃