မာတိကာဆီ ကျော်သွား

မိသားစုအတွက် အကူအညီ | သားသမီး ပြုစုပျိုးထောင်ခြင်း

ဇွဲရှိဖို့ သားသမီးကို သင်ပေးပါ

ဇွဲရှိဖို့ သားသမီးကို သင်ပေးပါ

 “သား မလုပ်တတ်တော့ဘူး။ ဒီလောက်ခက်တာကြီးကို ဘယ်လိုလုပ် လုပ်နိုင်မှာလဲ” ဆိုပြီး သားလေး စိတ်ပျက်လက်ပျက်နဲ့ ပြောတယ်။ ခက်လို့ဆိုပြီး လက်လျှော့တော့မလို့။ ကိုယ့်သား အခုလို စိတ်ညစ်နေတာ ဘယ်မြင်ချင်မလဲ။ ဒါပေမဲ့လည်း အခက်အခဲတွေကို ကျော်လွှားတတ်အောင် သူ့ကို သင်ပေးချင်တယ်။ ဒီတော့ ဝင်ကူပေးလိုက်မလား။ လက်လျှော့ခိုင်းမလား။ ဒါမှမဟုတ် ဇွဲရှိဖို့ သင်ပေးမလား။

သိသင့်သိအပ်ရာ

 ဇွဲလုံ့လရဲ့ အရေးပါပုံ။ ကြိုးစားပမ်းစား လုပ်ကိုင်တတ်အောင် လေ့ကျင့်ခံထားရတဲ့ ကလေးတွေဟာ ကျောင်းမှာ စာတော်တယ်၊ ကိုယ်ရောစိတ်ပါ ကျန်းမာကြံ့ခိုင်တယ်၊ လူပေါင်းဆံ့ကြတယ်။ ဆန့်ကျင်ဘက်အနေနဲ့ ကလေး စိတ်ပျက်မှာ၊ ပြဿနာကြုံမှာစိုးလို့ မိဘတွေကပဲ အရာရာ ဝင်ဖြေရှင်းပေးတတ်တဲ့ ကလေးတွေမှာတော့ စိတ်ကျဝေဒနာနဲ့ အားငယ်စိတ်ဝင်နိုင်ခြေ ပိုများတယ်။ အရွယ်ရောက်လာတဲ့အခါမှာလည်း အလိုမကျသူတွေ ဖြစ်လာနိုင်ခြေရှိတယ်။

 ဇွဲရှိလာအောင် သင်ပေးနိုင်တယ်။ ကလေးငယ်တွေကိုတောင် အခက်အခဲတွေ ဖြေရှင်းချင်စိတ် ရှိလာအောင် ကူညီပေးနိုင်တယ်။ လေ့လာမှုတစ်ခုအရ အလုပ်တစ်ခုကို လူကြီးတစ်ယောက် လွယ်လွယ်နဲ့မဟုတ်ဘဲ အားစိုက်ပြီး လုပ်နေတာကို ၁၅ လသားအရွယ် ကလေးတွေ မြင်တဲ့အခါ သူတို့ကိုယ်တိုင်လည်း ကြိုးစားချင်စိတ် တိုးများလာတာ မြင်ရတယ်။

 “သမီးတွေကို ဖိနပ်ကြိုးချည်တတ်အောင် သင်ပေးခဲ့တာ မှတ်မိသေးတယ်။ တစ်ရက်တည်းနဲ့ တတ်သွားတာတော့ ဘယ်ဟုတ်မလဲ။ သူတို့ဘာသာ ဖိနပ်ကြိုးချည်ခိုင်းရင် တစ်ခါတစ်ခါ ၁၀ မိနစ်၊ ၁၅ မိနစ်လောက်ကြာတယ်။ ပြီးမှ ကျွန်မ ဝင်ကူပေးတယ်။ လအနည်းငယ် အချိန်ပေးရတယ်၊ ငိုတဲ့အခါတွေလည်း ရှိတာပေါ့။ ဒါပေမဲ့ နောက်ဆုံး လုပ်တတ်သွားတယ်။ တကယ်တော့ ကျွန်မအတွက်လည်း အလုပ်ရှုပ်သက်သာအောင် သူတို့ကို ကြိုးမပါတဲ့ ဖိနပ်တွေ ဝယ်ပေးလို့ရတာပဲ။ ဒါပေမဲ့ သားသမီးတွေကို ဇွဲရှိအောင် သင်ပေးချင်တယ်ဆိုရင် ကျွန်မတို့ မိဘတွေကိုယ်တိုင် ဇွဲရှိဖို့ လိုတယ်။”—ကောလင်း။

 ဇွဲလျော့သွားအောင် လုပ်မိနိုင်တယ်။ တချို့မိဘတွေက မရည်ရွယ်ဘဲ ကိုယ့်သားသမီးတွေမှာ နဂိုရှိနှင့်ပြီးသား ဇွဲလုံ့လကိုတောင် လျော့နည်းသွားအောင် လုပ်မိနိုင်တယ်။ ဘယ်လိုနည်းနဲ့လဲ။ ကိုယ့်ကလေး စိတ်ပျက်မှာစိုးလို့ဆိုပြီး သူ နည်းနည်းစိတ်ရှုပ်လာတာနဲ့၊ မှားတော့မယ်ဆိုတာနဲ့ အမြန် “ဝင်ကယ်” ပေးလိုက်တာမျိုးပါ။ ဒါက ချစ်ရာမကျဘဲ နှစ်ရာကျတယ်။ စာရေးဆရာမ ဂျက်စီကာ လေဟီ အခုလို ပြောတယ်– “ကလေးတွေ နည်းနည်းလေး အခက်တွေ့တာနဲ့ သူတို့အစား ဝင်လုပ်ပေးလိုက်တာဟာ ‘မင်း လုပ်နိုင်မယ်လို့ မထင်ဘူး၊ မင်းကို မယုံဘူး’ လို့ ပြောလိုက်တာနဲ့ အတူတူပဲ။” a ရလဒ်က ဘာလဲ။ နောက်ပိုင်း အခက်အခဲတစ်ခု ပေါ်လာတာနဲ့ လွယ်လွယ် လက်လျှော့တတ်လာတယ်။ လူကြီးတစ်ယောက် လာကူပေးမှ ရမယ်ဆိုပြီး အတွေးဝင်သွားတတ်ကြတယ်။

ခက်ခဲတဲ့အလုပ်ကနေ ကလေးကို “ဝင်ကယ်” ပေးမယ့်အစား ဇွဲရှိအောင် သင်ပေးနိုင်

လုပ်ဆောင်နိုင်ရာ

 အလုပ်ကြိုးစားတတ်အောင် သင်ပေးပါ။ အရွယ်နဲ့လိုက်ဖက်တဲ့ အိမ်အလုပ်တွေပေးပြီး ဇွဲရှိလာအောင် သင်ပေးနိုင်တယ်။ ဥပမာ၊ မူကြိုအရွယ် ကလေးတွေဟာ ဆော့ပြီးသား အရုပ်တွေ ပြန်သိမ်းနိုင်တယ်။ ကျောင်းနေအရွယ်ကလေးတွေဟာ ပန်းကန်တွေ ချပေးတာ၊ စားပွဲခုံ သုတ်ပေးတာ၊ ဖိတ်ကျတာတွေ သုတ်ပေးတာ၊ အမှိုက်သိမ်းတာ၊ ပစ္စည်းတွေ နေရာတကျထားတာတွေ လုပ်နိုင်တယ်။ ဆယ်ကျော်သက်တွေကျတော့ သန့်ရှင်းရေး၊ ပြုပြင်ထိန်းသိမ်းရေးနဲ့ တခြားအိမ်အလုပ်တွေ လုပ်နိုင်ပြီ။ အိမ်အလုပ် မလုပ်ချင်လို့ ကကြီကကြောင် လုပ်ကြပါလိမ့်မယ်။ ဒါပေမဲ့ ငယ်ငယ်ကတည်းက အိမ်မှာ ဝိုင်းကူတတ်အောင် ကြပ်မတ်ပေးတာဟာ ကလေးတွေရဲ့ အကျိုးအတွက်ပါ။ လူကြီးဘဝမှာ မလုပ်ချင်လည်း လုပ်ရမယ့်တာဝန်တွေကို စွဲစွဲမြဲမြဲ လုပ်တတ်တဲ့အကျင့်ကောင်း ရသွားစေလို့ပါပဲ။

 ကျမ်းစာအခြေခံမူ။ “ကြိုးစားပမ်းစားလုပ်တဲ့ အလုပ်မှန်သမျှ အကျိုးရှိတယ်။”—ပညာအလိမ္မာ ၁၄:၂၃

 “လာမရှုပ်ရင် ပြီးရောဆိုပြီး တွေ့ကရာအလုပ် ခိုင်းလိုက်မယ်ဆိုရင် အချိန်ကုန်တာပဲ အဖတ်တင်မယ်။ လူကြီး မပြောနဲ့၊ ကလေးတွေတောင် မကြိုက်ဘူး။ အဓိပ္ပာယ်ရှိတဲ့ အလုပ်တစ်ခုပေးပြီး ဝိုင်းကူခိုင်းပါ။ ကလေးက ငယ်သေးတယ်ဆိုရင် သူ့အရပ်နဲ့ မီတဲ့နေရာတွေကို ဖုန်သုတ်ခိုင်းလို့ ရတယ်။ ကားရေဆေးတယ်ဆိုရင် အောက်ဘက်အပိုင်းတွေ ဆေးဖို့ တာဝန်ပေးနိုင်တယ်။ သူတို့ရဲ့ ကြိုးစားမှုကို ချက်ချင်း အသိအမှတ်ပြုပြီး ချီးမွမ်းပေးပါ။”—ခရစ်။

 ခက်ခဲတဲ့အလုပ်တွေ လုပ်တဲ့အခါ ဘေးကနေ သင်ပေးပါ။ အလုပ်တစ်ခုကို ကလေးတွေ လွယ်လွယ်လက်လျှော့လိုက်တာက မလုပ်တတ်လို့လည်း ပါတယ်။ ဒါကြောင့် တစ်ခုခု သင်ပေးတော့မယ်ဆိုရင် အခုလို လုပ်ကြည့်ပါ– အရင်ဆုံး ကိုယ်တိုင် လုပ်ပြပြီး သူ့ကို ကြည့်ခိုင်းပါ။ ပြီးနောက် အတူတူ လုပ်ကြည့်ပါ။ ပြီးတာနဲ့ သူ့ကို တစ်လှည့် ပေးလုပ်ပြီး အကြံပေးနိုင်တယ်။ နောက်ဆုံး၊ သူ့ဘာသာသူ အစအဆုံး လုပ်ခိုင်းပါ။

 ကျမ်းစာအခြေခံမူ။ “ခင်ဗျားတို့အတွက် ကျွန်တော်ပြတဲ့ စံနမူနာပဲ။ ကျွန်တော်လုပ်သလို ခင်ဗျားတို့ လိုက်လုပ်ကြပါ။”—ယောဟန် ၁၃:၁၅

 “ကျွန်တော့်အတွေ့အကြုံအရတော့ သားသမီးတွေကို ဇွဲရှိစေချင်တယ်ဆိုရင် ကိုယ်တိုင် ပုံသက်သေကောင်းပြဖို့ လိုတယ်။ သူတို့ဆီမှာ ရှိစေချင်တဲ့ အရည်အသွေးတွေကို ကိုယ်တိုင် တင်ပြရမှာ။”—ဒေါဂ်။

 လူတိုင်း မှားတတ်ကြတယ်၊ လုပ်ဖို့ ခက်တဲ့အရာတွေရှိတယ်ဆိုတာ လက်ခံနိုင်အောင် သင်ပေးပါ။ အခက်အခဲတွေကို လက်မလျှော့ဘဲ ကြိုးစားခဲ့လို့ အကျိုးရခဲ့တဲ့ ကိုယ်တွေ့ဖြစ်ရပ်တွေကို ပြောပြပါ။ ဘာမဆို အသစ်က စလုပ်ရင် ခက်မှာပဲ၊ မှားလည်း ကိစ္စမရှိဘူး၊ အဲဒီကနေ သင်ယူနိုင်တယ်ဆိုတာ နားလည်အောင် ရှင်းပြပါ။ အမှားလုပ်မိရင်လည်း သူ့အပေါ် အချစ်လျော့သွားမှာ မဟုတ်ဘူးဆိုတာ ပြောပြပါ။ ကြွက်သားတွေကို များများသုံးရင် သန်မာလာသလို မိဘအကူအညီမပါဘဲ အခက်အခဲတွေကို ကိုယ်တိုင်ဖြေရှင်းတတ်ပါများလာရင် ဇွဲပိုရှိလာမယ်။ ဒါကြောင့် ကိုယ့်ကလေး အခက်ကြုံပြီဆိုတာနဲ့ ချက်ချင်း ဝင်ဖြေရှင်းပေးမယ့်အစား သူကိုယ်တိုင် ကြိုးစားဖြေရှင်းဖို့ အချိန်ပေးပါ။ စာအုပ်တစ်အုပ် (How Children Succeed) မှာ အခုလို ရေးထားတယ်– “လူငယ်တစ်ယောက်ကို အမြန်ဆုံး ရင့်ကျက်စေတဲ့၊ စိတ်ဓာတ်ကြံ့ခိုင်စေတဲ့ နည်းကတော့ သူမလုပ်နိုင်လောက်တဲ့ အရာတစ်ခုကို စမ်းလုပ်ကြည့်ခိုင်းတာပါပဲ။”

 ကျမ်းစာအခြေခံမူ။ “လူဟာ ငယ်ရွယ်တုန်း ထမ်းပိုးထမ်းတာ ကောင်းတယ်။”—မြည်တမ်းစကား ၃:၂၇

 “လိုအပ်ရင် ကူညီပေးမယ်လို့ ပြောပြပြီး ကလေးတွေကို အတိုင်းအတာတစ်ခုအထိ ကိုယ့်ဘာသာကိုယ် ဖြေရှင်းဖို့ လွှတ်ထားပေးလိုက်။ ဒါ သူတို့အကျိုးအတွက်ပဲ။ အချိန်တန်ရင် ခက်ပါတယ်ဆိုတဲ့အရာတောင် လွယ်သွားမှာ။ ပညာတစ်ခုလည်း တိုးလာမယ်၊ ဇွဲလုံ့လရဲ့ အကျိုးရလဒ်ကိုလည်း သိသွားမယ်။”—ဂျော်ဒန်။

 ဉာဏ်ရည်ထက် ကြိုးစားမှုကို ချီးမွမ်းပေးပါ။ ဥပမာ၊ “အမှတ်တွေ ကောင်းလိုက်တာ။ ငါ့သားက သိပ်ဉာဏ်ကောင်းတာပဲ” လို့ ပြောမယ့်အစား “အမှတ်တွေ ကောင်းလိုက်တာ။ သား အများကြီးကြိုးစားခဲ့တာ သိတယ်။ သားအတွက် ဂုဏ်ယူတယ်” ဆိုပြီး ချီးကျူးပေးနိုင်တယ်။ ဉာဏ်ရည်ကိုမဟုတ်ဘဲ ကြိုးစားမှုကို ချီးကျူးဖို့ ဘာကြောင့် အရေးကြီးသလဲ။ ဒေါက်တာ ကယ်ရို ဒွက် အခုလို ပြောတယ်– “ဉာဏ်ကောင်းလို့ စာတော်တာဆိုပြီး ချီးမွမ်းခံရတဲ့ ကလေးတွေဟာ တစ်ခုခုမှားသွားတာနဲ့၊ နည်းနည်းခက်ပြီဆိုတာနဲ့ အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် သံသယဝင်တတ်ကြတယ်။ သားသမီးကို မိဘတွေ ပေးနိုင်တဲ့ အကောင်းဆုံးလက်ဆောင်က အခက်အခဲတွေ ရင်ဆိုင်ချင်စိတ်၊ အမှားတွေကနေ သင်ယူချင်စိတ်၊ ကြိုးစားချင်စိတ်၊ ဖြေရှင်းနည်းအသစ်တွေ ရှာချင်စိတ်၊ သင်ယူချင်စိတ် ရှိလာအောင် ပျိုးထောင်ပေးတာပါပဲ။ ဒီလိုဆိုရင် ကိုယ့်ကလေးဟာ ချီးမွမ်းခံချင်လို့ ကြိုးစားတာမျိုး မဖြစ်တော့ဘူး။” b

 ကျမ်းစာအခြေခံမူ။ “လူကိုစစ်ဆေးတာကတော့ သူ့ကိုချီးမွမ်းတဲ့စကားတွေပဲ။”—ပညာအလိမ္မာ ၂၇:၂၁

a The Gift of Failure စာအုပ်မှ။

b Mindset စာအုပ်မှ။