အခန်းတစ်ဆယ်
ကောင်းကင်တမန်တွေနဲ့ပတ်သက်တဲ့ အမှန်တရား
၁။ ကောင်းကင်တမန်တွေအကြောင်း ဘာကြောင့် သိချင်စိတ်ရှိသင့်သလဲ။
ယေဟောဝါက သူ့မိသားစုအကြောင်း ကျွန်တော်တို့ကို သိစေချင်တယ်။ ကောင်းကင်တမန်တွေဟာ ဘုရားသခင်ရဲ့ မိသားစုဝင်တွေပဲ။ ကျမ်းစာမှာ သူတို့ကို “ဘုရားသခင်ရဲ့သားတွေ” လို့ခေါ်တယ်။ (ယောဘ ၃၈:၇) ကောင်းကင်တမန်တွေ ဘာလုပ်ကြသလဲ။ လူတွေကို အရင်တုန်းက ဘယ်လိုကူညီခဲ့သလဲ။ အခုကော ကူညီပေးနိုင်သလား။—ရှင်းလင်းချက် ၈ ကိုကြည့်ပါ။
၂။ ကောင်းကင်တမန်တွေ ဘယ်လိုဖြစ်လာသလဲ။ အရေအတွက် ဘယ်လောက်ရှိသလဲ။
၂ ကောင်းကင်တမန်တွေ ဘယ်လိုဖြစ်လာသလဲဆိုတာ သိဖို့လိုတယ်။ ယေဟောဝါက ယေရှုကို ဖန်ဆင်းပြီးနောက် “ကောင်းကင်နဲ့ ကမ္ဘာမြေပေါ်မှာ ရှိရှိသမျှ” ကို ဖန်ဆင်းတယ်လို့ ကောလောသဲ ၁:၁၆ မှာပြောတယ်။ အဲဒီအထဲမှာ ကောင်းကင်တမန်တွေပါတယ်။ အရေအတွက် ဘယ်လောက်ရှိသလဲ။ ကောင်းကင်တမန် သန်းထောင်ပေါင်းများစွာရှိတယ်လို့ ကျမ်းစာပြောတယ်။—ဆာလံ ၁၀၃:၂၀။ ဗျာဒိတ် ၅:၁၁။
၃။ ယောဘ ၃၈:၄-၇ မှာ ကောင်းကင်တမန်တွေအကြောင်း ဘာပြောသလဲ။
၃ ကမ္ဘာမြေကို မဖန်ဆင်းခင် ကောင်းကင်တမန်တွေကို ယေဟောဝါ ဖန်ဆင်းတယ်ဆိုပြီး ကျမ်းစာသွန်သင်တယ်။ ကမ္ဘာမြေကို မြင်တဲ့အခါ ကောင်းကင်တမန်တွေ ဘယ်လိုခံစားရသလဲ။ သူတို့ ရွှင်လန်းခဲ့ကြတယ်လို့ ယောဘကျမ်းမှာ ပြောတယ်။ သူတို့ဟာ ယေဟောဝါအတွက် အမှုဆောင်တဲ့ စည်းလုံးတဲ့မိသားစု ဖြစ်တယ်။—ယောဘ ၃၈:၄-၇။
ဘုရားရဲ့လူတွေကို ကောင်းကင်တမန်တွေ ကူညီ
၄။ ကောင်းကင်တမန်တွေဟာ လူတွေကို စိတ်ဝင်စားမှန်း ဘယ်လိုသိနိုင်သလဲ။
၄ ကောင်းကင်တမန်တွေက လူတွေကို အလွန်စိတ်ဝင်စားတယ်။ ကမ္ဘာမြေနဲ့ လူတွေအတွက် ဘုရားရဲ့ရည်ရွယ်ချက်ကိုလည်း စိတ်ဝင်စားတယ်။ (ပညာအလိမ္မာ ၈:၃၀၊ ၃၁။ ၁ ပေတရု ၁:၁၁၊ ၁၂) အာဒံနဲ့ဧဝ ပုန်ကန်တဲ့အခါ သူတို့ သိပ်ဝမ်းနည်းကြမှာပဲ။ အခု ယေဟောဝါကို လူအများစု မနာခံတာကို တွေ့တဲ့အခါ ပိုလို့တောင် ဝမ်းနည်းကြမှာ။ လူတစ်ယောက် နောင်တယူပြီး ဘုရားသခင်ဆီ ပြန်လှည့်လာတဲ့အခါ ကောင်းကင်တမန်တွေ ဝမ်းမြောက်ကြတယ်။ (လုကာ ၁၅:၁၀) သူတို့ဟာ ဘုရားသခင့် အမှုဆောင်သူတွေကို အလွန်စိတ်ဝင်စားတယ်။ ယေဟောဝါဟာ ကောင်းကင်တမန်တွေကို သုံးပြီး ကမ္ဘာပေါ်မှာရှိတဲ့ မိမိရဲ့ကျေးကျွန်တွေကို ကူညီတယ်၊ ကာကွယ်တယ်။ (ဟီဘရူး ၁:၇၊ ၁၄) ဥပမာတချို့ သုံးသပ်ကြည့်ရအောင်။
၅။ အရင်တုန်းက ဘုရားကျေးကျွန်တွေကို ကောင်းကင်တမန်တွေ ဘယ်လိုကူညီခဲ့သလဲ။
၅ သောဒုံနဲ့ ဂေါမောရမြို့ ဖျက်ဆီးခံရချိန်မှာ ယေဟောဝါက လောတနဲ့ သူ့မိသားစု လွတ်မြောက်အောင် ကူညီဖို့ ကောင်းကင်တမန်နှစ်ပါး စေလွှတ်ခဲ့တယ်။ (ကမ္ဘာဦး ၁၉:၁၅၊ ၁၆) အဲဒီနောက် ရာစုနှစ်များစွာအကြာမှာ ပရောဖက်ဒံယေလဟာ ခြင်္သေ့တွင်းထဲ ပစ်ချခံရတယ်။ ဒါပေမဲ့ “ဘုရားက ကောင်းကင်တမန်ကို လွှတ်ပြီး ခြင်္သေ့တွေရဲ့ ပါးစပ်ကို ပိတ်ထားတဲ့အတွက်” သူ့ကို ဘာအန္တရာယ်မှ မပြုခဲ့ဘူး။ (ဒံယေလ ၆:၂၂) နောက်ပိုင်း တမန်တော်ပေတရု ထောင်ကျချိန်မှာ ယေဟောဝါက ကောင်းကင်တမန်တစ်ပါးကို သုံးပြီး ထောင်ကနေ လွှတ်ပေးတယ်။ (တမန်တော် ၁၂:၆-၁၁) ယေရှု မြေကြီးပေါ်ရှိချိန်မှာလည်း ကောင်းကင်တမန်တွေ ကူညီပေးတယ်။ ဥပမာ၊ ယေရှု နှစ်ခြင်းခံပြီးနောက် “ကောင်းကင်တမန်တွေက ယေရှုကို အလုပ်အကျွေးပြုကြတယ်။” (မာကု ၁:၁၃) ယေရှု အသတ်မခံရခင်မှာ ကောင်းကင်တမန်တစ်ပါး ရောက်လာပြီး “အားပေးတယ်။”—လုကာ ၂၂:၄၃။
၆။ (က) အခုအချိန်မှာလည်း ဘုရားရဲ့လူတွေကို ကောင်းကင်တမန်တွေ ကူညီပေးနေမှန်း ဘယ်လိုသိနိုင်သလဲ။ (ခ) ဘယ်မေးခွန်းတွေရဲ့ အဖြေကို အခု လေ့လာကြမလဲ။
၆ အခုအချိန်မှာတော့ ကောင်းကင်တမန်တွေ ကိုယ်ယောင်ထင်ရှားပြတာမျိုး မရှိတော့ဘူး။ ဒါပေမဲ့ ဘုရားက ကောင်းကင်တမန်တွေကို သုံးပြီး မိမိရဲ့လူတွေကို ကူညီပေးနေတုန်းပဲ။ “ယေဟောဝါကို ကြောက်ရွံ့သူတွေရဲ့ ပတ်လည်မှာ ကောင်းကင်တမန် ခြံရံနေတယ်။ သူတို့ကို ကယ်တင်တယ်” လို့ ကျမ်းစာပြောတယ်။ (ဆာလံ ၃၄:၇) ကျွန်တော်တို့ ဘာကြောင့် အကာအကွယ် လိုအပ်တာလဲ။ ကျွန်တော်တို့ကို အန္တရာယ်ပေးမယ့် တန်ခိုးကြီးရန်သူတွေ ရှိနေလို့ပဲ။ အဲဒီရန်သူတွေဟာ ဘယ်သူတွေလဲ။ သူတို့ ဘယ်ကလာသလဲ။ ကျွန်တော်တို့ကို ဘယ်လို ဒုက္ခပေးနေသလဲ။ ဒါတွေသိနိုင်ဖို့ အာဒံနဲ့ဧဝ ဖန်ဆင်းခံရပြီး မကြာခင်မှာ ဖြစ်ပျက်ခဲ့တာတွေကို လေ့လာကြည့်ရအောင်။
မမြင်နိုင်တဲ့ ရန်သူတွေ
၇။ စာတန်ရဲ့ လှည့်စားမှုကြောင့် လူတွေ ဘာဖြစ်ခဲ့ကြသလဲ။
၇ ကောင်းကင်တမန်တစ်ပါး ဘုရားသခင်ကို ပုန်ကန်ပြီး တခြားသူတွေကို အုပ်စိုးချင်စိတ်ဝင်လာတဲ့အကြောင်း အခန်း ၃ မှာ လေ့လာခဲ့ကြတယ်။ ကျမ်းစာမှာ သူ့ကို စာတန်မာရ်နတ်လို့ ခေါ်တယ်။ (ဗျာဒိတ် ၁၂:၉) တခြားသူတွေကိုပါ သူ့လိုပဲ ဘုရားကို ပုန်ကန်စေချင်တယ်။ ဧဝကို လှည့်စားခဲ့ချိန်ကစပြီး လူအများစုကိုလည်း လှည့်စားနိုင်ခဲ့တယ်။ ဒါပေမဲ့ အာဗေလ၊ ဧနောက်၊ နောဧတို့လို လူတချို့ကတော့ ယေဟောဝါအပေါ် သစ္စာရှိခဲ့တယ်။—ဟီဘရူး ၁၁:၄၊ ၅၊ ၇။
၈။ (က) ကောင်းကင်တမန်တချို့ ဘယ်လိုနည်းနဲ့ နတ်ဆိုးတွေ ဖြစ်သွားသလဲ။ (ခ) ရေလွှမ်းမိုးဘေးကလွတ်ဖို့ နတ်ဆိုးတွေ ဘာလုပ်ခဲ့ကြသလဲ။
၈ နောဧခေတ်မှာ ကောင်းကင်တမန်တချို့ ပုန်ကန်ခဲ့ကြတယ်။ ကောင်းကင်ကနေ ဆင်းလာပြီး လူသားတွေအဖြစ် မြေကြီးပေါ် နေထိုင်ခဲ့ကြတယ်။ ဘာအတွက်လဲ။ အိမ်ထောင်ပြုချင်လို့ဆိုပြီး ကျမ်းစာက ပြောတယ်။ (ကမ္ဘာဦး ၆:၂ ကိုဖတ်ပါ။) ကောင်းကင်တမန်တွေ အဲဒီလိုလုပ်တာ မှားတယ်။ (ယုဒ ၆) အဲဒီခေတ်ကလူတွေဟာ အဲဒီကောင်းကင်တမန်ဆိုးတွေလိုပဲ အကျင့်ယိုယွင်းပြီး အကြမ်းဖက်ကြတယ်။ ဒါကြောင့် ယေဟောဝါက ကမ္ဘာတစ်ခုလုံးကို ရေလွှမ်းမိုးပြီး လူဆိုးတွေကို ဖျက်ဆီးဖို့ ဆုံးဖြတ်လိုက်တယ်။ သစ္စာရှိသူတွေကိုတော့ ကယ်တင်တယ်။ (ကမ္ဘာဦး ၇:၁၇၊ ၂၃) ကောင်းကင်တမန်ဆိုးတွေဟာ ရေလွှမ်းမိုးဘေးကလွတ်အောင် ကောင်းကင်ကို ပြန်တက်သွားကြတယ်။ ကျမ်းစာမှာ အဲဒီကောင်းကင်တမန်ဆိုးတွေကို နတ်ဆိုးတွေလို့ ခေါ်တယ်။ သူတို့ဟာ စာတန်နဲ့ပူးပေါင်းပြီး ဘုရားကို ပုန်ကန်ခဲ့ကြတယ်။ ဒါနဲ့ စာတန်ဟာ နတ်ဆိုးမင်း ဖြစ်လာတယ်။—မဿဲ ၉:၃၄။
၉။ (က) နတ်ဆိုးတွေ ကောင်းကင်ကို ပြန်တက်သွားတဲ့အခါ ဘာဖြစ်သွားသလဲ။ (ခ) အခု ဘာအကြောင်း လေ့လာကြမလဲ။
၉ ယေဟောဝါက ပုန်ကန်တဲ့နတ်ဆိုးတွေကို မိသားစုဝင်အဖြစ် လက်မခံတော့ဘူး။ (၂ ပေတရု ၂:၄) နတ်ဆိုးတွေဟာ လူပြန်ဖြစ်အောင် လုပ်လို့မရတော့ပေမဲ့ “လူနေထိုင်ရာ မြေတစ်ပြင်လုံးကို လှည့်စား” နေတုန်းပဲ။ (ဗျာဒိတ် ၁၂:၉။ ၁ ယောဟန် ၅:၁၉) လူအများကြီးကို ဘယ်လို လှည့်စားနေသလဲဆိုတာ လေ့လာကြစို့။—၂ ကောရိန္သု ၂:၁၁ ကိုဖတ်ပါ။
နတ်ဆိုးတွေ လှည့်စားတဲ့နည်း
၁၀။ လူတွေကို နတ်ဆိုးတွေ ဘယ်လိုလှည့်စားနေသလဲ။
၁၀ နတ်ဆိုးတွေက နည်းမျိုးစုံသုံးပြီး လူတွေကို လှည့်စားတယ်။ လူတွေက တိုက်ရိုက်ဖြစ်စေ၊ ပယောဂဆရာ၊ နတ်ဆရာတို့လို ကြားခံလူကတစ်ဆင့်ဖြစ်စေ နတ်ဆိုးတွေနဲ့ ဆက်သွယ်တယ်။ နတ်ဆိုးတွေနဲ့ဆက်သွယ်တာကို နတ်ဆိုးပညာလိုက်စားတယ်လို့ ခေါ်တယ်။ နတ်ဆိုးတွေနဲ့ပတ်သက်တာ မှန်သမျှကို ဝေးဝေးရှောင်ဖို့ ကျမ်းစာ မိန့်မှာတယ်။ (ဂလာတိ ၅:၁၉-၂၁) ဘာကြောင့်လဲ။ မုဆိုးက သားကောင်ကို ဖမ်းဖို့ ထောင်ချောက်ဆင်သလို နတ်ဆိုးတွေက လူတွေကို ထောင်ဖမ်းပြီး ထိန်းချုပ်ဖို့ ပရိယာယ်ဆင်ကြလို့ပဲ။—ရှင်းလင်းချက် ၂၆ ကိုကြည့်ပါ။
၁၁။ နတ်ဆိုးပညာဆိုတာ ဘာလဲ။ နတ်ဆိုးပညာကို ဘာကြောင့် ရှောင်သင့်သလဲ။
၁၁ သူတို့ရဲ့ လှည့်စားနည်းတစ်ခုကတော့ နတ်ဆိုးပညာ ဖြစ်တယ်။ အနာဂတ်အကြောင်း ဒါမှမဟုတ် တစ်ခုခုအကြောင်း သိချင်လို့ သဘာဝလွန်စွမ်းအားတွေကို အသုံးပြုတဲ့ပညာ ဖြစ်တယ်။ နတ်ဆိုးပညာမှာ ကြယ်နက္ခတ်ကြည့်တာ၊ နိမိတ်ဖတ်တာ၊ ဖဲချပ်ဗေဒင်သုံးတာ၊ ဓာတ်ဖန်လုံးကြည့်တာ၊ လက္ခဏာကြည့်တာ ပါဝင်တယ်။ အဲဒါတွေက ဘာအန္တရာယ်မှ မရှိပါဘူးလို့ လူအများစု ယူဆတယ်။ တကယ်တော့ အန္တရာယ်သိပ်များတယ်။ ဥပမာ၊ နတ်ဆိုးတွေနဲ့ ရှေ့ဖြစ်ဟောသူတွေဟာ တစ်ဖွဲ့တည်းပဲလို့ ကျမ်းစာပြောတယ်။ “ရှေ့ဖြစ်ဟော” နိုင်အောင် မိန်းကလေးကို ကူညီပေးတဲ့ “ဗေဒင်ဟောနိုင်တဲ့နတ်” အကြောင်း တမန်တော် ၁၆:၁၆-၁၈ မှာဖတ်ရတယ်။ တမန်တော်ပေါလုက နတ်ဆိုးကို နှင်ထုတ်ပြီးနောက် အဲဒီမိန်းကလေးမှာ ရှေ့ဖြစ်ဟောနိုင်စွမ်း မရှိတော့ဘူး။
၁၂။ (က) လူသေတွေနဲ့ဆက်သွယ်တာဟာ ဘာကြောင့် အန္တရာယ်ရှိသလဲ။ (ခ) နတ်ဆိုးနဲ့ဆက်နွှယ်နေတဲ့ ထုံးစံတွေကို ခရစ်ယာန်တွေ ဘာကြောင့် လုံးဝမလိုက်ကြသလဲ။
၁၂ နတ်ဆိုးတွေက လူတွေကို ထောင်ဖမ်းဖို့ တခြားနည်းတွေကိုလည်း သုံးတယ်။ လူသေနဲ့ စကားပြောလို့ရတယ်၊ လူသေတွေ တစ်နေရာရာမှာ အသက်ရှင်နေပြီး ကျွန်တော်တို့နဲ့ ဆက်သွယ်နိုင်တယ်၊ အန္တရာယ်ပြုနိုင်တယ်လို့ ယုံကြည်အောင်လုပ်တယ်။ ဥပမာ၊ တစ်ယောက်ယောက်က မိတ်ဆွေ ဒါမှမဟုတ် ဆွေမျိုးသေဆုံးသွားတဲ့အခါ လူသေနဲ့စကားပြောနိုင်တဲ့ နတ်ဝင်သည်တွေဆီ သွားကြတယ်။ နတ်ဝင်သည်က သေဆုံးသွားတဲ့ မိတ်ဆွေ ဒါမှမဟုတ် ဆွေမျိုးနဲ့ပတ်သက်တဲ့ သတင်းထူးတွေ ပြောပြမယ်။ သေဆုံးသူရဲ့အသံမျိုးနဲ့တောင် စကားပြောမယ်။ (၁ ရှမွေလ ၂၈:၃-၁၉) အသုဘအခမ်းအနား၊ နှစ်ပတ်လည် စျာပနအခမ်းအနား၊ လူသေအတွက် ပူဇော်ပသတာ၊ အသုဘအိမ်မှာ ညလုံးပေါက် မအိပ်ဘဲစောင့်တာ စတဲ့ အသုဘထုံးစံအများစုဟာ လူသေတွေ တစ်နေရာရာမှာ အသက်ရှင်နေတယ်ဆိုတဲ့ အယူအဆပေါ် အခြေခံတယ်။ အဲဒီထုံးစံတွေကို ခရစ်ယာန်တွေ မလိုက်တဲ့အခါ မိသားစုဝင်တွေ၊ ရွာသူရွာသားတွေက အပြစ်တင်ပြီး ကဲ့ရဲ့ပြောဆိုကြတယ်၊ သူတို့နဲ့မပတ်သက်ချင်ကြဘူး။ လူသေတွေ တစ်နေရာရာမှာ ဆက်အသက်ရှင်နေတာ မဟုတ်မှန်း ခရစ်ယာန်တွေ သိကြတယ်။ လူသေတွေနဲ့ ဆက်သွယ်လို့ မရသလို ကျွန်တော်တို့ကိုလည်း သူတို့ အန္တရာယ်မပေးနိုင်ဘူး။ (ဆာလံ ၁၁၅:၁၇) ဒါကြောင့် အလွန်သတိရှိဖို့ လိုတယ်။ လူသေတွေ၊ နတ်ဆိုးတွေနဲ့ လုံးဝမဆက်သွယ်ပါနဲ့။ နတ်ဆိုးနဲ့ဆက်နွှယ်နေတဲ့ ထုံးစံတွေကို လုံးဝမလိုက်ပါနဲ့။—တရားဟောရာ ၁၈:၁၀၊ ၁၁ ကိုဖတ်ပါ။ ဟေရှာယ ၈:၁၉။
၁၃။ နတ်ဆိုးတွေကို ကြောက်ကြောက်နဲ့ အသက်ရှင်ခဲ့ရတဲ့ လူများစွာ ဘာဖြစ်လာကြသလဲ။
၁၃ နတ်ဆိုးတွေက လူတွေကို လှည့်စားတဲ့အပြင် ကြောက်အောင်လည်း ခြောက်တယ်။ စာတန်နဲ့ နတ်ဆိုးတွေကို ဘုရားသခင် ဖျက်ဆီးမယ့်အချိန် နီးပြီ၊ “အချိန်နည်းနည်းပဲ” ကျန်တော့မှန်းသိလို့ သူတို့ ပိုပြီး အကြမ်းဖက် ရန်လိုလာတယ်။ (ဗျာဒိတ် ၁၂:၁၂၊ ၁၇) ဒါပေမဲ့ နတ်ဆိုးတွေကို ကြောက်ကြောက်နဲ့ အသက်ရှင်ခဲ့ရတဲ့ လူထောင်ပေါင်းများစွာဟာ အခု မကြောက်ကြတော့ဘူး။ နတ်ဆိုးတွေကို ကြောက်ရတဲ့ဘဝကနေ ဘယ်လို လွတ်မြောက်ခဲ့ကြတာလဲ။
နတ်ဆိုးတွေကို ခုခံတွန်းလှန်ပြီး အဆက်ဖြတ်ပါ
၁၄။ ဧဖက်မြို့ကခရစ်ယာန်တွေလိုပဲ ကျွန်တော်တို့လည်း နတ်ဆိုးတွေနဲ့ ဘယ်လို အဆက်ဖြတ်နိုင်သလဲ။
၁၄ နတ်ဆိုးတွေကို ခုခံတွန်းလှန်နိုင်ပုံ၊ အဆက်ဖြတ်နိုင်ပုံကို ကျမ်းစာမှာ ဖော်ပြထားတယ်။ ဥပမာ၊ ဧဖက်မြို့ကလူတချို့ဟာ အမှန်တရားမသိခင်မှာ နတ်ဆိုးတွေနဲ့ ဆက်သွယ်ခဲ့ကြတယ်။ နတ်ဆိုးတွေနဲ့ သူတို့ ဘယ်လို အဆက်ဖြတ်ခဲ့သလဲ။ “မှော်အတတ်လိုက်စားသူ များစွာလည်း သူတို့ရဲ့စာစောင်တွေ ယူလာပြီး လူအားလုံးရှေ့မှာ မီးရှို့လိုက်တယ်” လို့ ကျမ်းစာမှာ ပြောတယ်။ (တမန်တော် ၁၉:၁၉) သူတို့ဟာ ခရစ်ယာန်ဖြစ်ချင်တဲ့အတွက် မှော်အတတ်နဲ့ဆိုင်တဲ့ စာအုပ်မှန်သမျှကို ဖျက်ဆီးပစ်တယ်။ အခုချိန်မှာလည်း အဲဒီအတိုင်း လုပ်ရမယ်။ ယေဟောဝါကို ဝတ်ပြုလိုသူတိုင်း နတ်ဆိုးပညာနဲ့ဆက်နွှယ်တာမှန်သမျှကို ဖယ်ရှားပစ်ဖို့လိုတယ်။ မှော်ပညာ၊ နတ်ဆိုး၊ သဘာဝလွန်စွမ်းအားတွေဟာ အန္တရာယ်ကင်းပြီး စိတ်လှုပ်ရှားစရာပဲလို့ ထင်ရစေတဲ့ စာအုပ်၊ မဂ္ဂဇင်း၊ ရာသီခွင်ဗေဒင်၊ ရုပ်ရှင်၊ သီချင်း၊ ဂိမ်း၊ ပိုစတာတွေ ပါဝင်တယ်။ အန္တရာယ်ကင်းဖို့ ဆောင်ထားတဲ့ အဆောင်လက်ဖွဲ့တွေလည်း ပါဝင်တယ်။—၁ ကောရိန္သု ၁၀:၂၁။
၁၅။ စာတန်နဲ့ နတ်ဆိုးတွေကို ခုခံတွန်းလှန်နိုင်ဖို့ နောက်ထပ် ဘာလုပ်ဖို့ လိုသလဲ။
၁၅ ဧဖက်မြို့သားတွေဟာ မှော်အတတ်နဲ့ဆိုင်တဲ့ စာအုပ်မှန်သမျှကို ဖျက်ဆီးပစ်ပြီး နှစ်အနည်းငယ်အကြာမှာ “နတ်ဆိုးများစွာနဲ့ တိုက်ခိုက်” နေရဆဲပဲလို့ တမန်တော်ပေါလု ရေးခဲ့တယ်။ (ဧဖက် ၆:၁၂) စာအုပ်တွေကို မီးရှို့ပြီးတာတောင် နတ်ဆိုးတွေဟာ သူတို့ကို အန္တရာယ်ပေးနေတုန်းပဲ။ သူတို့ နောက်ထပ် ဘာလုပ်ဖို့ လိုသလဲ။ “ဆိုးညစ်သူပစ်ခတ်တဲ့ မီးမြားတွေကို ငြိမ်းသတ်နိုင်တဲ့ ယုံကြည်ခြင်း ဒိုင်းလွှားကြီးကိုလည်း ကိုင်ဆောင်ထားကြ” ပါလို့ သူတို့ကို ပေါလုပြောတယ်။ (ဧဖက် ၆:၁၆) စစ်မြေပြင်မှာ စစ်သားကို ကာကွယ်ပေးတဲ့ ဒိုင်းလွှားလိုပဲ ယုံကြည်ခြင်းက ကျွန်တော်တို့ကို ကာကွယ်နိုင်တယ်။ ကျွန်တော်တို့ကို ယေဟောဝါ ကာကွယ်နိုင်တယ်ဆိုတာ အပြည့်အဝ ယုံကြည်စိတ်ချမယ်ဆိုရင် စာတန်နဲ့ နတ်ဆိုးတွေကို ခုခံတွန်းလှန်နိုင်မယ်။—မဿဲ ၁၇:၂၀။
၁၆။ ယေဟောဝါအပေါ်ထားတဲ့ ယုံကြည်ခြင်း ခိုင်ခံ့အောင် ဘယ်လိုလုပ်ရမလဲ။
၁၆ ယေဟောဝါအပေါ်ထားတဲ့ ယုံကြည်ခြင်း ခိုင်ခံ့အောင် ဘယ်လိုလုပ်ရမလဲ။ ကျမ်းစာကို နေ့တိုင်း ဖတ်ရမယ်။ အကာအကွယ်ရဖို့ ဘုရားသခင်ကို မှီခိုအားထားရမယ်။ ယေဟောဝါကို အပြည့်အဝ ယုံကြည်အားထားမယ်ဆိုရင် စာတန်နဲ့ နတ်ဆိုးတွေ ကျွန်တော်တို့ကို အန္တရာယ်ပေးနိုင်မှာ မဟုတ်ဘူး။—၁ ယောဟန် ၅:၅။
၁၇။ နတ်ဆိုးရန်ကနေ အကာအကွယ်ရဖို့ ဘာလုပ်ရဦးမလဲ။
၁၇ ဧဖက်မြို့ကခရစ်ယာန်တွေ နောက်ထပ် ဘာလုပ်ဖို့ လိုသေးသလဲ။ နတ်ဆိုးအယူဝါဒပြည့်နေတဲ့မြို့မှာ သူတို့နေထိုင်ရတယ်။ ဒါကြောင့် ပေါလုက ‘အချိန်အခါတိုင်းမှာ ဆုတောင်းနေပါ’ ဆိုပြီး ပြောတယ်။ (ဧဖက် ၆:၁၈) အကာအကွယ်ရဖို့ ယေဟောဝါဆီ အချိန်တိုင်း ဆုတောင်းဖို့လိုတယ်။ ကျွန်တော်တို့ကော။ ကျွန်တော်တို့လည်း နတ်ဆိုးအယူဝါဒပြည့်နေတဲ့ လောကမှာ အသက်ရှင်နေရတယ်။ ဒါကြောင့် အကာအကွယ်ရဖို့ ယေဟောဝါဆီ ဆုတောင်းဖို့လိုတယ်။ ဆုတောင်းတဲ့အခါ ယေဟောဝါရဲ့နာမည် သုံးရမယ်။ (ပညာအလိမ္မာ ၁၈:၁၀ ကိုဖတ်ပါ။) စာတန့်လက်ကနေ ကယ်လွှတ်ဖို့ ယေဟောဝါဆီ မပြတ်ဆုတောင်းမယ်ဆိုရင် ကျွန်တော်တို့ရဲ့ ဆုတောင်းချက်အတိုင်း ယေဟောဝါ လုပ်ဆောင်ပေးပါလိမ့်မယ်။—ဆာလံ ၁၄၅:၁၉။ မဿဲ ၆:၁၃။
၁၈၊ ၁၉။ (က) စာတန်နဲ့ နတ်ဆိုးတွေကို ဘယ်လို တိုက်ခိုက်အောင်မြင်နိုင်သလဲ။ (ခ) ဘယ်မေးခွန်းရဲ့အဖြေကို နောက်အခန်းမှာ သိရမလဲ။
၁၈ နတ်ဆိုးပညာနဲ့ဆက်နွှယ်နေတဲ့ အရာမှန်သမျှကို ဖယ်ရှားမယ်၊ အကာအကွယ်ရဖို့ ယေဟောဝါကို မှီခိုအားထားမယ်ဆိုရင် စာတန်နဲ့ နတ်ဆိုးတွေကို ခုခံတွန်းလှန်နိုင်မယ်။ နတ်ဆိုးတွေကို ကြောက်ဖို့မလိုဘူး။ (ယာကုပ် ၄:၇၊ ၈ ကိုဖတ်ပါ။) ယေဟောဝါဟာ နတ်ဆိုးတွေထက် ပိုတန်ခိုးကြီးတယ်။ နောဧခေတ်မှာ သူတို့ကို ဘုရား ပြစ်ဒဏ်ပေးခဲ့တယ်။ အနာဂတ်မှာလည်း သူတို့ကို ဖျက်ဆီးပစ်တော့မယ်။ (ယုဒ ၆) ကျွန်တော်တို့ချည်းပဲ တိုက်ခိုက်နေရတာ မဟုတ်မှန်း သတိရပါ။ ယေဟောဝါက ကောင်းကင်တမန်တွေကို သုံးပြီး ကျွန်တော်တို့ကို ကာကွယ်နေတယ်။ (၂ ဘုရင်များ ၆:၁၅-၁၇) စာတန်နဲ့ နတ်ဆိုးတွေကို ယေဟောဝါရဲ့ အကူအညီနဲ့ တိုက်ခိုက်အောင်မြင်နိုင်တယ်ဆိုတာ ယုံကြည်စိတ်ချနိုင်တယ်။—၁ ပေတရု ၅:၆၊ ၇။ ၂ ပေတရု ၂:၉။
၁၉ လူတွေ ဆင်းရဲဒုက္ခရောက်အောင် စာတန်နဲ့ နတ်ဆိုးတွေ ဖန်တီးနေတာဆိုရင် သူတို့ကို ဘုရားသခင် ဘာကြောင့် မဖျက်ဆီးသေးတာလဲ။ ဒီမေးခွန်းရဲ့အဖြေကို နောက်အခန်းမှာ သိရပါလိမ့်မယ်။
သမ္မာကျမ်းစာ သွန်သင်ရာများ