လူငယ်များအမေး
အရှက်အကြောက်ကြီးတာကို ဘယ်လို အောင်မြင်ကျော်လွှားနိုင်မလဲ
ဆိုးကျိုး- အရှက်အကြောက်ကြီးတာက မိတ်ဆွေကောင်း၊ အတွေ့အကြုံကောင်းတွေကို လက်လွှတ်ဆုံးရှုံးစေနိုင်တယ်။
ကောင်းကျိုး- အရှက်အကြောက်ကြီးတာက အဆိုးချည်းပဲတော့ မဟုတ်ပါဘူး။ ချင့်ချင့်ချိန်ချိန် ပြောတတ်သူ၊ ပိုအကဲခတ်တတ်သူ၊ နားထောင်ပေးတဲ့သူ ဖြစ်စေနိုင်တယ်။
သတင်းကောင်း- အရှက်အကြောက်ကြီးတာက ဖျောက်လို့မရတဲ့ ဉာဉ်တော့ မဟုတ်ပါဘူး။ ထိန်းလို့ ရနိုင်ပါတယ်။ ထိန်းနိုင်ပုံကို ဒီဆောင်းပါးမှာ ဖော်ပြပါမယ်။
ရှက်ကြောက်ရတဲ့ အကြောင်းရင်းကို နားလည်ပါ
အရှက်ကြီးတာက လူချင်း မျက်နှာချင်းဆိုင် စကားပြောဖို့ ကြောက်စိတ် ဝင်စေနိုင်တယ်။ မဲမှောင်နေတဲ့အခန်းထဲ တစ်ယောက်တည်း ရှိနေတဲ့အလား လူပေါင်းမဆံ့ဘူးလို့ ခံစားရနိုင်တယ်။ ဒါဟာ ကြောက်စရာပါပဲ။ ဒါပေမဲ့ ရှက်ကြောက်ရတဲ့ အကြောင်းရင်းကို နားလည်ထားမယ်ဆိုရင် ကြောက်စိတ် နည်းသွားနိုင်တယ်။ ဥပမာသုံးခု သုံးသပ်ကြည့်ပါ။
ကြောက်စိတ် #၁။ “ဘာပြောလို့ ပြောရမှန်း မသိဘူး။”
အဖြစ်မှန်။ လူတွေက ကိုယ်ပြောတဲ့စကားတွေထက် ကိုယ့်ကြောင့် သူတို့ ဘယ်လို ခံစားရတယ်ဆိုတာကို ပိုမှတ်မိတတ်ကြတယ်။ တခြားသူတွေ ပြောတာကို စိတ်ဝင်တစား နားထောင်ပေးတတ်သူ ဖြစ်ဖို့ ကြိုးစားခြင်းအားဖြင့် ကြောက်စိတ်ကို ထိန်းနိုင်ပါတယ်။
စဉ်းစားကြည့်ပါ။ ကိုယ်သာဆိုရင် ဘယ်လို သူငယ်ချင်းမျိုး ပိုလိုချင်သလဲ။ စကားတွေ တရစပ် ပြောတတ်တဲ့သူလား၊ ဒါမှမဟုတ် ကောင်းကောင်း နားထောင်ပေးတတ်သူကိုလား။
ကြောက်စိတ် #၂။ “ပျင်းစရာကောင်းတဲ့သူလို့ လူတွေထင်မှာ စိုးတယ်။”
အဖြစ်မှန်။ ကိုယ်က ရှက်တတ်သူ ဟုတ်ဟုတ်၊ မဟုတ်ဟုတ် လူတွေကတော့ ကိုယ်နဲ့ပတ်သက်ပြီး ထင်မြင်ချက်ပေးကြမှာပဲ။ ရှက်ကြောက်စိတ်ကို ထိန်းခြင်းအားဖြင့် ကိုယ့်အပေါ် အကောင်းမြင်လာအောင်၊ ကိုယ် ဘယ်လို လူစားမျိုးဆိုတာ သိလာအောင် လုပ်နိုင်တယ်။
စဉ်းစားကြည့်ပါ။ လူတိုင်းက ကိုယ့်ကို မကောင်းမြင်နေမှာပဲဆိုတဲ့ အတွေး ဝင်တာဟာ သူတို့အပေါ် တစ်ဖက်သတ် အကဲဖြတ်လိုက်ရာရောက်တယ်။
ကြောက်စိတ် #၃။ “စကားပြောမှားသွားရင် ရှက်စရာကြီး။”
အဖြစ်မှန်။ လူတိုင်းလိုလို စကားပြော မှားတတ်ကြတယ်။ ကိုယ့်ကိုယ်ကိုယ် ခြောက်ပြစ်ကင်း သဲလဲစင်အဖြစ် မမြင်ကြောင်း တခြားသူတွေကို ပြနိုင်တဲ့ အခွင့်အရေးလို့ သဘောထားပြီး ကြောက်စိတ်ကို ထိန်းနိုင်ပါတယ်။
စဉ်းစားကြည့်ပါ။ ကိုယ့်ကိုယ်ကိုယ် ခြောက်ပြစ်ကင်း သဲလဲစင်အဖြစ် မယူဆသူတွေနဲ့ ပေါင်းလို့ကောင်းတယ် မဟုတ်လား။
သင်သိပါသလား။ တချို့က စာမက်ဆေ့ချ် ပို့နေကျဆိုတော့ ရှက်တတ်သူ မဟုတ်ဘူးလို့ ထင်မိနိုင်တယ်။ ဒါပေမဲ့ လူချင်းတွေ့ ပြောဆိုတဲ့အခါ မိတ်ဖွဲ့ရတာ ပိုလွယ်လေ့ရှိတယ်။ စိတ်ပညာ ကျွမ်းကျင်သူ၊ နည်းပညာရှင် ရှယ်ရီ တာကယ်က “မျက်နှာချင်းဆိုင် တွေ့ဆုံနိုင်၊ အသံကြားနိုင်မှသာ တကယ် မိတ်ဖွဲ့ဆက်သွယ်ခြင်းလို့ ဆိုနိုင်တယ်” ဆိုပြီး ရေးတယ်။ a
လုပ်ဆောင်နိုင်ပုံ
မနှိုင်းယှဉ်ပါနဲ့။ ဘွင်းဘွင်းပျော်ပျော်သမား ဖြစ်ရမယ်လို့ မဆိုလိုပါဘူး။ ရှက်စိတ် ထိန်းနိုင်အောင် ပန်းတိုင်ထားမယ်ဆိုရင် မိတ်ဆွေကောင်းတွေ၊ အတွေ့အကြုံကောင်းတွေကို လက်လွှတ်ဆုံးရှုံးမှာ မဟုတ်ဘူး။
“ရှည်ရှည်ဝေးဝေး ပြောမှရယ်လို့ မဟုတ်ပါဘူး။ လူတွေရဲ့ အာရုံကို ဖမ်းစားနိုင်တဲ့အထိ အာဝဇ္ဇန်းရွှင်နေစရာလည်း မလိုဘူး။ လူသစ်တွေကို မိတ်ဆက်ပါ။ မေးခွန်း ရိုးရိုးလေးတွေ မေးပါ။”—အလက်စီယာ။
ကျမ်းစာမူ- “လူတိုင်း ကိုယ့်လုပ်ရပ်တွေကိုပဲ ဆန်းစစ်ပါ။ သူတစ်ပါးနဲ့ မနှိုင်းယှဉ်ပါနဲ့။ ဒါဆိုရင် ကိုယ့်လုပ်ရပ်နဲ့ပတ်သက်ပြီး ပျော်ရွှင်ကျေနပ်ရလိမ့်မယ်။”—ဂလာတိ ၆:၄။
အကဲခတ်တတ်သူ ဖြစ်ပါ။ ဖော်ရွေပျူငှာသူတွေကို အကဲခတ်ပါ။ သူတို့ ဘယ်လို ပြောဆိုသလဲ လေ့လာပါ။ လူတွေနဲ့ ဆက်ဆံရေးကောင်းအောင် ဘယ်လို လုပ်သလဲ၊ ဘာတွေကို ရှောင်ကြသလဲ။ သူတို့ရဲ့ ဘယ်အရည်အသွေးကောင်းတွေကို အတုယူချင်သလဲ။
“ဖော်ရွေသူတွေကို အကဲခတ်ပြီး သူတို့ဆီက သင်ယူပါ။ ပထမဆုံး တွေ့ဆုံသူတွေနဲ့ သူတို့ ဘယ်လို ပြောဆိုပြုမူတယ်ဆိုတာ ကြည့်ရှုမှတ်သားပါ။”—အေရွန်။
ကျမ်းစာမူ- “သံကို သံချင်း ထက်စေသလို လူက သူ့မိတ်ဆွေကို ထက်မြက်စေတယ်။”—ပညာအလိမ္မာ ၂၇:၁၇။
မေးခွန်းမေးပါ- လူတွေက မိမိတို့ရဲ့ ထင်မြင်ချက် မေးလာတာကို သဘောကျကြတယ်။ ဒါကြောင့် စကားစမြည် စနိုင်အောင် မေးခွန်းတွေ မေးနိုင်တယ်။ ဒါက ကိုယ့်ကို သိပ်အာရုံမစိုက်အောင် ကူညီပေးတယ်။
“ကြိုတင် ပြင်ဆင်တာက စိုးရိမ်စိတ် လျော့နည်းစေတယ်။ စုဆုံပွဲ မတိုင်ခင် ပြောစရာ အကြောင်းအရာတွေ၊ မေးခွန်းတွေ ကြိုစဉ်းစားထားမယ်ဆိုရင် ပေါ့ပေါ့ပါးပါး ပြောဆိုနိုင်မယ်။”—အေလန်နာ။
ကျမ်းစာမူ- “ကိုယ့်အကျိုးကိုပဲ အာရုံမစိုက်ပါနဲ့၊ သူတစ်ပါးအကျိုးကိုလည်း ထည့်စဉ်းစားပေးကြပါ။”—ဖိလိပ္ပိ ၂:၄။
a Reclaiming Conversation စာအုပ်မှ။