မာတိကာဆီ ကျော်သွား

မဟာဗာဗုလုန်ဆိုတာ ဘာလဲ

မဟာဗာဗုလုန်ဆိုတာ ဘာလဲ

ကျမ်းစာအဖြေ

 ဗျာဒိတ်ကျမ်းမှာ “မဟာဗာဗုလုန်” ဆိုပြီး “လျှို့ဝှက်နာမည်” ရှိတဲ့ “မိန်းမတစ်ယောက်၊” “ပြည့်တန်ဆာကြီး” အကြောင်း ဖော်ပြထားတယ်။ (ဗျာဒိတ် ၁၇:၁၊ ၃၊ ၅) အဲဒီအမျိုးသမီးဟာ “ဘုရားသခင်နဲ့ပတ်သက်တဲ့ အမှန်တရားကို မဟုတ်ဘဲ အလိမ်အညာစကားတွေကို ယုံကြည်ဖို့ ရွေးချယ်” တဲ့ မှားယွင်းတဲ့ကမ္ဘာ့ဘာသာရေး အစုအဖွဲ့ကို ရည်ညွှန်းတာ ဖြစ်တယ်။ a (ရောမ ၁:၂၅) ကမ္ဘာ့ဘာသာရေးတွေဟာ တစ်ခုနဲ့တစ်ခုမတူကြဘူးဆိုပေမဲ့ စစ်မှန်တဲ့ဘုရားသခင် ယေဟောဝါကို လူတွေဝတ်မပြုအောင် လုပ်ဆောင်တဲ့နေရာမှာတော့ တစ်နည်းမဟုတ်တစ်နည်းဆိုသလို တူကြတယ်။—တရားဟောရာ ၄:၃၅

မဟာဗာဗုလုန်ကို ခွဲခြားသိမြင်နိုင်တဲ့ အချက်များ

  1.  ၁။ မဟာဗာဗုလုန်ဟာ တင်စားချက်တစ်ခု ဖြစ်တယ်။ ဗျာဒိတ်ကျမ်းဟာ “အမှတ်သင်္ကေတတွေများ” နဲ့ ဖော်ပြထားတာကြောင့် မဟာဗာဗုလုန်ဆိုတာ တကယ့်အမျိုးသမီးတစ်ဦးကို ပြောနေတာမဟုတ်ဘဲ တင်စားချက်ဖြစ်ရမယ်လို့ ကောက်ချက်ချတာ သင့်တော်ပါတယ်။ (ဗျာဒိတ် ၁:၁) ဒါ့အပြင် မဟာဗာဗုလုန်ဟာ “ရေတွေ” ပေါ်မှာ ထိုင်နေတယ်။ “ပြည့်တန်ဆာထိုင်နေတဲ့ ရေတွေဟာ လူစုတွေ၊ လူအုပ်တွေ၊ လူမျိုးတွေ၊ ဘာသာစကား အမျိုးမျိုးပြောတဲ့ လူတွေကို ဆိုလိုတယ်။” (ဗျာဒိတ် ၁၇:၁၊ ၁၅) တကယ့်အမျိုးသမီးတစ်ယောက်ဟာ အဲဒီလိုမလုပ်နိုင်ဘူး။

  2.  ၂။ မဟာဗာဗုလုန်ဟာ ကမ္ဘာတစ်ခုလုံးအတိုင်းအတာနဲ့ ကြီးမားကျယ်ပြန့်မှုကို ပုံဆောင်တယ်။ မဟာဗာဗုလုန်ကို “ကမ္ဘာပေါ်က ဘုရင်တွေကို အုပ်စိုးတဲ့ မြို့ကြီး” ဆိုပြီး ခေါ်ဆိုထားတယ်။ (ဗျာဒိတ် ၁၇:၁၈) ဒါကြောင့် သူဟာ ကမ္ဘာချီအတိုင်းအတာအထိ ကြီးမားကျယ်ပြန့်ပြီး ဩဇာညောင်းတယ်။

  3.  ၃။ မဟာဗာဗုလုန်က နိုင်ငံရေး၊ စီးပွားရေးနဲ့မဆိုင်ဘဲ ဘာသာရေးနဲ့ ဆိုင်တယ်။ ရှေးခေတ်ဗာဗုလုန်ဟာ “ပြုစားတဲ့အတတ်နဲ့ မှော်အတတ်တွေ” လိုက်စားတဲ့နေရာမှာ နာမည်ကြီးတဲ့မြို့ ဖြစ်တယ်။ (ဟေရှာယ ၄၇:၁၊ ၁၂၊ ၁၃။ ယေရမိ ၅၀:၁၊ ၂၊ ၃၈) ပြောရမယ်ဆိုရင် အဲဒီမြို့မှာ စစ်မှန်တဲ့ဘုရားသခင် ယေဟောဝါရွံမုန်းတဲ့ အယူမှားဘာသာရေး အကျင့်အကြံတွေကို ပြုကျင့်ခဲ့ကြတယ်။ (ကမ္ဘာဦး ၁၀:၈၊ ၉။ ၁၁:၂–၄၊ ၈) ဗာဗုလုန်ဘုရင်တွေဟာ သိပ်မောက်မာပြီး ယေဟောဝါဘုရားနဲ့ စစ်မှန်တဲ့ဝတ်ပြုရေးကို မထီလေးစားလုပ်ကြတယ်။ (ဟေရှာယ ၁၄:၄၊ ၁၃၊ ၁၄။ ဒံယေလ ၅:၂–၄၊ ၂၃) အဲဒီလိုပဲ၊ မဟာဗာဗုလုန်လည်း “နတ်ဆိုးပညာ” လိုက်စားတဲ့ နေရာမှာ နာမည်ကြီးတယ်။ မဟာဗာဗုလုန်ဟာ ဘာသာရေးအဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း အဲဒီအချက်က ဖော်ပြတယ်။—ဗျာဒိတ် ၁၈:၂၃

     မဟာဗာဗုလုန် ဖျက်ဆီးခံရတဲ့အခါ “ကမ္ဘာ့အုပ်စိုးရှင်တွေ” ဝမ်းနည်းပူဆွေးကြတယ်လို့ ဖော်ပြထားတဲ့အတွက် မဟာဗာဗုလုန်ဟာ နိုင်ငံရေးကို ရည်ညွှန်းတာ မဖြစ်နိုင်ဘူး။ (ဗျာဒိတ် ၁၇:၁၊ ၂။ ၁၈:၉) “ကမ္ဘာ့ကုန်သည်တွေ” နဲ့ သူ့ကိုခွဲခြားဖော်ပြထားလို့ စီးပွားရေးနယ်ပယ်လည်း မဖြစ်နိုင်ပြန်ဘူး။—ဗျာဒိတ် ၁၈:၁၁၊ ၁၅

  4. Photograph taken by courtesy of the British Museum

    ဗာဗုလုန်ဘုရင် နဗိုနိုက်ဒတ်စ်နဲ့ စင်း၊ အစ်ရှတာ၊ ရှာမက် ဘုရားသုံးဆူရဲ့ အမှတ်သင်္ကေတ ထွင်းထုထားတဲ့ ကျောက်ပြား

     ၄။ မဟာဗာဗုလုန်ဟာ မှားယွင်းတဲ့ဘာသာဖြစ်တယ်။ မှားယွင်းတဲ့ဘာသာတရားက စစ်မှန်တဲ့ဘုရားသခင် ယေဟောဝါကိုဝတ်ပြုဖို့ လူတွေကို သွန်သင်ပေးမယ့်အစား တခြားဘုရားတွေကို ဝတ်ပြုဖို့ သွန်သင်ပေးတယ်။ အဲဒီလိုလုပ်တာကို ကျမ်းစာက “ပြည့်တန်ဆာလုပ်တာနဲ့ တင်စားထားတယ်။” (ဝတ်ပြုရာ ၂၀:၆။ ထွက်မြောက်ရာ ၃၄:၁၅၊ ၁၆၊ အောက်ခြေမှတ်ချက်) သုံးပါးပေါင်းတစ်ဆူလူသေရင် ဝိညာဉ်မသေဘူး ယုံကြည်ချက်၊ ဝတ်ပြုရေးမှာ ရုပ်တုအသုံးပြုခြင်းစတဲ့ အကျင့်အကြံတွေဟာ ရှေးခေတ်ဗာဗုလုန်ကနေ ဆင်းသက်လာတာဖြစ်ပြီး မှားယွင်းတဲ့ဘာသာတရားများစွာမှာ အဲဒီယုံကြည်ချက်၊ အကျင့်အကြံတွေကို သွန်သင်နေကြတုန်းပဲ။ အဲဒီဘာသာတရားတွေမှာ ဝတ်ပြုရေးနဲ့ လောကကိုချစ်တဲ့စိတ်ဟာ ရောထွေးနေတယ်။ မှားယွင်းတဲ့ဝတ်ပြုရေးမှာ ပါဝင်တာက ဘုရားသခင်အပေါ် သစ္စာမဲ့ရာကျလို့ ဘုရားရဲ့ ရန်သူပဲ။—ယာကုပ် ၄:၄

     မှားယွင်းတဲ့ဘာသာတရားတွေရဲ့ စည်းစိမ်ချမ်းသာနဲ့ အဆောင်အယောင်တွေဟာ “ခရမ်းရောင်နဲ့ ကြက်သွေးရောင် ဝတ်ဆင်ထားပြီး ရွှေ၊ ကျောက်မျက်ရတနာနဲ့ ပုလဲတွေ ဆင်မြန်းထား” သူအဖြစ် ကျမ်းစာမှာ တင်စားဖော်ပြထားတဲ့ မဟာဗာဗုလုန်နဲ့ သိပ်လိုက်ဖက်တယ်။ (ဗျာဒိတ် ၁၇:၄) မဟာဗာဗုလုန်ဟာ “ကမ္ဘာမြေပေါ်က ရွံရှာဖွယ်တွေရဲ့” ဇာစ်မြစ်၊ တစ်နည်းအားဖြင့် ဘုရားသခင်ကို ရှုတ်ချဂုဏ်ဖျက်နေတဲ့ သွန်သင်ချက်တွေ၊ လုပ်ရပ်တွေရဲ့ အဓိကတရားခံပဲ။ (ဗျာဒိတ် ၁၇:၅) မှားယွင်းတဲ့ဘာသာတရားမှာရှိသူတွေဟာ မဟာဗာဗုလုန်ကို ထောက်ခံအားပေးနေတဲ့ “လူစုတွေ၊ လူအုပ်တွေ၊ လူမျိုးတွေ၊ ဘာသာစကား အမျိုးမျိုးပြောတဲ့ လူတွေ” ဖြစ်တယ်။—ဗျာဒိတ် ၁၇:၁၅

 “မြေကြီးပေါ်မှာ ကွပ်မျက်ခံရသူအားလုံး” အတွက် မဟာဗာဗုလုန်မှာ တာဝန်ရှိတယ်။ (ဗျာဒိတ် ၁၈:၂၄) သမိုင်းကိုပြန်ကြည့်ရင် မှားယွင်းတဲ့ဘာသာတရားက စစ်ပွဲတွေဖြစ်လာအောင် သွေးထိုးပေးရုံမက အကြမ်းဖက်လုပ်ရပ်တွေကို မီးထိုးယပ်ခတ်ပေးတဲ့အပြင် မေတ္တာရှင်ဘုရားသခင် ယေဟောဝါနဲ့ပတ်သက်တဲ့ အမှန်တရားကိုလည်း မသွန်သင်ပေးဘူး။ (၁ ယောဟန် ၄:၈) အဲဒီလိုမသွန်သင်ပေးတဲ့အတွက် လူ့သမိုင်းမှာ သွေးစွန်းမှုအများကြီး ဖြစ်ခဲ့ရတယ်။

မဟာဗာဗုလုန်ကို ဘုရား ဘယ်လို ရှုမြင်သလဲ။

 ဘုရားသခင့် အမြင်မှာ မဟာဗာဗုလုန်ရဲ့ “အပြစ်တွေ များလွန်းလို့ ကောင်းကင်အထိ ရောက်နေပြီ။” (ဗျာဒိတ် ၁၈:၄၊ ၅) အယူမှားဘာသာတွေဟာ ဘုရားနဲ့ပတ်သက်ပြီး အလိမ်အညာတွေ သင်ပေးလို့၊ လူတွေကို ဖိနှိပ်အနိုင်ကျင့်လို့ ဘုရား ဒေါသထွက်တယ်။

မဟာဗာဗုလုန် ဘာဖြစ်သွားမလဲ

 မဟာဗာဗုလုန်ကို “ဘုရားသခင် ပြစ်ဒဏ်စီရင်ပြီ” လို့ ကျမ်းစာက ဆိုတယ်။ (ဗျာဒိတ် ၁၈:၂၀) ကျမ်းစာမှာ အယူမှားဘာသာအားလုံးကို ဇာတ်သိမ်းပစ်မယ့်အကြောင်း တင်စားချက်တွေနဲ့ ကြိုဟောထားတယ်။ (ဗျာဒိတ် ၁၈:၈) နီမြန်းတဲ့ သားရဲလို့ တင်စားထားတဲ့ နိုင်ငံရေး အင်အားစုတစ်စုက မဟာဗာဗုလုန်ကို သစ္စာဖောက်ပြီး အပြီးအပိုင် ဖျက်ဆီးပါလိမ့်မယ်။ (ဗျာဒိတ် ၁၇:၁၆၊ ၁၇) “ဗာဗုလုန်မြို့ကြီးဟာ အခုလိုပဲ ပစ်ချခံရပြီး စုံးစုံးမြုပ်သွားမယ်။ နောင်ဘယ်တော့မှ ပြန်တွေ့ရမှာ မဟုတ်ဘူး။” (ဗျာဒိတ် ၁၈:၂၁) ဒါကြောင့် ဘုရားရဲ့ နှစ်သက်မှု ရချင်သူတွေက အယူမှားဘာသာနဲ့ ကင်းကင်းရှင်းရှင်း နေဖို့၊ “သူတို့ထဲကနေ ထွက်သွားကြ” ဖို့ ဘယ်လောက် အရေးကြီးကြောင်း သိနိုင်ပါတယ်။—၂ ကောရိန္သု ၆:၁၄-၁၇