ဒံယေလအကြောင်း ကျမ်းစာမှာ ဘယ်လို ဖော်ပြထားသလဲ
ကျမ်းစာအဆို
ဒံယေလဟာ ဘီစီ ခုနစ်ရာစု၊ ခြောက်ရာစုအတွင်း အသက်ရှင်ခဲ့တဲ့ ထင်ရှားတဲ့ ဂျူးပရောဖက် တစ်ဦးဖြစ်တယ်။ ဘုရားသခင်က ဒံယေလကို အိပ်မက်တွေရဲ့ အနက်အဓိပ္ပာယ် ဖွင့်ပြခဲ့တယ်၊ အနာဂတ်နဲ့ပတ်သက်တဲ့ စိတ်အာရုံတွေ ပေးခဲ့တယ်၊ ပရောဖက် ဒံယေလရဲ့နာမည်နဲ့ ကျမ်းစောင် ရေးသားစေခဲ့တယ်။—ဒံယေလ ၁:၁၇။ ၂:၁၉။
ဒံယေလဆိုတာ ဘယ်သူလဲ
ဒံယေလဟာ မြို့တော် ဂျေရုဆလင်နဲ့ ဂျူးဗိမာန်တော်တည်ရှိရာ ယုဒပြည်မှာ ကြီးပြင်းလာတယ်။ ဘီစီ ၆၁၇ မှာ ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာက ဂျေရုဆလင်ကို သိမ်းပိုက်ပြီး “အထင်ကရပုဂ္ဂိုလ်တွေ” ကို ဗာဗုလုန်ဆီ ဖမ်းဆီးခေါ်ဆောင်သွားတယ်။ (၂ ဘုရင်များ ၂၄:၁၅။ ဒံယေလ ၁:၁) အဲဒီအချိန်တုန်းက ဒံယေလ ဆယ်ကျော်သက်အရွယ် ဖြစ်ပုံရတယ်။
ဒံယေလနဲ့ (ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့ အပါအဝင်) လူငယ်တချို့ကို အစိုးရအလုပ်တွေအတွက် အထူးလေ့ကျင့်ပေးဖို့ ဗာဗုလုန် နန်းတော်ဆီ ခေါ်သွားကြတယ်။ မိမိတို့ရဲ့ ယုံကြည်ချက်ကို အလျှော့ပေးလိုက်လျောဖို့ ဖိအားပေးခံရပေမဲ့ ဒံယေလနဲ့ သူငယ်ချင်းသုံးယောက်ဟာ ဘုရားယေဟောဝါကို ဆက်သစ္စာရှိခဲ့ကြတယ်။ (ဒံယေလ ၁:၃-၈) သုံးနှစ်ကြာ လေ့ကျင့်မှု ခံယူပြီးနောက် သူတို့ရဲ့ ဉာဏ်ပညာနဲ့ စွမ်းရည်ဟာ “တစ်ပြည်လုံးမှာရှိတဲ့ မှော်ဆရာတွေ၊ မျက်လှည့်ဆရာတွေထက် ဆယ်ဆသာတယ်” လို့ ဘုရင် နေဗုခဒ်နေဇာ ချီးမွမ်းပြီး သူတို့ကို နန်းတော်မှာ အမှုထမ်းစေတယ်။—ဒံယေလ ၁:၁၈-၂၀။
ဆယ်စုနှစ်နဲ့ချီ ကြာပြီးနောက် အသက် ၉၀ ကျော် အရွယ်လောက်မှာ ဒံယေလ နန်းတော်ထဲ ဆင့်ခေါ်ခံရတယ်။ အဲဒီအချိန် ဗာဗုလုန်မှာ အုပ်ချုပ်နေတဲ့ ဘုရင် ဗေလရှာဇာက နန်းတော်နံရံပေါ်မှာ လူ့လက်တစ်ဖက် ရုတ်တရက်ပေါ်လာပြီး ရေးခဲ့တဲ့ စာရဲ့ အဓိပ္ပာယ်ကို ပြောပြခိုင်းတယ်။ ဗာဗုလုန်ဟာ မီဒို-ပါးရှား အင်ပါယာလက်ထဲ ကျရောက်သွားမယ်လို့ ယေဟောဝါရဲ့ အကူအညီနဲ့ ဒံယေလ အနက်ပြန်ပေးခဲ့တယ်။ အဲဒီညမှာပဲ ဗာဗုလုန် သိမ်းပိုက်ခံလိုက်ရတယ်။—ဒံယေလ ၅:၁၊ ၁၃-၃၁။
အခု မီဒို-ပါးရှား အုပ်ချုပ်မှုအောက်မှာ ဒံယေလဟာ မင်းအရာရှိတစ်ယောက် ဖြစ်လာတယ်။ ဘုရင်ဒါရိက သူ့ကို ထပ်ဆင့်ရာထူးတိုးပေးဖို့ စဉ်းစားထားတယ်။ (ဒံယေလ ၆:၁-၃) မနာလိုဖြစ်ကြတဲ့ မင်းအရာရှိတွေက ဒံယေလကို ခြင်္သေ့တွင်းထဲ ပစ်ချပြီး ရှင်းပစ်ဖို့ ကြံစည်ခဲ့ပေမဲ့ ယေဟောဝါ သူ့ကို ကယ်တင်လိုက်တယ်။ (ဒံယေလ ၆:၄-၂၃) ဒံယေလရဲ့ ဇရာအိုကာလမှာ ကောင်းကင်တမန်တစ်ပါး ရောက်လာပြီး သူ့ကို “သိပ်တန်ဖိုးထားရတဲ့သူ” ဖြစ်ကြောင်း နှစ်ကြိမ် ပြောခဲ့တယ်။—ဒံယေလ ၁၀:၁၁၊ ၁၉။
ဒံယေလ– တစ်သက်တာလုံး ယုံကြည်သူ ကျမ်းစာဇာတ်လမ်း အပိုင်းနှစ်ပိုင်းမှာ အဲဒီအဖြစ်အပျက်တွေအကြောင်း တင်ဆက်ထားတာကို ရှုစားကြည့်ပါ။