မာတိကာဆီ ကျော်သွား

လူငယ်များအမေး

မိဘတွေရဲ့ ယုံကြည်စိတ်ချမှု ဘယ်လို ရနိုင်သလဲ

မိဘတွေရဲ့ ယုံကြည်စိတ်ချမှု ဘယ်လို ရနိုင်သလဲ

 သိထားသင့်ရာ

 မိဘတွေရဲ့ ယုံကြည်စိတ်ချမှု ဘယ်လောက် ရသလဲဆိုတာ ကိုယ် ဘယ်လောက် ယုံကြည်စိတ်ချထိုက်သလဲဆိုတဲ့အပေါ် မူတည်တယ်။ မိဘစကား နားထောင်တာက အကြွေးဆပ်တာနဲ့ တူတယ်။ ‘အကြွေးဝယ်ကတ်’ အလွယ်တကူ ရချင်ရင် ပုံမှန် ‘ငွေပေးချေ’ ဖို့ လိုသလိုပဲ မိဘတွေကို နာခံရင် မိဘတွေရဲ့ ယုံကြည်စိတ်ချမှု ရလာပြီး လွတ်လပ်မှု ပိုရလာမယ်။ ဒါပေမဲ့ ယုံကြည်စိတ်ချရသူ မဟုတ်ရင်တော့ မိဘတွေ သင့်ကို လွတ်လပ်မှု ပေးမှာ မဟုတ်ဘူး။

 ယုံကြည်စိတ်ချမှု ရဖို့ အချိန်လို။ တာဝန်သိတတ်သူ ဖြစ်လာရင် မိဘတွေက လွတ်လပ်မှု ပိုပေးလိမ့်မယ်။

 ဖြစ်ရပ်မှန်– “ဆယ်ကျော်သက်တစ်ယောက်အနေနဲ့ ကျွန်တော့်ကို မိဘတွေ ဘာဖြစ်စေချင်မှန်း ကောင်းကောင်း သိထားတယ်။ ဒါကြောင့် မိဘတွေရှေ့မှာ သူတို့အကြိုက် နေပြီး ကွယ်ရာမှာတော့ ကိုယ်နေချင်သလို နေခဲ့တယ်။ ဒါနဲ့ ကျွန်တော့်ကို မယုံကြတော့ဘူး။ ကျွန်တော် ရလိုက်တဲ့ သင်ခန်းစာကတော့ လွတ်လပ်မှု ပိုရချင်ရင် နည်းတစ်နည်းပဲ ရှိတယ်။ လိမ်လို့တော့ မရဘူး။ ကိုယ့်ကို ယုံကြည်စိတ်ချစေချင်ရင် ယုံကြည်စိတ်ချထိုက်သူ ဖြစ်ရမယ်။”—ခရေ့။

 လုပ်ဆောင်နိုင်ရာ

 အခက်တွေ့မယ်ဆိုရင်တောင် အမှန်အတိုင်း ပြောပါ။ လူတိုင်း မှားတတ်ကြတယ်။ ဒါပေမဲ့ လိမ်ပြောမယ် (ဒါမှမဟုတ် အမှန်တစ်ဝက်၊ အမှားတစ်ဝက် ပြောမယ်) ဆိုရင် မိဘတွေ မယုံတော့ဘူး။ အမှန်အတိုင်း ပြောမယ်ဆိုရင်တော့ ကိုယ့်အမှားကို ဝန်ခံတတ်တဲ့အထိ ရင့်ကျက်လာပြီလို့ မိဘက မြင်လာနိုင်တယ်။ အဲဒီလိုလူစားမျိုးပဲ ယုံကြည်စိတ်ချမှု ရနိုင်တယ်။

 “အမှားလုပ်လို့ ယုံကြည်စိတ်ချမှု ဆုံးရှုံးမသွားနိုင်ဘူး။ အမှားကို ဖုံးကွယ်ထားမှသာ ယုံကြည်စိတ်ချမှု မရနိုင်တော့တာ။”—အန်နာ။

 “ကျွန်တော်တို့ဟာ အရာရာမှာ ရိုးရိုးသားသား ကျင့်ကြံပြုမူချင်စိတ် ရှိနေ” တယ်လို့ ကျမ်းစာမှာ ဆိုထားတယ်။—ဟီဘရူး ၁၃:၁၈

  •   စဉ်းစားကြည့်ပါ– ဘယ်သွားမလဲ၊ ဘာလုပ်မလဲလို့ မိဘတွေ မေးတဲ့အခါ အမှန်အတိုင်း ပြောပြသလား။ ဘယ်သွားခဲ့သလဲ၊ ဘာလုပ်ခဲ့သလဲလို့ မေးတဲ့အခါမှာရော မသိစေချင်တဲ့ အချက်တွေ ချန်ပြီး ပြောသလား။

 တာဝန်ယူတတ်သူ ဖြစ်ပါ။ အိမ်စည်းကမ်း အားလုံးကို လိုက်နာပါ။ အိမ်မှုကိစ္စတွေကို ခိုင်းစရာမလိုဘဲ လုပ်ပါ။ ချိန်းထားရင် အချိန်တိကျပါ။ ကျောင်းစာကိုလည်း တာဝန်သိသိ လုပ်ပါ။ အိမ်ပြန်ချိန် နောက်မကျပါနဲ့။

 “မိဘက သူငယ်ချင်းတွေနဲ့ လျှောက်လည်ခွင့် ပြုတယ်။ ည ၉ နာရီ အရောက်ပြန်လာဖို့ ပြောတယ်။ ဒါပေမဲ့ ည ၁၀ နာရီခွဲမှ ပြန်ရောက်ရင် နောက်တစ်ကြိမ် ခွင့်ပြုတော့မှာ မဟုတ်ဘူး။”—ရိုင်ယန်။

 “လူတိုင်း ကိုယ့်တာဝန်ကိုယ် ထမ်းရ” မယ်လို့ ကျမ်းစာမှာ ဆိုထားတယ်။—ဂလာတိ ၆:၅

  •   စဉ်းစားကြည့်ပါ– အချိန်တိကျခြင်း၊ အိမ်အလုပ် ပြီးစီးခြင်း၊ ကိုယ်မကြိုက်တဲ့ အိမ်စည်းကမ်းတွေ လိုက်နာခြင်းတို့မှာ ဘယ်လို နာမည်ရထားသလဲ။

 စိတ်ရှည်ပါ။ မိဘတွေရဲ့ ယုံကြည်စိတ်ချမှု ပျက်အောင် လုပ်မိရင် ယုံကြည်စိတ်ချမှု ပြန်ရဖို့ အချိန်လိုတယ်။ ဒါကြောင့် စောင့်ဆိုင်းပါ။

 “အရွယ်ရောက်လာတာတောင် မိဘတွေက ကျွန်မကို တာဝန် ပိုမပေးလို့ စိတ်ပျက်မိတယ်။ အသက်ကြီးလာရုံနဲ့ ရင့်ကျက်သွားတာ မဟုတ်မှန်း ကျွန်မ သဘောမပေါက်ခဲ့ဘူး။ ယုံကြည်စိတ်ချထိုက်သူ ဖြစ်ကြောင်း သက်သေပြခွင့်ပြုဖို့ မိဘတွေဆီ တောင်းဆိုခဲ့တယ်။ အချိန်တော့ ပေးရတာပေါ့။ ဒါပေမဲ့ အကျိုးရှိခဲ့တယ်။ အရွယ်ရောက်လာတာနဲ့ ယုံကြည်စိတ်ချမှု အလိုလို ရမလာဘူး။ လုပ်ရပ်နဲ့ပဲ ရနိုင်တယ်။”—ရေချယ်။

 “ဘယ်လိုလူစားမျိုး ဖြစ်နေတယ်ဆိုတာကို အမြဲစစ်ဆေးပါ” လို့ ကျမ်းစာမှာ ဆိုထားတယ်။—၂ ကောရိန္သု ၁၃:၅

  •   စဉ်းစားကြည့်ပါ– မိဘရဲ့ ယုံကြည်စိတ်ချမှု ရဖို့ (ပြန်ရဖို့) ‘ယုံကြည်စိတ်ချရသူ ဖြစ်ကြောင်း’ သက်သေပြနိုင်တဲ့အရာ ရှိသလား။

 အကြံပြုချက်– အချိန်တိကျဖို့၊ အိမ်အလုပ် ပြီးစီးဖို့၊ အိမ်ပြန်နောက်မကျဖို့၊ တခြားအရာတွေအတွက် ပန်းတိုင် ချမှတ်ပါ။ သင့်ဆုံးဖြတ်ချက်အကြောင်း မိဘတွေကို အသိပေးပါ။ မိဘတွေရဲ့ ယုံကြည်စိတ်ချမှု ပြန်ရအောင် ဘာလုပ်ရမလဲလို့ မေးပါ။ ပြီးနောက် “ယိုယွင်းနေတဲ့ စရိုက်ဟောင်း၊ ဘဝလမ်းစဉ်ဟောင်းကို ချွတ်ပယ်” ပါဆိုတဲ့ ကျမ်းစကားကို ကြိုးစားလိုက်နာပါ။ (ဧဖက် ၄:၂၂) အချိန်တန်ရင် သင့်တိုးတက်မှုကို မိဘတွေ တွေ့မြင်လာပါလိမ့်မယ်။