လူငယ်များအမေး
ကျောင်းထွက်လိုက်ရင် ကောင်းမလား
“ကျောင်းနေရတာ လုံးဝ မပျော်ဘူး” လို့ ခံစားနေရသလား။ ဒါဆိုရင် ကျောင်းထွက်ချင်မှာပဲ။ ဒီဆောင်းပါးမှာ ပိုကောင်းတဲ့ နည်းလမ်းတချို့ တွေ့ရပါလိမ့်မယ်။
ကျောင်းထွက်ရတဲ့ အကြောင်းရင်း
ဆရာ/မတွေ သတိထားမိတဲ့ အကြောင်းရင်းတချို့-
သင်ယူနိုင်စွမ်း အားနည်းခြင်း။ ‘ငါ့ရဲ့ အဆင့်တွေ ကျသည်ထက် ကျလာတယ်။’
စိတ်မပါခြင်း။ ‘ကျောင်းနေလို့ကော ဘာထူးမှာလဲ။’
စီးပွားရေး ကျပ်တည်းခြင်း။ ‘မိသားစုကို ထောက်ပံ့ဖို့ အလုပ်လုပ်ရမယ်။’
အကျိုးဆက်ကို ထည့်စဉ်းစားပါ
“အမြော်အမြင်ရှိသူကတော့ ခြေလှမ်းတိုင်းကို စဉ်းစားဆင်ခြင်တတ်တယ်” လို့ ကျမ်းစာက ဆိုတယ်။ (ပညာအလိမ္မာ ၁၄:၁၅) သင်ခန်းစာက ဘာလဲ။ ကျောင်းထွက်ဖို့ စိတ်ကူးနေရင် အကျိုးဆက်ကို ထည့်စဉ်းစားပါ။
ကိုယ့်ကိုယ်ကိုယ် မေးပါ-
‘ကျောင်းထွက်လိုက်ရင် နောက်နောင် အလုပ်ကောင်း ရဖို့ လွယ်ပါ့မလား။’
“တစ်နေ့ကျရင် အလုပ်တစ်ခု ရှာပြီး မိသားစုကို ထောက်ပံ့ရမယ် ဆိုပါစို့။ ဒါပေမဲ့ အလုပ်ရှင်အများစုက အထက်တန်းကျောင်းအောင်သူတွေကိုပဲ အလုပ်ခန့်မယ်ဆိုရင် ဘယ်လို လုပ်မလဲ။”—ဂျူလီယာ။
‘ကျောင်းထွက်လိုက်ရင် ရှေ့မှာရင်ဆိုင်ရမယ့် အခက်အခဲတွေကို ဖြေရှင်းနိုင်စွမ်း ရှိပါ့မလား။’
“ကျောင်းက ဘဝအတွက် ပြင်ဆင်ပေးနေတာ။ အနာဂတ်မှာ တွေ့ရမယ့် လူတွေ၊ ကြုံရမယ် သွေးဆောင်မှုတွေ၊ လုပ်ရမယ့် အလုပ်တွေက ကျောင်းနေချိန်မှာ ကြုံရတာတွေနဲ့ အတူတူပဲ။”—ဒန်နီယယ်။
‘ကျောင်းထွက်လိုက်ရင် ဘဝအတွက် လိုအပ်တဲ့ အစွမ်းအစတွေ ရှိပါ့မလား။’
“ကျောင်းတက်ရတာ မဟန်ပါဘူးလို့ လောလောဆယ် ထင်မိနိုင်ပေမဲ့ ၂၃ နှစ်အရွယ်ရောက်လို့ ငွေအဝင်အထွက်ကို တွက်ချက်တဲ့အခါ ‘ငါ သင်္ချာကို စိတ်ဝင်စားခဲ့ရင် အကောင်းသား’ လို့ တွေးမိလိမ့်မယ်။”—အန်နာ။
ပိုကောင်းတဲ့နည်းလမ်း
အကူအညီ ယူပါ။ “အကြံပေးသူ များရင်တော့ အောင်မြင်တတ်တယ်” လို့ ကျမ်းစာက ဆိုတယ်။ (ပညာအလိမ္မာ ၁၁:၁၄) အဆင့်တွေ ကျနေရင် မိဘ၊ ဆရာ၊ နည်းပြ၊ ယုံလို့ရတဲ့သူ တစ်ယောက်ယောက်ဆီမှာ အကြံဉာဏ် တောင်းကြည့်ပါ။
“ဆရာကို ပြောပြလိုက်ပါ။ ဆရာ အသင်အပြ မကောင်းလို့ ထင်မိနိုင်ပေမဲ့ အကူအညီတောင်းလိုက်ရုံနဲ့တင် အခြေအနေ တိုးတက်နိုင်ပါတယ်။”—အက်ဝဒ်။
ရေရှည်ကို ကြည့်ပါ။ “ကိစ္စတစ်ခုရဲ့ အဆုံးဟာ အစထက် ပိုကောင်းတယ်” လို့ ကျမ်းစာက ဆိုတယ်။ (ဒေသနာ ၇:၈) ကျောင်းပြီးသွားတဲ့တစ်နေ့ ကျောင်းပညာရေးကိုသာမက ဘဝအရည်အသွေး၊ အစွမ်းအစတွေကိုပါ တတ်သိလာပါလိမ့်မယ်။
“လူကြီးတစ်ယောက်ဖြစ်လာရင် စာစီစာကုံးတွေ ရေးတာ၊ စာမေးပွဲအတွက် လေ့လာရတာမျိုး မရှိပေမဲ့ ကျောင်းမှာ ဖိစီးမှုတွေကို ဖြေရှင်းပုံက ကျောင်းပြီးတဲ့နောက် ကြုံရမယ့် ဘဝဖိစီးသောကတွေကို ဖြေရှင်းနိုင်အောင် ပြင်ဆင်ပေးတယ်။”—ဗီရာ။
ကိုယ့်ဆုံးဖြတ်ချက်ကို ပြန်သုံးသပ်ပါ။ “အလျင်စလို လုပ်တဲ့သူကတော့ ကျိန်းသေ ဆင်းရဲလိမ့်မယ်” လို့ ကျမ်းစာက ဆိုတယ်။ (ပညာအလိမ္မာ ၂၁:၅) ကျောင်းထွက်လိုက်တာကလွဲရင် တခြားနည်း မရှိဘူးလို့ အလျင်စလို မဆုံးဖြတ်လိုက်ပါနဲ့။
“ကျောင်းက အလုပ်ကြိုးစားဖို့၊ ပြဿနာတွေ ဖြေရှင်းဖို့၊ ပူးပေါင်းလုပ်ဆောင်တတ်ဖို့ သင်ပေးတယ်။ ရေရှည်အတွက် အကျိုးရှိတယ်။ ကျောင်းပြီးတဲ့အထိ တက်ရကျိုးနပ်တယ်။”—ဘင်ဂျမင်။
အဓိကအချက်။ ကျောင်းပြီးထားရင် ဘဝတာဝန်တွေအတွက် ပိုအသင့်ဖြစ်လာမယ်။