လူငယ်များအမေး
မိဘတွေ ကွာရှင်းကြတော့မယ်ဆိုရင် ဘယ်လိုလုပ်မလဲ
လူငယ်တစ်ယောက် ကြုံတွေ့ရနိုင်တဲ့ စိတ်အဖိစီးဆုံး အချိန်တစ်ခုကတော့ မိဘတွေ ကွာရှင်းတဲ့အချိန်ပါ။ ခံစားရတဲ့ ဝမ်းနည်းကြေကွဲစိတ်ကို ဘယ်လို ရင်ဆိုင်ဖြေရှင်းမလဲ။
ဒီဆောင်းပါးမှာ သိရမှာက
ရှောင်သင့်တဲ့ အချက်သုံးချက်
၁။ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တာကို ရှောင်ပါ
“တစ်ခါတုန်းက အမေပြောဖူးတယ်။ ကျွန်မကိုမွေးပြီးတဲ့နောက်မှာ အဖေနဲ့အမေ စပြီး ပြဿနာဖြစ်တော့တာပဲတဲ့။ ဒါကြောင့် အဖေနဲ့အမေကွဲတာ ကျွန်မကြောင့်လို့ စိတ်ထဲစွဲနေတာ။”—ဒိုင်ယာနာ။
ဒီအချက်ကို သတိရပါ။ မိဘတွေကွာရှင်းတာ သင့်ကြောင့် မဟုတ်ဘူး။ သူတို့နှစ်ယောက်ရဲ့ ပြဿနာကြောင့်ပါ။ အဲဒီပြဿနာဖြစ်အောင် သင် လုပ်ခဲ့တာမဟုတ်သလို သင် ဖြေရှင်းပေးနိုင်မှာလည်း မဟုတ်ဘူး။ အိမ်ထောင်ရေးပြဿနာတွေကို ဖြေရှင်းဖို့က မိဘနှစ်ပါးရဲ့ တာဝန်ပါ။
၂။ စိတ်နာကြည်းမနေပါနဲ့
“အမေ့အပေါ် သစ္စာမရှိတဲ့ အဖေ့ကို မကျေနပ်ဘူး။ အဖေ့ကို ပြန်ယုံကြည်နိုင်ဖို့ မနည်းကြိုးစားရမှာ။”—ရီအာနာ။
ဒီအချက်ကို သတိရပါ။ မိဘတွေ ကွာရှင်းလိုက်လို့ သူတို့ကို စိတ်ပျက်သွားတာ၊ ဒေါသထွက်တာတွေ ဖြစ်နိုင်တယ်။ ဒါပေမဲ့ စိတ်နာကြည်းနေတာက ဆိုးကျိုးပဲ ဖြစ်စေတယ်။ သင့်ရဲ့ စိတ်ပိုင်း၊ ကာယပိုင်းကို ထိခိုက်နိုင်တယ်။ စိတ်နာကြည်းတာက ကိုယ်တိုင် အဆိပ်သောက်ပြီး တခြားသူကို ထိခိုက်စေချင်တာနဲ့ တူတယ်။ a
၃။ ပျော်ရွှင်သာယာတဲ့ အိမ်ထောင်ကို မပိုင်ဆိုင်နိုင်တော့ဘူးလို့ သံသယ မဝင်ပါနဲ့
“အဖေ့လိုဖြစ်မှာ တအားကြောက်တယ်။ လက်ထပ်ပြီး ကလေးတွေ ရလာခဲ့ရင် မိဘတွေလို အိမ်ထောင်ပြိုကွဲသွားမှာကို သိပ်စိုးရိမ်တယ်။”—ဂျက်စီကာ။
ဒီအချက်ကို သတိရပါ။ သင့်မိဘ အိမ်ထောင်ပြိုကွဲတာနဲ့ပဲ သင့်အိမ်ထောင်လည်း ပြိုကွဲမယ်လို့ မယူမှတ်ပါနဲ့။ သင့်မိဘရဲ့ အဖြစ်အပျက်ကနေ သင်ခန်းစာယူပါ။ ဥပမာ၊ အိမ်ထောင်ဖက်ဆီမှာ ရှိစေချင်တဲ့ အရည်အသွေးတွေ ပိုသိလာနိုင်တယ်။ ခင်ပွန်းကောင်း၊ ဇနီးကောင်းဆီမှာရှိသင့်တဲ့ အရည်အသွေးတွေ မွေးမြူနိုင်အောင်လည်း မိဘတွေအဖြစ်ကနေ သင်ခန်းစာယူနိုင်တယ်။
လုပ်ဆောင်နိုင်တဲ့ အချက်သုံးချက်
၁။ ပြောဆိုဆက်သွယ်ပါ။ အပျက်သဘော ခံစားချက်တွေကို မျိုသိပ်ထားသူတွေဟာ အရက်၊ မူးယစ်ဆေး သုံးတာလိုမျိုး ကိုယ့်ကို ထိခိုက်စေတဲ့ အကျင့်တွေ စွဲလာတတ်တယ်။ အဲဒီလိုမဖြစ်အောင် ဒါတွေကို ကြိုးစားကြည့်ပါ။
မိဘတွေကို ပြောပြပါ။ မိဘတစ်ဦး ဒါမှမဟုတ် နှစ်ဦးစလုံးက သူတို့ရဲ့ ပြဿနာတွေကို ပြောပြီး သူတို့ဘက်ပါအောင် လုပ်နေတယ်ဆိုရင် အဲဒါက သင့်ကို ဘယ်လိုထိခိုက်နေသလဲဆိုတာကို အေးအေးဆေးဆေး၊ ပြတ်ပြတ်သားသား ရှင်းပြပါ။ နှုတ်နဲ့ ပြောဖို့ ခက်နေရင် စာရေးပြီး ပြောပြပါ။
ယုံကြည်ရတဲ့ မိတ်ဆွေတစ်ဦးကို ပြောပြပါ။ သင်ရင်ဖွင့်တာကို ကောင်းကောင်းနားထောင်ပေးတဲ့သူရှိရင် စိတ်သက်သာရာ ရနိုင်တယ်။ “မိတ်ဆွေစစ်ဆိုတာ အချိန်အခါမရွေး မေတ္တာပြတတ်တယ်။ သူဟာ ဒုက္ခရောက်ချိန်မှာ အားကိုးရတဲ့ ညီအစ်ကိုပဲ” လို့ ကျမ်းစာ ဆိုတယ်။—ပညာအလိမ္မာ ၁၇:၁၇။
ဖန်ဆင်းရှင်ကို ပြောပြပါ။ သင်ရင်ဖွင့်တာကို နားထောင်ဖို့ အမြဲ အသင့်ရှိတဲ့သူရှိတယ်။ “ဆုတောင်းသံကို နားထောင်တဲ့အရှင်” ယေဟောဝါဘုရားပါပဲ။ (ဆာလံ ၆၅:၂) “စိုးရိမ်ပူပန်စရာ ရှိသမျှကို ဘုရားသခင်ဆီ ပုံအပ်ထားလိုက်ပါ။ ဘုရားသခင်ဟာ ခင်ဗျားတို့ကို ဂရုစိုက်တဲ့အရှင်” ဖြစ်တယ်လို့ ကျမ်းစာ ဆိုတယ်။—၁ ပေတရု ၅:၇။
ကိုယ် အေးအေးဆေးဆေး၊ တည်တည်ငြိမ်ငြိမ် ရင်ဖွင့်လို့ရတဲ့သူက အဖေလား၊ အမေလား။
ဒီအခြေအနေကို ခံရပ်နိုင်အောင် ကူညီပေးတဲ့ ယုံကြည်ရတဲ့ မိတ်ဆွေ (ရွယ်တူ ဒါမှမဟုတ် လူကြီး) က ဘယ်သူလဲ။
သတ်သတ်မှတ်မှတ် ဘယ်အကြောင်းအရာကို ဘုရားဆီ ဆုတောင်းချင်သလဲ။
၂။ အလိုက်သင့် ပြုပြင်ပြောင်းလဲပါ
မိဘတွေ ကွာရှင်းလိုက်လို့ အိမ်ပြောင်းရတာ၊ ကျောင်းပြောင်းရတာ၊ သူငယ်ချင်းအသစ် ရှာရတာ၊ ငွေကြေးအခက်အခဲ စတဲ့ အပြောင်းအလဲတွေ ကြုံရနိုင်တယ်။ အပြောင်းအလဲတွေကြောင့် စိတ်ရှုပ်ထွေးနိုင်တယ်၊ ဘဝ ကပြောင်းကပြန်ဖြစ်နေပြီလို့ ခံစားရနိုင်တယ်။ အခြေအနေအသစ်မှာ ဘယ်လို အလိုက်သင့်နေမလဲဆိုတာကို အာရုံစိုက်တာက အထောက်အကူ ပြုနိုင်ပါတယ်။
မိဘတွေ ကွာရှင်းလိုက်လို့ သင့်အတွက် အကြီးမားဆုံး အပြောင်းအလဲက ဘာလဲ။
အပြောင်းအလဲနဲ့အညီ အလိုက်သင့် ဘယ်လို နေနိုင်သလဲ။
၃။ ကိုယ့်ရဲ့ အားသာချက်ကို အသိအမှတ်ပြုပါ
မိဘတွေ ကွာရှင်းလိုက်လို့ စိုးရိမ်ပူပန်ရနိုင်ပေမဲ့ ကိုယ့်မှာ ဘာအားသာချက်တွေ ရှိသလဲ ဆိုတာကိုလည်း မြင်ရနိုင်တယ်။ အရည်အသွေးအသစ်တွေတောင် မွေးမြူလာနိုင်တယ်။ မိဘတွေ ကွာရှင်းချိန်မှာ ဂျေရမီ အသက် ၁၃ နှစ်ပဲ ရှိသေးတယ်။ သူဒီလို ပြောတယ်– “မိဘတွေ ကွာရှင်းလိုက်လို့ အကြီးဆုံးသားဖြစ်တဲ့ ကျွန်တော့်မှာ ဝာဝန်တွေ ပိုများလာတယ်။ အမေ့ကို ဝိုင်းကူရတယ်။ ညီလေးကိုလည်း ကြည့်ပေးရတယ်။”
မိဘတွေရဲ့ အခြေအနေကြောင့် သင့်မှာ ဘယ်အရည်အသွေးတွေ ရှိတာကို တွေ့လာရသလဲ။
ဘယ်အရည်အသွေးတွေကို မွေးမြူဖို့ ကြိုးစားချင်သလဲ။
a ထပ်သိချင်ရင် “ငါ့ဒေါသကို ဘယ်လိုထိန်းနိုင်မလဲ” ဆောင်းပါးကို ဖတ်ပါ။