မာတိကာဆီ ကျော်သွား

လူငယ်များအမေး

ငါ့မှာ ကျန်းမာရေးပြဿနာရှိနေရင် ဘယ်လိုလုပ်ရမလဲ (အပိုင်း ၂)

ငါ့မှာ ကျန်းမာရေးပြဿနာရှိနေရင် ဘယ်လိုလုပ်ရမလဲ (အပိုင်း ၂)

 ကျန်းမာရေးပြဿနာတွေက တစ်ယောက်နဲ့တစ်ယောက် ကြုံရတာချင်း တူမှာ မဟုတ်ဘူး။

  •   တချို့သူတွေရဲ့ ရောဂါလက္ခဏာတွေက အပြင်ပန်း ထင်သာမြင်သာ ရှိပေမဲ့ တခြားသူတွေကျတော့ အတွင်းမှာပဲ ဝေဒနာခံစားနေကြရရှာတယ်။

  •   တချို့သူတွေ ဖျားနာတာက ခဏတစ်ဖြုတ်လောက်ပဲ၊ တခြားသူတွေကျတော့ နာတာရှည် ရောဂါခံစားနေရပြီး နေ့တိုင်း အခက်အခဲ ကြုံနေရတယ်။

  •   တချို့က ကုသလို့ ပျောက်ကင်းသွားတယ် ဒါမှမဟုတ် ရောဂါကို ထိန်းထားနိုင်ကြတယ်။ တခြားသူတွေကျတော့ ရောဂါပိုဆိုးလာပြီး အသက်အန္တရာယ်တောင် ရှိလာတယ်။

 ဖော်ပြထားတဲ့ ကျန်းမာရေးပြဿနာ တစ်ခုမဟုတ်တစ်ခုကို လူငယ်တွေ ရင်ဆိုင်နေကြရတယ်။ ဒီဆောင်းပါးမှာ ကျန်းမာရေးပြဿနာ ရင်ဆိုင်နေရတဲ့ လူငယ်လေးယောက်အကြောင်း ဖော်ပြထားပါတယ်။ သင့်မှာ ကျန်းမာရေးပြဿနာ ရှိတယ်ဆိုရင် သူတို့ပြောတဲ့ စကားတွေကနေ သင်အားရှိနိုင်ပါတယ်။

 ဂင်နိုဝယ်

 ကိုယ့်အခြေအနေကို အရှိကိုအရှိအတိုင်း လက်ခံဖို့ အခက်ခဲဆုံးပဲ။ ကျွန်မ လုပ်ချင်တာတွေက အများကြီးပဲ၊ ဒါပေမဲ့ နေ့တိုင်း ကိုယ့်ရဲ့ အခြေအနေအရ အလိုက်သင့်နေရတယ်။

 ကျွန်မရဲ့ ဦးနှောက်အာရုံကြောကြွက်သားတွေ ပုံမှန် အလုပ်မလုပ်တဲ့အတွက် ဦးနှောက်ကနေ ကိုယ်ခန္ဓာကို အချက်အလက်တွေ မှန်မှန်ကန်ကန် မပို့နိုင်ဘူး။ တစ်ခါတလေ ကျွန်မရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်း တချို့ဟာ တုန်ယင်နေတတ်တယ် ဒါမှမဟုတ် လုံးလုံးမလှုပ်နိုင်ဘူး ဖြစ်နေတတ်တယ်။ လှုပ်ရှားတာ၊ စကားပြောတာ၊ စာဖတ်တာ၊ စာရေးတာနဲ့ တခြားသူတွေပြောတာကို နားလည်ဖို့ ကြိုးစားတာစတဲ့အရာလေးတွေ လုပ်ဖို့တောင် ကျွန်မအတွက် ခက်ခဲတယ်။ အခြေအနေ သိပ်ဆိုးတဲ့အခါ အသင်းတော်က အကြီးအကဲတွေ ကျွန်မဆီ လာပြီး ဆုတောင်းပေးတယ်။ သူတို့ အဲဒီလိုလုပ်ပေးတဲ့အခါ ကျွန်မ ချက်ချင်းစိတ်ငြိမ်သက်မှု ခံစားရတယ်။

 ဘယ်လိုအခက်အခဲတွေပဲ တွေ့တွေ့ ယေဟောဝါဘုရားသခင်က ကျွန်မကို အမြဲ ထောက်မပေးတယ်လို့ ခံစားရတယ်။ ကျွန်မရဲ့ ရောဂါဝေဒနာကြောင့် ယေဟောဝါအမှုတော်ဆောင်ခြင်းကို အတားအဆီး မဖြစ်စေချင်ဘူး။ ယေဟောဝါဘုရားသခင်က ကမ္ဘာကို ဆင်းရဲခက်ခဲမှုတွေ မရှိတော့တဲ့ ပရဒိသုအဖြစ် မကြာခင်မှာ လုပ်ပေးတော့မယ်ဆိုတဲ့ ကျမ်းစာကတိတော်အကြောင်း တခြားသူတွေသိလာဖို့ ကူညီပေးတဲ့အလုပ်ကို ဦးစားထားလုပ်တယ်။—ဗျာဒိတ် ၂၁:၁–၄

စဉ်းစားကြည့်ပါ– သင်ရော ဂင်နိုဝယ်လို ဘယ်နည်းတွေနဲ့ တခြားသူတွေကို ကြင်နာမှု ပြသနိုင်သလဲ။—၁ ကောရိန္သု ၁၀:၂၄

 ဇာခရိ

 ကျွန်တော်အသက် ၁၆ နှစ်အရွယ်မှာ ဦးနှောက်ကင်ဆာ စဖြစ်လာတယ်။ ဆရာဝန်က ရှစ်လပဲ ခံမယ်လို့ ပြောတယ်။ အဲဒီအချိန်ကစပြီး ရောဂါနဲ့ နပန်းလုံးနေရတယ်။

 ဦးနှောက်မှာ အသားပိုရှိတဲ့အတွက် ကျွန်တော့်ရဲ့ ညာဘက်ကိုယ်တစ်ခြမ်း မလှုပ်နိုင်တော့ဘူး။ လမ်းမလျှောက်နိုင်တဲ့အတွက် အိမ်ထဲမှာ သွားလာဖို့ တစ်ယောက်ယောက်ရဲ့ အကူအညီ အမြဲလိုတယ်။

 ရောဂါပိုဆိုးလာတဲ့အတွက် စကားပြောတဲ့အခါ မရှင်းတော့ဘူး။ ကျွန်တော်က အရင်တုန်းကဆိုရင် ရေလွှာလျှောစီးတာတို့၊ ဘတ်စကက်ဘော ကစားတာတို့၊ ဘော်လီဘော ကစားတာတို့လိုမျိုး သွက်သွက်လက်လက် လှုပ်ရှားခဲ့တဲ့သူ ဖြစ်တယ်။ ယေဟောဝါသက်သေတစ်ယောက်အနေနဲ့ ခရစ်ယာန်အမှုဆောင်လုပ်ငန်းမှာလည်း တက်တက်ကြွကြွ ပါဝင်ခဲ့တယ်။ ကိုယ်ကြိုက်တဲ့အရာ၊ ကိုယ်လုပ်ချင်တဲ့အရာကို မလုပ်နိုင်တော့တဲ့အခါ ဘယ်လို ခံစားရသလဲဆိုတာကို လူအများစု နားလည်မှာ မဟုတ်ဘူး။

 ဟေရှာယ ၅၇:၁၅ မှာပါတဲ့ စကားတွေကို ဖတ်တဲ့အခါ အားရှိသွားတယ်။ ယေဟောဝါဘုရားသခင်ဟာ “နှလုံးကြေကွဲ” သူတွေနဲ့အတူ ရှိတဲ့အတွက် ကျွန်တော့်ကို ဂရုစိုက်စောင့်ရှောက်မယ်ဆိုတာ ယုံကြည်တယ်။ အဲဒီအပြင် ယေဟောဝါဟာ ကျွန်တော် လမ်းပြန်လျှောက်နိုင်အောင်၊ ကျန်းကျန်းမာမာနဲ့ ကိုယ်တော့်ကို ဝတ်ပြုနိုင်အောင် လုပ်ပေးနိုင်တယ်ဆိုတဲ့ ဟေရှာယ ၃၅:၆ မှာပါတဲ့ ကတိတွေကြောင့်လည်း အားရှိတယ်။

 ကျွန်တော့်ရဲ့ ရောဂါကြောင့် အရမ်းခံရခက်တဲ့ အခြေအနေမျိုးမှာတောင် ယေဟောဝါရဲ့ ထောက်မမှု ခံစားနေရတယ်ဆိုတာ ယုံကြည်စိတ်ချတယ်။ ကျွန်တော် စိတ်ဓာတ်ကျတဲ့အချိန်၊ အသက်အတွက် စိုးရိမ်ရတဲ့အချိန်တွေမှာ ဆုတောင်းခြင်းအားဖြင့် ကိုယ်တော့်ကို စကားပြောရင်ဖွင့်နိုင်တယ်။ ဘယ်အရာကမှ ကျွန်တော့်ကို ယေဟောဝါဘုရားရဲ့ မေတ္တာနဲ့ မကွာစေနိုင်ဘူး။—ရောမ ၈:၃၉

 ဇာခရိဟာ ဒီတွေ့ဆုံမေးမြန်းမှုလုပ်ပြီး နှစ်လအကြာ၊ အသက် ၁၈ နှစ်မှာ ဆုံးသွားပါတယ်။ မြေကြီးပရဒိသုမှာ ပြန်အသက်ရှင်လာမယ်ဆိုတဲ့ ဘုရားသခင့်ကတိတော်ကို သေဆုံးတဲ့အထိ ယုံကြည်သွားခဲ့တယ်။

စဉ်းစားကြည့်ပါ– ဇာခရိလိုပဲ ဘုရားသခင်ကို ချစ်တဲ့မေတ္တာ ဆက်ရှိနေဖို့ ဆုတောင်းခြင်းက သင့်ကို ဘယ်လို ကူညီပေးမလဲ။

 အနာအိစ်

 ကျွန်မ ရက်သားအရွယ်မှာပဲ ဦးနှောက်သွေးယိုတဲ့အတွက် ကိုယ်ခန္ဓာမသန်မစွမ်း ဖြစ်သွားတယ်။ အထူးသဖြင့် ခြေထောက်တွေ ဖြစ်တယ်။

 အခုအချိန်မှာတော့ လမ်းလျှောက်ဘောင် အကူအညီနဲ့ လမ်းနည်းနည်းပါးပါး လျှောက်နိုင်ပေမဲ့ များသောအားဖြင့်တော့ ဘီးတပ်ကုလားထိုင်နဲ့ပဲ သွားလာရတယ်။ အကြောလည်းဆွဲတော့ စာရေးတာလို အနုစိတ်လုပ်ရတဲ့ အလုပ်တွေကို မလုပ်နိုင်ဘူး။

 ကျွန်မရဲ့ ရောဂါကြောင့် နေလို့မပျော်ရတဲ့အပြင် ဆေးကုသမှုကြောင့်လည်း ဒုက္ခရောက်ရတယ်။ ကျွန်မ မှတ်မိသလောက် ပြောရမယ်ဆိုရင် အကြောအဆစ်တွေကို လျှပ်စစ်နဲ့ နှိပ်နယ်တဲ့နည်းနဲ့ ခဏခဏ ကုသခဲ့ရတယ်။ ငါးနှစ်အရွယ်မှာ ဦးဆုံးအကြိမ်အနေနဲ့ အကြီးစား ခွဲစိတ်ကုသမှုလုပ်ခဲ့ရပြီး နောက်ထပ်သုံးကြိမ် ထပ်ခွဲစိတ်ခဲ့ရတယ်။ အထူးသဖြင့် နောက်ဆုံးနှစ်ကြိမ်က အဆိုးဆုံးပဲ၊ ပြန်ပြီးထူထူထောင် ဖြစ်လာတဲ့အထိ အိမ်နဲ့ သုံးလခွဲနေရလို့လေ။

 ကျွန်မရဲ့ မိသားစုက အကူအညီ အများကြီး ပေးခဲ့တယ်။ ကျွန်မတို့ အတူတူရယ်မောကြတယ်။ အဲဒါက ကျွန်မ စိတ်ဓာတ်ကျတဲ့အခါ တကယ့်ကို အကူအညီ ဖြစ်စေတယ်။ ကျွန်မကိုယ်ခန္ဓာကို ကြည့်ပျော်ရှုပျော်ဖြစ်အောင် ကိုယ့်ဖာသာကိုယ် မလုပ်နိုင်တဲ့အတွက် အမေနဲ့ အစ်မတွေက ကူညီပေးတယ်။ ဒေါက်မြင့်ဖိနပ် မစီးနိုင်လို့လည်း စိတ်မကောင်း ဖြစ်မိတယ်။ ဒါပေမဲ့ ကလေးဘဝတုန်းက ဖိနပ်ကို လက်မှာဝတ်ပြီး လေးဖက်ထောက် တစ်ခါသွားဖူးတယ်၊ အဲဒီတုန်းက ကျွန်မတို့အားလုံး ရယ်မောခဲ့ကြတယ်။

 ကျွန်မ မလုပ်နိုင်တာကိုမဟုတ်ဘဲ၊ လုပ်နိုင်တာကိုပဲ အာရုံစိုက်တယ်။ ဘာသာစကားတွေ သင်ယူတယ်။ ရေလွှာလှိုင်းစီးတာ၊ နှင်းလျှောစီးတာတွေ မလုပ်နိုင်ပေမဲ့ ရေကူးနိုင်တယ်၊ အဲဒါလည်းပျော်တာပဲ။ ယေဟောဝါသက်သေတစ်ယောက်အနေနဲ့ အမှုဆောင်လုပ်ငန်းမှာ တခြားသူတွေကို ကျွန်မရဲ့ ယုံကြည်ချက်အကြောင်း ဝေငှရတာကို နှစ်သက်တယ်။ လူတွေကို ကျွန်မ စကားပြောတဲ့အခါ ကောင်းကောင်း အာရုံစိုက် နားထောင်ပေးကြတယ်။

 ငယ်ငယ်ကတည်းက ကျွန်မရဲ့ မိဘတွေက ကျွန်မရဲ့ အခြေအနေဟာ ခေတ္တယာယီပဲဆိုတာ ပြောပြတယ်။ အဲဒီအချိန်ကတည်းက ကျွန်မရဲ့ ရောဂါအပါအဝင် ဆင်းရဲခက်ခဲမှုအားလုံးကို အဆုံးတိုင်ပေးမယ်လို့ ကတိပေးခဲ့တဲ့ ယေဟောဝါနဲ့ ကိုယ်တော့်ကတိတော်တွေအပေါ် ကျွန်မရဲ့ ယုံကြည်ခြင်း ပိုခိုင်မာအောင် လုပ်ဆောင်ခဲ့တယ်။ အဲဒါက ရှေ့ဆက်ခံရပ်သွားဖို့ ကျွန်မကို ခွန်အားရှိစေခဲ့တယ်။—ဗျာဒိတ် ၂၁:၃၊ ၄

စဉ်းစားကြည့်ပါ– ကျန်းမာရေးပြဿနာနဲ့ပဲ လုံးချာလိုက်မနေအောင် အနာအိစ်လိုပဲ သင့်ကို ဘယ်အရာတွေက ကူညီပေးနိုင်သလဲ။

 ဂျူလီယန်နာ

 ကျွန်မမှာ ကိုယ်ခံအားစနစ် ဖောက်ပြန်တဲ့ရောဂါ ရှိတယ်၊ အဲဒီရောဂါက နှလုံး၊ အဆုတ်နဲ့ သွေးကို ပျက်စီးစေနိုင်တယ်။ အဲဒီရောဂါကြောင့် ကျွန်မရဲ့ ကျောက်ကပ် ထိခိုက်ခဲ့တယ်။

 ကျွန်မအသက် ဆယ်နှစ်အရွယ်မှာ အသားအရေရောင်ရမ်းစေတဲ့ရောဂါ စဖြစ်လာပြီး အဲဒါကြောင့် နာကျင်တာ၊ ပင်ပန်းနွမ်းလျတာနဲ့ စိတ်အပြောင်းအလဲ မြန်တာတွေ ဖြစ်လာတယ်။ တစ်ခါတလေမှာ ကျွန်မဟာ အလကားလူပဲလို့ ခံစားခဲ့ရတယ်။

 ကျွန်မအသက် ၁၃ နှစ်အရွယ်မှာ ယေဟောဝါသက်သေတစ်ယောက် ကျွန်မတို့အိမ်ကို ရောက်လာတယ်။ ဟေရှာယ ၄၁:၁၀ မှာ ယေဟောဝါ ပြောထားတဲ့ “မစိုးရိမ်နှင့်။ ငါသည် သင့်ဘက်မှာရှိ၏။ . . . သင့်ကိုစောင့်မမည်။ ငါ့သစ္စာလက်ယာလက်ဖြင့် ထောက်ပင့်မည်” ဆိုတဲ့ကျမ်းချက်ကို ဖတ်ပြတယ်။ ဒါနဲ့ ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာစလေ့လာဖြစ်သွားတယ်။ ဘုရားသခင်ကို စိတ်နှလုံးအပြည့်နဲ့ ကိုးကွယ်နေတာ အခုဆို ရှစ်နှစ်လောက်ရှိပြီ။ တခြားအရေးကြီးတဲ့အရာတွေ မမြင်တဲ့အထိ ကျွန်မရဲ့ ရောဂါကို အာရုံစိုက်လွန်းတာမျိုး မဖြစ်ဖို့ ဆုံးဖြတ်ထားတယ်။ ဒီလိုအပြုသဘော ဆက်ရှိနိုင်ဖို့အတွက် ယေဟောဝါဘုရားက ကျွန်မကို “သာမန်ထက်ထူးကဲသော တန်ခိုးတော်” ပေးတယ်လို့ ခံစားရတယ်။—၂ ကောရိန္သု ၄:၇

စဉ်းစားကြည့်ပါ– ဟေရှာယ ၄၁:၁၀ က ဂျူလီယန်နာကို အထောက်အကူပြုခဲ့သလို သင့်ကိုလည်း အပြုသဘောဆက်ရှိစေဖို့ ဘယ်လိုကူညီပေးနိုင်သလဲ။