မာတိကာဆီ ကျော်သွား

လူငယ်များအမေး

မိဘတွေက ဘာကြောင့် ငါ့ကို နည်းနည်းလေးတောင် ပျော်ခွင့်မပေးတာလဲ

မိဘတွေက ဘာကြောင့် ငါ့ကို နည်းနည်းလေးတောင် ပျော်ခွင့်မပေးတာလဲ

 ကျောင်းပိတ်ရက်မှာ သူငယ်ချင်းတွေက ပါတီကိုလာဖို့ သင့်ကို ဖိတ်ခေါ်တယ်။ မိဘတွေကို ခွင့်တောင်းတဲ့အခါ အဖြေရတော့ ပြတ်ပြတ်ပဲ၊ “မသွားရဘူး” တဲ့။ အံ့တော့ မအံ့ဩပါဘူး။ ပြီးခဲ့တဲ့ အခေါက်တုန်းကလည်း အဲဒီလိုပဲ အဖြေပေးခဲ့လို့ပါ။

ဒီဆောင်းပါးမှာ သိရမှာက

 အမြဲတမ်းလိုလို မိဘတွေ ခွင့်မပြုတာ ဘာကြောင့်လဲ

 သင်ခွင့်တောင်းတိုင်း မိဘတွေ အမြဲငြင်းနေတော့ သင့်ကို နည်းနည်းလေးတောင် ပျော်ခွင့်မပေးဘူးဆိုပြီး ခံစားရနိုင်တယ်။

 ဦးဆုံးအကြိမ် ဖုန်းကိုင်ခွင့်ရတဲ့အချိန်မှာ ဆယ်ကျော်သက် မိန်းမငယ် မာရီလည်း အလားတူ ခံစားခဲ့ရတယ်။ သူဒီလိုပြောပြတယ်– “ဘယ် app ကိုပဲ ကူးယူရမယ်၊ ဘယ်သူတွေနဲ့ပဲ အဆက်အသွယ် လုပ်ရမယ်၊ ဘယ်အချိန်အထိပဲ ဖုန်းပြောရမယ် ဆိုပြီး အဖေ စည်းကမ်းတွေ ထုတ်လိုက်တာမှ အများကြီးပဲ။ သူငယ်ချင်းတွေဆိုရင် သူတို့စိတ်ကြိုက် သုံးနိုင်တာ။”

 စဉ်းစားကြည့်ပါ– မာရီရဲ့အဖေက သမီးဖြစ်သူကို တကယ်ပဲ မပျော်စေချင်တာလား။ သူဘာကို စိုးရိမ်နေတာ ဖြစ်မလဲ။

အမြန်နှုန်းကို ကန့်သတ်ထားတာက လွတ်လပ်မှုကို ထိခိုက်ပေမဲ့ ဘေးအန္တရာယ်မကြုံရအောင် ကာကွယ်ပေး။ မိဘတွေချမှတ်ထားတဲ့ စည်းကမ်းတွေဟာ အလားတူပါပဲ

 ဒီအချက်ကို ကြိုးစားကြည့်ပါ– မိဘနေရာကနေ ဝင်ကြည့်ပါ။ သင့်မှာ ဆယ်ကျော်သက်အရွယ် သမီးရှိတယ်၊ အခု ဖုန်းကိုင်ခွင့်ရပြီ ဆိုပါစို့။ သင် ဘာကို စိုးရိမ်မလဲ။ သင့် ဆယ်ကျော်သက်သမီးအတွက် ဘယ်လို စည်းမျဉ်းတွေ ထုတ်မလဲ။ သမီးကို နည်းနည်းလေးမှ ပျော်ခွင့်မပေးဘူးလို့ ပြောလာတဲ့အခါ သင် ဘယ်လိုပြန်ဖြေမလဲ။

 “အဖေ အမြဲပြောတာက ‘မိဘတွေ နေရာကနေလည်း ဝင်ကြည့်ဦး’ တဲ့။ အဲဒီလိုဝင်ကြည့်တော့ မိဘတွေထုတ်တဲ့ စည်းမျဉ်းတွေရဲ့ တန်ဖိုးကို သိလာတယ်။ စည်းကမ်းထုတ်ရတဲ့ အကြောင်းရင်းကိုပါ မြင်တတ်လာတယ်။ ကျွန်မမှာ သားသမီးရှိမယ်ဆိုရင်လည်း ဒီစည်းကမ်းတွေကိုပဲ ထုတ်မိမှာပါ။”—တန်ယာ။

 မိဘတွေရဲ့ ခွင့်ပြုချက် ရလာအောင် ငါဘယ်လို လုပ်နိုင်သလဲ

 ဒီလို မလုပ်ပါနဲ့– စိတ်ကောက်တာ၊ ပူညံပူညံလုပ်တာ၊ အငြင်းအခုန်လုပ်တာကို ရှောင်ပါ။

 “မိဘနဲ့ စကားများတာက ဘာအကျိုးမှ မဖြစ်လာဘူး။ ကိုယ်ရော မိဘပါ စိတ်ဆင်းရဲရတာပဲ အဖတ်တင်မယ်။ မိဘနဲ့ပြိုင်ပြီး အငြင်းအခုန်လုပ်နေရင် ကိုယ့်ကို မရင့်ကျက်သူလို့ မြင်ပြီး လွတ်လပ်ခွင့်ပေးလို့ မဖြစ်သေးဘူးလို့ ထင်သွားနိုင်တယ်။”—ရစ်ချက်။

 ဒီအချက်ကို ကြိုးစားကြည့်ပါ– ချက်ချင်း မတုံ့ပြန်ပါနဲ့။ အဲဒီအစား အခြေအနေကို မိဘတွေဘက်ကနေ တွေးကြည့်ပါ။ ပြဿနာက သင့်ကို မိဘတွေ မယုံကြည်တာလား။ သင်သွားမယ့် ဝန်းကျင်ကို ဒါမှမဟုတ် အဲဒီမှာရှိနေတဲ့ လူတွေကို မယုံကြည်တာလား။ ဘာကြောင့် ခွင့်မပြုတာလဲဆိုတာ သိရဖို့ မိဘတွေနဲ့ အေးအေးဆေးဆေး ဆွေးနွေးကြည့်ပါ။

 “မိဘတွေ စည်းကမ်းထုတ်ပြီဆိုရင် သူတို့မှာ အကြောင်းရင်းရှိလို့ပဲ။ ကျွန်မကို မိဘတွေ မပျော်စေချင်ဘူးဆိုတာ မဖြစ်နိုင်ဘူး။ ပြဿနာကင်းတဲ့ ပျော်ရွှင်မှုမျိုးပဲ ရစေချင်တာ။”—အိုင်ဗီ။

 ကျမ်းစာ အခြေခံမူ– “မိုက်မဲတဲ့သူက ခံစားရသမျှ အကုန် ထုတ်ဖော်တတ်တယ်။ ဉာဏ်ပညာရှိသူကတော့ အေးဆေးတည်ငြိမ်စွာ ထိန်းချုပ်တတ်တယ်။”—ပညာအလိမ္မာ ၂၉:၁၁

 ဒီလို မလုပ်ပါနဲ့– မိဘနောက်ကွယ်မှာ စည်းကမ်း ချိုးဖောက်တာမျိုး မလုပ်ပါနဲ့။

 “အဖေ့နောက်ကွယ်မှာ စည်းကမ်းတွေကို ချိုးဖောက်ခဲ့တယ်။ ညနက်တဲ့အထိ သူငယ်ချင်းတွေဆီ စာခိုးပို့တယ်။ အဖေ ကူးခွင့်မပေးထားတဲ့ app တွေကိုလည်း ကူးယူတယ်။ နောက်ဆုံးတော့လည်း အဖေ သိသွားတယ်။ ကျွန်မကို မယုံကြည်တော့လို့ စည်းကမ်းက ပိုတင်းကျပ်သွားတယ်။ စည်းကမ်းချိုးဖောက်တာက ကိုယ့်အတွက် ဘာအကျိုးမှမပေးဘူး။ ပိုဆိုးသွားတာပဲရှိတယ်။”—မာရီ။

 ဒီလို လုပ်ပါ– ချမှတ်ထားတဲ့ စည်းကမ်းတွေအတိုင်း နေထိုင်နိုင်တယ်ဆိုတာ သက်သေပြပါ။ မိဘတွေရဲ့ ယုံကြည်မှုရအောင် ကြိုးစားပါ။

 “စိတ်ရှည်ပါ။ မိဘတွေ စည်းကမ်းချက်ကို ပြောင်းပေးဖို့ အချိန်လိုနိုင်တယ်။ စည်းကမ်းလိုက်နာသူလို့ မိဘတွေမြင်ရင် လွတ်လပ်မှု ပိုပေးလာပါလိမ့်မယ်။”—မလင်းဒါ။

 ကျမ်းစာ အခြေခံမူ– “မိဘစကားကို အရာရာမှာ နာခံကြပါ။”—ကောလောသဲ ၃:၂၀

 ဒီလို မလုပ်ပါနဲ့– သက်တူရွယ်တူတွေဆိုရင် လုပ်ခွင့်ရတယ်လို့ ပြောပြီး မိဘကို ဖိအားမပေးပါနဲ့။

 “နားပူနားဆာလုပ်တာနဲ့ပဲ ခွင့်ပြုချက်ရသွားတာ၊ အဆင်ပြေသွားတာ မဟုတ်ဘူး။”—နာတာလီ။

 ဒီလို လုပ်ပါ–စည်းကမ်းတွေနဲ့ပတ်သက်ပြီး လေ့လာသုံးသပ်စရာ” စာရွက်ကို သုံးပြီး မိဘနဲ့ ဆွေးနွေးနိုင်ပါတယ်။

 “မိဘတိုင်းက ကိုယ့်သားသမီး ကောင်းကောင်း စဉ်းစားဆုံးဖြတ်နိုင်တာကို မြင်ချင်ကြတာ။ ဒါကြောင့် မိဘဆီ ခွင့်တောင်းအခါ ကျွန်တော်ဖြစ်ချင်တာကိုပဲ မပြောဘဲ အကျိုးအကြောင်းကို အချက်ကျကျ ရှင်းပြဖို့ ကြိုးစားတယ်။ အဲဒီလို လုပ်တဲ့အခါ တောင်းဆိုတာတွေကို ခွင့်ပြုတာများတယ်။”—ဂျိုးဇက်။

 ကျမ်းစာ အခြေခံမူ– “မိဘကို ရိုသေပါ။”—ဧဖက် ၆:၂