မာတိကာဆီ ကျော်သွား

လူငယ်များအမေး

လိင်ဆိုင်ရာ စော်ကားမှုအကြောင်း ဘာသိထားသင့်သလဲ—အပိုင်း ၂– ပြန်လည်ကုစားခြင်း

လိင်ဆိုင်ရာ စော်ကားမှုအကြောင်း ဘာသိထားသင့်သလဲ—အပိုင်း ၂– ပြန်လည်ကုစားခြင်း

 အပြစ်ရှိတယ်ဆိုတဲ့ခံစားချက်ကို ရင်ဆိုင်ဖြေရှင်းခြင်း

 လိင်ဆိုင်ရာ စော်ကားခံရသူ တော်တော်များများက ဖြစ်ပျက်ခဲ့ရာတွေနဲ့ပတ်သက်လို့ အလွန်အမင်း ရှက်ရွံ့ကြတယ်။ အဲဒီလိုဖြစ်ရတာ ကိုယ့်အပြစ်လည်းပါတယ်လို့တောင် ခံစားရနိုင်တယ်။ အခုအသက် ၁၉ နှစ်ရှိပြီဖြစ်တဲ့ ကယ်ရင်အကြောင်း သုံးသပ်ကြည့်ပါ။ သူဟာ အသက် ၆ နှစ်နဲ့ ၁၃ နှစ်အတွင်းမှာ လိင်ဆိုင်ရာ စော်ကားမှုတွေ ခံခဲ့ရတယ်။ “အပြစ်ရှိတယ်ဆိုတဲ့ခံစားချက်က အဆိုးဆုံးပဲ” လို့ သူပြောတယ်။ “‘မတရားကျင့်ခံရတာကို ငါ ဘာကြောင့် ဒီလောက်ကြာကြာ ဖွင့်မပြောဘဲ နေခဲ့ရတာလဲ’ လို့ ကိုယ့်ကိုယ်ကိုယ် ပြောမိတယ်။”

 ကိုယ်လည်း အဲဒီလိုခံစားနေရတယ်ဆိုရင် အောက်ပါအကြောင်းအရာကို သုံးသပ်လေ့လာကြည့်ပါ–

  •   ကလေးတွေဟာ လိင်မှုကိစ္စပြုဖို့ ကာယပိုင်းရော စိတ်ပိုင်းဆိုင်ရာမှာပါ အဆင်သင့်မဖြစ်သေးဘူး။ လိင်မှုကိစ္စဆိုတာကို ဘာမှန်းတောင်မသိတဲ့အတွက် ဘယ်လိုလို့ သဘောတူလိုက်လျောနိုင်မှာလဲ။ ဒါကြောင့် ကလေးတွေ လိင်ဆိုင်ရာ စော်ကားခံရတဲ့အခါ ကလေးရဲ့အပြစ် လုံးဝမဟုတ်ပါဘူး။

  •   ကလေးတွေက လူကြီးတွေကို ယုံလွယ်တတ်ပြီး ယုတ်မာတဲ့လူတွေရဲ့ နည်းပရိယာယ်တွေကို မသိမြင်နိုင်တာကြောင့် ကလေးတစ်ယောက်ကို လှည့်စားရတာလွယ်ကူတယ်။ “ကလေးကို မတော်မတရားပြုကျင့်သူတွေဟာ “အယုံသွင်းတဲ့နေရာမှာ ကျွမ်းကျင်သူတွေ” ဖြစ်ပြီး ကလေးတစ်ယောက်က သူတို့ရဲ့ ပါးနပ်တဲ့ ကလိမ်ကျမှုကို မသိမြင်နိုင်ဘူး” လို့ စာအုပ်တစ်အုပ် (The Right to Innocence) ကဆိုထားတယ်။

  •   မတရားကျင့်ခံရချိန်မှာ ကလေးက လိင်စိတ်နိုးထတာမျိုးဖြစ်နိုင်တယ်။ အဲဒီလိုစိတ်ဖြစ်ပေါ်ခဲ့တယ်ဆိုရင် ခန္ဓာကိုယ်ကို မဖွယ်မရာကိုင်တွယ်ခံရလို့ ဖြစ်လာတဲ့ အလိုအလျောက် တုံ့ပြန်မှုဖြစ်တယ်ဆိုတာကို မှတ်ထားပါ။ အဲဒီခံစားချက်ဟာ မတရားအကျင့်ခံရတာကို အလိုတူတယ်ဆိုတဲ့သဘော၊ ကိုယ့်မှာလည်း အပြစ်ရှိတယ်ဆိုတဲ့သဘော မဟုတ်ပါဘူး။

 အကြံပြုချက်– ကိုယ်မတရားကျင့်ခံရချိန်တုန်းကနဲ့ အသက်အရွယ်တူတဲ့ ကိုယ်သိတဲ့ကလေးတစ်ယောက်ကို ဥပမာအနေနဲ့ စဉ်းစားကြည့်ပါ။ ‘အဲဒီကလေး မတော်မတရားအကျင့်ခံရရင် ကလေးမှာပါ အပြစ်ရှိတယ်လို့ ပြောမယ်ဆိုရင် တရားပါ့မလား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။

 ကယ်ရင်က ကလေးငယ်သုံးယောက်ကို ကလေးထိန်းလုပ်ခဲ့တယ်။ အဲဒီထဲမှာ ခြောက်နှစ်နီးပါးအရွယ်ရှိတဲ့ ကလေးတစ်ယောက် ပါတယ်။ အဲဒီအရွယ်လောက်တုန်းက ကယ်ရင်ဟာ မတော်မတရားကျင့်ခံခဲ့ရတာဖြစ်တယ်။ “အဲဒီအရွယ်ကလေးတစ်ယောက်က ဘယ်လောက်တောင် ခုခံနိုင်စွမ်းနည်းသလဲဆိုတာကို ကျွန်မ သတိပြုမိခဲ့တယ်၊ ကျွန်မလည်း အဲဒီအသက်အရွယ်တုန်းက ခုခံနိုင်စွမ်းနည်းခဲ့တယ်ဆိုတာကို နားလည်သဘောပေါက်လာခဲ့တယ်။”

 အဖြစ်မှန်– စော်ကားတဲ့သူမှာသာ အပြစ်ရှိတယ်။ ‘လူဆိုးရဲ့ဆိုးညစ်မှုက သူတစ်ယောက်တည်းနဲ့ပဲဆိုင်လိမ့်မယ်’ ဆိုပြီး ကျမ်းစာမှာပြောထားပါတယ်။​—ယေဇကျေလ ၁၈:၂၀ကဘ။

 တစ်ဦးတစ်ယောက်ကို ရင်ဖွင့်ပြောပြခြင်းကြောင့် ရရှိတဲ့အကျိုးကျေးဇူး

 ယုံကြည်စိတ်ချရတဲ့ လူကြီးတစ်ယောက်ယောက်ကို ရင်ဖွင့်ပြောပြတာက စိတ်သက်သာရာရစေပါလိမ့်မယ်။ ‘မိတ်ဆွေစစ်ဟာ အချိန်အခါမရွေး မေတ္တာပြတတ်တယ်။ သူဟာ ဒုက္ခရောက်ချိန်မှာကူညီပေးဖို့ မွေးဖွားလာတဲ့ ညီအစ်ကိုပဲ’ လို့ ကျမ်းစာမှာ ပြောထားတယ်။​—သုတ္တံ ၁၇:၁၇ကဘ။

 ကိုယ့်ကို အန္တရာယ်ပေးမှာကို စိုးရိမ်တဲ့အတွက် မပြောဘဲထားတာကို နားလည်ပေးနိုင်ပါတယ်။ ဒါပေမဲ့ အန္တရာယ်ပေးမှာကို စိုးရိမ်လို့ နှုတ်ဆိတ်နေလိုက်တာက ကိုယ့်ကိုယ်ကိုယ် နံရံကြီးနဲ့ကာထားတာနဲ့ သွားတူနေလိမ့်မယ်။ အန္တရာယ်ပေးမှာ စိုးရိမ်လို့ နှုတ်ဆိတ်နေခြင်းဆိုတဲ့ နံရံကြီးနဲ့ ကာကွယ်ထားပေမဲ့ တစ်ချိန်တည်းမှာပဲ အကူအညီပေးချင်သူတွေကို တားဆီးထားသလို ဖြစ်နေပါတယ်။

အန္တရာယ်ပေးမှာ စိုးရိမ်လို့ နှုတ်ဆိတ်နေခြင်းဆိုတဲ့ နံရံကြီးနဲ့ကာကွယ်ထားပေမဲ့ တစ်ချိန်တည်းမှာပဲ အကူအညီပေးချင်သူတွေကို တားဆီးထားသလို ဖြစ်နေပါတယ်

 မတရားကျင့်ခံရတာကို ထုတ်ပြောလိုက်တဲ့အခါ အကြီးအကျယ် စိတ်သက်သာမှုရစေတယ်ဆိုတာကို ဂျဲနက်ဆိုတဲ့ မိန်းမငယ်လေးတစ်ယောက် သိရှိခဲ့တယ်။ “ကျွန်မငယ်ငယ်တုန်းက ကျွန်မသိတဲ့သူ၊ ယုံကြည်ရတဲ့သူတစ်ယောက်က ကျွန်မကို စော်ကားခဲ့တယ်။ အဲဒီအကြောင်း နှစ်အတော်ကြာတဲ့အထိ မပြောဘဲထားခဲ့တယ်။ ဒါပေမဲ့ ကျွန်မအမေကို အဲဒီအကြောင်း ပြောပြလိုက်တဲ့အခါ ထမ်းထားတဲ့ ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု လျော့ကျသွားသလိုပဲ ခံစားလိုက်ရတယ်” လို့ သူပြောပြတယ်။

 နောက်ကြောင်း ပြန်စဉ်းစားကြည့်တဲ့အခါ တချို့က ဘာကြောင့် ပြောဖို့မဝံ့မရဲဖြစ်ရသလဲဆိုတာကို ဂျဲနက် နားလည်သွားတယ်။ “မတော်မတရားကျင့်ခံရတဲ့အကြောင်းကို ထုတ်ပြောဖို့ တကယ်ခက်တယ်။ ဒါပေမဲ့လည်း ကျွန်မအတွက်တော့ မပြောဘဲထားတာက ပိုပြီး နာကျင်မှုခံစားရတယ်။ နောက်မှပြောပြတာထက် စောစောပြောပြလိုက်တာက ပိုကောင်းသွားတယ်” ဆိုပြီး သူပြောတယ်။

 “အနာပျောက်စေရသောအချိန်”

 မတော်မတရားကျင့်ခံရတဲ့အတွက်ကြောင့် စိတ်ဒဏ်ရာဒဏ်ချက်တွေ စွဲကျန်ခဲ့နိုင်တယ်။ ဥပမာ၊ ဘဝပျက်ပြီး ဘာတန်ဖိုးမှမရှိတော့ဘူးလို့ ခံစားရနိုင်တယ်၊ ကိုယ်အသက်ရှင်နေရတာက တခြားသူတွေ လိင်ဆိုင်ရာပျော်ပါးမှုရဖို့ အဖြည့်ခံသက်သက်ပဲလို့ ယူမှတ်မိနိုင်တယ်။ ဒါပေမဲ့ အဲဒီခံစားချက်ကနေ ရုန်းထွက်လိုက်ပါ၊ “အနာပျောက်စေရသောအချိန်” က အခုအချိန်ပါပဲ။ (ဒေသနာ ၃:၃) အဲဒီလိုလုပ်နိုင်အောင် ဘာက ကူညီပေးနိုင်သလဲ။

 သမ္မာကျမ်းစာကို လေ့လာပါ။ ကျမ်းစာမှာ ဘုရားသခင်ရဲ့ သဘောထားတွေပါရှိတယ်၊ ပြီးတော့ ကျမ်းစာဟာ “တန်ခိုးနှင့်ပြည့်စုံ၍ အခိုင်အမာ အမြစ်စွဲနေသောအရာများကို ဖြိုဖျက်နိုင်သောလက်နက်” ဖြစ်တဲ့အပြင် ကိုယ့်ကိုယ်ကိုယ် မှားယွင်းတဲ့အမြင် မရှိအောင်လည်း ကူညီပေးနိုင်တယ်။ (၂ ကောရိန္သု ၁၀:၄၊ ၅) ဥပမာအနေနဲ့ အောက်ပါကျမ်းချက်တွေကို ဖတ်ရှုပြီး စဉ်းစားဆင်ခြင်ပါ– ဟေရှာယ ၄၁:၁၀; ယေရမိ ၃၁:၃; မာလခိ ၃:၁၆၊ ၁၇; လုကာ ၁၂:၆၊ ၇; ၁ ယောဟန် ၃:၁၉၊ ၂၀

 ဆုတောင်းပါ။ တန်ဖိုးမရှိဘူး၊ အပြစ်ရှိတယ် ဆိုပြီး ခံစားရတယ်ဆိုရင် ဆုတောင်းခြင်းအားဖြင့် ‘ဝန်ထုပ်ကို ယေဟောဝါအပေါ် တင်ထား’ နိုင်ပါတယ်။ (ဆာလံ ၅၅:၂၂ကဘ) ကိုယ်တစ်ယောက်တည်း ဘယ်တော့မှ မဟုတ်ဘူးဆိုတာကို အမှတ်ရပါ။

 အသင်းတော်အကြီးအကဲတွေ။ ဒီခရစ်ယာန်အမျိုးသားတွေက ‘လေကွယ်ရာအရပ်လို၊ မိုးသက်မုန်တိုင်းကနေ ပုန်းခိုရာအရပ်လို’ ဖြစ်စေဖို့ လေ့ကျင့်ခံထားရပါတယ်။ (ဟေရှာယ ၃၂:၂ကဘ) သူတို့က ကိုယ့်ကိုယ်ကိုယ် မျှတတဲ့အမြင်ရှိလာစေဖို့၊ ဘဝကို ရှေ့ဆက်နိုင်စေဖို့ ကူညီပေးမှာဖြစ်တယ်။

 ကောင်းတဲ့အပေါင်းအသင်း။ ခရစ်ယာန်စံနှုန်းကောင်းတွေနဲ့အညီ အသက်ရှင်နေထိုင်သူ အမျိုးသား၊ အမျိုးသမီးတွေကို လေ့လာကြည့်နိုင်ပါတယ်။ သူတို့ တစ်ယောက်ကိုတစ်ယောက် ဆက်ဆံပုံကို အကဲခတ်လေ့လာပါ။ လူတိုင်းက ကိုယ်ချစ်တဲ့သူတွေအပေါ် အမြတ်ထုတ်စော်ကားကြတဲ့သူတွေချည်းပဲ မဟုတ်ဘူးဆိုတာကို တစ်ချိန်မှာ နားလည်သဘောပေါက်လာပါလိမ့်မယ်။

 တန်ညာဆိုတဲ့ မိန်းမငယ်လေးတစ်ယောက်လည်း အဲဒီအရေးပါတဲ့ သင်ခန်းစာကို သင်ယူသိရှိလာတယ်။ ကလေးဘဝတုန်းက ယောက်ျားတွေရဲ့ လိင်ဆိုင်ရာ စော်ကားမှုကို ခံခဲ့ရတယ်။ “ကျွန်မနဲ့အရင်းနှီးဆုံးထဲက ယောက်ျားတွေကပဲ ကျွန်မကို အနိုင်ကျင့်ခဲ့ကြတယ်” လို့ သူပြောပြတယ်။ ဒါပေမဲ့ စစ်မှန်တဲ့မေတ္တာပြတတ်တဲ့ ယောက်ျားတွေရှိတယ်ဆိုတာကို တဖြည်းဖြည်းနဲ့ သိလာခဲ့တယ်။ ဘယ်လိုနည်းနဲ့လဲ။

 ခရစ်ယာန်စံနှုန်းကောင်းတွေနဲ့အညီ နေထိုင်ကြတဲ့ လင်မယားစုံတွဲတစ်တွဲနဲ့ ပေါင်းသင်းတာနဲ့အမျှ တန်ညာရဲ့အမြင်တွေ ပြောင်းလဲသွားတယ်။ “အဲဒီခင်ပွန်းသည်ရဲ့ ပြုမူလုပ်ဆောင်ပုံတွေကနေ ယောက်ျားတိုင်းဟာ အနိုင်ကျင့်တတ်သူတွေပဲ မဟုတ်ဘူးဆိုတာကို သိလာခဲ့တယ်။ သူ့ရဲ့ဇနီးသည်ကို ကာကွယ်ပေးတာ တွေ့ရတယ်၊ အဲဒီအတိုင်းပြုမူဆက်ဆံဖို့ ဘုရားသခင်ရည်ရွယ်ခဲ့ပါလား၊ အဲဒီလိုပဲဖြစ်သင့်ပါလားဆိုတာကို သိလာခဲ့တယ်” လို့ သူပြောပြတယ်။ a​—ဧဖက် ၅:၂၈၊ ၂၉

a နာတာရှည်စိတ်ကျဝေဒနာ၊ အစားအသောက်မူမမှန်တာ၊ ကိုယ့်ကိုယ်ကိုယ် အနာတရဖြစ်အောင်လုပ်တာ၊ အရက်၊ ဆေးဝါးအလွန်အကျွံသုံးစွဲတာ၊ အအိပ်မူမမှန်တာ၊ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံဖို့ စဉ်းစားတာ စတဲ့ ပြဿနာတစ်ခုခုရှိတယ်ဆိုရင် အရည်အချင်းပြည့်မီတဲ့ ဆရာဝန်ဆီ သွားပြတာက ပိုကောင်းပါလိမ့်မယ်။