ကျမ်းပိုဒ် ရှင်းပြချက်များ
မဿဲ ၆:၃၄—“နက်ဖြန်အဖို့ မစိုးရိမ်ကြနှင့်”
“နေ့ရက်တိုင်းဟာ သူ့စိုးရိမ်စရာနဲ့သူ ရှိနေမှာဆိုတော့ မနက်ဖြန်အတွက် ဘယ်တော့မှ မစိုးရိမ်ပါနဲ့။ ဒီနေ့ ကြုံရတဲ့ အခက်အခဲကိုပဲ စဉ်းစားပါ။”—မဿဲ ၆:၃၄၊ ကမ္ဘာသစ်ဘာသာပြန်ကျမ်း။
“နက်ဖြန်အဖို့ မစိုးရိမ်ကြနှင့်။ နက်ဖြန်နေ့သည် မိမိအဖို့ စိုးရိမ်လိမ့်မည်။ ယခုနေ့၌ ရှိသော မကောင်းမသင့်သောအရာသည် ယနေ့အဖို့ လောက်ပေ၏။”—မဿဲ ၆:၃၄၊ ယုဒသန်ကျမ်း။
မဿဲ ၆:၃၄ ရဲ့ အဓိပ္ပာယ်
ယေရှုဟာ နားထောင်နေသူတွေကို အနာဂတ်မှာ ကြုံရမယ့် ပြဿနာတွေအတွက် အလွန်အမင်း မစိုးရိမ်ဖို့ ပြောနေတာ ဖြစ်တယ်။ အဲဒီအစား ဘဝပြဿနာတွေကို တစ်ရက်စာပဲ ဖြေရှင်းတာ ကောင်းတယ်။
မနက်ဖြန်အတွက် မစဉ်းစားသင့်ဘူး၊ အနာဂတ်အတွက် အစီအစဉ် မဆွဲသင့်ဘူးလို့ ယေရှု ပြောနေတာ မဟုတ်ပါဘူး။ (ပညာအလိမ္မာ ၂၁:၅) မနက်ဖြန်မှာ ဖြစ်ချင်မှ ဖြစ်လာမယ့် အရာတွေအတွက် အလွန်အမင်း မစိုးရိမ် မပူပန်ဖို့ ပြောနေတာ။ အလွန်အမင်း စိုးရိမ်ပူပန်နေရင် ရွှင်လန်းမှု ပျောက်သွားနိုင်တယ်။ လတ်တလော လုပ်ရမယ့် အလုပ်ကို မလုပ်နိုင်တော့ဘူး။ အနာဂတ်မှာ ကြုံတွေ့ရမယ့် ပြဿနာတွေကို ဒီနေ့ စိုးရိမ်ပူပန်နေလို့လည်း ပြဿနာတွေ ပြေလည်သွားမှာ မဟုတ်ဘူး။ ကျွန်တော်တို့ စိုးရိမ်ပူပန်သလို မဖြစ်တာ၊ ထင်သလောက် အခြေအနေ မဆိုးတာလည်း ရှိတယ်။
မဿဲ ၆:၃၄ ရဲ့ အထက်အောက်စကား
အဲဒီစကားတွေက မဿဲ အခန်းကြီး ၅-၇ မှာပါတဲ့ နာမည်ကျော် တောင်ပေါ်ဒေသနာထဲက စကားတွေ ဖြစ်တယ်။ စိုးရိမ်ပူပန်မှု လွန်ကဲတာက ဘဝကို ပိုကောင်းမလာစေဘူး၊ အသက်ကို ပိုမရှည်စေနိုင်ဘူးလို့ တောင်ပေါ်ဒေသနာမှာ ယေရှု ရှင်းပြထားတယ်။ (မဿဲ ၆:၂၇) ဘဝမှာ ဘုရားသခင်ကို ဦးစားထားမယ်ဆိုရင် မနက်ဖြန်အတွက် အလွန်အမင်း စိုးရိမ်စရာ မလိုဘူးလို့လည်း ပြောခဲ့တယ်။ ဘုရားသခင်က အပင်တွေ၊ တိရစ္ဆာန်တွေကို ဂရုစိုက်စောင့်ရှောက်တယ်။ ဘုရားအမှုဆောင်နေသူတွေကိုလည်း ဂရုစိုက်စောင့်ရှောက်မှာ ဖြစ်တယ်။—မဿဲ ၆:၂၅၊ ၂၆၊ ၂၈-၃၃။
မဿဲ အခန်းကြီး ၆ ကို အောက်ခြေမှတ်ချက်တွေ၊ ပြန်လှန်အညွှန်းတွေ၊ ရုပ်ပုံတွေနဲ့အတူ ဖတ်ပါ။