မိသားစုအတွက် အကူအညီ | သားသမီး ပြုစုပျိုးထောင်ခြင်း
ညစ်ညမ်းရုပ်ပုံစာပေကနေ သားသမီးကို ကာကွယ်ပါ
“ညစ်ညမ်းရုပ်ပုံစာပေတွေရဲ့ အန္တရာယ်ကို မသိလို့မဟုတ်ဘူး။ အန္တရာယ်တွေအကြောင်း ကောင်းကောင်း သိတာပေါ့။ ဒါပေမဲ့ သမီးလေး ဒီလောက် လွယ်လွယ်ကူကူနဲ့ ဝင်ကြည့်လို့ရမယ်လို့ ထင်မထားမိတာက ပြဿနာ။”—နီကိုးလ်။
ဒီဆောင်းပါးမှာ
သိသင့်သိထိုက်ရာ
သားသမီးတွေဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ညစ်ညမ်းရုပ်ပုံစာပေကို ကြည့်မိနိုင်တယ်။ ညစ်ညမ်းရုပ်ပုံစာပေကို စကြည့်မိတဲ့ ပျမ်းမျှအသက်က ၁၁ နှစ် ဖြစ်သွားပြီဆိုတာ လေ့လာတွေ့ရှိခဲ့တယ်။
သားသမီးတွေ တကူးတက ရှာနေစရာမလိုဘဲ ညစ်ညမ်းရုပ်ပုံစာပေတွေ ကြည့်မိသွားနိုင်တယ်။ ဥပမာ၊ ဘာရယ်မဟုတ်ဘဲ အင်တာနက် သုံးနေရင်း၊ လူမှုမီဒီယာ ကြည့်နေရင်း ညစ်ညမ်းရုပ်ပုံစာပေတွေ တွေ့သွားနိုင်တယ်။ အွန်လိုင်းဂိမ်းတွေ ကစားနေရင်း ညစ်ညမ်းတဲ့ ကြော်ငြာတွေ ပေါ်လာနိုင်တယ်။ ညစ်ညမ်းရုပ်ပုံစာပေလို့ ပြောတဲ့အခါ အမျိုးမျိုး ရှိပါတယ်။ အများစုကတော့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေ။ ဒါပေမဲ့ ညစ်ညမ်းတာတွေကို ကွက်ကွက်ကွင်းကွင်း ရေးသားထားတဲ့ ဝတ္ထုစာပေတွေ၊ အသံဇာတ်လမ်းတွေလည်း ရှိတယ်။ ဒါတွေအားလုံးကို အခုအချိန်မှာ အွန်လိုင်းကနေ အလွယ်တကူ ကြည့်ရှု၊ ကူးယူနိုင်တယ်။
ဖုန်းရဲ့ ဆက်သွယ်မှုအက်ပ်တွေကတစ်ဆင့် သားသမီးတွေကို ညစ်ညမ်းတဲ့အကြောင်းအရာတွေ စာပို့တာလည်း ရှိသေးတယ်။ လေ့လာမှုတစ်ခုအရ လူငယ် ၉၀၀ ကျော်ထဲမှာ မိန်းကလေး ၉၀ % နီးပါး၊ ယောက်ျားလေး ၅၀ % နီးပါးဟာ အတန်းဖော်တွေဆီကနေ ညစ်ညမ်းတဲ့ ရုပ်ပုံတွေ၊ ဗီဒီယိုတွေ ပုံမှန် ရရှိနေတာ တွေ့ရှိခဲ့တယ်။
ညစ်ညမ်းရုပ်ပုံစာပေ အများစုမှာ ရက်စက်ကြမ်းကြုတ်မှုတွေ ပါတယ်။ လူကြိုက်အများဆုံး၊ ရှာရ အလွယ်ကူဆုံး ညစ်ညမ်းရုပ်ပုံစာပေတွေမှာ ရက်စက်ကြမ်းကြုတ်မှု တစ်မျိုးမဟုတ် တစ်မျိုး ပါနေတတ်တယ်။ အများဆုံးက အမျိုးသမီးတွေကို နှိပ်စက်တဲ့ ပြကွက်တွေပါ။
ညစ်ညမ်းရုပ်ပုံစာပေတွေဟာ ကလေးတွေကို ထိခိုက်တယ်။ ညစ်ညမ်းရုပ်ပုံစာပေတွေ ကြည့်မိတဲ့ ကလေးတွေက အောက်ပါအရာတွေ ခံစားရကြောင်း လေ့လာတွေ့ရှိထားတယ်-
ကျောင်းစာ မလိုက်နိုင်ကြဘူး
စိုးရိမ်ထိတ်လန့်သွားတယ်၊ စိတ်ကျဝေဒနာ ခံစားရတယ်၊ သိမ်ငယ်စိတ်ဝင်လာတယ်
လိင်ဆိုင်ရာ အကြမ်းဖက်တာတွေဟာ သာမန်ပဲလို့ မှားယွင်းစွာ ထင်သွားကြတယ်
အဓိကအချက်။ ညစ်ညမ်းရုပ်ပုံစာပေတွေဟာ ကလေးတွေကို ထိခိုက်ပါတယ်။ သူတို့လေးတွေကို အကောင်းဆုံး ကာကွယ်ပေးနိုင်သူတွေဟာ မိဘတွေပါပဲ။
ကျမ်းစာမူ။ “အခု ကျွန်တော် မှာကြားနေတဲ့ ဒီစကားတွေကို နှလုံးသွင်းရမယ်။ ပြီးတော့ သားသမီးတွေကို စိတ်စွဲမှတ်သွားအောင် သွန်သင်ပေးရမယ်။ အိမ်မှာ ထိုင်တဲ့အခါ၊ လမ်းလျှောက်တဲ့အခါ၊ အိပ်တဲ့အခါ၊ ထတဲ့အခါ ပြောပြရမယ်။”—တရားဟောရာ ၆:၆၊ ၇။
ညစ်ညမ်းရုပ်ပုံစာပေကနေ သားသမီးကို ကာကွယ်နိုင်ပုံ
အကြောင်းစုံ သိအောင် စုံစမ်းထားပါ။ ဘယ်အချိန်၊ ဘယ်နေရာမှာ ညစ်ညမ်းရုပ်ပုံစာပေ ကြည့်မိနိုင်ချေ များသလဲဆိုတာ သုံးသပ်ပါ။ ဥပမာ၊ ကျောင်း မုန့်စားဆင်းချိန်တွေမှာ ဆရာ/မတွေ မရှိဘဲ အင်တာနက် အသုံးပြုခွင့် ရှိသလား။
သား aဖြစ်သူရဲ့ ဖုန်း လုံခြုံရေးအသွင်အပြင်တွေကို သိအောင် လုပ်ပါ။ ဘယ်အက်ပ်တွေ သုံးသလဲ၊ ဘာဂိမ်းတွေ ကစားသလဲဆိုတာ သိထားပါ။ ဥပမာ၊ မသင့်တော်တဲ့ စာ၊ ပုံ၊ ဗီဒီယိုတွေကို လက်ခံရရှိပြီး အချိန်တိုအတွင်းမှာ အလိုလို “ဖျောက်” ပေးတဲ့ နည်းစနစ် ဆက်သွယ်မှုအက်ပ်တချို့မှာ ရှိတယ်။ ပြီးတော့ အခုပေါ်လာတဲ့ အွန်လိုင်းဂိမ်း အတော်များများမှာ ညစ်ညမ်းရုပ်ပုံတွေကို ကြည့်လို့ရပြီး ဂိမ်းထဲမှာတောင် လိင်ပိုင်းဆိုင်ရာ အပြုအမူတွေ ပါဝင်လုပ်ဆောင်နိုင်ကြတယ်။
“ကိုယ်တိုင် ကြုံခဲ့ရလို့ ပြောပြပါရစေ။ သင့်ကလေးမှာ လက်ကိုင်ဖုန်း ရှိတယ်ဆိုရင် ဒီဖုန်းကို ဘယ်လို သုံးရသလဲ၊ တချို့ ဝက်ဘ်ဆိုက်တွေကို ဝင်ကြည့်လို့ မရအောင် settings မှာ ဘယ်လို ချိန်ညှိကန့်သတ်နိုင်သလဲ၊ ဖုန်းထဲ ကြည့်နေတာတွေကို ဘယ်လို စစ်ဆေးကြည့်ရှုနိုင်သလဲဆိုတာ မိဘတွေမှာ သိထားရမယ့် တာဝန် ရှိတယ်။”—ဒေးဗစ်။
ကျမ်းစာမူ။ “သိနားလည်နိုင်စွမ်းရှိသူဟာ အသိပညာကို ဆည်းပူးချင်စိတ် ရှိတယ်။”—ပညာအလိမ္မာ ၁၈:၁၅။
ညစ်ညမ်းရုပ်ပုံစာပေနဲ့ မထိတွေ့မိအောင် လုပ်နိုင်သမျှအားလုံး လုပ်ပါ။ ညစ်ညမ်းရုပ်ပုံစာပေ ကြည့်မိနိုင်ချေကို နည်းနိုင်သမျှ နည်းစေပါ။ ဥပမာ၊ ကလေးရဲ့ ဖုန်းမှာရော၊ အိမ်မှာသုံးတဲ့ တီဗွီ/ကွန်ပျူတာ စတာတွေမှာပါ ညစ်ညမ်းတာတွေ စစ်ထုတ်ပေးတဲ့ နည်းစနစ်ကို setting မှာ ချိန်ညှိထားပါ။ “မိဘထိန်းချုပ်မှုများ” (parental controls) ကို သုံးပါ။ သင့်ကလေး သုံးတဲ့ စကားဝှက် အားလုံးကိုလည်း သိထားပါ။
“စက်တွေမှာ ‘မိဘထိန်းချုပ်မှုများ’ ကို ဖွင့်ထားတာ၊ အင်တာနက်နဲ့ ချိတ်ထားတဲ့ တီဗွီမှာ ဝင်ကြည့်လို့ရတာတွေကို ကန့်သတ်ထားတာ၊ သားရဲ့ ဖုန်းစကားဝှက်ကို သိထားတာတွေက ထိရောက်တယ်ဆိုတာ တွေ့ရှိခဲ့တယ်။”—မော်ရီဇို။
“သားတွေဟာ အခန်းတံခါးပိတ်ပြီး ဗီဒီယို ကြည့်ခွင့် မရှိဘူး။ ညကျရင်လည်း အိပ်ခန်းထဲကို ဖုန်းတွေ ယူသွားဖို့ ခွင့်မပြုဘူး။”—ဂျန်လူကာ။
ကျမ်းစာမူ။ “အမြော်အမြင်ရှိသူက အန္တရာယ်ကို ကြိုမြင်ပြီး ပုန်းနေတတ်တယ်။”—ပညာအလိမ္မာ ၂၂:၃။
ညစ်ညမ်းတာတွေ ပေါ်လာတာနဲ့ ဘာဆက်လုပ်ရမလဲ သိအောင် သင့်ကလေးကို လေ့ကျင့်ပါ။ ဖလာဗီယာဆိုတဲ့ မိခင်တစ်ဦး ဒီလိုပြောတယ်– “တချို့မိဘတွေက ကလေးတွေကို ညစ်ညမ်းရုပ်ပုံစာပေတွေအကြောင်း သင်မပေးထားဘူး။ ဒါတွေကို ကလေးတွေ ဘယ်တော့မှ ထိတွေ့ရမှာလည်း မဟုတ်ပါဘူးဆိုပြီး တွေးတတ်ကြတယ်။” တချို့ကျတော့လည်း ‘ဒါတွေ သင်ပေးခါမှ ညစ်ညမ်းရုပ်ပုံစာပေကို သွားစူးစမ်းနေဦးမယ်’ ဆိုပြီး စိုးရိမ်ကြတယ်။ ဒီလိုတွေးတာ မှားပါတယ်။ ဉာဏ်ပညာရှိတဲ့ မိဘတွေက သားသမီးတွေ ညစ်ညမ်းရုပ်ပုံစာပေနဲ့ မထိတွေ့ခင်မှာ အန္တရာယ်တွေအကြောင်း ကြိုသင်ပေးကြတယ်။ ဘယ်လို သင်ပေးနိုင်မလဲ။
ကလေးငယ်တွေကို ညစ်ညမ်းရုပ်ပုံစာပေတွေ ပေါ်လာရင် ဘာလုပ်ရမယ်ဆိုတာ သင်ပေးပါ။ ချက်ချင်း မျက်စိမှိတ်၊ ဖုန်းကို ပိတ်လိုက်တာမျိုးပေါ့။ တွေ့တာ၊ ကြားတာတွေကိုလည်း အကုန် ပြန်ပြောပြဖို့ အားပေးပါ။ b
“သားကို ငယ်ငယ်လေးကတည်းက ညစ်ညမ်းရုပ်ပုံစာပေတွေရဲ့ အန္တရာယ်အကြောင်း သင်ထားပြီးသား။ သူအသက် ၁၁ နှစ်မှာ ဖုန်းထဲက ဂိမ်းတစ်ခုမှာ ညစ်ညမ်းရုပ်ပုံ ကြော်ငြာတွေ တက်လာတယ်။ သူ့ဓာတ်ပုံတွေကိုလည်း ပို့ပေးဖို့ တောင်းတယ်။ ဘာလုပ်ရမယ်ဆိုတာ ဆွေးနွေးပြီးသားဖြစ်နေလို့ သားလေးက ကျွန်တော့်ဆီ ချက်ချင်း လာပြောပြတယ်။”—မော်ရီဇို။
ကျမ်းစာမူ။ “ကလေးကို သူသွားသင့်တဲ့လမ်းအတိုင်း လေ့ကျင့်ပေးပါ။ အသက်ကြီးလာရင်တောင် အဲဒီလမ်းကို သူစွန့်ခွာမှာ မဟုတ်ဘူး။”—ပညာအလိမ္မာ ၂၂:၆။
ဆယ်ကျော်သက် ကလေးတွေကို ညစ်ညမ်းတာတွေ ကြည့်ချင်၊ နားထောင်ချင်၊ ဖတ်ချင်တဲ့ စိတ်ကို တွန်းလှန်တတ်အောင် ကူညီပါ။ ဥပမာ၊ ညစ်ညမ်းရုပ်ပုံစာပေတွေ ပေါ်လာရင် ဘာလုပ်မယ်၊ ဘာကြောင့် အဲဒီလိုလုပ်မယ်ဆိုတဲ့ မိသားစု စည်းမျဉ်းစည်းကမ်း စာချုပ်တစ်ခု အတူ ရေးသားပြင်ဆင်နိုင်တယ်။ တမင်တကာ ကြည့်တယ်ဆိုရင် ဘယ်လို နောက်ဆက်တွဲဆိုးကျိုးတွေ ရှိမလဲဆိုတာပါ စာချုပ်ထဲ ထည့်ပါ။ ကိုယ့်ကိုယ်ကိုယ် လေးစားမှု မရှိတော့တာ၊ မိဘတွေရဲ့ ယုံကြည်မှု ပျောက်ဆုံးတာ၊ ဘုရားနဲ့ ဆက်ဆံရေး မကောင်းတော့တာတွေလိုပေါ့။ c
“ကလေးတွေ ကြီးလာတာနဲ့အမျှ ညစ်ညမ်းရုပ်ပုံစာပေရဲ့ ခေတ္တဆွဲဆောင်မှုကိုပဲ မကြည့်ဘဲ ရေရှည်အကျိုးဆက်တွေအကြောင်း ထည့်စဉ်းစားဖို့ လေ့ကျင့်ပေးပါ။”—လော်ရက်တာ။
“ညစ်ညမ်းရုပ်ပုံစာပေတွေရဲ့ အန္တရာယ်ကိုသာ မဟုတ်ဘဲ ယေဟောဝါဘုရား ဘယ်လို ခံစားမလဲဆိုတာကိုပါ ကလေးတွေ သိထားမယ်ဆိုရင် ဖိအားကို တွန်းလှန်ဖို့ ပိုလွယ်ကူပါလိမ့်မယ်။”—ဒေးဗစ်။
ကျမ်းစာမူ။ ‘ဉာဏ်ပညာက ကာကွယ်ပေးတယ်။’—ဒေသနာ ၇:၁၂။
ပုံမှန် စကားပြောပါ။ ယုံရခက်နိုင်ပေမဲ့ တကယ်တော့ ကလေးတွေက လိင်အကြောင်း၊ ညစ်ညမ်းရုပ်ပုံစာပေအကြောင်း ပြောချင်ကြတယ်။ အင်္ဂလန်နိုင်ငံရဲ့ ကလေးသူငယ်များ ကော်မရှင်အဖွဲ့ဝင် ရေချယ် ဒီဆူဇာက အခုလိုပြောတယ်– “ကလေးတွေ ဘယ်လောက်ပဲ ငယ်ငယ် မိဘတွေကို လိင်အကြောင်း ခဏခဏ စူးစမ်းမေးမြန်းချင်စိတ်ရှိတာကို လေ့လာတွေ့ရှိခဲ့တယ်။ သူတို့တွေ ကြီးလာတာနဲ့အမျှ အရွယ်နဲ့လိုက်အောင် လိင်အကြောင်း ဆွေးနွေးသင်ကြားပေးဖို့ လိုတယ်။”
“ငယ်ငယ်ကဆိုရင် မိဘတွေက တချို့ကိစ္စတွေကို လုံးဝ မပြောပြဘူး။ အဲဒီတုန်းကသာ မိဘနဲ့ ပွင့်ပွင့်လင်းလင်း၊ လွတ်လွတ်လပ်လပ် ပြောလို့ရရင် ကောင်းမှာ။ ကျွန်မကိုယ်တိုင် အခု မိခင်တစ်ယောက်ဖြစ်ပြီဆိုတော့ သားသမီးတွေကို မကြာမကြာ လိင်ကိစ္စနဲ့ပတ်သက်ပြီး ပေါ့ပေါ့ပါးပါး ဆွေးနွေးဖို့ ကြိုးစားတယ်။”—ဖလာဗီယာ။
သင့်သားသမီး ညစ်ညမ်းရုပ်ပုံစာပေကို ထိတွေ့ခဲ့ရင်
စိတ်တည်တည်ငြိမ်ငြိမ်ထားပါ။ သင့်ကလေး ညစ်ညမ်းရုပ်ပုံစာပေ ကြည့်ဖူး၊ နားထောင်ဖူး၊ ဖတ်ဖူးတယ်ဆိုတာ သိလိုက်ရတဲ့အခါ စိတ်လိုက်မာန်ပါ မတုံ့ပြန်ပါနဲ့။ သားက နဂိုကတည်းက ဝမ်းနည်း၊ ထိတ်လန့်၊ အပြစ်ရှိတယ်လို့ ခံစားနေရတာ ဖြစ်နိုင်တယ်။ ဒေါသနဲ့ တုံ့ပြန်မိမယ်ဆိုရင် သူပိုပြီး စိတ်မကောင်း ဖြစ်သွားလိမ့်မယ်၊ နောင်လည်း တစ်ခုခုဆိုရင် သင့်ကို ပြောရဲမှာ မဟုတ်တော့ဘူး။
ကျမ်းစာမူ။ “ဉာဏ်ပညာရှိသူဟာ စကား များများ မပြောဘူး။ ပိုင်းခြားသိမြင်မှုရှိသူဟာ အေးဆေးတည်ငြိမ်တယ်။”—ပညာအလိမ္မာ ၁၇:၂၇။
အကြောင်းစုံသိအောင် လုပ်ပါ။ အလျင်စလို ကောက်ချက်လိုက်မယ့်အစား သင့်ကလေး ညစ်ညမ်းရုပ်ပုံစာပေကို ဘယ်ကနေ ဘယ်လို ကြည့်မိ၊ ဖတ်မိသလဲ သိအောင် မေးပါ။ ဥပမာ၊ တစ်ယောက်ယောက်က ရုပ်ပုံတွေ ပို့ပေးတာလား၊ သူ့ဘာသာသူ ရှာတာလား။ ဒီတစ်ခုပဲ ကြည့်မိတာလား၊ အရင်ကကော ကြည့်ဖူးသလား။ သူသုံးတဲ့ စက်မှာ ညစ်ညမ်းတာတွေ စစ်ထုတ်ပေးတဲ့ နည်းစနစ် ဒါမှမဟုတ် မိဘထိန်းချုပ်မှု နည်းစနစ်တို့ကို သုံးထားသလား။ သုံးထားလျက်နဲ့ဆိုရင် ဘယ်လိုဝင်ကြည့်နိုင်သလဲ။ သင့်ပန်းတိုင်က ကလေး စိတ်ထဲရှိတာတွေကို နှိုက်ထုတ်ဖို့ပါ၊ သူ့ကို စုံထောက်ကြီးတစ်ယောက်လို စစ်ဆေးမေးမြန်းဖို့ မဟုတ်ပါဘူး။
ကျမ်းစာမူ။ “စိတ်ထဲက အတွေးတွေဟာ နက်ရှိုင်းတဲ့ရေနဲ့ တူတယ်။ ပိုင်းခြားသိမြင်နိုင်စွမ်းရှိသူကတော့ ခပ်ယူတတ်တယ်။”—ပညာအလိမ္မာ ၂၀:၅။
တစ်ခုခု လုပ်ဆောင်ပါ။ ဥပမာ၊ မတော်တဆ ကြည့်မိတာဆိုရင် သူ့စက်ထဲက မိဘထိန်းချုပ်မှုနဲ့ ညစ်ညမ်းတာတွေ စစ်ထုတ်ပေးတဲ့ နည်းစနစ်ကို ချိန်ညှိပေးနိုင်တယ်။
ညစ်ညမ်းရုပ်ပုံစာပေကို တမင်တကာ ရှာကြည့်တာဆိုရင်တော့ ကြင်ကြင်နာနာ၊ ပြတ်ပြတ်သားသား ဆုံးမပါ။ ညစ်ညမ်းရုပ်ပုံစာပေ ကြည့်ချင်၊ ဖတ်ချင်စိတ်ကို တွန်းလှန်နိုင်အောင် ကူညီပေးတဲ့ ကျမ်းချက်တွေ ဖတ်ပြီး ကျိုးကြောင်းဆင်ခြင်ပေးပါ၊ ဥပမာ ယောဘ ၃၁:၁၊ ဆာလံ ၉၇:၁၀ နဲ့ ဆာလံ ၁၀၁:၃ တို့လို ကျမ်းချက်တွေဖြစ်တယ်။ d သူ့အခြေအနေကို အပတ်တိုင်း မေးမြန်းစစ်ဆေးသွားမယ်ဆိုတာ ပြောထားပါ။ အခြေအနေ တိုးတက်သလား၊ ဘာထပ်ကူညီပေးလို့ရသေးသလဲဆိုတာ သိနိုင်ဖို့ပါ။
ကျမ်းစာမူ။ “သားသမီးတွေကို စိတ်ဆိုးအောင် မလုပ်ကြနဲ့။ ယေဟောဝါ မိန့်မှာတဲ့အတိုင်း သူတို့ကို ဆုံးမသွန်သင်ပြီး ပြုစုပျိုးထောင်ကြပါ။”—ဧဖက် ၆:၄။
a သားယောက်ျားဆိုပြီး သုံးနှုန်းထားပေမဲ့ ဒီဆောင်းပါးမှာပါတဲ့ အကြံပြုချက်တွေက သားအတွက်ရော သမီးအတွက်ပါ သက်ဆိုင်ပါတယ်။
b ကလေးတွေကို လိင်အကြောင်း အရွယ်နဲ့လိုက်အောင် ဘယ်လိုသင်ပေးနိုင်သလဲ သိဖို့ “မိဘတွေအနေနဲ့ သားသမီးတွေကို လိင်အကြောင်း ဘယ်လိုသင်ပေးနိုင်သလဲ” ဆောင်းပါးကို ကြည့်ပါ။
c စာချုပ်ထဲမှာ ဘာတွေ ထပ်ရေးနိုင်သေးလဲ သိဖို့ “ညစ်ညမ်းရုပ်ပုံစာပေကို ရှောင်နိုင်ပုံ” အစီအစဉ်ဇယားကို ကြည့်ပါ။
d “ညစ်ညမ်းရုပ်ပုံစာပေကြည့်ရှုခြင်းကို ဘာကြောင့် ငြင်းပယ်ရ” ဆောင်းပါးကိုလည်း အတူ လေ့လာနိုင်တယ်။