သူတို့ရဲ့ ယုံကြည်ခြင်းကို တုပပါ | မာဂဒလမာရိ
“သခင့်ကို ကျွန်မ တွေ့လိုက်တယ်”
မာဂဒလမာရိဟာ ကောင်းကင်ကို မော့ကြည့်ပြီး မျက်ရည်တွေကို သုတ်လိုက်တယ်။ သူ ချစ်မြတ်နိုးရတဲ့ သခင်ဟာ သစ်တိုင်မှာ ချိတ်ဆွဲခံနေရတယ်။ နွေဦးရဲ့ မွန်းတည့်ချိန် ဖြစ်ပေမဲ့ “တစ်ပြည်လုံး အမှောင်ကျသွားတယ်။” (လုကာ ၂၃:၄၄၊ ၄၅) မာဂဒလမာရိဟာ အပေါ်ဝတ်ရုံကို ပခုံးပေါ် သေချာ ဆွဲတင်လိုက်ပြီး အနားက အမျိုးသမီးတွေနား တိုးသွားလိုက်တယ်။ နေကြတ်တယ်ဆိုရင် မိနစ်အနည်းငယ်လောက်ပဲ ကြာတဲ့အတွက် ၃ နာရီကြာတဲ့အထိ အမှောင်ကျသွားတာက နေကြတ်တာ မဖြစ်နိုင်ဘူး။ ညဘက်မှာသာ ကြားရတတ်တဲ့ တိရစ္ဆာန်တွေရဲ့ အော်မြည်သံတွေကိုတောင် မာရိနဲ့ တခြားသူတွေ ကြားရနိုင်တယ်။ စောင့်ကြည့်နေသူတချို့က “ကြောက်လန့်သွားပြီး ‘သေချာတယ်၊ သူဟာ ဘုရားသခင်ရဲ့ သားပဲ’ လို့ ပြောကြတယ်။” (မဿဲ ၂၇:၅၄) သားတော် ရက်ရက်စက်စက် အသတ်ခံရလို့ ယေဟောဝါ ဝမ်းနည်း ဒေါသထွက်ကြောင်း ဖော်ပြတာ ဖြစ်မယ်လို့ ယေရှုရဲ့ နောက်လိုက်တွေနဲ့ တခြားသူတွေ ယူဆမိနိုင်တယ်။
မြင်ရတဲ့ မြင်ကွင်းကြောင့် စိတ်ထိခိုက်ကြေကွဲရပေမဲ့ မာဂဒလမာရိဟာ အဲဒီကနေ ထွက်မသွားဘူး။ (ယောဟန် ၁၉:၂၅၊ ၂၆) ယေရှု အလွန်အမင်း နာကျင်နေမှာ သေချာတယ်။ ယေရှုရဲ့ မိခင်လည်း နှစ်သိမ့်မှုနဲ့ ထောက်မမှု လိုအပ်နေတယ်။
မာဂဒလမာရိအတွက် ယေရှု လုပ်ဆောင်ပေးခဲ့တာတွေကြောင့် ယေရှုအတွက်လည်း သူ အတတ်နိုင်ဆုံး လုပ်ပေးချင်တယ်။ မာဂဒလမာရိဟာ တစ်ချိန်က မနှစ်မြို့စရာကောင်းသူ၊ သနားစရာကောင်းသူ ဖြစ်ခဲ့ပေမဲ့ အဲဒါတွေအားလုံးကို ယေရှု ပြောင်းလဲပေးခဲ့တယ်။ မာဂဒလမာရိရဲ့ ဘဝဟာ ဂုဏ်သိက္ခာနဲ့ ရည်ရွယ်ချက် ရှိလာတယ်။ ယုံကြည်ခြင်း ခိုင်ခံ့သူ တစ်ယောက်လည်း ဖြစ်လာတယ်။ ဘယ်လိုနည်းနဲ့လဲ။ သူ့ရဲ့ ယုံကြည်ခြင်းကနေ ဘာသင်ယူနိုင်သလဲ။
‘ကိုယ့်ပစ္စည်းဥစ္စာတွေ သုံးပြီး အလုပ်အကျွေးပြုကြတယ်’
ကျမ်းစာမှာ မာဂဒလမာရိရဲ့ ဇာတ်လမ်းကို ဆုကျေးဇူးနဲ့ စထားတယ်။ ထိတ်လန့်စရာ အိပ်မက်ဆိုးလို အခြေအနေကနေ သူ့ကို ယေရှု လွတ်မြောက်ပေးခဲ့တယ်။ အဲဒီခေတ်တုန်းက နတ်ဆိုးတွေ အတော်လွှမ်းမိုးတယ်။ လူတွေကို ထိခိုက်အောင် လုပ်တယ်။ လူတချို့ကို ဝင်ပူးပြီး ထိန်းချုပ်တယ်။ မာဂဒလမာရိကို နတ်ဆိုးတွေ ဘယ်လောက် ဒုက္ခပေးခဲ့သလဲဆိုတာကိုတော့ မသိရဘူး။ ကြမ်းကြုတ်တဲ့ နတ်ဆိုးခုနစ်ကောင်ရဲ့ နှောင့်ယှက်ခြင်း ခံခဲ့ရတယ်ဆိုတာပဲ သိရတယ်။ နတ်ဆိုးတွေရဲ့ နှောင့်ယှက်မှုကနေ လွတ်အောင် ယေရှု လုပ်ပေးခဲ့တယ်။—လုကာ ၈:၂။
နောက်ဆုံးမှာတော့ မာရိဟာ ကျွန်တော်တို့ စဉ်းစားမိနိုင်တာထက် ပိုသာလွန်တဲ့ လွတ်မြောက်မှု ခံစားခဲ့ရပြီး ကျန်တဲ့အသက်တာ တစ်လျှောက်လုံး ဘဝသစ်နဲ့ နေထိုင်ခဲ့ရတယ်။ ကျေးဇူးတင်လေးမြတ်မှုကို သူ ဘယ်လို ပြခဲ့သလဲ။ သူဟာ ယေရှုရဲ့ သစ္စာရှိ နောက်လိုက် ဖြစ်လာတယ်။ လိုအပ်နေတာတွေ သူ မြင်တဲ့အခါ အရေးတယူ လုပ်ဆောင်ပေးတယ်။ ယေရှုနဲ့ တမန်တော်တွေဟာ အစားအစာ၊ ဝတ်စရာနဲ့ ညအိပ်စရာနေရာ လိုအပ်ခဲ့တယ်။ သူတို့က လူချမ်းသာတွေ မဟုတ်ဘူး။ အဲဒီအချိန်မှာ လောကီအလုပ်လည်း မလုပ်ကြဘူး။ သူတို့တွေ ဟောပြောခြင်းနဲ့ သွန်သင်ခြင်းကို အာရုံစိုက် လုပ်ဆောင်ဖို့ ရုပ်ဝတ္တုပစ္စည်း ထောက်ပံ့မှု လိုအပ်ခဲ့တယ်။
မာရိနဲ့ တခြားအမျိုးသမီးတွေဟာ အဲဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးခဲ့ကြတယ်။ အမျိုးသမီးတွေဟာ ‘ကိုယ့်ပစ္စည်းတွေ သုံးပြီး အလုပ်အကျွေးပြုကြတယ်။’ (လုကာ ၈:၁၊ ၃) အမျိုးသမီးတချို့က ချမ်းသာတဲ့သူတွေ ဖြစ်နိုင်တယ်။ အမျိုးသမီးတွေက အစားအစာ ပြင်ဆင်ပေးတယ်၊ အဝတ်လျှော်ပေးတယ်၊ ရွာတွေမှာ တည်းခိုဖို့ နေရာစီစဉ်ပေးတယ်လို့တော့ ကျမ်းစာမှာ မဖော်ပြထားဘူး။ ဒါပေမဲ့ အယောက် ၂၀ လောက် ရှိမယ့် ခရီးသွားအုပ်စုကို လိုလိုလားလား ကူညီလုပ်ဆောင်ပေးခဲ့ကြတယ်။ အဲဒီအမျိုးသမီးတွေရဲ့ ကြိုးစားအားထုတ်မှုကြောင့် ယေရှုနဲ့ တမန်တော်တွေဟာ ဟောပြောခြင်းလုပ်ငန်းကို အပြည့်အဝ အာရုံစိုက် လုပ်နိုင်ခဲ့ကြတယ်။ ယေရှုရဲ့ ကျေးဇူးတွေကို ဘယ်တော့မှ ဆပ်လို့ ကုန်မှာ မဟုတ်ဘူးဆိုတာ မာရိ သိတယ်။ ဒါပေမဲ့ သူ လုပ်နိုင်တာကို အတတ်နိုင်ဆုံး လုပ်ပေးချင်ခဲ့တယ်။
ဒီနေ့ခေတ်မှာ တခြားသူတွေအတွက် နိမ့်ကျတဲ့အလုပ် လုပ်ကိုင်ပေးသူတွေကို လူတွေ အထင်သေးကြတယ်။ ဒါပေမဲ့ ဘုရားကတော့ အဲဒီလို မမြင်ဘူး။ ယေရှုနဲ့ တမန်တော်တွေကို မာရိ အတတ်နိုင်ဆုံး ထောက်မကူညီပေးနေတာကို တွေ့တဲ့အခါ ဘုရား ဘယ်လောက် သဘောကျနှစ်သက်မယ်ဆိုတာ စဉ်းစားကြည့်ပါ။ ဒီနေ့လည်း သစ္စာရှိ ခရစ်ယာန်များစွာဟာ တခြားသူတွေအကျိုးအတွက် နိမ့်ကျတဲ့ အလုပ်တွေကို ပျော်ပျော်ရွှင်ရွှင် လုပ်နေကြပါတယ်။ တစ်ခါတလေ လက်တွေ့ကျတဲ့ အကူအညီ ဒါမှမဟုတ် ကြင်နာတဲ့ စကားတစ်ခွန်းတောင် ဖြစ်နိုင်တယ်။ အဲဒီလို ကူညီထောက်ပံ့မှုတွေကို ယေဟောဝါ တန်ဖိုးထားတယ်။—ပညာအလိမ္မာ ၁၉:၁၇။ ဟီဘရူး ၁၃:၁၆။
“ယေရှုရဲ့ သစ်တိုင်နားမှာ”
အေဒီ ၃၃၊ ပသခါပွဲ တက်ဖို့ ယေရှုနဲ့အတူ ဂျေရုဆလင်မြို့ကို သွားကြတဲ့ အမျိုးသမီးတွေထဲမှာ မာဂဒလမာရိလည်း ပါတယ်။ (မဿဲ ၂၇:၅၅၊ ၅၆) ယေရှု အဖမ်းခံရပြီး တစ်ညလုံး စစ်ဆေးမေးမြန်းခံရတယ်ဆိုတာ ကြားတဲ့အခါ အတော် စိတ်မကောင်းဖြစ်ခဲ့မှာ သေချာတယ်။ ကြားရတဲ့ သတင်းတွေ ပိုဆိုးလာတယ်။ ဘုရင်ခံ ပုန္တိပိလတ်ဟာ ဂျူးဘာသာရေး ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့ ဩဇာခံ လူအုပ်ရဲ့ ဖိအားပေးမှုကြောင့် ယေရှုကို သစ်တိုင်တင် ကွပ်မျက်ဖို့ စီရင်ချက် ချလိုက်တယ်။ သွေးအလိမ်းလိမ်းနဲ့ ပင်ပန်းနွမ်းလျနေတဲ့ သခင်ဟာ ကိုယ့်ကို တင်ပြီး ကွပ်မျက်မယ့် သစ်တိုင်ကို ထမ်းပြီး လမ်းပေါ် ကြိုးစားလျှောက်နေရတာကို မာရိ မြင်တွေ့ခဲ့ရပါလိမ့်မယ်။—ယောဟန် ၁၉:၆၊ ၁၂၊ ၁၅-၁၇။
သစ်တိုင်တင်တဲ့နေရာ ရောက်တော့ နေ့ခင်းကြောင်တောင် အမှောင်ကျသွားပြီးနောက် မာဂဒလမာရိနဲ့ တခြားအမျိုးသမီးတွေဟာ “ယေရှုရဲ့ သစ်တိုင်နားမှာ” ရပ်နေကြတယ်။ (ယောဟန် ၁၉:၂၅) အဆုံးထိ အဲဒီနားမှာ ရှိနေတဲ့ မာရိဟာ ယေရှုက မိခင်ကို စောင့်ရှောက်ဖို့ ချစ်ရတဲ့ တမန်တော် ယောဟန်ဆီ အပ်နေတာကို မြင်ခဲ့၊ ကြားခဲ့ရတယ်။ ယေရှု ဝေဒနာ အပြင်းအထန် ခံစားရပြီး ခမည်းတော်ကို အော်ခေါ် ဆုတောင်းတာကိုလည်း ကြားခဲ့ရတယ်။ ယေရှု မသေဆုံးခင်လေးမှာ ပြောခဲ့တဲ့ “အဖ ခိုင်းသမျှ ကျွန်တော် လုပ်ပြီးပါပြီ” ဆိုတဲ့ နောက်ဆုံး အောင်ပွဲခံစကားကိုလည်း ကြားခဲ့ရတယ်။ မာရိ တော်တော် စိတ်ထိခိုက်ခဲ့တယ်။ ယေရှု သေဆုံးပြီးနောက်လည်း မာရိ အဲဒီမှာ ရှိနေမှန်း ထင်ရှားတယ်။ ယောသပ်လို့ ခေါ်တဲ့ အရိမသဲမြို့သား သူဌေးက ယေရှုရဲ့ အလောင်းကို ချပြီး သင်္ချိုင်းဂူအသစ်ထဲ ထည့်ပြီးတဲ့အချိန်အထိ မာရိ ရှိနေခဲ့တယ်။—ယောဟန် ၁၉:၃၀။ မဿဲ ၂၇:၄၅၊ ၄၆၊ ၅၇-၆၁။
ညီအစ်ကို၊ ညီအစ်မတွေ အပြင်းအထန် ဆင်းရဲဒုက္ခ ရောက်တဲ့အခါ ကျွန်တော်တို့ ဘာလုပ်ပေးနိုင်သလဲဆိုတာ မာရိရဲ့ စံနမူနာကနေ သိနိုင်တယ်။ ဆင်းရဲဒုက္ခ မကြုံရအောင် ကျွန်တော် မတားဆီးနိုင်ဘူး။ သူတို့ ခံစားနေရတဲ့ နာကျင်မှုတွေကို မဖယ်ရှားပေးနိုင်ဘူး။ ဒါပေမဲ့ သနားစာနာမှုနဲ့ ရဲစွမ်းသတ္တိ တင်ပြနိုင်ကြတယ်။ အခက်အခဲ ကြုံရချိန်မှာ ကူညီပေးတတ်တဲ့ မိတ်ဆွေတစ်ယောက် ရှိနေရင် တကယ် အကူအညီ ဖြစ်ပါတယ်။ လိုအပ်နေချိန်မှာ မိတ်ဆွေတွေကို သစ္စာရှိရှိ ကူညီပေးတာက ယုံကြည်ခြင်း ခိုင်ခံ့သူ ဖြစ်ကြောင်း ဖော်ပြရာရောက်ပြီး နှစ်သိမ့်မှု ခံစားရစေနိုင်တယ်။—ပညာအလိမ္မာ ၁၇:၁၇။
“ကျွန်မ ယူသွားမယ်”
ယေရှုရဲ့ အလောင်းကို သင်္ချိုင်းဂူထဲ ထည့်ပြီးနောက်မှာ နောက်ပိုင်း ယေရှုရဲ့ အလောင်းကို လိမ်းပေးဖို့ အမွှေးနံ့သာတွေ ဝယ်တဲ့ အမျိုးသမီးတွေထဲမှာ မာရိလည်း ပါတယ်။ (မာကု ၁၆:၁၊ ၂။ လုကာ ၂၃:၅၄-၅၆) ဥပုသ်နေ့ ပြီးလို့ နောက်တစ်နေ့မှာ မာရိဟာ စောစော ထတယ်။ တခြားအမျိုးသမီးတွေနဲ့အတူ အမှောင်ထဲမှာ ယေရှုရဲ့ သင်္ချိုင်းဂူဆီ မာရိ လမ်းလျှောက်သွားနေတာကို မြင်ယောင်ကြည့်ပါ။ သင်္ချိုင်းဂူဝမှာ ပိတ်ထားတဲ့ ကျောက်တုံးကြီးကို ဘယ်လို လှိမ့်ဖယ်မလဲလို့ လမ်းသွားနေရင်း စဉ်းစားခဲ့ကြတယ်။ (မဿဲ ၂၈:၁။ မာကု ၁၆:၁-၃) ဒါပေမဲ့ သူတို့ နောက်ကြောင်း ပြန်မလှည့်ခဲ့ကြဘူး။ သူတို့ လုပ်နိုင်တာကို အတတ်နိုင်ဆုံး လုပ်ပြီး ကျန်တာကို ယေဟောဝါလက်ထဲ အပ်ထားဖို့ သူတို့ရဲ့ ယုံကြည်ခြင်းက လှုံ့ဆော်ပေးခဲ့တယ်။
မာရိက တခြားသူတွေရဲ့ ရှေ့ကအလျင် သင်္ချိုင်းကို ရောက်သွားတာ ဖြစ်မယ်။ သူ ကြောင်ပြီး ရပ်နေလိုက်တယ်။ ကျောက်တုံးကြီးက လှိမ့်ဖယ်ပြီးသား ဖြစ်နေပြီး ဂူထဲမှာလည်း ဘာမှ မရှိဘူး။ သွက်သွက်လက်လက် ရှိတဲ့ မာရိဟာ ပေတရုနဲ့ ယောဟန်ကို သူ မြင်ခဲ့တဲ့အရာအကြောင်း ပြောပြဖို့ ပြေးသွားတယ်။ “သခင့်ကို သင်္ချိုင်းဂူထဲကနေ ယူသွားကြပြီ။ ဘယ်မှာ ထားလိုက်မှန်း မသိဘူး” လို့ မာရိ အမောတကော ပြောပြနေတာကို မြင်ယောင်ကြည့်ပါ။ ပေတရုနဲ့ ယောဟန်လည်း သင်္ချိုင်းဆီ အပြေးအလွှား သွားကြတယ်။ သခင် မရှိတော့တာ သေချာသွားပြီးနောက် အိမ်ကို ပြန်သွားကြတယ်။ *—ယောဟန် ၂၀:၁-၁၀။
သင်္ချိုင်းဂူဆီ မာရိ ပြန်ရောက်သွားတဲ့အခါ တစ်ယောက်တည်း အဲဒီမှာ ယောင်လည်လည် ဖြစ်နေတယ်။ ဘာမှ မရှိတော့တဲ့ သင်္ချိုင်းဂူကို တွေ့ပြီး ဝမ်းနည်းနေတဲ့ မာရိဟာ တိတ်ဆိတ်နေတဲ့ မနက်စောစောစီးစီးမှာ ငိုချလိုက်ပါတော့တယ်။ သင်္ချိုင်းဂူထဲ ကိုယ်ကို ကိုင်းပြီး အထဲကို လှမ်းကြည့်လိုက်တယ်။ သခင် မရှိတော့ဘူးဆိုတာကို အခုထိ မယုံနိုင်သေးဘူး။ ဒါပေမဲ့ သူ သိပ်အံ့ဩသွားတယ်။ အထဲမှာ ဝတ်လုံဖြူ ဝတ်ထားတဲ့ ကောင်းကင်တမန် နှစ်ပါး ထိုင်နေတယ်။ “ဘာလို့ ငိုနေတာလဲ” လို့ သူတို့ မေးတယ်။ မာရိက စိတ်ရှုပ်ရှုပ်နဲ့ “ကျွန်မရဲ့ သခင်ကို တစ်ယောက်ယောက် ယူသွားလိုက်ပြီ။ ဘယ်မှာ ထားမှန်း မသိဘူး” လို့ တမန်တော် နှစ်ယောက်ကို ပြောခဲ့တဲ့ စကားကိုပဲ ပြန်ပြောလိုက်တယ်။—ယောဟန် ၂၀:၁၁-၁၃။
နောက်လှည့်ကြည့်လိုက်တဲ့အခါ လူတစ်ယောက် ရပ်နေတာကို မာရိ မြင်လိုက်တယ်။ မာရိ သူ့ကို မမှတ်မိဘူး။ ဒါကြောင့် အဲဒီလူကို ဥယျာဉ်စောင့်လို့ ထင်သွားတယ်။ အဲဒီလူက ကြင်နာတဲ့ လေသံနဲ့ “ဘာလို့ ငိုနေတာလဲ။ ဘယ်သူ့ကို ရှာနေတာလဲ” လို့ မေးတယ်။ မာရိက “ဆရာ၊ အလောင်းကို ယူသွားတယ်ဆိုရင် ဘယ်မှာ ထားသလဲ ပြောပြပါ။ ကျွန်မ ယူသွားမယ်” လို့ ပြန်ဖြေတယ်။ (ယောဟန် ၂၀:၁၄၊ ၁၅) မာရိ ပြောတာကို စဉ်းစားကြည့်ပါ။ အမျိုးသမီးတစ်ယောက်က ကြံ့ခိုင်တောင့်တင်းတဲ့ ယေရှုခရစ်ရဲ့ အလောင်းကို မပြီး ယူသွားနိုင်ပါ့မလား။ အဲဒါတွေကို မာရိ တွေးမနေဘူး။ သူ လုပ်ရမယ့် အလုပ်ကိုပဲ သိတယ်။
ကျွန်တော်တို့ ခံရပ်နိုင်တာထက် ပိုပြင်းထန်တဲ့ ဝမ်းနည်းစရာနဲ့ အတားအဆီးတွေကို ရင်ဆိုင်ရတဲ့အခါ မာဂဒလမာရိကို အတုယူနိုင်ပါတယ်။ ကိုယ့်ရဲ့ အားနည်းချက်နဲ့ အကန့်အသတ်တွေကိုပဲ အာရုံစိုက်နေရင် ကြောက်ပြီး ဘာမှ လုပ်နိုင်တော့မှာ မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ လုပ်နိုင်တာကို အတတ်နိုင်ဆုံး လုပ်ပြီး ကျန်တာကို ဘုရားလက်ထဲ အပ်ထားလိုက်ရင် ကျွန်တော်တို့ စဉ်းစားမိတာထက် ပိုပြီး အောင်မြင်ပြီးမြောက်ပါလိမ့်မယ်။ (၂ ကောရိန္သု ၁၂:၁၀။ ဖိလိပ္ပိ ၄:၁၃) အရေးကြီးဆုံးက ယေဟောဝါရဲ့ နှစ်သက်လက်ခံမှုကို ရပါလိမ့်မယ်။ မာရိ အဲဒီအတိုင်း လုပ်ခဲ့လို့ အထူးခြားဆုံးနည်းနဲ့ ဆုချခံခဲ့ရတယ်။
“သခင့်ကို ကျွန်မ တွေ့လိုက်တယ်”
မာရိရှေ့မှာ ရပ်နေသူဟာ ဥယျာဉ်စောင့် မဟုတ်ဘူး။ အရင်က လက်သမား၊ နောက်တော့ သွန်သင်ပေးတဲ့ဆရာ ဖြစ်လာပြီး မာရိ ချစ်ခင်မြတ်နိုးရတဲ့ သခင်ပါ။ ဒါပေမဲ့ မာရိက မမှတ်မိလို့ ထွက်သွားဖို့ ခြေလှမ်းပြင်လိုက်တယ်။ ယေရှုဟာ တန်ခိုးကြီးတဲ့ ဝိညာဉ်ပုဂ္ဂိုလ်အဖြစ် အသက် ပြန်ရှင်လာပြီဆိုတဲ့ အမှန်တရားကို မာရိ မစဉ်းစားမိဘူး။ ယေရှုက လူ့ခန္ဓာနဲ့ ကိုယ်ယောင်ထင်ရှားပြပေမဲ့ ပူဇော်သက္ကာအဖြစ် ပေးလိုက်တဲ့ ခန္ဓာကိုယ်တော့ မဟုတ်ဘူး။ ဒါကြောင့် ရှင်ပြန်ထမြောက်ပြီးနောက်ပိုင်း စိတ်လှုပ်ရှားစရာ နေ့တွေမှာလည်း ယေရှုကို ကောင်းကောင်း သိကျွမ်းသူတွေကတောင် ယေရှုကို မမှတ်မိကြဘူး။—လုကာ ၂၄:၁၃-၁၆။ ယောဟန် ၂၁:၄။
ယေရှုမှန်း မာရိ သိအောင် ဘယ်လို လုပ်ခဲ့သလဲ။ “မာရိ” လို့ တစ်ခွန်းတည်း ခေါ်လိုက်တယ်။ မာရိ နောက်ကို လှည့်ကြည့်ပြီး သူ အကြိမ်ပေါင်းများစွာ သုံးခဲ့တဲ့ ဟီဘရူးစကားလုံးနဲ့ “ရဗ္ဗုနိ” လို့ အော်ခေါ်လိုက်တယ်။ သူ ချစ်ခင်ရတဲ့ သခင် ဖြစ်နေပါလား။ မာရိ အတိုင်းထက်အလွန် ဝမ်းသာသွားပြီး သခင် ထွက်သွားမှာ စိုးလို့ တင်းတင်းကျပ်ကျပ် ဆွဲကိုင်ထားလိုက်တယ်။—ယောဟန် ၂၀:၁၆။
မာရိရဲ့ အတွေးတွေကို ယေရှု သိတဲ့အတွက် “ကျွန်တော့်ကို မဆွဲထားနဲ့” လို့ ပြောလိုက်တယ်။ အဲဒီစကားတွေကို ယေရှု ပြုံးပြီး ကြင်ကြင်နာနာ ပြောတာကို မြင်ယောင်ကြည့်နိုင်တယ်။ ဆုပ်ကိုင်ထားတဲ့ မာရိရဲ့ လက်တွေကို ဖြေရင်း “အဖဘုရားဆီ ကျွန်တော် မသွားသေးဘူး” လို့ မာရိ စိတ်ချအောင် ပြောတယ်။ ကောင်းကင်ကို သွားရမယ့်အချိန် မကျသေးဘူး။ မြေကြီးပေါ်မှာ လုပ်စရာတွေ ရှိသေးတယ်။ အဲဒီအလုပ်မှာ မာရိကို ကူညီပေးစေချင်တယ်။ ယေရှု ပြောတာတွေကို မာရိ သေသေချာချာ နားထောင်နေမှာပဲ။ ယေရှုက မာရိကို “ညီအစ်ကိုတွေဆီ သွားပြီး ‘ကျွန်တော့်အဖ ဖြစ်တဲ့ ခင်ဗျားတို့ရဲ့ အဖ၊ ကျွန်တော့်ဘုရားသခင် ဖြစ်တဲ့ ခင်ဗျားတို့ရဲ့ ဘုရားသခင်ဆီ ကျွန်တော် သွားရတော့မယ်’ လို့ ပြောပေးပါ” ဆိုပြီး မှာတယ်။—ယောဟန် ၂၀:၁၇။
သခင်ဆီကနေ မာရိ တာဝန်ရလိုက်တာပဲ။ မာရိဟာ အသက်ပြန်ရှင်လာတဲ့ ယေရှုကို မြင်တွေ့ခွင့် ရခဲ့တဲ့ ပထမဆုံး တပည့် ဖြစ်ပြီး အခုလည်း အဲဒီသတင်းကောင်းအကြောင်း တခြားသူတွေကို ပြောပြဖို့ တာဝန်ပေးအပ်ခံရတယ်။ တပည့်တွေကို ရှာပြီး ပြောပြဖို့ မာရိ ဘယ်လောက် စိတ်အားတက်ကြွနေတယ်၊ ဘယ်လောက် ပျော်နေတယ်ဆိုတာ မြင်ယောင်ကြည့်ပါ။ မာရိရဲ့ စိတ်ထဲမှာရော တပည့်တွေရဲ့ စိတ်ထဲမှာပါ တော်တော်နဲ့ မေ့မှာ မဟုတ်တဲ့ “သခင့်ကို ကျွန်မ တွေ့လိုက်တယ်” ဆိုတဲ့ စကားကို မာရိ အသက်တောင် မရှူဘဲ ပြောနေတာကို မြင်ယောင်ကြည့်ပါ။ စိတ်လှုပ်ရှားနေတဲ့ မာရိက ယေရှု မှာသမျှကို တရစပ် ပြောပြခဲ့တယ်။ (ယောဟန် ၂၀:၁၈) ယေရှုရဲ့ သင်္ချိုင်းဂူမှာ ဘာမှ မရှိတဲ့အကြောင်း တခြားအမျိုးသမီးတွေဆီက တပည့်တွေ ကြားပြီးထားပြီ။ မာရိဆီကနေ နောက်ထပ်သတင်း ကြားရကြတယ်။—လုကာ ၂၄:၁-၃၊ ၁၀။
‘အမျိုးသမီးတွေရဲ့ စကားကို သူတို့ မယုံကြဘူး’
အမျိုးသားတွေ ဘယ်လို တုံ့ပြန်ကြသလဲ။ အစပိုင်းမှာတော့ လက်မခံကြဘူး။ “အမျိုးသမီးတွေရဲ့ စကားက ယုတ္တိမရှိပုံပေါက်နေတော့ သူတို့ မယုံကြဘူး” လို့ ဖတ်ရတယ်။ (လုကာ ၂၄:၁၁) စိတ်ရင်းကောင်းတဲ့ အဲဒီအမျိုးသားတွေဟာ အမျိုးသမီးတွေကို ယုံကြည်လို့ မရဘူးလို့ သွန်သင်တဲ့ အသိုင်းအဝိုင်းမှာ ကြီးပြင်းလာကြတာ။ ရဗ္ဗိထုံးတမ်းစဉ်လာအရ အမျိုးသမီးတွေဟာ တရားရုံးမှာ သက်သေထွက်ဆိုခွင့် မရကြဘူး။ တမန်တော်တွေဟာ သိထားတဲ့ အမှန်တရားထက် ယဉ်ကျေးမှုရဲ့ ဩဇာလွှမ်းမိုးမှုကို ခံနေကြရတယ်။ ဒါပေမဲ့ ယေရှုနဲ့ အဖယေဟောဝါမှာ အဲဒီလို ခွဲခြားမှုမျိုး မရှိဘူး။ သစ္စာရှိတဲ့ အမျိုးသမီးကို ဒီထူးမြတ်တဲ့ အခွင့်အရေး ပေးခဲ့တယ်။
အမျိုးသားတွေရဲ့ တုံ့ပြန်ပုံကြောင့် မာရိ စိတ်မဆိုးခဲ့ဘူး။ သခင် သူ့ကို ယုံကြည်စိတ်ချတယ် ဆိုတာနဲ့တင် လုံလောက်ပြီ။ ယေရှုရဲ့ နောက်လိုက်အားလုံးဟာ သတင်း ကြေညာဖို့ တာဝန် ရထားကြပါတယ်။ ကျမ်းစာမှာ အဲဒီသတင်းကို “ဘုရားသခင့် နိုင်ငံတော် သတင်းကောင်း” လို့ ခေါ်တယ်။ (လုကာ ၈:၁) သူတို့ ပြောတာကို လူတိုင်း ယုံကြည်မယ်၊ တန်ဖိုးထားမယ်လို့ ယေရှု ကတိမပေးခဲ့ဘူး။ (ယောဟန် ၁၅:၂၀၊ ၂၁) ဒါကြောင့် ခရစ်ယာန်တွေဟာ မာဂဒလမာရိကို သတိရတာ ကောင်းပါတယ်။ သူ ပြောတာကို ကိုယ့်ရဲ့ ညီအစ်ကိုချင်းတွေ ချက်ချင်း မယုံကြည်ကြပေမဲ့ ယေရှု အသက်ပြန်ရှင်ပြီဆိုတဲ့ သတင်းကောင်းကို ဝမ်းသာအားရ ပြောခဲ့တယ်။
နောက်ပိုင်းမှာ ယေရှုဟာ တမန်တော်တွေ၊ မိမိရဲ့ နောက်လိုက်တွေ ရှေ့မှာ ပိုပိုပြီး ကိုယ်ထင်ပြခဲ့တယ်။ တစ်ကြိမ်မှာဆိုရင် တပည့် ၅၀၀ ရှေ့ ကိုယ်ထင်ပြခဲ့တယ်။ (၁ ကောရိန္သု ၁၅:၃-၈) အဲဒီအကြောင်းတွေ မာရိ မြင်ရ၊ ကြားရတဲ့အခါမှာ ယုံကြည်ခြင်း ခိုင်ခံ့သည်ထက် ခိုင်ခံ့လာမှာ သေချာတယ်။ ယေရှုရဲ့ နောက်လိုက်တွေပေါ် သန့်ရှင်းသော စွမ်းအားတော် သွန်းလောင်းခဲ့တဲ့ ပင်တေကုတ္တေပွဲနေ့တုန်းက ဂျေရုဆလင်မြို့မှာ စုရုံးရောက်ရှိနေတဲ့ အမျိုးသမီးတွေထဲ မာဂဒလမာရိလည်း ရှိနေနိုင်တယ်။—တမန်တော် ၁:၁၄၊ ၁၅။ ၂:၁-၄။
ဘယ်လိုပဲ ဖြစ်ပါစေ၊ မာဂဒလမာရိဟာ သေတဲ့အထိ သစ္စာရှိခဲ့တယ် ဆိုတဲ့အချက်ကို ယုံကြည်စိတ်ချနိုင်ပါတယ်။ ကျွန်တော်တို့ တစ်ယောက်ချင်းစီလည်း အဲဒီလို စိတ်ပိုင်းဖြတ်ထားချင်ကြပါတယ်။ ကျွန်တော်တို့အတွက် ယေရှု လုပ်ပေးခဲ့သမျှကို ကျေးဇူးတင်လေးမြတ်ကြောင်း ပြမယ်၊ ဘုရား အကူအညီကို ယုံကြည်စိတ်ချပြီး တခြားသူတွေကို နှိမ့်ချစွာ ကူညီပေးမယ်ဆိုရင် မာဂဒလမာရိရဲ့ ယုံကြည်ခြင်းကို အတုယူရာ ရောက်ပါလိမ့်မယ်။
^ အပိုဒ်၊ 12 မာရိနဲ့အတူ သွားတဲ့ တခြားအမျိုးသမီးတွေ ခရစ်တော် ရှင်ပြန်ထမြောက်ပြီလို့ ပြောပြတဲ့ ကောင်းကင်တမန်နဲ့ မတွေ့ခင်မှာ သင်္ချိုင်းကနေ မာရိ ပြန်သွားမှန်း ထင်ရှားတယ်။ မဟုတ်ရင် မာရိက ပေတရုနဲ့ ယောဟန်ကို ကောင်းကင်တမန်နဲ့ တွေ့တဲ့အကြောင်း၊ အလောင်း မရှိရတဲ့ အကြောင်းရင်းကို ရှင်းပြတဲ့အကြောင်း ပြောပြမှာ သေချာတယ်။—မဿဲ ၂၈:၂-၄။ မာကု ၁၆:၁-၈။