သွေးသွင်းခြင်းနဲ့ပတ်သက်ပြီး အခုအချိန်မှာ ဆရာဝန်တွေ ပြောဆိုရာ
ယေဟောဝါသက်သေတွေဟာ သွေးသွင်းကုသမှုကို ငြင်းပယ်ကြတဲ့အတွက် လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေတုန်းက ပြစ်တင်ပြောဆိုတာကို ခံခဲ့ကြရတယ်။ ‘သွေးကိုကြဉ်ရှောင်ပါ’ လို့ ဆိုထားတဲ့ သမ္မာကျမ်းစာ မိန့်မှာချက်ကြောင့် သွေးသွင်းကုသတာကို ငြင်းပယ်ကြခြင်း ဖြစ်ပေမဲ့ အဲဒီအချိန်တုန်းက လူနာကို အကောင်းဆုံး ကုသပေးလိုကြတဲ့ ဆရာဝန်တွေရဲ့ သဘောထားနဲ့ ကွဲလွဲခဲ့ကြတယ်။—တမန်တော် ၁၅:၂၉။
ဒါပေမဲ့ အခု ဆေးလောကအသိုင်းအဝိုင်းမှာ သွေးမပါတဲ့ ကုသနည်းတွေ အသုံးပြုဖို့ ဆေးဘက်ဆိုင်ရာ အကြောင်းပြချက်တွေ ပေးလာတဲ့ အတွေ့အကြုံရှိ ဆရာဝန်တွေ ပိုပိုများလာပါပြီ။
၂၀၁၃ နှစ်စမှာ စတန်းဖို့ဒ် ဆေးတက္ကသိုလ်က ထုတ်ဝေတဲ့ ဂျာနယ်မှာ သွေးနဲ့ပတ်သက်တဲ့ အထူးသတင်းတစ်ပုဒ် ပါလာပြီး ခေါင်းစဉ်တစ်ခုက “ပုံမှန် လုပ်ထုံးလုပ်နည်းကို ငြင်းပယ်လာကြ—သွေးသွင်းကုသမှု လျော့နည်းလာရတဲ့ နောက်ကွယ်က အကြောင်းရင်း” ဖြစ်တယ်။ အဲဒီဆောင်းပါးကို ရေးတဲ့သူ စယ်ရာ စီ. ပီ. ဝီလျံ က ဒီလိုဖော်ပြထားတယ်– “လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်တုန်းက ကမ္ဘာတစ်ဝန်းက ဆေးရုံတွေမှာ ခွဲစိတ်တဲ့အခါပဲဖြစ်ဖြစ်၊ လူနာဆောင်မှာပဲဖြစ်ဖြစ် လှူဒါန်းထားတဲ့ သွေးတွေကို လူနာ လိုအပ်တာထက် ပိုသုံးခဲ့ကြတယ်ဆိုတာကို လေ့လာတွေ့ရှိချက် တော်တော်များများက ဖော်ပြတယ်။”
ပဲင်စီလ်ဘေးနီးယား ဆေးရုံက သွေးမဲ့ကုသမှု၊ သွေးမဲ့ခွဲစိတ်မှုဌာနကို တည်ထောင်သူလည်း ဖြစ်၊ အုပ်ချုပ်သူ ဒါရိုက်တာလည်း ဖြစ်တဲ့ ဒေါက်တာ ပက်ထရီရှာ ဖော့ဒ်ရဲ့ စကားတွေကို စာရေးသူက ကိုးကားဖော်ပြခဲ့တယ်။ ဒေါက်တာ ဖော့ဒ် ဒီလိုပြောခဲ့တယ်– “လူနာတွေမှာ သတ်မှတ်ထားတဲ့ သွေးပမာဏ ရှိရမယ်၊ မရှိရင် လူနာသေသွားလိမ့်မယ်၊ သွေးက နောက်ဆုံး အသက်ကယ်ဆေးပဲ ဆိုပြီး အဲဒီအချိန်တုန်းက ဆရာဝန်တွေ သွန်သင်ခံခဲ့ရတယ်။ . . . တချို့အခြေအနေတွေမှာတော့ မှန်ပါတယ်။ * ဒါပေမဲ့ လူနာအများစုရဲ့ အခြေအနေမှာတော့ မမှန်ဘူး။”
တစ်နှစ်ကို ယေဟောဝါသက်သေ ၇၀၀ လောက်ကို ကုသပေးသူ ဖြစ်တဲ့ ဒေါက်တာ ဖော့ဒ်က ဒီလိုလည်းပြောခဲ့တယ်– “ဆရာဝန်အတော်များများက သွေးမသွင်းဘူးဆိုရင် လူနာ သေမှာပဲဆိုပြီး တလွဲယူဆတာ များတယ်။ . . . ကျွန်မကိုယ်တိုင်လည်း အဲဒီလိုယူဆခဲ့ဖူးတယ်။ ဒါပေမဲ့ အဲဒီလူနာတွေကို လွယ်ကူတဲ့ နည်းလမ်းတချို့နဲ့ ကုသပေးနိုင်တယ်ဆိုတာကို အကြိမ်ကြိမ် တွေ့ရှိခဲ့ရပါပြီ။”
၂၈ နှစ်ကြာကာလအတွင်း နှလုံးဌာနတစ်ခုကနေ နှလုံးခွဲစိတ်ကုသတဲ့ လူနာတွေကို လေ့လာဆန်းစစ်ပြီး ရလဒ်ကို ၂၀၁၂၊ ဩဂုတ်လတုန်းက ဂျာနယ်တစ်စောင် (Archives of Internal Medicine) မှာ ဖော်ပြခဲ့တယ်။ ရောဂါအခြေအနေချင်း တူတဲ့ လူနာတွေထဲမှာ ယေဟောဝါသက်သေ လူနာတွေဟာ သွေးသွင်းကုသတဲ့ လူနာတွေထက် ပိုပြီး မြန်မြန်ဆန်ဆန် သက်သာလာကြတာကို တွေ့ရတယ်။ သွေးသွင်းကုသတဲ့ လူနာတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် ယေဟောဝါသက်သေ လူနာတွေဟာ ရောဂါကုနေရင်း အခြေအနေ ဆိုးလာတဲ့သူ နည်းတယ်၊ အသက်ရှင်တဲ့သူ များတယ်၊ ကုသပြီး နှစ် ၂၀ ကျော်အထိ အသက်ရှင်နေကြတယ်။
၂၀၁၃၊ ဧပြီ ၈ ရက်ထုတ် ဝေါလ်စထရိဂျာနယ်မှာ ပါတဲ့ ဆောင်းပါးတစ်ပုဒ်မှာ ဒီလိုဖော်ပြထားတယ်– “ဘာသာရေးကြောင့် သွေးသွင်းကုသမှုကို ငြင်းပယ်တဲ့ လူနာတွေကို သွေးအသုံးမပြုဘဲ သွေးမဲ့ ခွဲစိတ်ကုသပေးခဲ့တာ နှစ်နဲ့ချီ ရှိပါပြီ။ အခုတော့ ဆေးရုံတွေမှာ သွေးမဲ့ ခွဲစိတ်ကုသတာကို တွင်တွင်ကျယ်ကျယ် လုပ်လာကြပါပြီ။ . . . သွေးမဲ့ ကုသမှုကို ထောက်ခံကုသပေးတဲ့ ခွဲစိတ်ဆရာဝန်တွေက သွေးမဲ့ ကုသမှုကြောင့် သွေးဝယ်ဖို့၊ သိုလှောင်သိမ်းဆည်းဖို့၊ အဆင့်ဆင့် စမ်းသပ်မှုတွေ ပြုလုပ်ဖို့ ငွေကုန်ကြေးကျတွေ လျော့နည်းစေရုံသာမက သွင်းမိတဲ့သွေးကြောင့် လူနာတွေ ထပ်ဆင့်ရောဂါတွေ ဝင်ပြီး ကုသမှု ဆက်ခံယူနေရတာမျိုးလည်း လျော့နည်းလာတယ်လို့ ပြောကြတယ်။”
ကလီဗ်လန်ဆေးရုံ၊ သွေးဌာနက အုပ်ချုပ်မှုဒါရိုက်တာ ရောဘတ် လောရန့်က “သွေးသွင်းကုသတာက လူနာအသက်ကို ကယ်တာလို့ ထင်ပါလိမ့်မယ်။ ဒါပေမဲ့ နှစ်နဲ့ချီတဲ့ သက်သေအထောက်အထားတွေအရ အဲဒီလိုမဟုတ်ဘူးဆိုတာ တွေ့ခဲ့ရပြီ” လို့ ပြောပါတယ်။
^ အပိုဒ်၊ 5 သွေးနဲ့ပတ်သက်ပြီး ယေဟောဝါသက်သေတွေရဲ့ ရှုမြင်ချက်ကို သိချင်တယ်ဆိုရင် “မေးတတ်တဲ့ မေးခွန်းများ—ယေဟောဝါသက်သေတွေက သွေးသွင်းခြင်းကို ဘာဖြစ်လို့ လက်မခံတာလဲ” ဆောင်းပါးကို ကြည့်ပါ။