“အာလဖနဲ့ သြမေဃ”က ဘယ်သူလဲ၊ ဘာလဲ
ကျမ်းစာအဖြေ
“အာလဖနဲ့ သြမေဃ” က အနန္တတန်ခိုးရှင် ယေဟောဝါဘုရားကို ရည်ညွှန်းတယ်။ ဒီအသုံးအနှုန်း ကျမ်းစာထဲမှာ သုံးကြိမ်ပါတယ်။—ဗျာဒိတ် ၁:၈။ ၂၁:၆။ ၂၂:၁၃။ a
ဘုရားသခင်က မိမိကိုယ်မိမိ ဘာကြောင့် “အာလဖနဲ့ သြမေဃ” လို့ ခေါ်သလဲ
အာလဖနဲ့ သြမေဃ ဆိုတာ ဂရိအက္ခရာတွေထဲက ပထမဆုံးနဲ့ နောက်ဆုံး အက္ခရာ ဖြစ်တယ်။ ဗျာဒိတ်ကျမ်း အပါအဝင် ဓမ္မသစ်ကျမ်းလို့ခေါ်တဲ့ ကျမ်းစာအပိုင်းကို ဂရိဘာသာစကားနဲ့ ရေးသားခဲ့တယ်။ ဂရိအက္ခရာတွေထဲမှာ ဒီအက္ခရာနှစ်လုံးရဲ့ နေရာအနေအထားကြောင့် ယေဟောဝါတစ်ပါးတည်းသာ အစနဲ့ အဆုံးဖြစ်တယ်ဆိုတာ ဖော်ပြဖို့ အသုံးပြုခဲ့တယ်။ (ဗျာဒိတ် ၂၁:၆) အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ မရေမတွက်နိုင်တဲ့ ဟိုးအတိတ်ကာလကတည်းက တည်ရှိခဲ့ပြီး ထာဝစဉ် အနန္တတန်ခိုးရှင် ဆက်ဖြစ်သွားမယ်ဆိုတာ ဖော်ပြတယ်။ ကိုယ်တော်တစ်ပါးတည်းသာ “ထာဝစဉ်ထာဝရ ဘုရားသခင်ပါ။”—ဆာလံ ၉၀:၂။
“ဦးဆုံးနဲ့ နောက်ဆုံး” က ဘယ်သူလဲ
ကျမ်းစာက ယေဟောဝါဘုရားကိုရော သားတော်ယေရှုကိုပါ ဒီအသုံးအနှုန်းနဲ့ ဖော်ပြတယ်။ ဒါပေမဲ့ အဓိပ္ပာယ် မတူဘူး။ ဥပမာနှစ်ခုကို သုံးသပ်ကြည့်ပါ။
ဟေရှာယ ၄၄:၆ မှာ ယေဟောဝါက “ငါဟာ ဦးဆုံးနဲ့ နောက်ဆုံးပဲ။ ငါကလွဲလို့ တခြားဘုရား မရှိဘူး” လို့ ပြောတယ်။ ယေဟောဝါဟာ ထာဝစဉ် စစ်မှန်တဲ့ဘုရား ဖြစ်တယ်၊ ကိုယ်တော်ကလွဲလို့ တခြားဘုရား မရှိကြောင်း ပေါ်လွင်တယ်။ (တရားဟောရာ ၄:၃၅၊ ၃၉) ဒီနေရာမှာ “ဦးဆုံးနဲ့ နောက်ဆုံး” ဟာ “အာလဖနဲ့ ဩမေဃ” နဲ့ အဓိပ္ပာယ် တူတယ်။
ဒါ့အပြင် ဗျာဒိတ် ၁:၁၇၊ ၁၈ နဲ့ ၂:၈ မှာ “ဦးဆုံး [ပရိုတိုစ်၊ အာလဖ မဟုတ်] နဲ့ နောက်ဆုံး [အဲစခါတိုစ်၊ ဩမေဃ မဟုတ်]” ဆိုတဲ့ အသုံးအနှုန်းကို တွေ့ရတယ်။ ဒီကျမ်းချက်တွေရဲ့ ရှေ့နောက်စကားအရ သေဆုံးပြီးနောက် အသက်ပြန်ရှင်လာတဲ့သူအကြောင်း ပြောနေခြင်း ဖြစ်တယ်။ ဒါကြောင့် ဒီကျမ်းချက်တွေက သေခြင်းနဲ့ကင်းလွတ်တဲ့ ဘုရားသခင်ကို ရည်ညွှန်းတာ မဖြစ်နိုင်ဘူး။ (ဟဗက္ကုတ် ၁:၁၂) ဒါပေမဲ့ ယေရှုကတော့ သေဆုံးပြီး အသက်ပြန်ရှင်လာသူ ဖြစ်တယ်။ (တမန်တော် ၃:၁၃-၁၅) ယေရှုဟာ မသေနိုင်တဲ့ နာမ်ဝိညာဉ်ပုဂ္ဂိုလ်အနေနဲ့ ကောင်းကင်အသက်တာကို ဦးဆုံး ထမြောက်တဲ့ လူသား ဖြစ်ပြီး အခု “အစဉ်ထာဝရ” အသက်ရှင်နေတယ်။ (ဗျာဒိတ် ၁:၁၈။ ကောလောသဲ ၁:၁၈) နောက်ပိုင်း ရှင်ပြန်ထမြောက်ပေးတဲ့အလုပ် အားလုံးကို ယေရှု လုပ်ဆောင်ပါမယ်။ (ယောဟန် ၆:၄၀၊ ၄၄) ဒါကြောင့် ယေရှုဟာ ယေဟောဝါ တိုက်ရိုက် ရှင်ပြန်ထမြောက်ပေးသူထဲမှာ နောက်ဆုံးတစ်ယောက်လည်း ဖြစ်တယ်။ (တမန်တော် ၁၀:၄၀) ဒီသဘောနဲ့ ယေရှုကို “ဦးဆုံးနဲ့ နောက်ဆုံး” လို့ ခေါ်ထားတာ သင့်လျော်ပါတယ်။
ယေရှုဟာ “အာလဖနဲ့ ဩမေဃ” ဖြစ်ကြောင်း ဗျာဒိတ် ၂၂:၁၃ က သက်သေပြတယ် မဟုတ်လား
မဟုတ်ပါဘူး။ ဗျာဒိတ် ၂၂:၁၃ ပါစကားကို ဘယ်သူ ပြောတယ်ဆိုတာ အသေအချာ မဖော်ပြထားဘူး။ ဒီအခန်းကြီးမှာ စကားပြောသူ အတော်များများ ပါတယ်။ ဗျာဒိတ်ကျမ်းရဲ့ ဒီအပိုင်းနဲ့ပတ်သက်ပြီး ပါမောက္ခ ဝီလျံ ဘာကလေး ဒီလိုရေးခဲ့တယ်– “သေချာရေရာစွာ ရေးထားတာမျိုး မရှိတဲ့အတွက် ဒီစကားကို ဘယ်သူဘယ်ဝါ ပြောမှန်း သိဖို့ ခက်တယ်။” (ပြန်လည်တည်းဖြတ်ထားတဲ့ ယောဟန်၏ ဗျာဒိတ်ကျမ်း၊ အတွဲ ၂၊ စာမျက်နှာ ၂၂၃) ဒါကြောင့် ဗျာဒိတ် ၂၂:၁၃ ပါ “အာလဖနဲ့ သြမေဃ” ဟာ ဗျာဒိတ်ကျမ်း တခြားကျမ်းချက်တွေမှာလိုပဲ ယေဟောဝါဘုရားကို ရည်ညွှန်းပါတယ်။
a ဂျိမ်းဘုရင် ဘာသာပြန်ကျမ်း၊ ဗျာဒိတ် ၁:၁၁ မှာ လေးကြိမ်မြောက် တွေ့ရတယ်။ ခေတ်သုံးဘာသာပြန်ကျမ်း အများစုမှာတော့ မပါတော့ဘူး။ အကြောင်းကတော့ ရှေးအကျဆုံး ဂရိလက်ရေးစာမူတွေမှာ မတွေ့ရဘဲ ကျမ်းကူးသူတွေ နောက်ပိုင်းမှ ထပ်ထည့်ခဲ့တာ ထင်ရှားလို့ပါပဲ။