သူတို့ရဲ့ ယုံကြည်ခြင်းကို တုပပါ | ဧလိယ
အဆုံးထိ ခံနိုင်ရည် ရှိခဲ့သူ
အာဟပ်မင်း ဆုံးသွားပြီ ဆိုတဲ့ သတင်း ဧလိယ ကြားလိုက်ရတယ်။ ပရောဖက်အိုဟာ အဲဒီမင်းဆိုးနဲ့ ရင်ဆိုင်ခဲ့တာတွေကို မုတ်ဆိတ်မွေး သပ်ရင်း ပြန်တွေးနေပုံကို မြင်ယောင်ကြည့်ပါ။ ဧလိယ တော်တော် ခံခဲ့ရတာ။ အာဟပ်မင်းနဲ့ မိဖုရား ယေဇဗေလတို့ရဲ့ ခြိမ်းခြောက်မှု၊ လိုက်လံဖမ်းဆီးမှုကို အကြိမ်ကြိမ် ကြုံရပြီး အသက်ဘေးက သီသီကလေး လွတ်ခဲ့တယ်။ ယေဟောဝါရဲ့ ပရောဖက် အတော်များများကို ကွပ်မျက်ဖို့ ယေဇဗေလ အမိန့်ထုတ်တဲ့အခါ အာဟပ်မင်း မသိသလို နေခဲ့တယ်။ လောဘစိတ်ကြောင့် လင်မယားနှစ်ယောက် ပူးပေါင်းပြီး လူရိုးလူဖြောင့် နာဗုတ်ကိုရော သားတွေကိုပါ လုပ်ကြံခဲ့တယ်။ ဒါကြောင့် အာဟပ်နဲ့ သူ့မင်းဆက် ယောက်ျားမှန်သမျှအပေါ် ယေဟောဝါ တရားစီရင်တဲ့ သတင်းကို ဧလိယ ပြန်ပြောပြခဲ့တယ်။ အခုတော့ ဘုရားရဲ့ စကားတွေ ပြည့်စုံလာပြီ။ အာဟပ် ဘယ်နည်းဘယ်ပုံ သေမယ်ဆိုတာ ယေဟောဝါ ကြိုပြောခဲ့တဲ့အတိုင်း ဖြစ်လာတယ်။—၁ ဘုရင်များ ၁၈:၄။ ၂၁:၁-၂၆။ ၂၂:၃၇၊ ၃၈။ ၂ ဘုရင်များ ၉:၂၆။
ဘာပဲဖြစ်ဖြစ် ဧလိယ ခံနိုင်ရည် ဆက်ရှိမှ ဖြစ်မယ်။ ယေဇဗေလ အသက်ရှင်နေဆဲပဲ။ နန်းတွင်းမှာသာမက တစ်နိုင်ငံလုံးအပေါ် မကောင်းတဲ့ဩဇာ လွှမ်းမိုးနေတုန်းပဲ။ အခက်အခဲတွေ ရင်ဆိုင်ရဦးမယ်။ သူ့ကို ဆက်ခံမယ့် လက်ထောက် ဧလိရှဲကိုလည်း သင်ပေးစရာတွေ အများကြီး ရှိသေးတယ်။ ဧလိယရဲ့ နောက်ဆုံးတာဝန်တွေအကြောင်း သုံးသပ်ကြည့်ရအောင်။ ယုံကြည်ခြင်းကြောင့် ဧလိယ ခံရပ်နိုင်ခဲ့ပုံကို လေ့လာကြည့်တဲ့အခါ ခုလို ဒုက္ခများတဲ့အချိန်မှာ ကိုယ့်ရဲ့ ယုံကြည်ခြင်း ဘယ်လို ခိုင်ခံ့နိုင်ကြောင်း သိမြင်လာပါလိမ့်မယ်။
အာခဇိကို တရားစီရင်ခြင်း
အာဟပ်နဲ့ ယေဇဗေလတို့ရဲ့ သား အာခဇိ အစ္စရေးဘုရင် ဖြစ်လာပြီ။ အာခဇိဟာ မိဘတွေရဲ့ မိုက်မဲမှုကနေ သင်ခန်းစာ ယူမယ့်အစား သူတို့ရဲ့ ဆိုးညစ်တဲ့ လမ်းစဉ်ကို ဆက်လိုက်တယ်။ (၁ ဘုရင်များ ၂၂:၅၂) သူတို့လိုပဲ ဗာလဘုရားကို ကိုးကွယ်တယ်။ ဗာလကိုးကွယ်သူတွေဟာ ဗိမာန်ပြည့်တန်ဆာ လုပ်တာကို အားပေးရုံမက ကိုယ့်သားသမီး ပူဇော်တဲ့အထိ ဆိုးသွမ်းကြတယ်။ အာခဇိ လမ်းစဉ်ပြောင်းအောင်၊ ယေဟောဝါအပေါ် သစ္စာဖောက်မှုကြီးကနေ လူတွေ ပြန်လှည့်လာအောင် လှုံ့ဆော်ပေးနိုင်တဲ့အရာ ရှိဦးမလား။
မောက်မာတဲ့ ဘုရင်လေး ရုတ်တရက် အဖြစ်ဆိုး ကြုံလိုက်ရတယ်။ နန်းတော်အမိုးက ဆန်ခါကွက် တပ်ထားတဲ့ အပေါက်ကနေ ကျွံကျပြီး အကြီးအကျယ် ဒဏ်ရာရသွားတယ်။ အသက်အန္တရာယ် ရှိနေတာတောင် ယေဟောဝါဆီ လှည့်လာပြီး အကူအညီ မတောင်းဘူး။ ပြန်ကောင်းနိုင်ချေ ရှိမရှိ သိရအောင် ရန်သူ ဖိလိတိတွေရဲ့ ဧကြုန်မြို့ကို တမန်တွေ လွှတ်ပြီး ဗာလဇေဗုပ်ဘုရားကို သွားမေးမြန်းခိုင်းတယ်။ ယေဟောဝါ တော်တော်လေး စိတ်ပျက်သွားတယ်။ ဧလိယဆီ ကောင်းကင်တမန် စေလွှတ်ပြီး တမန်တွေကို သွားတွေ့ခိုင်းတယ်။ ဧလိယကလည်း ဘုရင်အတွက် သတင်းဆိုး ပြန်ပါးလိုက်တယ်။ အစ္စရေးပြည်မှာ ဘုရားသခင် မရှိသလိုမျိုး လုပ်ခဲ့တာဟာ အာခဇိရဲ့ ကြီးလေးတဲ့ ပြစ်မှုပဲ။ အိပ်ရာထဲ လဲနေတဲ့ အာခဇိ ပြန်မထရဘူးလို့ ယေဟောဝါ ဆုံးဖြတ်ထားပြီ။—၂ ဘုရင်များ ၁:၂-၄။
နောင်တမရတဲ့ အာခဇိက “မင်းတို့ကို လာတွေ့ပြီး အဲဒီလိုပြောတဲ့သူက ဘယ်လိုပုံမျိုးလဲ” လို့ မေးတယ်။ တမန်တွေက ပရောဖက်ရဲ့ ရိုးရှင်းတဲ့ ဝတ်ဆင်ပုံကို ပြောပြတဲ့အခါ “ဧလိယပဲ” ဆိုတာ အာခဇိ သိလိုက်တယ်။ (၂ ဘုရင်များ ၁:၇၊ ၈) ရိုးစင်းတဲ့ ဝတ်ဆင်ပုံကို ပြောပြရုံနဲ့ တန်းသိနိုင်တဲ့အထိ ဘုရားအမှုဆောင်ဖို့ပဲ အာရုံစိုက်တဲ့ ဧလိယရဲ့ ရိုးရှင်းတဲ့ ဘဝပုံစံက မှတ်သားစရာပါပဲ။ ရုပ်ပစ္စည်း လောဘကြီးတဲ့ အာခဇိနဲ့ သူ့မိဘတွေနဲ့ ကွာလိုက်တာ။ ဘဝကို ရိုးရိုးရှင်းရှင်း ထားပါ၊ တကယ် အရေးကြီးတာကိုပဲ အာရုံစိုက်ကြည့်ပါဆိုတဲ့ ယေရှုရဲ့ အကြံပြုချက်အတိုင်း နေထိုင်ဖို့ ဧလိယရဲ့ ပုံနမူနာက သတိပေးတယ်။—မဿဲ ၆:၂၂-၂၄။
လက်စားချေချင်တဲ့ အာခဇိဟာ ဧလိယကို ဖမ်းဖို့ တပ်မှူးတစ်ယောက်ကို တပ်သား ၅၀ နဲ့အတူ လွှတ်လိုက်တယ်။ “တောင်ထိပ်” * မှာ ဧလိယ ထိုင်နေတာ မြင်တော့ ဘုရင့်အမိန့်နဲ့ တပ်မှူးက “ဆင်းလာခဲ့” လို့ သံပြတ် ခေါ်တယ်။ သေဒဏ် ပေးမယ်ဆိုတဲ့ အဓိပ္ပာယ်မျိုးပဲ။ “စစ်မှန်တဲ့ ဘုရားသခင်ရဲ့ လူ” ဖြစ်မှန်း သိလျက်နဲ့ ဧလိယကို တပ်သားတွေ အာဏာပြ၊ ခြိမ်းခြောက်ကြတယ်။ အမှားကြီး မှားတာပဲ။ ဧလိယက အဲဒီတပ်မှူးကို “ကောင်းပြီ၊ ငါဟာ ဘုရားသခင်ရဲ့လူ မှန်ရင် ကောင်းကင်ကနေ မီးကျပြီး ခင်ဗျားနဲ့ တပ်သား ၅၀ ကို လောင်ကျွမ်းပါစေ” လို့ ပြောတယ်။ ယေဟောဝါကြောင့် “ကောင်းကင်ကနေ မီးကျလာပြီး တပ်မှူးနဲ့ တပ်သား ၅၀ ကို လောင်ကျွမ်းသွားတယ်။” (၂ ဘုရင်များ ၁:၉၊ ၁၀) သူတို့ရဲ့ သေခြင်းဆိုးပုံက ယေဟောဝါဟာ မိမိလူတွေအပေါ် မထီလေးစား ဆက်ဆံတာကို ခပ်ပေါ့ပေါ့ မထားမှန်း သိစေတယ်။—၁ ရာဇဝင်ချုပ် ၁၆:၂၁၊ ၂၂။
အာခဇိက နောက်ထပ် တပ်မှူးတစ်ယောက်ကို တပ်သား ၅၀ နဲ့အတူ လွှတ်လိုက်ပြန်တယ်။ ဒီတပ်မှူးက ပထမတစ်ယောက်ထက် ဆိုးတယ်။ တောင်စောင်းမှာ လူ ၅၁ ယောက်ရဲ့ ပြာတွေ ပြန့်ကျဲနေတာ တွေ့လျက်နဲ့ သင်ခန်းစာ မယူဘူး။ ဒီထက်ဆိုးတာ ရှိသေးတယ်။ ပထမတစ်ယောက်လို ဧလိယကို ပမာမခန့် အမိန့်ပေးရုံမက “မြန်မြန်” လို့ ပြောလိုက်တယ်။ တော်တော် မိုက်တာပဲ။ ဒါကြောင့် ပထမအုပ်စုလိုပဲ အသက်ဆုံးရှုံးကုန်တယ်။ သူတို့ထက် မိုက်ရူးရဲဆန်သူကတော့ ဘုရင်ပဲ။ အမှတ်မရှိဘဲ တတိယအုပ်စုကို လွှတ်လိုက်တယ်။ တတိယတပ်မှူးက ဉာဏ်ပညာရှိလို့ တော်သေးတယ်။ နှိမ့်ချတဲ့ စိတ်နဲ့ ဧလိယရှေ့ကို သွားပြီး သူတို့အုပ်စုကို အသက်ချမ်းသာပေးဖို့ အသနားခံတယ်။ ဘုရားသခင်ရဲ့လူ ဧလိယဟာ နှိမ့်ချတဲ့ တပ်မှူးအပေါ် ယေဟောဝါရဲ့ ကရုဏာမျိုး ပြခဲ့တယ်။ ယေဟောဝါရဲ့ ကောင်းကင်တမန်က ဧလိယကို သူတို့နဲ့အတူ လိုက်သွားခိုင်းတယ်။ ဧလိယလည်း လိုက်သွားပြီး မင်းဆိုးအာခဇိနဲ့ပတ်သက်တဲ့ ယေဟောဝါရဲ့ ကြေညာချက်ကို ပြောပြတယ်။ ဘုရားရဲ့ စကားအတိုင်း အာခဇိ သေဆုံးသွားတယ်။ နှစ်နှစ်ပဲ နန်းထိုင်လိုက်ရတယ်။—၂ ဘုရင်များ ၁:၁၁-၁၇။
ခေါင်းမာပြီး ပုန်ကန်တတ်တဲ့ လူတွေကြားမှာ ဧလိယ ဘယ်လို ခံရပ်ခဲ့သလဲ။ ခုချိန်နဲ့ သက်ဆိုင်တဲ့ မေးခွန်ပဲ မဟုတ်လား။ သင့်စောင့်ရှောက်မှုအောက်မှာ ရှိသူတစ်ဦးက ပြောမရဆိုမရနဲ့ အန္တရာယ်ရှိ လမ်းစဉ်ကိုပဲ လိုက်နေလို့ စိတ်ပျက်ရဖူးသလား။ ဒီလိုစိတ်ပျက်စရာတွေကို ဘယ်လို ခံရပ်ကြမလဲ။ တပ်သားတွေက ဧလိယကို “တောင်ထိပ်” ပေါ်မှာ ရှာတွေ့ခဲ့တာကနေ သင်ခန်းစာ ယူကြရအောင်။ အဲဒီကို ဘာလို့ ရောက်နေမှန်း အသေအချာ မသိရပေမဲ့ ဧလိယဟာ ပုံမှန် ဆုတောင်းတတ်တဲ့သူ ဖြစ်မှန်း သိနိုင်တယ်။ တောင်ထိပ်ဟာ သူ ချစ်မြတ်နိုတဲ့ ဘုရားဆီ ဆုတောင်းချဉ်းကပ်လို့ကောင်းတဲ့၊ တိတ်ဆိတ်တဲ့ နေရာမျိုး ဖြစ်နိုင်တယ်။ (ယာကုပ် ၅:၁၆-၁၈) ကျွန်တော်တို့လည်း အချိန်ယူပြီး ဘုရားသခင်နဲ့ နှစ်ကိုယ်ကြား ပုံမှန် စကားပြောနိုင်တယ်။ ယေဟောဝါရဲ့ နာမည်ကို ခေါ်ပြီး ဆုတောင်းနိုင်တယ်။ အခက်အခဲတွေ၊ စိုးရိမ်ပူပန်စရာတွေကို ရင်ဖွင့်ပြနိုင်တယ်။ ဒါဆိုရင် ပတ်ဝန်းကျင်က လူတွေ မဆင်မခြင်၊ ကိုယ်ပျက်စီးရာ ပျက်စီးကြောင်း လုပ်နေကြရင်လည်း ခံနိုင်ရည် ဆက်ရှိနိုင်ပါလိမ့်မယ်။
ဝတ်ရုံကို လွှဲအပ်ခြင်း
အခု ဧလိယ တာဝန်ကို လက်လွှတ်ရမယ့်အချိန် ရောက်လာပြီ။ သူ ဘယ်လို လုပ်ခဲ့တယ်ဆိုတာ သတိပြုပါ။ ဧလိရှဲနဲ့အတူ ဂိလဂါလမြို့ကနေ အထွက်မှာ ၇ မိုင်လောက် ဝေးတဲ့ ဗေသလမြို့ကို သွားမှာ ဖြစ်လို့ ဧလိရှဲကို နေခဲ့ခိုင်းတယ်။ ဧလိရှဲက “အသက်ရှင်နေတဲ့ဘုရား ယေဟောဝါနဲ့ အသက်ရှင်နေတဲ့ သခင့်ကို တိုင်တည်ပြီး ကျွန်တော် ပြောမယ်။ သခင့်ကို ခွဲမသွားနိုင်ပါဘူး” လို့ ပြတ်ပြတ်သားသား ပြောတယ်။ ဗေသလမြို့ကို သူတို့ ရောက်တော့ ဧလိယက ၁၄ မိုင် အဝေးမှာ ရှိတဲ့ ယေရိခေါမြို့ကို တစ်ယောက်တည်း သွားဦးမယ်လို့ ပြောတယ်။ အရင်တစ်ခါလိုပဲ ဧလိရှဲ ပြောပြန်တယ်။ ယေရိခေါမြို့လည်း ရောက်ရော ၅ မိုင်အကွာမှာ ရှိတဲ့ ဂျော်ဒန်မြစ်ကို မသွားခင် အရင်လို ပြောတယ်။ ဧလိရှဲကလည်း အလျှော့မပေးဘူး၊ ဧလိယကို ခွဲမသွားဘူး။—၂ ဘုရင်များ ၂:၁-၆။
ဧလိရှဲမှာ အရည်အသွေးကောင်း ခိုင်မြဲတဲ့မေတ္တာ ရှိတယ်။ နောမိအပေါ် ထားတဲ့ ရုသရဲ့ မေတ္တာမျိုး၊ သံယောဇဉ်နှောင်ကြိုး ခိုင်မြဲတဲ့ မေတ္တာမျိုးပဲ။ (ရုသ ၁:၁၅၊ ၁၆) ဘုရားသခင်ကို ဝတ်ပြုသူအားလုံး အဲဒီအရည်အသွေးမျိုး ရှိဖို့ အရင်ကထက် လိုအပ်နေတယ်။ ဒါကို ဧလိရှဲလိုမျိုး ကျွန်တော်တို့ အလေးထားသလား။
သူ့လက်ထောက် လူငယ်ဧလိရှဲရဲ့ မေတ္တာခိုင်မြဲပုံကို မြင်တွေ့ရတဲ့အတွက် ဧလိယ တော်တော် အားရှိသွားမှာ သေချာတယ်။ ဧလိရှဲ မေတ္တာခိုင်မြဲတဲ့အတွက် ဧလိယရဲ့ နောက်ဆုံး အံ့ဖွယ်အမှုကို မြင်တွေ့ခွင့် ရခဲ့တယ်။ တချို့အပိုင်းမှာ ရေနက်ပြီး ရေစီးသန်တဲ့ ဂျော်ဒန်မြစ်ရဲ့ ကမ်းနဖူးကို ရောက်လာကြတယ်။ ဧလိယက ပရောဖက်ဝတ်ရုံနဲ့ ရေကို ရိုက်တဲ့အခါ ရေနှစ်ခြမ်းကွဲသွားတယ်။ ဒါကို ခပ်လှမ်းလှမ်းမှာ ရပ်နေတဲ့ “ပရောဖက် ၅၀” လည်း မြင်တယ်။ စစ်မှန်တဲ့ ဝတ်ပြုရေးကို ဦးဆောင်ဦးရွက်ပြုဖို့ လေ့ကျင့်ခံနေတဲ့သူတွေပဲ။ (၂ ဘုရင်များ ၂:၇၊ ၈) ဒီလေ့ကျင့်ရေး အစီအစဉ်ကို ဧလိယ ကြိုမြင်ခဲ့ပုံရတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက ဘုရားကို သစ္စာရှိသူဆိုလို့ သူတစ်ယောက်ပဲ ကျန်တယ် ထင်ခဲ့ဖူးတာ။ ဘုရားကို ဝတ်ပြုသူတွေ တိုးပွားလာတာ မြင်တွေ့ခွင့် ပေးပြီး ခံနိုင်ရည် ရှိတဲ့ ဧလိယကို ယေဟောဝါ ဆုချခဲ့တယ်။—၁ ဘုရင်များ ၁၉:၁၀။
ဂျော်ဒန်မြစ် တစ်ဖက်ကို ရောက်တဲ့အခါ ဧလိယက “ကျုပ်ကို ဘုရားသခင် မခေါ်ဆောင်ခင် ခင်ဗျား တောင်းဆိုချင်တာ ရှိရင် တောင်းပါ” လို့ ဧလိရှဲကို ပြောတယ်။ ခွဲခွာရမယ့်အချိန် ရောက်လာပြီဆိုတာ ဧလိယ သိတယ်။ သူ့မိတ်ဆွေလေး အခွင့်ထူးတွေ ရပြီး ထင်ပေါ်လာမှာကို မနာလိုဝန်တို မဖြစ်ခဲ့ဘူး။ အတတ်နိုင်ဆုံး ကူညီပေးချင်စိတ်ပဲ ရှိတယ်။ ဧလိရှဲက “ကျွန်တော့်ကို သခင့်ဆီမှာ ရှိတဲ့ စွမ်းအားတော် နှစ်ဆ ပေးပါလား” လို့ တောင်းတယ်။ (၂ ဘုရင်များ ၂:၉) ဧလိယ ရထားတဲ့ စွမ်းအားတော်ကို နှစ်ဆ လိုချင်နေတာ မဟုတ်ပါဘူး။ သားဦးတစ်ယောက်လို အမွေ တောင်းနေတာပါ။ အိမ်ထောင်ဦးစီးအဖြစ် တာဝန်ယူရမယ့် သားဦးဟာ ပညတ်တရားအရ အမွေဝေစု အကြီးဆုံး ဒါမှမဟုတ် နှစ်ဆ ရတယ်။ (တရားဟောရာ ၂၁:၁၇) ဧလိယကို ဆက်ခံမယ့်သူအနေနဲ့ လုပ်ငန်း ပြီးစီးဖို့ဆိုရင် ဧလိယလို ရဲစွမ်းသတ္တိ ရှိဖို့ လိုမှန်း သူ သိထားလို့ပဲ။
စိတ်နှိမ့်ချတဲ့ ဧလိယကတော့ ယေဟောဝါ အဖြေပေးဖို့ စောင့်နေတယ်။ သက်ကြီးပရောဖက်ကို ခေါ်ဆောင်သွားတာ မြင်ခွင့် ရရင် ဧလိရှဲ တောင်းတာ ရမယ်လို့ ယေဟောဝါ အဖြေပေးတဲ့ သဘောပဲ။ မိတ်ဆွေရင်းချာနှစ်ယောက် “စကားတပြောပြောနဲ့ ဆက်လျှောက်လာနေတုန်း” အံ့အားသင့်စရာတစ်ခု ဖြစ်ပျက်လာတယ်။—၂ ဘုရင်များ ၂:၁၀၊ ၁၁။
ဧလိယနဲ့ ဧလိရှဲတို့ရဲ့ မိတ်ဆွေနှောင်ကြိုးကြောင့် ခက်ခဲချိန်တွေမှာ ခံနိုင်ရည်ရှိခဲ့ကြ
သူတို့နှစ်ယောက်နားမှာ အလင်းတန်းတစ်ခု ဘွားခနဲ ပေါ်လာတယ်။ ဗြုန်းဆို တဝှီးဝှီးအော်မြည်တဲ့ လေပွေတိုက်ခတ်သံနဲ့အတူ အလင်းတန်းကြောင့် တအံ့တဩ ဖြစ်နေတဲ့ သူတို့နှစ်ယောက် လူချင်းကွဲသွားကြတယ်။ မီးလို တောက်ပနေတဲ့ မြင်းရထားကို တွေ့တော့ အချိန်ရောက်ပြီဆိုတာ ဧလိယ သိလိုက်တယ်။ မြင်းရထားပေါ် သူ တက်သွားမသွား ကျမ်းစာမှာ ဖော်ပြမထားဘူး။ မိုးကောင်းကင်ပေါ် လေပွေနဲ့ တက်သွားမှန်း ဧလိယ သိလိုက်တယ်။
ဒါကို ဧလိရှဲ ကြည့်ရင်း မှင်တက်နေတယ်။ ဒီအံ့ဖွယ်မြင်ကွင်းကို မြင်နေရလို့ သူ့ကို ဧလိယမှာ ရှိတဲ့ ရဲစွမ်းသတ္တိ “နှစ်ဆ” ယေဟောဝါ ပေးမယ်ဆိုတာ သေချာနေပြီ။ ဒါပေမဲ့ အဲဒီကိစ္စကို မစဉ်းစားချင်သေးဘူး။ သူ ချစ်ခင်ရတဲ့ မိတ်ဆွေကြီး ဧလိယ ဘယ်ကို သွားမယ်ဆိုတာ မသိသလို ပြန်တွေ့ဖို့လည်း မမျှော်လင့်ရဲဘူး။ ဧလိရှဲက “အဘ၊ အဘ၊ အစ္စရေး မြင်းရထားပါလား၊ အစ္စရေး မြင်းစီးသူရဲတွေပါလား” လို့ အော်ပြောတယ်။ ဧလိရှဲ ကြည့်နေရင်း နည်းပေးလမ်းပြသူ ဧလိယကို မတွေ့ရတော့တဲ့အခါ ဝတ်ထားတဲ့ ဝတ်ရုံကို ဆွဲဆုတ်လိုက်တယ်။—၂ ဘုရင်များ ၂:၁၂။
ကောင်းကင်ပေါ် တက်သွားတဲ့ ဧလိယကော၊ ခိုကိုးရာမဲ့နေတဲ့ မိတ်ဆွေလေးရဲ့ ခေါ်သံကို ကြားပြီး မျက်ရည်လည်နေသလား။ ဘာပဲဖြစ်ဖြစ် ဒီလိုမိတ်ဆွေမျိုး ရှိလို့ ခက်ခဲတဲ့အချိန်တွေမှာ သူ ခံနိုင်ရည် ရှိခဲ့တာ သေချာတယ်။ ကျွန်တော်တို့လည်း ဧလိယကို အတုယူတဲ့အနေနဲ့ ဘုရားကို ချစ်ပြီး အလိုတော် ဆောင်သူတွေနဲ့ မိတ်ဆွေ ဖွဲ့သင့်တယ်။
နောက်ဆုံးတာဝန်
ဧလိယ ဘယ်ကို သွားသလဲ။ ကောင်းကင်မှာ ဘုရားနဲ့ နေဖို့ တက်သွားတယ်လို့ ဘာသာတချို့က သွန်သင်တယ်။ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ရာစုနှစ်တွေ ကြာပြီးနောက် ယေရှု ခရစ်တော်က မိမိကလွဲလို့ ဘယ်သူမှ ကောင်းကင်ကို မတက်ဖူးဘူးလို့ ပြောတယ်။ (ယောဟန် ၃:၁၃) ဒါကြောင့် “ဧလိယက မိုးကောင်းကင်ကို လေပွေနဲ့ တက်သွားတယ်” လို့ ဖတ်ရတဲ့အခါ ဘယ်ကောင်းကင်လဲဆိုပြီး မေးရမယ်။ (၂ ဘုရင်များ ၂:၁၁) ကျမ်းစာမှာပါတဲ့ “မိုးကောင်းကင်” ဆိုတဲ့ စကားလုံးဟာ ယေဟောဝါ စံမြန်းတဲ့နေရာကိုပဲ ဆိုလိုတာ မဟုတ်ဘူး။ ကမ္ဘာ့လေထု ရှိနေတဲ့နေရာ၊ မိုးတိမ်တွေ လွင့်မျောပြီး ကျေးငှက်တွေ ပျံသန်းနေတဲ့နေရာကိုလည်း ဆိုလိုတယ်။ (ဆာလံ ၁၄၇:၈) ဒီမိုးကောင်းကင်ကို ဧလိယ တက်သွားပြီး ဘာဆက်ဖြစ်သလဲ။
ချစ်စရာကောင်းတဲ့ ပရောဖက်ကို ယေဟောဝါက အိမ်နီးချင်း ယုဒနိုင်ငံမှာ တာဝန်သစ် ပြောင်းရွှေ့ ခန့်အပ်လိုက်တယ်။ ကျမ်းစာမှတ်တမ်းအရ နောက်ခုနစ်နှစ် ကျော်တာတောင် ဧလိယ တာဝန်ထမ်းနေဆဲပဲ။ ယုဒနိုင်ငံကို မင်းဆိုး ယဟောရံ အုပ်ချုပ်နေချိန် ဖြစ်တယ်။ အာဟပ်နဲ့ ယေဇဗေလရဲ့ သမီးတော်ကို မိဖုရား မြှောက်ထားတဲ့အတွက် မကောင်းတဲ့ ဩဇာတွေ လွှမ်းမိုးနေဆဲပဲ။ ယေဟောဝါက ယဟောရံဆီ တရားစီရင်တဲ့ စာတစ်စောင် ဧလိယကို ရေးပို့ခိုင်းတယ်။ ကြိုပြောတဲ့အတိုင်း ယဟောရံ အသေဆိုးနဲ့ သေသွားတယ်။ ပိုဆိုးတာကတော့ “သူ သေတော့ ဘယ်သူမှ ဝမ်းမနည်းကြဘူး” လို့ မှတ်တမ်းကို နိဂုံးချုပ်ထားတယ်။—၂ ရာဇဝင်ချုပ် ၂၁:၁၂-၂၀။
ဧလိယရဲ့ အဖြစ်နဲ့ အတော် ခြားနားတယ်။ ဧလိယ ဘယ်အချိန်မှာ ဘယ်လို သေဆုံးသွားမှန်း ကျွန်တော်တို့ မသိရဘူး။ ဒါပေမဲ့ ဘယ်သူမှ ဝမ်းမနည်းတဲ့ ယဟောရံရဲ့ သေဆုံးပုံနဲ့ မတူဘူးဆိုတာ သိရတယ်။ ဧလိရှဲ သူ့မိတ်ဆွေကို သတိရလွမ်းဆွတ်သလို သစ္စာရှိ ပရောဖက်တွေလည်း သတိရကြမှာ သေချာတယ်။ အနှစ် ၁,၀၀၀ လွန်ပြီးနောက်မှာ ချစ်စရာကောင်းတဲ့ ပရောဖက်ကို ကိုယ်ယောင်ပြောင်းတဲ့ စိတ်အာရုံမှာ ပါဝင်ခွင့် ပေးခဲ့လို့ ဧလိယကို ယေဟောဝါ တန်ဖိုးထားဆဲဆိုတာ သိရတယ်။ (မဿဲ ၁၇:၁-၉) ဧလိယဆီက သင်ယူပြီး အခက်အခဲကြား ခံနိုင်ရည် ရှိစေတဲ့ ယုံကြည်ခြင်း တိုးပွားချင်ပါသလား။ ဒါဆိုရင် ဘုရားကို ချစ်တဲ့သူတွေနဲ့ မိတ်ဆွေ ဖွဲ့ဖို့၊ ဘဝမှာ ဘုရားအမှုဆောင်ခြင်းကို အဓိကထားဖို့၊ ရင်ဖွင့် ဆုတောင်းဖို့ မမေ့ပါနဲ့။ ယေဟောဝါဆီမှာ ထာဝရ နားခိုရာ ရှာတွေ့နိုင်ပါစေ။
^ အပိုဒ်၊ 6 ပြီးခဲ့တဲ့နှစ်အနည်းငယ်က ဗာလပရောဖက်တွေကို ဧလိယ အနိုင်ရအောင် ဘုရား ကူညီခဲ့တဲ့နေရာ ကရမေလတောင် ဖြစ်မယ်လို့ ပညာရှင်တချို့ ပြောကြတယ်။ ကျမ်းစာကတော့ ဘယ်တောင်လဲဆိုတာ အတိအကျ မဖော်ပြဘူး။