မာတိကာဆီ ကျော်သွား

မေ ၃၀၊ ၂၀၁၉
ဥဇဘက်ကစ္စတန်

ဥဇဘက်ကစ္စတန်နိုင်ငံ တစ်ဝန်းမှာ ခရစ်တော်ရဲ့ သေခြင်း အောက်မေ့ရာပွဲကို ပေါ်ပေါ်ထင်ထင် ကျင်းပခဲ့

ဥဇဘက်ကစ္စတန်နိုင်ငံ တစ်ဝန်းမှာ ခရစ်တော်ရဲ့ သေခြင်း အောက်မေ့ရာပွဲကို ပေါ်ပေါ်ထင်ထင် ကျင်းပခဲ့

၂၀၁၉၊ ဧပြီ ၁၉ ရက်နေ့မှာ ဥဇဘက်ကစ္စတန်နိုင်ငံ တစ်ဝန်းက ညီအစ်ကိုတွေဟာ မကြာသေးခင်နှစ်တွေအတွင်း ပထမဆုံးအကြိမ်အဖြစ် ခရစ်တော်ရဲ့ သေခြင်းအောက်မေ့ရာပွဲကို ပေါ်ပေါ်ထင်ထင် ကျင်းပနိုင်ခဲ့ကြတယ်။

ဥဇဘက်ကစ္စတန်မှာရှိတဲ့ ယေဟောဝါသက်သေတွေဟာ တက်ရှကင့်မြို့တော်အနားက ချာချက်မြို့မှာပဲ တရားဝင် မှတ်ပုံတင်ထားတာဖြစ်တယ်။ အရင်နှစ်တွေတုန်းကဆိုရင် ချာချက်မြို့မှာမနေတဲ့ ကျွန်တော်တို့ရဲ့ ညီအစ်ကိုတွေဟာ ရဲတွေ လာနှောင့်ယှက်မှာစိုးလို့ အောက်မေ့ရာပွဲကို သိုသိုသိပ်သိပ် ကျင်းပကြရတယ်။ ဒီနှစ်မှာတော့ ညီအစ်ကိုတွေက ရဲတွေကို အောက်မေ့ရာပွဲ ကျင်းပမယ့်အကြောင်း သတင်းပို့တယ်၊ တက်ရောက်ဖို့ ဖိတ်ခေါ်ခဲ့တယ်။ ရဲအရာရှိတွေက ကူညီပေးကြတယ်၊ တက်ရောက်သူတွေရဲ့ လုံခြုံရေးကိုလည်း တာဝန်ယူပေးခဲ့တယ်။ တချို့နေရာတွေမှာဆိုရင် ရဲအရာရှိတွေကိုယ်တိုင် အစီအစဉ်ကို တက်ရောက်ခဲ့ကြတယ်။

အပေါ်ကပုံမှာ ပြထားတဲ့အတိုင်း အုပ်ချုပ်ရေးအဖွဲ့ဝင် ညီအစ်ကို မာ့ခ် ဆန်ဒါစန်ဟာ ချာချက်မြို့က နိုင်ငံတော်ခန်းမတစ်ခုမှာ အောက်မေ့ရာပွဲ ဟောပြောချက်ပေးခဲ့တယ်။ ဟောပြောချက်ကို ရုရှားလို ဘာသာပြန်တယ်။ စုစုပေါင်း တက်ရောက်သူ ၇၈၁ ယောက် ရှိခဲ့တယ်။ အဲဒီညမှာ အဲဒီနေရာမှာပဲ အောက်မေ့ရာပွဲ ၂ ခု ထပ်ကျင်းပခဲ့တယ်။

လည်ပတ်မှုအတွင်းမှာ ညီအစ်ကို ဆန်ဒါစန်နဲ့အတူ ကမ္ဘာ့ဌာနချုပ်က ပေါ်လ် ဂီလီစ်နဲ့ အာရှအလယ်ပိုင်းက ညီအစ်ကို နှစ်ယောက်တို့ဟာ လူ့အခွင့်အရေးဆိုင်ရာ တရားစီရင်ရေးနဲ့ အမျိုးသားရေး ဝန်ကြီးဌာနက ထိပ်တန်းအရာရှိတွေနဲ့ တွေ့ဆုံခဲ့ကြတယ်။ ညီအစ်ကိုတွေဟာ တွေ့ဆုံမှုမှာ ကျွန်တော်တို့ရဲ့ ယုံကြည်ချက်နဲ့ အဖွဲ့အစည်းအကြောင်း သေသေချာချာ ပြောပြခွင့် ရခဲ့ကြတယ်။ ကျွန်တော်တို့ရဲ့ အဖွဲ့အစည်းနဲ့ ယုံကြည်ချက်တွေအကြောင်း အရာရှိတွေ ပိုသိသွားရင် ချာချက်မြို့အပြင် တခြားနေရာတွေမှာပါ တရားဝင် မှတ်ပုံတင်နိုင်ဖို့၊ သင့်တော်တဲ့ ဝတ်ပြုရာနေရာတွေရဖို့ အကူအညီဖြစ်စေမယ်လို့ မျှော်လင့်ရပါတယ်။

ဥဇဘက်ကစ္စတန် သမ္မတနိုင်ငံရဲ့ တရားရေးဝန်ကြီးဌာနအပြင်မှာ ညီအစ်ကို မာ့ခ် ဆန်ဒါစန်နဲ့ ကိုယ်စားလှယ်အဖွဲ့

လတ်တလောမှာတော့ ဥဇဘက်ကစ္စတန်မှာ အောက်မေ့ရာပွဲကို ပေါ်ပေါ်ထင်ထင် ကျင်းပနိုင်တာ၊ အရာရှိတွေနဲ့ တွေ့ဆုံခွင့်ရတာဟာ အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေဖြစ်ပါတယ်။ လွန်ခဲ့တဲ့ခြောက်လအတွင်းမှာ ယေဟောဝါသက်သေတွေကို ရုတ်တရက် ဝင်ရောက်စီးနင်းတာ၊ ဒဏ်ငွေရိုက်တာ၊ ထောင်ချတာတွေ မရှိခဲ့ဘူး။ လွန်ခဲ့တဲ့တစ်နှစ်လောက်က ၂၀၁၈၊ မေ ၁၄ ရက်နေ့မှာ အမေရိကန်နိုင်ငံဆိုင်ရာ ဥဇဘက်ကစ္စတန် သံအမတ်ကြီး မစ္စတာ ဂျာလွန် ဗက်ဟာဗိုက ယေဟောဝါသက်သေတွေ တရားဝင်မှတ်ပုံတင်ဖို့ လွယ်ကူအောင် လွှတ်တော်မှာ ဥပဒေအပြောင်းအလဲ လုပ်လာနိုင်တယ်လို့ လူအများရှေ့မှာ ပြောခဲ့တယ်။

“ငြိမ်သက်အေးချမ်းတဲ့ ဘဝမျိုးနဲ့နေနိုင်ပြီး ဘုရားတရားကိုင်းရှိုင်းမှု၊ လေးနက်တည်ကြည်မှုအပြည့် ရှိနိုင်ကြ” ဖို့ ဥဇဘက်ကစ္စတန်က ညီအစ်ကိုတွေရဲ့ ကြိုးစားမှုကို ယေဟောဝါ ကောင်းချီးပေးဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။—၁ တိမောသေ ၂:၂