လူငယ်များအမေး
အပျိုစင်ဘဝကို စောင့်ထိန်းဖို့ ကတိသစ္စာပြုရုံနဲ့ လုံလောက်ပြီလား
အပျိုစင်ဘဝကို စောင့်ထိန်းဖို့ ကတိသစ္စာပြုခြင်းဆိုတာ ဘာလဲ
အပျိုစင်ဘဝကို စောင့်ထိန်းဖို့ ကတိသစ္စာပြုခြင်း (virginity pledge) ဆိုတာ လက်မထပ်ခင်အထိ လိင်မဆက်ဆံဘဲနေဖို့ နှုတ်နဲ့ ဒါမှမဟုတ် စာနဲ့ရေးပြီး ကတိပြုတာဖြစ်တယ်။
၁၉၉၀ ပြည့်လွန်နှစ်တွေမှာ၊ အမေရိကန်နိုင်ငံက တောင်ပိုင်းနှစ်ခြင်းအသင်းမှာ “အချစ်စစ်က စောင့်ဆိုင်းတတ်တယ်” ဆိုတဲ့ လှုပ်ရှားမှုကို စတင်လုပ်ဆောင်ခဲ့တယ်။ လူငယ်တွေကို လက်မထပ်ခင်အထိ လိင်ကိစ္စရှောင်ဖို့ အားပေးတဲ့အနေနဲ့ ကျမ်းစာစံနှုန်းတွေနဲ့ တခြားလူငယ်တွေရဲ့ အားပေးချက်တွေကို ပေါင်းပြီးလုပ်တဲ့ လှုပ်ရှားမှု ဖြစ်တယ်။ အဲဒီအချိန်ကစပြီး အပျိုစင်ဘဝကို စောင့်ထိန်းဖို့ ကတိသစ္စာပြုခြင်း ခေတ်စားလာတယ်။
အဲဒီနောက်ပိုင်း ပြုလုပ်တဲ့လှုပ်ရှားမှုမှာ ကတိသစ္စာပြုတဲ့သူတွေကို ငွေလက်စွပ်တစ်ကွင်းစီပေးခဲ့တယ်။ လက်မထပ်ခင် လိင်မဆက်ဆံဘူးဆိုတဲ့ သူတို့ရဲ့ ကတိကို ပြန်အမှတ်ရစေဖို့ ဖြစ်တယ်။
အပျိုစင်ဘဝကို စောင့်ထိန်းဖို့ ကတိသစ္စာပြုတာ အကျိုးရှိသလား
အဖြေက သင်မေးလိုက်တဲ့သူအပေါ် မူတည်တယ်။
“အပျိုစင်ဘဝကို စောင့်ထိန်းဖို့ ကတိသစ္စာပြုခြင်းက ဆယ်ကျော်သက်အရွယ် လိင်ဆက်ဆံမှုကို လျော့နည်းစေတယ်ဆိုတာ လေ့လာမှုတွေကနေ သိရတယ်” လို့ ပညာရှင် ခရစ္စတင်း စီ. ကင်မ်နဲ့ ရောဘတ် ရက်တာ ပြောတယ်။
“လေ့လာတွေ့ရှိမှုတွေအရ ‘အပျိုစင်ဘဝကို စောင့်ထိန်းဖို့ ကတိသစ္စာ’ ပြုတဲ့ လူငယ်တွေလည်း ကတိမပြုတဲ့ လူငယ်တွေလိုပဲ လိင်ဆက်ဆံကြပုံရတယ်” လို့ ကတ်မာကာ အဖွဲ့အစည်းက ထုတ်ပြန်တယ်။
ရလဒ်တွေက ဘာလို့ ကွာခြားရတာလဲ။
လေ့လာမှုတချို့မှာ လိင်နဲ့ပတ်သက်ပြီး ရှုမြင်ချက်မတူတဲ့ ကတိသစ္စာပြုသူနဲ့ မပြုသူကို နှိုင်းယှဉ်ထားတယ်။
လေ့လာမှုတချို့မှာတော့ လိင်နဲ့ပတ်သက်ပြီး ရှုမြင်ချက်တူတဲ့ ကတိသစ္စာပြုသူနဲ့ မပြုသူကို နှိုင်းယှဉ်ထားတယ်။
ဒုတိယလေ့လာမှုမျိုးက ဘာကို ဖော်ပြသလဲ။ နောက်ငါးနှစ်အကြာမှာ “ကတိသစ္စာပြုသူနဲ့ မပြုသူဟာ လိင်ဆိုင်ရာအမူအကျင့်မှာ ဘာမှမကွာခြားတော့ဘူး” ဆိုပြီး ဆယ်ကျော်သက်ကျန်းမာရေးပါရဂူ ဂျဲနက် ရိုစဲန်ဘာမ် ပြောတယ်။
ပိုကောင်းတဲ့အရာ
အပျိုစင်ဘဝကို စောင့်ထိန်းဖို့ ကတိသစ္စာပြုခြင်း အစီအစဉ်က ရည်ရွယ်ချက်တော့ ကောင်းပါတယ်။ ဒါပေမဲ့ အဲဒီကတိအတိုင်း အသက်ရှင်ဖို့ လိုအပ်တဲ့ စံနှုန်းတွေကိုတော့ မသွတ်သွင်းပေးနိုင်ဘူး။ အပျိုစင်ဘဝကို စောင့်ထိန်းဖို့ ကတိသစ္စာပြုတဲ့သူ အများစုဟာ “ကတိအတိုင်း လုပ်ရမယ်ဆိုတဲ့ ခံယူချက် မရှိကြဘူး။ စောင့်ထိန်းတယ်ဆိုတာ အစီအစဉ်မှာ ပါဝင်လို့ မဟုတ်ဘဲ ကိုယ်ပိုင်ခံယူချက်ကြောင့် ဖြစ်လာတာ” လို့ ပါရဂူ ရိုစဲန်ဘာမ် ပြောတယ်။
နှုတ်နဲ့ ဒါမှမဟုတ် စာနဲ့ ကတိသစ္စာပြုလို့ မဟုတ်ဘဲ “မိမိတို့၏ သိနားလည်နိုင်စွမ်းကို အသုံးပြုခြင်းဖြင့် အမှားအမှန်ကို ပိုင်းခြားသိမြင်” ပြီး ကိုယ်ပိုင်ခံယူချက် ရှိဖို့ ကျမ်းစာ အားပေးတယ်။ (ဟေဗြဲ ၅:၁၄) ဒါ့အပြင် အပျိုစင်ဘဝကို စောင့်ထိန်းတာက ရောဂါနဲ့ မလိုလားတဲ့ကိုယ်ဝန် မရရှိချင်လို့ပဲ မဟုတ်ဘူး။ အိမ်ထောင်ကို အစပြုပေးတဲ့ ဖန်ဆင်းရှင် ဘုရားသခင်ကို ဂုဏ်တင်ချင်လို့ ဖြစ်တယ်။—မဿဲ ၅:၁၉; ၁၉:၄–၆။
ကျမ်းစာအကြံပြုချက်တွေက ကျွန်တော်တို့ရဲ့ ကောင်းကျိုးအတွက် ဖြစ်တယ်။ (ဟေရှာယ ၄၈:၁၇) အသက်အရွယ်မရွေး လူအားလုံးက “မတရားမေထုန်ပြုခြင်းအမှုမှ ရှောင်ပြေးကြလော့” ဆိုတဲ့ ဘုရားသခင့်မိန့်မှာချက်ကို လိုက်လျှောက်ဖို့ စိတ်ပိုင်းဖြတ်ထားနိုင်ပါတယ်။ (၁ ကောရိန္သု ၆:၁၈) အဲဒီလိုလုပ်ခြင်းအားဖြင့် တကယ်လက်ထပ်တဲ့အခါ လက်မထပ်ခင် လိင်ဆက်ဆံခဲ့လို့ စိုးရိမ်ပူပန်တာ၊ နောင်တရတာတွေမရှိဘဲ နှစ်ကိုယ်ကြားခင်မင်ရင်းနှီးမှုကို အပြည့်အဝရရှိနိုင်မှာဖြစ်တယ်။