မီးသင်္ဂြိုဟ်ခြင်းအကြောင်း ကျမ်းစာအဆိုက ဘာလဲ
ကျမ်းစာအဖြေ
မီးသင်္ဂြိုဟ်ခြင်းအကြောင်း ကျမ်းစာမှာ သတ်သတ်မှတ်မှတ် ဖော်ပြထားတာ မရှိဘူး။ သေဆုံးသွားသူကို မြေမြှုပ်သင်္ဂြိုဟ်ခြင်း၊ မီးသင်္ဂြိုဟ်ခြင်းတို့နဲ့ပတ်သက်တဲ့ ကျမ်းစာ မိန့်မှာချက်လည်း မရှိပါဘူး။
ကွယ်လွန်သွားသူတွေကို ဘုရားသခင့် သစ္စာရှိကျွန်တွေ သင်္ဂြိုဟ်ခဲ့ကြပုံအကြောင်းကိုတော့ ဖော်ပြထားတယ်။ ဥပမာ၊ အာဗြဟံဆိုရင် ဇနီးစာရာကို သင်္ဂြိုဟ်ဖို့ သင်္ချိုင်းမြေတစ်ကွက် ရအောင် တော်တော်လေး ကြိုးစားခဲ့ရတယ်။—ကမ္ဘာဦး ၂၃:၂-၂၀။ ၄၉:၂၉-၃၂။
အလောင်းတွေကို မီးသင်္ဂြိုဟ်ခဲ့ကြတဲ့ သစ္စာရှိသူတွေအကြောင်းလည်း ကျမ်းစာမှာ ပါတယ်။ ဥပမာ၊ အစ္စရေးဘုရင် ရှောလုနဲ့ သားသုံးယောက် တိုက်ပွဲမှာ ကျဆုံးသွားတဲ့အခါ အလောင်းတွေကို ရန်သူ့နယ်မြေမှာ အရှက်ခွဲတဲ့အနေနဲ့ ချိတ်ဆွဲထားကြတယ်။ ဒါကို ကြားတဲ့ သစ္စာရှိ အစ္စရေးစစ်သည်တွေက ရှောလုနဲ့ သားတွေရဲ့ အလောင်းတွေကို ပြန်အရယူပြီး မီးရှို့၊ ကျန်ကြွင်းတဲ့ အရိုးတွေကို မြေမြှုပ်လိုက်ကြတယ်။ (၁ ရှမွေလ ၃၁:၈-၁၃) အဲဒီလိုသင်္ဂြိုဟ်ခဲ့ကြတာကို လက်သင့်ခံစရာနည်းအဖြစ် ကျမ်းစာ ဖော်ပြထားတယ်။—၂ ရှမွေလ ၂:၄-၆။
မီးသင်္ဂြိုဟ်ခြင်းနဲ့ပတ်သက်လို့ လွဲမှားတဲ့ယူဆချက်များ
ယူဆချက်အမှား။ မီးသင်္ဂြိုဟ်တာက သေဆုံးသူကို ဂုဏ်ဖျက်ရာရောက်တယ်။
အမှန်။ လူသေရင် မြေကြီးကို ပြန်သွားတယ်လို့ ကျမ်းစာဆိုတဲ့အတိုင်း အလောင်း ဆွေးမြေ့သွားတဲ့အခါ မြေမှုန့်ပြန်ဖြစ်တယ်။ (ကမ္ဘာဦး ၃:၁၉) မီးသင်္ဂြိုဟ်လိုက်ရင် ပြာ ဒါမှမဟုတ် မြေမှုန့် ဖြစ်တာ မြန်တယ်။
ယူဆချက်အမှား။ ကျမ်းစာခေတ်ကဆိုရင် ဘုရားမျက်နှာသာ မရသူတွေကိုပဲ သေတဲ့အခါ မီးရှို့ကြတယ်။
အမှန်။ အာခန်နဲ့ မိသားစုတို့လို သစ္စာမဲ့သူတချို့ရဲ့ အလောင်းကို မီရှို့ခဲ့ကြတယ်။ (ယောရှု ၇:၂၅) ဒါက ခြွင်းချက် ဖြစ်တယ်။ စည်းမျဉ်းအရ လုပ်တာ မဟုတ်ဘူး။ (တရားဟောရာ ၂၁:၂၂၊ ၂၃) အစောပိုင်းမှာ ဖော်ပြခဲ့သလိုပဲ ရှောလုနဲ့ သားယောနသန်တို့လို သစ္စာရှိသူတချို့ရဲ့ အလောင်းတွေကို မီးရှို့သင်္ဂြိုဟ်ခဲ့ကြတယ်။
ယူဆချက်အမှား။ မီးသင်္ဂြိုဟ်လိုက်ရင် သူ့ကို ဘုရား ရှင်ပြန်ထမြောက်ပေးတော့မှာ မဟုတ်ဘူး။
အမှန်။ မြေမြှုပ်သင်္ဂြိုဟ်တာ၊ မီးသင်္ဂြိုဟ်တာ၊ ပင်လယ်မှာ သေဆုံးတာ၊ သားရိုင်းတိရစ္ဆာန် ကိုက်သတ်တာ၊ ဘယ်လိုနည်းနဲ့ သေဆုံးသွားပါစေ အသက်ပြန်ရှင်အောင် ဘုရား လုပ်ပေးနိုင်ပါတယ်။ (ဗျာဒိတ် ၂၀:၁၃) ခန္ဓာကိုယ်အသစ် ဖန်ဆင်းပေးပြီး အသက်ပြန်ရှင်စေဖို့ အနန္တတန်ခိုးရှင်အတွက် မခက်ပါဘူး။—၁ ကောရိန္သု ၁၅:၃၅၊ ၃၈။