လူငယ်များအမေး
ဝမ်းနည်းပူဆွေးမှုကို ဘယ်လိုရင်ဆိုင်ဖြေရှင်းရမလဲ
မကြာသေးခင်က သူငယ်ချင်း ဒါမှမဟုတ် မိသားစုဝင်တစ်ယောက် ဆုံးပါးသွားတယ်ဆိုရင် ဒီဆောင်းပါးက ဝမ်းနည်းမှုဒဏ်ကို ခံရပ်နိုင်ဖို့ ကူညီပေးပါလိမ့်မယ်။
ဒီဆောင်းပါးမှာ သိရမှာက
ငါ ဝမ်းနည်းပူဆွေးလွန်းနေသလား
အများစုရဲ့ စိတ်ခံစားချက်ကတော့ ပြင်းထန် ကြာရှည်လေ့ရှိတယ်။
“အဘိုးအကြောင်း ကျွန်မ မတွေးတဲ့နေ့ မရှိဘူး။ သူ ဆုံးသွားတာ ၂ နှစ်ရှိပြီ။ ဒါပေမဲ့ သူ့အကြောင်းပြောတဲ့အချိန်ဆိုရင် မျက်ရည်မကျမိအောင် ထိန်းဖို့ ခက်နေတုန်းပဲ။”— အိုလီဗီယာ။
“အဘွားက ကျွန်မကို ပန်းတိုင်ရောက်ဖို့ အမြဲအားပေးတယ်။ ဒါပေမဲ့ ဘာပန်းတိုင်မှ ကျွန်မ မရောက်ခင် အဘွား ဆုံးသွားတယ်။ ဘဝမှာ ပန်းတိုင်တစ်ခုစီ ပြည့်မီတိုင်း အဘွား မမြင်နိုင်တော့တာကို သတိရပြီး ဝမ်းနည်းပူဆွေးမိတယ်။”—အဲလစ်ဆန်။
ဝမ်းနည်းပူဆွေးမှုကြောင့် ခံစားချက်ပေါင်းစုံ ဖြစ်ပေါ်လာနိုင်တယ်။ ဥပမာ-
“ဦးလေးဆုံးသွားတယ်ကြားတော့ ကျွန်မ လန့်သွားတယ်။ အချိန်အကြာကြီး ထိတ်လန့်တုန်လှုပ်နေမိတယ်။ ဖြစ်ပျက်တာတွေ မြန်လွန်းလို့ ဆွံ့အသွားတယ်။ အမျိုးတွေထဲမှာ တစ်ယောက်ယောက်ဆုံးတာကို ဦးဆုံးကြုံဖူးတာ။”—နာဒင်း။
“အဘိုးဆုံးသွားတော့ အဘိုးကို ဒေါသထွက်မိတယ်။ သူ့ကို ကျန်းမာရေးဂရုစိုက်ဖို့ အတန်တန်မှာထားလျက်နဲ့ ဂရုမစိုက်လို့လေ။”—ကားလို့။
“အဘိုးဆုံးတုန်းက မိသားစုဝင်တွေထဲမှာ ကျွန်မနဲ့ အစ်မပဲ ဘေးမှာမရှိတာ။ အဘိုးကို ကောင်းကောင်း နှုတ်မဆက်နိုင်ခဲ့လို့ အပြစ်ရှိတယ်လို့ ခံစားရတယ်။”—အက်ဒရီအာနာ။
“ကျွန်တော်တို့မိသားစုနဲ့ရင်းနှီးတဲ့ လင်မယားနှစ်ယောက် ကားမတော်တဆမှုမှာ ဆုံးသွားတယ်။ အဲဒီအချိန်ကစပြီး မိသားစုဝင်တစ်ယောက်ယောက် အပြင်ထွက်ပြီဆိုတာနဲ့ သေသွားမလားလို့ ကြောက်နေမိတယ်။”—ဂျဲရက်။
“လွန်ခဲ့တဲ့သုံးနှစ်တုန်းက အဘွားဆုံးသွားတယ်။ အဘွားအသက်ရှင်နေတုန်း သူ့ကို အချိန်မပေးမိခဲ့လို့ နောင်တရတယ်။”—ဂျူလီအန်းနာ။
ထိတ်လန့်တုန်လှုပ်တာ၊ ဒေါသထွက်တာ၊ ကြောက်တာ၊ နောင်တရတာဟာ ဝမ်းနည်းတဲ့အခါ ဖြစ်လေ့ဖြစ်ထရှိတဲ့ ခံစားချက်တွေပါပဲ။ အခု အဲဒီလိုခံစားနေရပေမဲ့ နောက်ပိုင်းမှာ တဖြည်းဖြည်း သက်သာလာပါလိမ့်မယ်။ ဒါဆို လောလောဆယ် ဝမ်းနည်းပူဆွေးမှုကို ဘယ်လိုရင်ဆိုင်ဖြေရှင်းနိုင်သလဲ။
ဝမ်းနည်းမှုကို ခံရပ်နိုင်ပုံ
သူငယ်ချင်းတစ်ယောက်ဆီမှာ ရင်ဖွင့်ပါ။ မိတ်ဆွေစစ်ဆိုတာ “ဒုက္ခရောက်ချိန်မှာ အားကိုး” နိုင်တဲ့သူဖြစ်တယ်လို့ ကျမ်းစာဆိုတယ်။ (ပညာအလိမ္မာ ၁၇:၁၇) တစ်ယောက်ယောက်ကို ရင်ဖွင့်လိုက်ရင် လိုအပ်တဲ့အကူအညီ ရနိုင်တယ်။
“ဝမ်းနည်းတယ်ဆိုတာ သဘာဝပါပဲ။ တစ်ခါတလေ ဝမ်းနည်းတဲ့အချိန် ကိုယ့်ဘာသာကိုယ်တစ်ယောက်တည်း နေလို့ရပေမဲ့ အတွေးတိမ်တိုက်မည်းတွေထဲ ချောင်ပိတ်မိသွားနိုင်တယ်။ ဒါကြောင့် တစ်ယောက်ယောက်ကို ရင်ဖွင့်လိုက်တာ ကောင်းတယ်။”—အီဗက်။
ဆုံးပါးသွားတဲ့ ချစ်ရသူကို သတိရပါ။ “ကောင်းတဲ့လူဟာ သူ့စိတ်ထဲက ကောင်းတဲ့အရာတွေကို ထုတ်ပေးတတ်တယ်” လို့ ကျမ်းစာဆိုတယ်။ (လုကာ ၆:၄၅) ချစ်ရသူနဲ့ပတ်သက်တဲ့ အမှတ်တရတွေအကြောင်း ရေးနိုင်တယ်၊ သူ့ဓာတ်ပုံအယ်ဘမ်လေး လုပ်နိုင်တယ်။
“သူငယ်ချင်း အသက်ရှင်နေတုန်း သူ ကျွန်တော့်ကို သင်ပေးခဲ့တဲ့အရာအားလုံးကို ချရေးလိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။ သူ့ရဲ့ပုံသက်သေ ဆက်ရှင်သန်နေအောင်ပါ။ စာရေးချတာက ဆုံးရှုံးမှုကို ခံရပ်နိုင်ဖို့ ကူညီပေးတယ်။”—ဂျက်ဖရီ။
ကျန်းမာရေးကို ဂရုစိုက်ပါ။ လေ့ကျင့်ခန်းလုပ်ခြင်းရဲ့အကျိုးကျေးဇူးကို ကျမ်းစာမှာ အသိအမှတ်ပြုထားတယ်။ (၁ တိမောသေ ၄:၈) အာဟာရရှိရှိစားပါ။ လေ့ကျင့်ခန်းလုပ်ပါ။ လုံလုံလောက်လောက်အနားယူပါ။
“ဝမ်းနည်းလာပြီဆိုရင် ကောင်းကောင်းမတွေးခေါ်နိုင်တော့ဘူး။ ဒါကြောင့် ကျန်းမာရေးကို ဂရုစိုက်ဖို့လိုတယ်။ ပုံမှန်စားဖို့၊ ကောင်းကောင်းအိပ်ဖို့ လိုတယ်။”—မာရီယာ။
တခြားသူတွေကို ကူညီပါ။ “ရယူခြင်းထက် ပေးကမ်းခြင်းက ပိုပျော်ရွှင်စေတယ်” လို့ ကျမ်းစာဆိုတယ်။—တမန်တော် ၂၀:၃၅။
“တခြားသူတွေ၊ အထူးသဖြင့် ချစ်ရသူဆုံးပါးသွားသူတွေအတွက် တစ်ခုခုလုပ်ပေးဖို့ ကြိုးစားကြည့်ပါ။ တခြားသူတွေလည်း ကိုယ့်လို ခံစားနေရပါလားဆိုတာ သတိရသွားလိမ့်မယ်။”—ကားလို့။
ဆုတောင်းရင်ဖွင့်ပါ။ ယေဟောဝါဘုရားဟာ “ဆုတောင်းသံကို နားထောင်တဲ့အရှင်” ဖြစ်တယ်လို့ ကျမ်းစာဆိုတယ်။ (ဆာလံ ၆၅:၂) ဒါ့အပြင် “စိတ်ကြေကွဲနေသူတွေကို ကုသပေးတယ်။ ဒဏ်ရာတွေကို စည်းပေးတယ်” လို့လည်း ဆိုထားတယ်။—ဆာလံ ၁၄၇:၃။
“လိုအပ်တဲ့အကူအညီနဲ့ ခွန်အားပေးပါလို့ ယေဟောဝါဘုရားဆီမှာ တောင်းလျှောက်ပါ။ လူတွေက အမြဲတမ်း အကူအညီမပေးနိုင်ပေမဲ့ ယေဟောဝါကတော့ ကျွန်မတို့ကို ကူညီပေးဖို့ အဆင်သင့်ပါပဲ။”—ဂျဲနက်။
တော်ရုံသင့်ရုံ မျှော်လင့်ပါ။ တစ်ယောက်နဲ့တစ်ယောက် ဝမ်းနည်းပူဆွေးပုံချင်းမတူဘူးဆိုတာ အမှတ်ရပါ။ ယာကုပ်ဟာ သူ့သား သေသွားပြီလို့ ထင်တုန်းက “နှစ်သိမ့်ပေးတာကို လက်မခံ” ဘူးဆိုပြီး ကျမ်းစာဆိုတယ်။ (ကမ္ဘာဦး ၃၇:၃၅) ဒါကြောင့် ဝမ်းနည်းပူဆွေးတဲ့စိတ်တွေ တော်တော်နဲ့ ပျောက်မသွားဘူးဆိုရင် မအံ့ဩပါနဲ့။
“အဘွားရဲ့အစ်မ ဘွားဘွားကြီး ဆုံးသွားတာ ၁၅ နှစ် ကြာခဲ့ပြီ။ ဒါတောင် မမျှော်လင့်ဘဲ တစ်ခုခုကို မြင်တဲ့အခါ သူနဲ့ပတ်သက်တဲ့အမှတ်တရတွေ ပြန်ပေါ်လာတယ်။”—တေလာ။
သင် အရိုးကျိုးသွားတယ်လို့ မြင်ယောင်ကြည့်ပါ။ လောလောဆယ် နာကျင်ရပေမဲ့ အချိန်တန်ရင် ပျောက်သွားမယ်။ မပျောက်ခင်မှာတော့ သက်သာလာအောင် ဘာလုပ်ရမယ်ဆိုပြီး ဆရာဝန်က အကြံဉာဏ်ပေးမယ်။
ချစ်ရသူတစ်ဦး ဆုံးပါးသွားလို့ စိတ်ဒဏ်ရာရတဲ့အခါလည်း အဲဒီလိုပါပဲ။ ဝမ်းနည်းပူဆွေးမှုဒဏ်ရာ သက်သာလာဖို့ အချိန်လိုတာမို့ စိတ်ရှည်ပါ။ ဒီဆောင်းပါးမှာ ဖော်ပြခဲ့တဲ့ အကြံဉာဏ်တွေကို သုံးသပ်ကြည့်ပါ။ ဘယ်တစ်ခုက သင့်အတွက် အကျိုးအရှိဆုံးဖြစ်မယ်ဆိုတာ စမ်းကြည့်ပါ။