မိသားစုအတွက် အကူအညီ | သားသမီး ပြုစုပျိုးထောင်ခြင်း
သားသမီးတွေ အိမ်မှာ ပျင်းရိငြီးငွေ့နေရင် ဘယ်လို လုပ်ရပါ့မလဲ
ကလေးက အိမ်မှာပဲ နေရတယ်၊ လုပ်စရာလည်း ဘာမှမရှိ ဖြစ်နေတယ်။ “ပျင်းလိုက်တာ” လို့ ညည်းနေပြီ။ တီဗီဖွင့်ဖို့၊ ဗီဒီယိုဂိမ်းဆော့ဖို့ မပြောခင် ဒီအချက်တွေကို စဉ်းစားကြည့်ပါ။
ကလေးတွေ ပျင်းရတဲ့အကြောင်းရင်းနဲ့ပတ်သက်တဲ့ မိဘတွေအဆို
အပန်းဖြေမှု ပမာဏနဲ့ အမျိုးအစားက အခြေအနေကို ပိုဆိုးစေနိုင်တယ်။ “ကလေးတချို့အတွက် တီဗီကြည့်တာ၊ ဂိမ်းဆော့တာနဲ့ ယှဉ်ရင် နေ့စဉ်ဘဝက ပျင်းစရာကောင်းတယ်” ဆိုပြီး ရောဘတ်လို့ခေါ်တဲ့ ဖခင် ပြောတယ်။
ဒါကို ဇနီး ဘာဘရာလည်း သဘောတူတယ်။ “လက်တွေ့ဘဝမှာ စဉ်းစားဖို့၊ ကြိုးစားဖို့ လိုတယ်။ တဖြည်းဖြည်းကြာမှ ရလဒ်ကို မြင်ရတာ။ တီဗီကြည့်တဲ့၊ ဂိမ်းဆော့တဲ့ ကလေးတွေအတွက်တော့ ဒါဟာ ငြီးငွေ့စရာ ဖြစ်နေတယ်။”
ဆိုရှယ်မီဒီယာနဲ့ပဲ အချိန်ကုန်နေတာက ဘဝအပေါ် အပျက်သဘော ဝင်စေနိုင်တယ်။ သူငယ်ချင်းတွေ တင်ထားတဲ့ ဓာတ်ပုံ၊ ဗီဒီယိုတွေကို လျှောက်ကြည့်နေတာက ငါ့ဘဝဟာ ပျင်းစရာကြီးလို့ မြင်စေတယ်။ ဘတ်လို့ ခေါ်တဲ့ မိန်းကလေးက “တခြားသူတွေကျတော့ ပျော်နေလိုက်တာ။ ငါ့မှာတော့ အိမ်မှာ ငုတ်တုတ်” လို့ ပြောတယ်။
ဆိုရှယ်မီဒီယာကို အချိန်အကြာကြီး သုံးတာက ဟာတာတာကြီး၊ ပျင်းစရာကြီးလို့ ခံစားရစေတယ်။ “အလုပ်တော့ များနေတာပဲ။ ဒါပေမဲ့ ဘာမှ ပြစရာမရှိ ဖြစ်နေတယ်” ဆိုပြီး ခရစ်ဆိုတဲ့ လူငယ် ပြောတယ်။
ငြီးငွေ့စရာအခြေအနေကို အခွင့်အရေးအဖြစ် ဖန်တီးနိုင်တယ်။ ကက်သရင်းလို့ခေါ်တဲ့ မိခင်က ပျင်းစရာအခြေအနေဟာ ကလေးတွေအတွက် တီထွင်ကြံဆနိုင်မယ့် အခွင့်အရေးပဲလို့ ဆိုတယ်။ ဥပမာ၊ “လေးထောင့်ပုံးတစ်ပုံးက နောင်တစ်ချိန် ပြန်ဖွင့်ကြည့်နိုင်တဲ့ အချိန်ဘူး (time capsule) ဖြစ်နိုင်တယ်။ ကားတစ်စီး၊ လှေတစ်စင်း၊ အာကာသယာဉ်လည်း ဖြစ်နိုင်တယ်။ ပရိဘောဂတွေပေါ် စောင်တစ်ထည် အုပ်လိုက်ရုံနဲ့ ရွက်ဖျင်တဲတစ်လုံး ဖြစ်လာနိုင်တာပဲ။”
စိတ်ကျန်းမာရေးဆရာဝန် ရှယ်ရီ တာကာက ပျင်းရိငြီးငွေ့တာက “တီထွင်ကြံဆဖို့ အခွင့်အရေး ရစေနိုင်တယ်” လို့ပြောတယ်။ a ပျင်းရိငြီးငွေ့တာက မကောင်းတာတော့ မဟုတ်ပါဘူး။ Disconnected စာအုပ်က “အလေးမတာက ကြွက်သားတွေ သန်မာစေသလို၊ ပျင်းရိငြီးငွေ့တာက တီထွင်ကြံဆနိုင်စွမ်း ကောင်းစေတယ်” လို့ ဆိုတယ်။
အဓိကအချက်။ ကလေးတွေရဲ့ ပျင်းရိငြီးငွေ့မှုကို ပြဿနာအနေနဲ့ မမြင်ဘဲ တီထွင်ကြံဆနိုင်စွမ်း တိုးစေဖို့ ကူညီပါ။
ပျင်းရိငြီးငွေ့နေတဲ့ ကလေးတွေအတွက် လုပ်ပေးနိုင်စရာ
ဖြစ်နိုင်ရင် ကလေးတွေ အိမ်အပြင်ဘက်မှာ ဆော့ကစားပါစေ။ အစောပိုင်းမှာ ကိုးကားခဲ့တဲ့ ဘာဘရာက “နေရောင်ခြည်နဲ့ လေကောင်းလေသန့်က ပျင်းရိငြီးငွေ့မှုကို ဖယ်ရှားပေးနိုင်တယ်။ အိမ်အပြင်ဘက်မှာ ကလေးတွေ ဆော့ကစားလိုက်တာနဲ့ စိတ်ကူးဉာဏ်တွေ ပေါ်လာပါလိမ့်မယ်။”
ကျမ်းစာအခြေခံမူ။ “အရာအားလုံးအတွက် အချိန်အခါဆိုတာ ရှိတယ်။ . . . ရယ်ရတဲ့အချိန်၊ . . . ကခုန်တဲ့အချိန် ရှိတယ်။—ဒေသနာ ၃:၁၊ ၄။
စဉ်းစားကြည့်ပါ။ အိမ်အပြင်ဘက်မှာ မကြာမကြာ ဆော့ကစားနိုင်အောင် ဘာလုပ်ပေးနိုင်မလဲ။ အိမ်အပြင်ဘက်မှာ ဆော့ကစားခိုင်းဖို့ မဖြစ်နိုင်ဘူးဆိုရင် အိမ်ထဲမှာ ဘာကစားနည်းတွေ ထွင်ရင် ကောင်းမလဲ။
တခြားသူတွေအတွက် စဉ်းစားတတ်အောင် ကလေးကို ကူညီပေးပါ။ လီလီယန်လို့ခေါ်တဲ့ မိခင်က “သက်ကြီး မိတ်ဆွေရဲ့ မြက်တွေ ရိတ်ပေးတာ၊ သစ်ရွက်တွေကို ထွန်ခြစ်နဲ့သိမ်းပေးတာ၊ တစ်ခုခု ချက်ပေးတာ၊ သာကြောင်းမာကြောင်း မေးမြန်းတာတွေ လုပ်ပါ။”
ကျမ်းစာအခြေခံမူ။ “ရက်ရောတဲ့သူဟာ ကြီးပွားလိမ့်မယ်။ သူတစ်ပါးကို လန်းဆန်းစေတဲ့သူဟာ ကိုယ်တိုင် လန်းဆန်းရလိမ့်မယ်။”—ပညာအလိမ္မာ ၁၁:၂၅။
စဉ်းစားကြည့်ပါ။ တခြားသူတွေကို ကူညီပေးတာက ကလေးတွေကို ဘယ်နည်းနဲ့ ပျော်ရွှင်စေနိုင်သလဲ။
စံနမူနာကောင်း ပြပါ။ နေ့စဉ်လုပ်ငန်းဆောင်တာအကြောင်း ကိုယ့်ပြောဆိုပုံက ကလေးတွေအပေါ် သက်ရောက်မှု ရှိတယ်။ စယ်ရာလို့ခေါ်တဲ့ မိခင်က “ဘဝကြီးဟာ ငြီးငွေ့စရာကြီး ဆိုတဲ့ ပုံစံမျိုး ပြောနေရင် ကလေးတွေလည်း အဲဒီအတိုင်း ထင်သွားလိမ့်မယ်။ ပျော်စရာကောင်းတဲ့ပုံ နေပြရင် သူတို့လည်း ပျော်လာပါလိမ့်မယ်” လို့ပြောတယ်။
ကျမ်းစာအခြေခံမူ။ “စိတ်ရွှင်လန်းသူတွေအတွက်တော့ အချိန်တိုင်းဟာ စားသောက်ပွဲ ဖြစ်နေတယ်။”—ပညာအလိမ္မာ ၁၅:၁၅။
စဉ်းစားကြည့်ပါ။ ကလေးတွေရှေ့ နေ့စဉ် အိမ်မှုကိစ္စတွေအကြောင်း ငါ ဘာတွေ ပြောနေသလဲ။ ငါ ပျင်းနေတဲ့အခါမျိုးမှာ ဘာတွေ လုပ်လေ့ရှိတာ သူတို့ မြင်သလဲ။
အကြံပြုချက်။ တီထွင်ကြံဆဉာဏ် ပေါ်လာအောင် ကလေးတွေကို ကူညီပါ။ “ဘူးတစ်ခု ထားပါ။ မိသားစုဝင်ယောက်တိုင်း ကိုယ့်ရဲ့အတွေး စိတ်ကူးတွေ ချရေးပြီး ထည့်ပါ” လို့ အလီစင်ဆိုတဲ့ မိခင် ပြောတယ်။
a Reclaiming Conversation စာအုပ်မှ။