မာတိကာဆီ ကျော်သွား

မျှော်လင့်ချက်ကို ဘယ်မှာ ရှာတွေ့နိုင်မလဲ

မျှော်လင့်ချက်ကို ဘယ်မှာ ရှာတွေ့နိုင်မလဲ

ကျမ်းစာအဖြေ

 ဘုရားသခင်က ကျွန်တော်တို့ကို ‘မျှော်လင့်ချက်နဲ့ a အနာဂတ်’ ပေးချင်တယ်။ (ယေရမိ ၂၉:၁၁) ဒါကြောင့် ကျမ်းစာကို ပေးရခြင်း ဖြစ်တယ်။ ကျမ်းစာက ကျွန်တော်တို့ကို “နှစ်သိမ့်မှုပေး” ပြီး “မျှော်လင့်ချက် ရှိစေ” တယ်။ (ရောမ ၁၅:၄) ကျမ်းစာမှာပါတဲ့ အကြံပြုချက်ကောင်းတွေက နေ့စဉ်ဘဝမှာ အကောင်းမြင်စိတ် ရှိစေတယ်။ ကျမ်းစာကတိတွေက တောက်ပတဲ့ အနာဂတ်မျှော်လင့်ချက် ရှိစေတယ်။

ဒီဆောင်းပါးမှာ

 ကျမ်းစာက ဘယ်နည်းနဲ့ မျှော်လင့်ချက် ရှိစေသလဲ

 ကျမ်းစာမှာ ကျွန်တော်တို့ရဲ့ အသက်တာကို ပိုတိုးတက်ကောင်းမွန်စေတဲ့ လက်တွေ့ကျ အကြံပြုချက်တွေ ပါတဲ့အတွက် မျှော်လင့်ချက် ရှိစေတယ်။ အကြံပြုချက်တချို့ကို သုံးသပ်ကြည့်ပါ။

  •   လက်တွေ့ကျ လမ်းညွှန်မှုတွေကို ကျမ်းစာမှာ ရှာပါ။ “နှုတ်တော်ထွက်စကားဟာ ကျွန်တော့်ခြေကို လမ်းပြတဲ့ မီးခွက်ပါ။ လမ်းခရီးကို လင်းစေတဲ့ အလင်းပါ” ဆိုပြီး ဆာလံ ၁၁၉:၁၀၅ က ဆိုတယ်။ အားကောင်းတဲ့ အလင်းက ကိုယ့်ရှေ့တည့်တည့်မှာ ဘာရှိနေသလဲဆိုတာ မြင်စေသလို ရှေ့ခပ်လှမ်းလှမ်းက မြင်ကွင်းကိုပါ မြင်စေနိုင်တယ်။ အလားတူပဲ၊ ကျမ်းစာမူတွေက လောလောဆယ် ကြုံနေရတဲ့ ပြဿနာတွေကို ထိထိရောက်ရောက် ဖြေရှင်းနိုင်ဖို့ ကူညီပေးပြီး နေ့ရက်တိုင်းကို မျှော်လင့်ချက်အပြည့်နဲ့ ဖြတ်သန်းစေနိုင်တယ်။ ကျမ်းစာသွန်သင်ချက်တွေက အစွမ်းခွန်အား ပြည့်စေတယ်၊ “စိတ်နှလုံးကို ရွှင်လန်းစေတယ်။” (ဆာလံ ၁၉:၇၊ ၈) ဒါ့အပြင် ကမ္ဘာမြေနဲ့ လူတွေရဲ့ အနာဂတ်အတွက် ဘုရားရည်ရွယ်ချက်ကိုလည်း ဖော်ပြပေးတယ်။ ဒီမျှော်လင့်ချက်က ပျော်ရွှင်ကျေနပ်မှု ပေးစွမ်းနိုင်တယ်။

  •   တခြားသူရဲ့ အကူအညီကို လက်ခံပါ။ မျှော်လင့်ချက်မဲ့ပြီလို့ ထင်ရချိန်မှာ မိသားစုနဲ့ မိတ်ဆွေတွေကို ကျွန်တော်တို့ ရှောင်တတ်ကြတယ်။ ဒါက ဆုံးဖြတ်ချက် မှားစေနိုင်သလို မလုပ်သင့်တာ လုပ်မိစေတဲ့အတွက် နည်းလမ်းကောင်း မဟုတ်ဘူးလို့ ကျမ်းစာ ဖော်ပြတယ်။ (ပညာအလိမ္မာ ၁၈:၁) ချစ်ခင်ရသူတွေဟာ ကျွန်တော်တို့ ဟန်ချက်ညီအောင် ကူညီပေးနိုင်တယ်။ အခက်အခဲ ဖြေရှင်းနည်း အကြံဉာဏ်ကောင်းတွေ ပေးနိုင်တယ်။ (ပညာအလိမ္မာ ၁၁:၁၄) အနည်းဆုံးတော့ နှစ်သိမ့်ပေးနိုင်တယ်။ စိတ်အားတက်စေနိုင်တယ်။ ပြဿနာတွေ ပြေလည်ချိန်အထိ ခံရပ်နိုင်ဖို့ ခွန်အားပေးနိုင်တယ်။—ပညာအလိမ္မာ ၁၂:၂၅

  •   ဘုရားသခင်ဆီ ဆုတောင်းပါ။ “ထမ်းထားရတဲ့ဝန်ကို ယေဟောဝါဆီ ပုံအပ်လိုက်ပါ။ ကိုယ်တော် ဖေးမလိမ့်မယ်။ ဖြောင့်မတ်သူကို ဘယ်တော့မှ လဲကျခွင့်ပြုမှာ မဟုတ်ဘူး” လို့ ကျမ်းစာက ဆိုတယ်။ b (ဆာလံ ၅၅:၂၂) ယေဟောဝါကို “မျှော်လင့်ချက်ပေးတဲ့အရှင်” လို့ ခေါ်တယ်။ (ရောမ ၁၅:၁၃) ဘုရားသခင်ဟာ ကျွန်တော်တို့ကို ဂရုစိုက်တဲ့အရှင် ဖြစ်တဲ့အတွက် “စိုးရိမ်ပူပန်စရာ ရှိသမျှကို” ရင်ဖွင့်ဆုတောင်းနိုင်တယ်။ (၁ ပေတရု ၅:၇) “ဘုရားသခင်က ခင်ဗျားတို့ကို မြဲမြံစေပြီး ခွန်အားရှိစေမယ်၊ ကြံ့ကြံ့ခံ ရပ်တည်စေမယ်” လို့ ကျမ်းစာက ဆိုတယ်။—၁ ပေတရု ၅:၁၀

  •   စမ်းသပ်မှုတွေ ကြုံရပေမဲ့ မျှော်လင့်ချက် ဆက်ခိုင်မာနေပါ။ “[ဘုရားသခင်ရဲ့]စကားကို နားထောင်သူကတော့ ဘေးကင်းလုံခြုံစွာ နေရလိမ့်မယ်။ ဘေးဆိုးကို မကြောက်ဘဲ အေးချမ်းစွာ နေရလိမ့်မယ်” လို့ ကျမ်းစာ ကတိပေးတယ်။ (ပညာအလိမ္မာ ၁:၃၃) သြစတြေးလျမှာနေတဲ့ မာဂရက်ရဲ့အိမ် မုန်တိုင်းထဲပါသွားပြီး ပိုင်ဆိုင်ရာတွေ ဆုံးရှုံးသွားတယ်။ စိတ်ဓာတ်ကျမဲ့အစား ပစ္စည်းဥစ္စာတွေဟာ နေ့မြင်ညပျောက်ပဲဆိုတာ သိလာတယ်။ ဒါကြောင့် တကယ်အရေးကြီးတဲ့ မိသားစု၊ မိတ်ဆွေ၊ ဘုရားနဲ့ ရင်းနှီးတဲ့ဆက်ဆံရေး၊ ကျမ်းစာပါ မျှော်လင့်ချက်တို့ကို ပိုအာရုံစိုက်တတ်လာတယ်။—ဆာလံ ၃၇:၃၄။ ယာကုပ် ၄:၈

 ကျမ်းစာက လူတွေအတွက် ဘာမျှော်လင့်ချက် ပေးထားသလဲ

 ကျမ်းစာက ကမ္ဘာမြေနဲ့ လူတွေအတွက် တောက်ပတဲ့ အနာဂတ်မျှော်လင့်ချက် ပေးထားတယ်။ မကြာခင် ပြည့်စုံလာတော့မယ်။ လက်ရှိ ပြဿနာတွေ ကြုံနေရတာက “နောက်ဆုံးကာလ” မှာ ကျွန်တော်တို့ အသက်ရှင်နေကြောင်း ဖော်ပြတယ်။ (၂ တိမောသေ ၃:၁-၅) ဘုရားသခင်က ကမ္ဘာ့ပြဿနာတွေကို ဖြေရှင်းပေးပြီး မတရားမှုနဲ့ ဆင်းရဲခက်ခဲမှုတွေကို ဖယ်ရှားပေးတော့မယ်။ ဘုရားသခင့်နိုင်ငံတော်လို့ခေါ်တဲ့ အစိုးရကိုသုံးပြီး လုပ်ဆောင်ပေးတော့မယ်။ (ဒံယေလ ၂:၄၄။ ဗျာဒိတ် ၁၁:၁၅) “နိုင်ငံတော် လာပါစေ။ အလိုတော်ဟာ ကောင်းကင်မှာ ပြည့်စုံသလို ကမ္ဘာမြေမှာလည်း ပြည့်စုံပါစေ” ဆိုပြီး ဆုတောင်းဖို့ ယေရှု သင်ပေးတဲ့အခါ ဒီနိုင်ငံတော်ကို ဆိုလိုနေခြင်း ဖြစ်တယ်။—မဿဲ ၆:၉၊ ၁၀

 ကျမ်းစာမှာ လူတွေအတွက် ဘုရားအလိုတော်ကို ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်။ အောက်ပါ ပြဿနာတွေကို ဘုရားနိုင်ငံတော်က ဖယ်ရှားပေးမယ်။

  •   အငတ်ဘေး မရှိတော့ဘူး။ “မြေကြီးဟာ အသီးအပွင့်တွေကို ထုတ်ပေးလိမ့်မယ်။”—ဆာလံ ၆၇:၆

  •   ရောဂါတွေ မရှိတော့ဘူး။ “ပြည်သူပြည်သားတွေက ‘နေမကောင်းဘူး’ လို့ မညည်းရတော့ဘူး။”—ဟေရှာယ ၃၃:၂၄

  •   သေခြင်း မရှိတော့ဘူး။ ဘုရားသခင်က “[လူတွေရဲ့] မျက်ရည်ရှိသမျှကို သုတ်ပေးလိမ့်မယ်။ သေခြင်းရှိတော့မှာ မဟုတ်ဘူး။ ငိုကြွေးမြည်တမ်းခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းလည်း ရှိတော့မှာ မဟုတ်ဘူး။ အရင်ကဖြစ်ဖူးတာတွေ ကွယ်ပျောက်သွားပြီ။”—ဗျာဒိတ် ၂၁:၃၊ ၄

a မျှော်လင့်ချက်ဆိုတာ တစ်ခုခုကို လိုလားတောင့်တတာ၊ ရရှိပိုင်ဆိုင်နိုင်မယ်လို့ ယုံကြည်တာကို ဆိုလိုတယ်။ မျှော်လင့်စောင့်စားနေတဲ့အရာကိုလည်း ဆိုလိုတယ်။

b ယေဟောဝါဆိုတာ ကျမ်းစာမှာပါတဲ့ ဘုရားနာမည် ဖြစ်တယ်။—ဆာလံ ၈၃:၁၈