မာတိကာဆီ ကျော်သွား

မိသားစုအတွက် အကူအညီ | အိမ်ထောင်ရေး

အရက်စွဲခြင်းနဲ့ အိမ်ထောင်ရေးပြဿနာ

အရက်စွဲခြင်းနဲ့ အိမ်ထောင်ရေးပြဿနာ

 အရက်ကိစ္စနဲ့ပတ်သက်ပြီး စိတ်ပူလို့ သင့်ကို အိမ်ထောင်ဖက် တစ်ခုခု ပြောဖူးသလား။ ပြောဖူးတယ်ဆိုရင် အချက်တချို့ကို သုံးသပ်ကြည့်ပါ။

ဒီဆောင်းပါးမှာ သိရမှာက

 အရက်စွဲခြင်းနဲ့ အိမ်ထောင်ရေးပြဿနာ

 အရက်ကြောင့် နှလုံးရောဂါ၊ အသည်းခြောက်ရောဂါ၊ ကင်ဆာ စတဲ့ ကျန်းမာရေးပြဿနာမျိုးစုံ ဖြစ်လာနိုင်တယ်။ ဒါပေမဲ့ အရက်က ကျန်းမာရေးကိုပဲ ထိခိုက်တာ မဟုတ်ဘူး။ အိမ်ထောင်ရေးကိုလည်း ထိခိုက်နိုင်တယ်။ ငွေကြေးအခက်အခဲ၊ အိမ်တွင်းအကြမ်းဖက်မှု၊ အိမ်ထောင်ရေး ဖောက်ပြန်မှု၊ ကွာရှင်းမှုတွေအထိ ဖြစ်လာနိုင်တယ်။

 အရက်ယမကာဟာ “မြွေလို ပေါက်တတ်တယ်။ မြွေပွေးလို အဆိပ်တွေ ထုတ်တတ်တယ်” လို့ ကျမ်းစာဆိုတယ်။ (ပညာအလိမ္မာ ၂၃:၃၂) သင် အရက်စွဲနေပြီလားဆိုတာ ဘာကိုကြည့်ပြီး သိနိုင်မလဲ။

 အရက်စွဲ၊ မစွဲ ဘယ်လို သိနိုင်မလဲ

 သင့်ဆီမှာ အရက်စွဲတဲ့လက္ခဏာတွေ ရှိ၊ မရှိ သိနိုင်ဖို့ အောက်ပါမေးခွန်းတွေကို ဖြေကြည့်ပါ–

  •   သောက်မိရင် ရပ်ရခက်လား

  •   အရက်သောက်ဖို့ပဲ စိတ်ရောက်နေသလား

  •   အရက်ကြောင့် ဘဝမှာ၊ အိမ်ထောင်မှာ ပြဿနာတွေ ဖြစ်နေတာတောင် ဆက်သောက်နေသလား

  •   အရက်မသောက်ဘဲနေတဲ့အခါ နေမထိထိုင်မသာဖြစ်သလား

  •   အရက်သောက်လို့ အိမ်ထောင်ဖက်နဲ့ စကားများရသလား

  •   အရင်ကထက် ပိုသောက်လည်း ရေချိန်မကိုက်သေးဘူးလို့ ခံစားရသလား

  •   အိမ်မှာ၊ အလုပ်မှာ အရက်ခိုးသောက်တာ၊ ပုလင်း ဝှက်ထားတာမျိုး ရှိသလား

 မေးခွန်းတစ်ခု ဒါမှမဟုတ် တစ်ခုထက်မကကို ဟုတ်တယ်လို့ ဖြေနေရင် သင်အရက်စွဲနေတာ ဖြစ်နိုင်တယ်။

 အရှိကို အရှိအတိုင်း လက်ခံပါ

 သင် အရက်သောက်တာနဲ့ပတ်သက်ပြီး စိုးရိမ်မကင်းဖြစ်ကြောင်း အိမ်ထောင်ဖက် ပြောဖူးသလား။ အဲဒီလို ပြောလာတဲ့အခါ ခပ်ပေါ့ပေါ့တွေးတာ၊ ဆင်ခြေပေးတာမျိုး လုပ်မိနိုင်တယ်။ တခြားသူတွေနဲ့ အိမ်ထောင်ဖက်ကိုတောင် အပြစ်တင်မိနိုင်တယ်။ ဥပမာ–

  •   “ငါ့ကိုသာ မင်းကောင်းကောင်းဆက်ဆံရင် ဒီအရက်ကို သောက်မှာ မဟုတ်ဘူး။”

  •   “ငါ့သူဌေးလို အလုပ်ရှင်မျိုးရှိရင် မင်းလည်း ဒီလို ဖြစ်မှာပဲ။”

  •   “ကိုယ့်ထက် အရက်ပိုသောက်နေကြတဲ့သူတွေမှ အများကြီး။”

 ဒီလို ပြောခဲ့ဖူးတယ်ဆိုရင် အိမ်ထောင်သာယာဖို့ထက် အရက်ကို ပိုအလေးထားနေတာမျိုး ဖြစ်မနေဘူးလား။ အရက်နဲ့ အိမ်ထောင်၊ ဘယ်တစ်ခုကို ပိုအလေးထားသင့်သလဲ။

 ကျမ်းစာအခြေခံမူ။ ‘အိမ်ထောင်သည် အမျိုးသားက ဇနီးဖြစ်သူ စိတ်ချမ်းသာစေဖို့ အာရုံစိုက်တယ်။’—၁ ကောရိန္သု ၇:၃၃

အိမ်ထောင်ဖက် စိုးရိမ်မကင်းဖြစ်နေတာကို မသိကျိုးကျွန် ပြုမယ့်အစား ရှင်းရှင်းလင်းလင်း မြင်လာအောင် ကြိုးစားကြည့်ပါ

 လုပ်ဆောင်နိုင်ရာ

  •   စိုးရိမ်စိတ်နဲ့ အိမ်ထောင်ဖက် ပြောလာတဲ့အခါ အလေးအနက်ထားပါ။ သူ့ဘက်က အကဲပိုလွန်းနေတာလို့ ထင်ရရင်တောင် အပြောင်းအလဲတချို့ လုပ်ကြည့်နိုင်မလား။ အိမ်ထောင်ဖက် စိုးရိမ်တဲ့ကြားက အရက်ဆက်သောက်မယ်လို့ ဇွတ်တင်းခံနေရင်တော့ သင့်မှာ အရက်နဲ့ပတ်သက်ပြီး ပြဿနာရှိနေတာ ဖြစ်နိုင်တယ်။

     ကျမ်းစာအခြေခံမူ။ “လူတိုင်း ကိုယ့်အကျိုးကို မရှာဘဲ သူတစ်ပါးအကျိုးကို ရှာကြပါ။”—၁ ကောရိန္သု ၁၀:၂၄

  •   အကြောင်းစုံ သိအောင်လုပ်ပါ။ စစ်သားတစ်ယောက်က ရန်သူရဲ့ စစ်နည်းဗျူဟာကို သိထားမှ အောင်မြင်နိုင်မယ်။ သင်လည်း အရက်စွဲတဲ့လက္ခဏာတွေက ဘာလဲ၊ ဘယ်ခြေလှမ်းတွေက အရက်ရဲ့ကျော့ကွင်းထဲ တွန်းပို့သလဲဆိုတာ သိထားမှ ရန်သူကို ချေမှုန်းနိုင်မယ်။ အရက် ဘယ်လိုဖြတ်ရမလဲ၊ ဖြတ်ပြီးရင် ပြန်မသောက်မိဖို့ ဘယ်လိုလုပ်ရမလဲ ဆိုတဲ့နည်းဗျူဟာတွေကိုလည်း လေ့လာထားရမယ်။

     ကျမ်းစာအခြေခံမူ။ “ခင်ဗျားတို့ကို ချုပ်ကိုင်ဖို့ တိုက်ခိုက်နေတဲ့ အပြစ်ရှိတဲ့ အလိုဆန္ဒတွေကို ရှောင်ကြဖို့ ကျွန်တော် တိုက်တွန်းချင်တယ်။”—၁ ပေတရု ၂:၁၁

  •   အကူအညီ ရယူပါ။ အရက်စွဲသူတွေကို ကုသပေးတဲ့ အသင်းအဖွဲ့တွေ၊ ဆေးရုံတွေ ရှိပါတယ်။ ရင့်ကျက်တဲ့ မိတ်ဆွေတစ်ဦးကို ပြောပြပြီးလည်း အကူအညီတောင်းနိုင်တယ်။ အရက်စွဲသွားရတဲ့ အရင်းခံပြဿနာကို သိဖို့ မေးမြန်းနိုင်သလို အရက်ပြန်သောက်ချင်လာပြီဆိုရင်လည်း သူ့ကို ချက်ချင်း ဆက်သွယ်နိုင်တယ်။

    ဆေးကုသမှုခံယူဖို့ စဉ်းစားပါ

     ကျမ်းစာအခြေခံမူ။ “မိတ်ဆွေစစ်ဆိုတာ အချိန်အခါမရွေး မေတ္တာပြတတ်တယ်။ သူဟာ ဒုက္ခရောက်ချိန်မှာ အားကိုးရတဲ့ ညီအစ်ကိုပဲ။”—ပညာအလိမ္မာ ၁၇:၁၇

 အရက်စွဲနေတဲ့ ပြဿနာကို ဖြေရှင်းဖို့ဆိုတာက ဆောင်းပါးတစ်ပုဒ် ဖတ်လိုက်ရုံ၊ “ငါ လျှော့သောက်တော့မယ်” လို့ ပြောလိုက်ရုံနဲ့ အဆင်ပြေသွားတာမဟုတ်ဘူး။ ထင်တာထက် ဖြေရှင်းရ ပိုခက်တယ်။ ဒါပေမဲ့ ဖြေရှင်းပုံက ကိုယ့်ကျန်းမာရေးကိုရော အိမ်ထောင်ရေးကိုပါ ဆိုကျိုးကောင်းကျိုးရှိစေနိုင်တယ်ဆိုတာ သတိရပါ။

 ပိုသိချင်ရင် အရက်ဖြတ်နိုင်ခဲ့သူတွေရဲ့ ကိုယ်တွေ့ ဖြစ်ရပ်ကို ဖတ်ကြည့်ပါ။

 ကျွန်တော်ဟာ ရက်စက်ကြမ်းကြုတ်သူ မဟုတ်တော့ဘူး

 သိမ်ငယ်စိတ် မရှိတော့ဘူး

 လမ်းပေါ်နေဘဝ ရောက်ခဲ့ရ

 ဘဝပုံစံအသစ် ကျွန်တော်ရရှိခဲ့ ဗီဒီယိုကိုလည်း ကြည့်ပါ။