မာတိကာဆီ ကျော်သွား

လူငယ်များအမေး

အနိုင်ကျင့်ခံနေရရင် ဘာလုပ်ရမလဲ

အနိုင်ကျင့်ခံနေရရင် ဘာလုပ်ရမလဲ

အနိုင်ကျင့်မှုဆိုတာ အသေးအဖွဲကိစ္စ မဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုယ်သတ်သေတဲ့ လူငယ်တွေထဲက ၄၀ ရာခိုင်နှုန်းကျော်ဟာ အနိုင်ကျင့်ခံရခြင်းကြောင့်လည်း ဖြစ်ပုံရတယ်လို့ ဗြိတိန်နိုင်ငံ သတင်းဌာနက ထုတ်ပြန်တယ်။

 အနိုင်ကျင့်တယ်ဆိုတာ ဘာလဲ။

အနိုင်ကျင့်တယ်ဆိုတာ ကာယပိုင်း နာကျင်အောင် လုပ်တာလောက်ပဲ မဟုတ်ဘူး။ အောက်ပါလုပ်ရပ်တွေလည်း ပါဝင်နိုင်တယ်။

  • စကားနဲ့ အနိုင်ကျင့်ခြင်း။ အခု အသက် ၂၀ ရှိပြီ ဖြစ်တဲ့ စေလင်း ငယ်စဉ်က ကြုံခဲ့တဲ့ အဖြစ်ကို အခုလိုပြောပြတယ်– “ကောင်မလေးတွေက စကားလုံးတွေနဲ့ လူမဆန်အောင် ရက်စက်တတ်ကြတယ်။ ကျွန်မကို ခေါ်တဲ့ နာမည်ပြောင်တွေ၊ ပြောတဲ့စကားတွေကို ဘယ်တော့မှ မေ့လို့ရမှာ မဟုတ်ဘူး။ အသုံးမကျတဲ့သူ၊ အပယ်ခံ၊ အရည်မရအဖတ်မရသူ တစ်ယောက်လို့ ခံစားခဲ့ရတယ်။ အဲဒီလိုပြောဆိုခံရတာက အသားနာတာထက်ပို ခံရခက်တယ်။”

  • ဖယ်ကြဉ်ထားခြင်း။ အခုအသက် ၁၈ နှစ် ရှိပြီ ဖြစ်တဲ့ ဟယ်လေး ငယ်စဉ်က အဖြစ်ကို ခုလိုပြန်ပြောပြတယ်– “ကျောင်းနေဖက်တွေက ကျွန်မကို အဖက်မလုပ်ကြဘူး။ နေ့လယ်စာ စားတဲ့အခါ ကျွန်မကို နေရာမပေးတဲ့အတွက် သူတို့နဲ့အတူ ထိုင်လို့မရဘူး။ မျက်ရည်စက်လက်နဲ့ တစ်နှစ်လုံး တစ်ယောက်ထဲ စားခဲ့ရတယ်။”

  • အွန်လိုင်းသုံးပြီးအနိုင်ကျင့်ခြင်း။ အသက် ၁၄ နှစ်ရှိသူ ဒံနီယယ် အခုလိုပြောတယ်– “ကွန်ပျူတာခလုတ် နည်းနည်း သုံးလိုက်ရုံနဲ့ တစ်ယောက်ယောက်ကို နာမည်ပျက်သွားအောင်၊ သူ့ဘဝတစ်ခုလုံးကိုပါ ထိခိုက်သွားအောင် လုပ်နိုင်တယ်။ ပိုတယ်လို့ ထင်ကောင်းထင်နိုင်ပေမဲ့ ဒါတကယ် ဖြစ်နိုင်တယ်။” အွန်လိုင်း သုံးပြီး အနိုင်ကျင့်ခြင်းထဲမှာ ဆဲလ်ဖုန်းကို သုံးပြီး မတော်မလျော် ဓာတ်ပုံတွေ၊ စာတွေ ပို့ခြင်းလည်း ပါဝင်တယ်။

 လူတွေ ဘာကြောင့် အနိုင်ကျင့်ကြတာလဲ။

ဒါတွေက အကြောင်းရင်းတချို့ ဖြစ်ပါတယ်။

  • ကိုယ်တိုင် အနိုင်ကျင့်ခံနေရခြင်း။ “ရွယ်တူတွေရဲ့ အနိုင်ကျင့်မှုကို မခံနိုင်တော့တဲ့အဆုံး ကျွန်တော်လည်းသူတို့နဲ့ ပေါင်းလို့ရအောင် တခြားသူတွေအပေါ် အနိုင်ကျင့်တတ်လာတယ်။ ပြန်စဉ်းစားကြည့်လိုက်ရင် အဲဒီလိုလုပ်ခဲ့တာ အရမ်းမှားတယ်ဆိုတာ သိခဲ့ရတယ်” လို့ လူငယ်တစ်ယောက် ဖြစ်တဲ့ အန်တိုနီယို ပြောတယ်။

  • အတုယူစရာ စံနမူနာကောင်းမရှိခြင်း။ “တခြားသူတွေအပေါ် အနိုင်ကျင့်တတ်တဲ့ လူငယ်တွေဟာ များသောအားဖြင့် သူတို့ရဲ့မိဘတွေ၊ အစ်ကိုအစ်မတွေ၊ မိသားစုဝင်တွေက တခြားသူတွေကို ဆက်ဆံပုံအတိုင်း ပြုမူကြတာဖြစ်တယ်” လို့ ဂျေ မက်ဂရိုက သူရေးတဲ့ စာအုပ်မှာဖော်ပြထားတယ်။—Life Strategies for Dealing With Bullies.

  • ကိုယ်တိုင်က စိတ်အားငယ်နေပေမဲ့ သူများထက်သာသယောင်ပြခြင်း။ “အနိုင်ကျင့်တတ်တဲ့ ကလေးတွေဟာ သူတို့ရဲ့ စိတ်ထိခိုက်နာကျင်မှုတွေ၊ အရည်အချင်းမရှိဘူးဆိုတဲ့ ခံစားချက်တွေကို ဖုံးအုပ်တဲ့အနေနဲ့ သူများထက်သာကြောင်း ပြကြတယ်” လို့ ဘာဘရာ ကော်လိုရိုဆိုက သူ့ရဲ့ စာအုပ်မှာ ဖော်ပြထားတယ်။—The Bully, the Bullied, and the Bystander.

 ဘယ်သူတွေက အများဆုံး အနိုင်ကျင့်ခံရတတ်သလဲ။

  • အပေါင်းအဖော် မရှိသူများ။ တခြားသူတွေနဲ့ အပေါင်းအဖော် မလုပ်ဘဲ သူတို့ဘာသာသူတို့နေတဲ့ လူငယ်တွေက အနိုင်ကျင့်ခံရတတ်တယ်။

  • တခြားသူတွေနဲ့မတူ တစ်မူထူးနေတဲ့ လူငယ်များ။ တချို့လူငယ်တွေ အနိုင်ကျင့်ခံရတာဟာ ရုပ်အသွင်အပြင်၊ လူမျိုး၊ ကိုးကွယ်တဲ့ဘာသာ၊ မသန်မစွမ်းဖြစ်မှုစတဲ့ တစ်မူထူးနေတဲ့ အရာတွေကြောင့် ဖြစ်တယ်။

  • ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှု မရှိတဲ့ လူငယ်များ။ ကိုယ့်ကိုယ်ကိုယ် အကောင်းမမြင်တဲ့သူတွေကို အနိုင်ကျင့်တဲ့သူတွေက သိမြင်နိုင်ကြတယ်။ သူတို့က ပြန်လုပ်မယ့်ပုံမပေါ်တဲ့အတွက် အလွယ်တကူ အနိုင်ကျင့်ခံရတတ်ကြတယ်။

 အနိုင်ကျင့်ခံနေရတယ်ဆိုရင် ဘာလုပ်နိုင်သလဲ။

  • ပြန်မတုံ့ပြန်ပါနဲ့။ “အနိုင်ကျင့်တဲ့သူတွေက သူတို့ သင့်ကို စိတ်ဒုက္ခပေးတာ အောင်မြင်မှုရမရဆိုတာ သိချင်ကြတယ်။ သင်က ပြန်ပြီးမတုံ့ပြန်ဘူးဆိုရင် သူတို့ သင့်ကို စိတ်ဝင်စားတော့မှာ မဟုတ်ဘူး” လို့ ကယ်လီအမည်ရှိတဲ့ မိန်းမငယ်က ပြောတယ်။ “ပညာရှိသူကတော့ အေးဆေးတည်ငြိမ်စွာ မျိုသိပ်ထားတတ်တယ်”လို့ သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။—သုတ္တံ ၂၉:၁၁ကဘ။

  • လက်စားမချေပါနဲ့။ ပြန်လက်တုံ့ပြန်တာက ပြဿနာ ပြေလည်သွားစေမယ့်အစား ပိုဆိုးစေပါတယ်။ “မည်သူ့ကိုမျှ အဆိုးကို အဆိုးဖြင့် မတုံ့ပြန်ကြနှင့်” လို့ သမ္မာကျမ်းစာက ဆိုထားတယ်။—ရောမ ၁၂:၁၇; သုတ္တံ ၂၄:၁၉

  • ပြဿနာထဲ မဝင်ပါနဲ့။ အနိုင်ကျင့်နိုင်ခြေရှိတဲ့ လူတွေ၊ အနိုင်ကျင့်ခံရနိုင်ခြေရှိတဲ့ အခြေအနေတွေကို ဖြစ်နိုင်တဲ့အခါတိုင်း ရှောင်ပါ။—သုတ္တံ ၂၂:၃

  • သူတို့ မျှော်လင့်မထားတဲ့နည်းနဲ့ တုံ့ပြန်ပါ။ သမ္မာကျမ်းစာက ဒီလိုပြောတယ်– “ဖြည်းညင်းသော စကားသည် စိတ်ကိုဖြေတတ်၏။”—သုတ္တံ ၁၅:၁

  • ဟာသလုပ်လိုက်ပါ။ ဥပမာ၊ အနိုင်ကျင့်တဲ့သူက သင် အရပ်ပုတာကို နောက်ပြောင်တယ်ဆိုရင် သိပ်အလေးအနက်မထားတဲ့ ပုံမျိုးနဲ့ “ပုတော့ ဘယ်သူမှ မော်မကြည့်ရဲဘူးပေါ့” လို့ ပြောနိုင်တယ်။

  • ရှောင်ထွက်ပါ။ “နှုတ်ပိတ်နေတာက သင့်ကို အနှောင့်အယှက်ပေးတဲ့သူတွေထက် သင်ဟာ ပိုပြီး တည်ငြိမ်ရင့်ကျက်ကြောင်း၊ ပိုသန်မာကြောင်း ပြရာရောက်တယ်။ အနိုင်ကျင့်တဲ့သူတွေဆီမှာ မရှိတဲ့ စိတ်ချုပ်တည်းမှုကို တင်ပြနေခြင်း ဖြစ်တယ်” လို့ ၁၉ နှစ်အရွယ် နိုရာက ပြောတယ်။

  • ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှု ရှိအောင် လုပ်ပါ။ “ကြောက်နေသလိုလို၊ ရွံ့နေသလိုလိုဆိုရင် အနိုင်ကျင့်သူတွေက အဲဒါကိုသိပြီး သင့်ရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှု မရှိတော့အောင် လုပ်မှာဖြစ်တယ်” လို့ ရီတာဆိုတဲ့ မိန်းကလေးက ပြောတယ်။

  • တစ်ယောက်ယောက်ကို ပြောပြပါ။ စစ်တမ်းတစ်ခုအရ အွန်လိုင်းကနေ အနိုင်ကျင့်ခံနေရသူတွေထဲက တစ်ဝက်ကျော်ဟာ ပြန်လက်စားချေမှာကို ကြောက်တဲ့အတွက်၊ (အထူးသဖြင့် ယောက်ျားလေးတွေဆိုရင်) ရှက်တဲ့အတွက် အနိုင်ကျင့်ခံနေရတယ်ဆိုတာကို ထုတ်ဖော်မပြောကြဘူး။ ဒါပေမဲ့ သတိရပါ၊ အနိုင်ကျင့်သူတွေဟာ သူတို့အကြောင်း လူတွေသိမှာကို ကြောက်ကြတယ်။ ထုတ်ပြောလိုက်ခြင်းက အနိုင်ကျင့်ခံရခြင်းဆိုတဲ့ အိပ်မက်ဆိုးကနေ လွတ်မြောက်စေမယ့် ဦးဆုံးခြေလှမ်း ဖြစ်တယ်။