လူငယ်များအမေး
အမူအကျင့်ကောင်း ဘာကြောင့် ရှိသင့်သလဲ
‘တခြားသူတွေက ကျွန်တော့်အတွက် တံခါးမှ မဖွင့်ပေးတာ။ သူတို့အတွက် ကျွန်တော် ဘာလို့ဖွင့်ပေးရမှာလဲ။’
‘“ကျေးဇူးပြု၍၊” “ကျေးဇူးတင်ပါတယ်၊” “ခွင့်ပြုပါဦး” ဆိုတာတွေကို မပြောလည်း ဘာမှ မဖြစ်ပါဘူး။’
‘မောင်နှမတွေအချင်းချင်း စကားပြောတာ ယဉ်ကျေးစရာ ဘာလိုလို့လဲ။ မိသားစုတွေပဲဟာ။’
ဒီဖော်ပြချက်ထဲမှာ သင်ပြောနေကျ စကားတွေပါလား။ ပါတယ်ဆိုရင် အမူအကျင့်ကောင်းတင်ပြခြင်းကြောင့် ရရှိတဲ့အကျိုးကျေးဇူးတွေကို သင် လက်လွှတ်ဆုံးရှုံးနေနိုင်တယ်။
အမူအကျင့်ကောင်းအကြောင်း သိထားသင့်ရာ
အမူအကျင့်ကောင်းတွေက အောက်ဖော်ပြပါ ဘဝကဏ္ဍသုံးရပ်ကို တိုးတက်ကောင်းမွန်စေပါတယ်။
၁။ နာမည်ကောင်း– ကိုယ့်ရဲ့ဆက်ဆံပုံအပေါ်မူတည်ပြီး လူတွေက ကိုယ့်ကို အကောင်းလည်းမြင်သွားနိုင်တယ်၊ အဆိုးလည်းမြင်သွားနိုင်တယ်။ ကိုယ်က အမူအကျင့်ကောင်းရှိတယ်ဆိုရင် လူတွေက ကိုယ့်ကို လိမ္မာတယ်၊ သိတတ်တယ်လို့ မြင်ပါလိမ့်မယ်။ သူတို့ကို ဆက်ဆံသလို သူတို့ကလည်းသင့်ကို ဆက်ဆံပါလိမ့်မယ်။ သင်က ရိုင်းပျတယ်ဆိုရင် လူတွေက သင့်ကို အတ္တကြီးသူလို့ မြင်သွားနိုင်ပြီး အလုပ်မရတာ၊ တခြားအခွင့်အရေးတွေဆုံးရှုံးတာမျိုး ဖြစ်နိုင်တယ်။ “ကြမ်းကြုတ်သောသူမူကား မိမိကိုယ်ကိုပင် နှောင့်ယှက်တတ်၏” လို့ သမ္မာကျမ်းစာမှာ ဆိုထားတယ်။—သုတ္တံ ၁၁:၁၇။
၂။ ပေါင်းသင်းဆက်ဆံရေး– “ချစ်ခြင်းမေတ္တာကိုလည်း ဝတ်ဆင်ကြလော့။ အကြောင်းမူကား ချစ်ခြင်းမေတ္တာသည် စည်းလုံးခြင်းအတွက် ခိုင်မြဲသော နှောင်ကြိုးဖြစ်၏” လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (ကောလောသဲ ၃:၁၄) ပေါင်းသင်းဆက်ဆံရေးနဲ့ ပတ်သက်လာရင် အဲဒီကျမ်းစကားက သိပ်မှန်တယ်။ လူတွေက အမူအကျင့်ကောင်းရှိပြီး သူတို့အပေါ်ကောင်းကောင်းဆက်ဆံတဲ့သူကို ခင်မင်ချင်ကြတယ်။ ရိုင်းပျပြီး ဆိုးတဲ့သူတွေကို ဘယ်သူမှ အပေါင်းအသင်းလုပ်ချင်မှာ မဟုတ်ဘူး။
၃။ လူတွေ ကိုယ့်ကို ဆက်ဆံပုံ– “ကိုယ်က အမြဲတမ်းယဉ်ယဉ်ကျေးကျေးဆက်ဆံမယ်ဆိုရင် အချိန်ကြာလာတဲ့အခါ ကိုယ့်အပေါ် အမြဲလိုလို ရိုင်းပျစွာဆက်ဆံတဲ့သူတောင် သူရဲ့ဆက်ဆံပုံ ပြောင်းလာတာကို တွေ့ရပါလိမ့်မယ်” ဆိုပြီး အမျိုးသမီးငယ် ဂျနီဖာ ပြောတယ်။ ကိုယ့်ဘက်က ရိုင်းမယ်ဆိုရင်တော့ ရိုင်းတဲ့သူက ပိုဆိုးလာပါလိမ့်မယ်။ “ကိုယ်ချိန်ပေးသည့်ပမာဏအတိုင်း ဆပ်ပေးခြင်းကို ခံကြရမည်” လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။—မဿဲ ၇:၂။
အဓိကအချက်– ကျွန်တော်တို့တွေဟာ နေ့တိုင်း လူတွေနဲ့ ပြောဆိုဆက်သွယ်နေရတယ်။ ကိုယ့်ကို လူတွေ ဘယ်လိုမြင်စေချင်သလဲ၊ ဘယ်လို ဆက်ဆံစေချင်သလဲဆိုတာက ကိုယ့်ရဲ့ဆက်ဆံပုံအပေါ် မူတည်တယ်။ ဒါကြောင့် အမူအကျင့်ကောင်းရှိဖို့ တကယ့်ကို အရေးကြီးပါတယ်။
တိုးတက်နိုင်ပုံ
၁။ ကိုယ့်ရဲ့အမူအကျင့်ကို အကဲဖြတ်ကြည့်ပါ။ ကိုယ့်ကိုယ်ကိုယ် ဒီလို မေးပါ- လူကြီးတွေကို စကားပြောတဲ့အခါ ရိုရိုသေသေ ပြောသလား။ “ကျေးဇူးပြု၍၊” “ကျေးဇူးတင်ပါတယ်၊” “ခွင့်ပြုပါဦး” လို့ ပြောလေ့ရှိသလား။ တခြားသူတွေနဲ့ စကားပြောနေတဲ့အချိန်မှာ စာဖတ်နေတာ၊ ဖုန်းနဲ့စာပို့နေတာလိုမျိုး လုပ်သလား။ မိဘ၊ မောင်နှမတွေကို ရိုရိုသေသေဆက်ဆံသလား။ ဒါမှမဟုတ် “မိသားစုဝင်ပဲ” ဆိုပြီး လက်လွတ်စပယ် ဆက်ဆံသလား။
ကျမ်းစာပြောဆိုရာ– “အချင်းချင်း ဂုဏ်တင်ရာတွင် ဦးဆောင်ကြလော့။”—ရောမ ၁၂:၁၀။
၂။ ပန်းတိုင်တွေ ချပါ။ ကိုယ် တိုးတက်ဖို့လိုတဲ့ အချက်သုံးချက်ကို ချရေးပါ။ ဥပမာ၊ ၁၅ အရွယ် အယ်လစ်ဆန်က “ကိုယ်ချည်းပဲ ပြောတာထက် နားထောင်ပေးဖို့” လိုတယ်လို့ ပြောတယ်။ ၁၉ နှစ်အရွယ် ဒေးဗစ်က မိသားစုဝင်တွေ၊ သူငယ်ချင်းတွေနဲ့အတူရှိနေတုန်း ဖုန်းနဲ့ စာပို့တာမျိုး မလုပ်ဖို့ လိုတယ်လို့ ပြောတယ်။ “အဲဒီလိုလုပ်တာက ရိုင်းရာကျတယ်၊ မင်းတို့နဲ့ စကားပြောမယ့်အစား တခြားတစ်ယောက်နဲ့ စကားပြောချင်တယ်ဆိုပြီး ပြောနေသလိုပဲ” လို့ သူ ပြောတယ်။ ၁၇ နှစ်အရွယ် အက်ဒဝပ်ကျတော့ တခြားသူတွေ စကားပြောနေတဲ့အခါ ကြားဖြတ်ပြောတာမျိုး မလုပ်ဖို့ လိုတယ်လို့ ပြောတယ်။ ဂျနီဖာက အသက်ကြီးသူတွေကို ရိုရိုသေသေ ဆက်ဆံဖို့ ဆုံးဖြတ်ထားတယ်။ “နဂိုတုန်းကဆိုရင်တော့ အသက်ကြီးသူတွေကို နှုတ်ဆက်ရုံနှုတ်ဆက်တယ်၊ ပြီးတော့ အကြောင်းတစ်ခုခုပြပြီး ရွယ်တူသူငယ်ချင်းတွေဆီ သွားလိုက်တယ်။ ဒါပေမဲ့ အခုတော့ အသက်ကြီးသူတွေကို တကယ် ခင်မင်ရင်းနှီးအောင်ကြိုးစားတယ်။ အဲဒီလိုလုပ်လို့ ကျွန်မရဲ့ အမူအကျင့်တွေ ကောင်းမွန်တိုးတက်လာတယ်” လို့ သူပြောပြတယ်။
ကျမ်းစာပြောဆိုရာ– “သင်တို့သည် ကိုယ့်အရေးကိစ္စကိုသာ အာရုံမစိုက်ဘဲ သူတစ်ပါး၏အရေးကိစ္စကိုလည်း အာရုံစိုက်ကြလော့။”—ဖိလိပ္ပိ ၂:၄။
၃။ ကိုယ့်ရဲ့တိုးတက်မှုကို ဆန်းစစ်ပါ။ တစ်လအတွင်းမှာ ကိုယ်တိုးတက်ချင်တဲ့ အပြောအဆို၊ အပြုအမူပိုင်းတွေမှာ တိုးတက်မှုရှိ၊ မရှိ ဆန်းစစ်ပါ။ လကုန်တဲ့အခါ ကိုယ့်ကိုကိုယ် ဒီလိုမေးပါ– ‘ငါ့ရဲ့ အပြောအဆို၊ အပြုအမူတွေ တိုးတက်လာသလား။ ဘယ်ကဏ္ဍမှာ တိုးတက်ဖို့ လိုနေသေးသလဲ။’ လိုအပ်ချက်နဲ့အညီ နောက်ထပ်ပန်းတိုင်သစ်တွေ ထပ်ချပါ။
ကျမ်းစာပြောဆိုရာ– “သင်တို့သည် ကိုယ်၌ သူတစ်ပါးပြုစေလိုသမျှအတိုင်း သူတစ်ပါး၌ ပြုကြလော့။”—လုကာ ၆:၃၁။