မာတိကာဆီ ကျော်သွား

ကျမ်းပိုဒ် ရှင်းပြချက်များ

လုကာ ၂:၁၄—“မြေကြီးပေါ်၌လည်း နှစ်သက်တော်မူသောသူတို့တွင် ငြိမ်သက်ခြင်းရှိစေသတည်း”

လုကာ ၂:၁၄—“မြေကြီးပေါ်၌လည်း နှစ်သက်တော်မူသောသူတို့တွင် ငြိမ်သက်ခြင်းရှိစေသတည်း”

 “ကောင်းကင်မှာ စံမြန်းတဲ့ ဘုရားသခင်ကို ဂုဏ်တင် ချီးမွမ်းကြ။ ကမ္ဘာမြေပေါ် နေထိုင်တဲ့ ဘုရားမျက်နှာသာရသူတွေ ငြိမ်သက်ခြင်းရှိပါစေ။”—လုကာ ၂:၁၄ကမ္ဘာသစ်ဘာသာပြန်ကျမ်း။

 “ကောင်းကင်ဘဝဂ်ဝယ် ဘုရားသခင်သည် ဘုန်းကြီးတော်မူစေသတည်း။ မြေကြီးပေါ်၌လည်း နှစ်သက်တော်မူသောသူတို့တွင် ငြိမ်သက်ခြင်းရှိစေသတည်း။”—လုကာ ၂:၁၄၊ သမ္မာကျမ်းစာတော်

လုကာ ၂:၁၄ ရဲ့ အဓိပ္ပာယ်

 ယေရှု မွေးဖွားချိန်မှာ ကောင်းကင်တမန်တွေရဲ့ ချီးမွမ်းစကားတွေ ဖြစ်တယ်။ ယေရှုကို ယုံကြည်သက်ဝင်သူတွေဟာ ဘုရားရဲ့ နှစ်သက်လက်ခံမှုနဲ့ ငြိမ်သက်မှုကို ခံစားခွင့် ရရှိတယ်ဆိုတဲ့ အဓိပ္ပာယ် ဖြစ်တယ်။

 “ကောင်းကင်မှာ စံမြန်းတဲ့ ဘုရားသခင်ကို ဂုဏ်တင် ချီးမွမ်းကြ။” ဘုရားဟာ ဂုဏ်တင်ချီးမွမ်းမှု မှန်သမျှ ခံထိုက်ကြောင်း ကောင်းကင်တမန်တွေ အလေးပေးနေတာ ဖြစ်တယ်။ ယေရှုရဲ့ မွေးဖွားခြင်းနဲ့ မြေကြီးအမှုဆောင်ခြင်းလုပ်ငန်းက ယေဟောဝါ a ကို အကြီးအကျယ် ဂုဏ်တင်ချီးမွမ်းမှု ဖြစ်စေမယ်ဆိုတာကိုလည်း သိစေပါတယ်။ ဥပမာ၊ ယေရှုက မိမိသွန်သင်ပေးတာတွေဟာ ဘုရားဆီကလာတယ်ဆိုပြီး ဘုရားကို အမြဲဂုဏ်တင်လေ့ရှိတယ်။ “ကျွန်တော် သင်ပေးနေတာတွေဟာ ကျွန်တော်ရဲ့ တရား မဟုတ်ဘူး။ ကျွန်တော့်ကို စေလွှတ်လိုက်တဲ့အရှင်ရဲ့ တရားတွေပဲ” လို့ ပြောခဲ့တာကိုပဲ ကြည့်နိုင်တယ်။ (ယောဟန် ၇:၁၆-၁၈) အံ့ဖွယ်အမှုတွေ ယေရှုပြုလုပ်တဲ့အခါ ကြည့်နေသူတွေက “ဘုရားဘုန်းတော်ကို ချီးမွမ်းကြတယ်။” (လုကာ ၅:၁၈၊ ၂၄-၂၆။ ယောဟန် ၅:၁၉) ယေရှုရဲ့ သေခြင်းကအစ ဘုရားဘုန်းတော်ကို ချီးမွမ်းမှု ဖြစ်စေခဲ့ပါတယ်။ ကမ္ဘာပေါ် ဖြောင့်မတ်မှုနဲ့ ငြိမ်သက်မှုမြတ်နိုးသူတွေ ပြည့်စေမယ်ဆိုတဲ့ ဘုရားရဲ့ ရည်ရွယ်တော်မူချက် ပြည့်စုံဖို့ လမ်းပွင့်စေခဲ့လို့ပါ။—ကမ္ဘာဦး ၁:၂၈

 ‘ကမ္ဘာမြေပေါ် ငြိမ်သက်ခြင်းရှိပါစေ။’ ဒါက စစ်မှုချုပ်ငြိမ်းသွားတာလောက်ကိုပဲ မဆိုလိုဘူး။ ယေဟောဝါရဲ့ မျက်နှာသာရရှိသူ ခံစားရတဲ့ အတွင်းငြိမ်သက်မှုကိုလည်း ဆိုလိုတယ်။ ယေရှုရဲ့ ကျေးဇူးကြောင့် လူသားတွေဟာ ဘုရားနဲ့ ဆက်ဆံရေးကောင်း ရရှိနိုင်ကြပြီ။ (ယာကုပ် ၄:၈) ယေရှုဟာ ဘုရားသခင့်နိုင်ငံတော် ဘုရင်အနေနဲ့လည်း ပြည့်ဝတည်မြဲတဲ့ ငြိမ်သက်မှုကို ဆောင်ကျဉ်းပေးပါလိမ့်မယ်။—ဆာလံ ၃၇:၁၁။ လုကာ ၁:၃၂၊ ၃၃

 “ဘုရားမျက်နှာသာရသူတွေ။” ယေဟောဝါနဲ့ ဘုရားစေလွှတ်လိုက်တဲ့ ယေရှုအပေါ် စစ်မှန်တဲ့ ယုံကြည်ခြင်းရှိလို့ ဘုရားမျက်နှာသာ ခံစားရတဲ့သူတွေကို ရည်ညွှန်းတယ်။ လူသားထုတစ်ရပ်လုံး၊ အကျင့်စရိုက်အမျိုးမျိုး ရှိသူတွေအပေါ် ဘုရား စေတနာထားတာနဲ့ မတူဘူး။ ကောင်းမှုပြုတဲ့ လူသားတွေကိုလည်း မရည်ညွှန်းဘူး။ ဂျိမ်းဘုရင်ဘာသာပြန်ကျမ်းလို ဘာသာပြန်ကျမ်းတချို့က “လူတို့အား မေတ္တာကရုဏာရှိစေသတည်း” လို့ ပြန်ဆိုထားတယ်။ ဒါပေမဲ့ ပိုရှေးကျပြီး တိကျမှန်ကန်တဲ့ ဂရိစာမူတွေမှာတော့ ကမ္ဘာသစ်ဘာသာပြန်ကျမ်း မှာပြန်ဆိုထားတဲ့အတိုင်း ဘုရားနှစ်သက်တော်မူသော လူတွေမှာ ငြိမ်သက်ခြင်းရှိပါစေဆိုပြီး ရေးသားထားပါတယ်။—“ လုကာ ၂:၁၄ ကို တခြားဘာသာပြန်ကျမ်းတွေ ပြန်ဆိုထားပုံ” ကိုကြည့်ပါ။

လုကာ ၂:၁၄ အထက်အောက်စကား

 လုကာ အခန်းကြီး ၂ မှာ ယေရှုရဲ့ ငယ်စဉ်ဘဝအကြောင်း ဖတ်ရပါတယ်။ ယေရှု မွေးဖွားပြီး မကြာမီ၊ ‘ကွင်းပြင်မှာ ရောက်နေတဲ့ သိုးအုပ်တွေကို ညလုံးပေါက် စောင့်ရှောက်နေ’ ကြတဲ့ သိုးထိန်းတွေရှေ့ ကောင်းကင်တမန်တစ်ပါး ပေါ်လာတယ်။ b (လုကာ ၂:၄-၈) ကောင်းကင်တမန်က “အကြီးအကျယ် ဝမ်းမြောက်စေမယ့် သတင်းကောင်း” ကြေညာပြီး ဒီလိုပြောတယ်– “ဒီနေ့ ဒါဝိဒ်ရဲ့ဇာတိမြို့မှာ ခင်ဗျားတို့ကို ကယ်တင်မယ့်သူ၊ သခင်ခရစ်တော် မွေးဖွားပြီ။” (လုကာ ၂:၉-၁၁) မွေးကင်းစကလေးကို ရှာတွေ့နိုင်မယ့်နေရာ ပြောပြတယ်။ ပြီးနောက် နာမ်ဝိညာဉ် ပုဂ္ဂိုလ် အမြောက်အမြားက ဘုရားကို ချီးမွမ်းနေကြတာကို သိုးထိန်းတွေ မြင်တွေ့ခွင့်ရတယ်။ သိုးထိန်းတွေ ဘက်သလီဟင်မြို့ကို ရောက်တော့ မာရိ၊ ယောသပ်နဲ့ နွားစားခွက်ထဲမှာ သိပ်ထားတဲ့ မွေးကင်းစကလေးကို တွေ့လိုက်ရတယ်။ (လုကာ ၂:၁၂-၁၆) သူတို့ကြုံတွေ့ခဲ့ရတဲ့ အံ့သြစရာကို ပြောပြပြီးတဲ့နောက် ‘မြင်ရ၊ ကြားရတာတွေအတွက် ဘုရားကို ဂုဏ်တင်ချီးမွမ်း’ ရင်း သိုးအုပ်တွေဆီ ပြန်သွားခဲ့ကြတယ်။—လုကာ ၂:၁၇-၂၀

 “လုကာ ၂:၁၄ ကို တခြားဘာသာပြန်ကျမ်းတွေ ပြန်ဆိုထားပုံ”

 “ကောင်းကင်ဘဝဂ်ဝယ် ထာဝရဘုရားသခင်သည် ဘုန်းကြီးတော်မူစေသတည်း။ ကမ္ဘာပေါ်တွင် ကိုယ်တော်နှစ်သက်တော်မူသော လူအပေါင်းတို့၌ ငြိမ်းချမ်းသာယာခြင်း ရှိစေသတည်း။”—လုကာ ၂:၁၄ခေတ်သုံးမြန်မာကျမ်း။

 “ကောင်းကင်ဘဝဂ်တွင် ဘုရားသခင်၌ ဘုန်းကြီးခြင်း၊ မြေကြီးပေါ်တွင် နှစ်သက်တော်မူသော လူသတ္တဝါတို့၌ ငြိမ်သက်ခြင်း ရှိပါစေသတည်း။”—လုကာ ၂:၁၄ပဋိညာဉ်တရားတော်ဟောင်းနှင့် တရားတော်သစ်ပါသည့် သမာကျမ်း။

 လုကာကျမ်းအကြောင်း ပိုသိနိုင်ဖို့ ဒီဗီဒီယိုအတိုကို ကြည့်ပါ။

a ဘုရားသခင်ရဲ့ ကိုယ်ပိုင်နာမည်ဟာ ယေဟောဝါဖြစ်တယ်။ (ဆာလံ ၈၃:၁၈) “ယေဟောဝါဆိုတာ ဘယ်သူလဲ” ဆောင်းပါးကို ကြည့်ပါ။

b သိုးထိန်းတွေက ကွင်းပြင်မှာ သိုးတွေကို ညလုံးပေါက် စောင့်ရှောက်တယ်ဆိုတဲ့အချက်ကနေ ယေရှုမွေးဖွားချိန်ဟာ ဆောင်းတွင်းအချိန် မဖြစ်နိုင်ကြောင်း သက်သေထူတယ်။ ပိုမို သိနိုင်ဖို့ “ယေရှုမွေးနေ့က ဘယ်နေ့လဲ” ဆောင်းပါးကို ကြည့်ပါ။