အခန်း​နှစ်

သမ္မာကျမ်းစာ​—ဘုရားသခင်ဆီကစာအုပ်

သမ္မာကျမ်းစာ​—ဘုရားသခင်ဆီကစာအုပ်

၁၊ ၂။ ကျမ်း​စာ​ဟာ ဘာ​ကြောင့် သိပ်​ကောင်း​တဲ့ ဘု​ရား​ပေး​လက်​ဆောင်​ဖြစ်​သလဲ။

မိတ်ဆွေ​တစ်​ယောက်​ဆီ​က မထင်​မှတ်​ဘဲ လက်​ဆောင်​ရ​တဲ့​အခါ သင် ဘယ်​လို​ခံစား​ရ​သလဲ။ ဘာ​များ​လဲ​ဆို​ပြီး အမြန်​ဆုံး ဖွင့်​ကြည့်​ချင်​မှာ​ပဲ။ အဲဒီ​လို သတိ​တ​ရ လက်​ဆောင်​ပေး​လို့ ဝမ်း​သာ​ရုံ​မက သူ့​ကို ကျေး​ဇူး​တင်​နေ​မှာ​ပဲ။

သမ္မာ​ကျမ်း​စာ​ဟာ ဘု​ရား​ပေး​လက်​ဆောင် ဖြစ်​တယ်။ တ​ခြား​ဘယ်​နေ​ရာ​မှာ​မှ ရှာ​မတွေ့​နိုင်​တဲ့ အကြောင်း​အရာတွေ​ကို ကျမ်း​စာ​မှာ ဖော်ပြထား​တယ်။ ဥပမာ၊ ကောင်း​ကင်၊ မြေကြီး၊ ပထ​မဆုံး လူ​ယောက်ျား၊ လူ​မိန်း​မကို ဘု​ရား​သခင် ဖန်​ဆင်း​ခဲ့​တဲ့​အကြောင်း၊ ပြဿ​နာ​ကြုံရ​တဲ့​အခါ ကူညီ​ပေး​နိုင်​တဲ့ လမ်း​ညွှန်​ချက်​တွေ​အကြောင်း ကျမ်း​စာ​မှာ ပါ​တယ်။ ဘု​ရား​သခင်​ဟာ ကမ္ဘာ​မြေကို ပို​ကောင်း​မွန်​တဲ့ အခြေ​အနေ​ရောက်​စေ​မယ်​ဆို​တဲ့ ရည်​ရွယ်​ချက်​အတိုင်း ဖြစ်​လာ​အောင် ဘယ်​လို​လုပ်​ပေး​မယ်​ဆို​တာ ကျမ်း​စာ​က​နေ သိ​နိုင်​တယ်။ ကျမ်း​စာ​ဟာ သိပ်​ကောင်း​တဲ့ လက်​ဆောင်​ပါ​ပဲ။

၃။ ကျမ်း​စာ​လေ့​လာ​တာ​နဲ့​အမျှ ဘာ​အကြောင်း သိ​လာ​မလဲ။

ကျမ်း​စာ​လေ့​လာ​တာ​နဲ့​အမျှ ဘု​ရား​သခင်​ဟာ သင့်​ကို သူ့​မိတ်ဆွေ​ဖြစ်​စေ​ချင်​မှန်း သိ​လာ​ပါ​လိမ့်​မယ်။ ဘု​ရား​အကြောင်း ပို​သိ​လာ​တဲ့​အခါ ဘု​ရား​နဲ့ ပို​ရင်း​နှီး​ကျွမ်း​ဝင်​လာ​ပါ​လိမ့်​မယ်။

၄။ ကျမ်း​စာ​နဲ့​ပတ်​သက်​ပြီး ဘယ်​အချက်​က မှတ်​သား​စ​ရာ​ကောင်း​သလဲ။

ကျမ်း​စာ​ကို ဘာ​သာ​စကား ၂,၈၀၀ ကျော်​နဲ့ ဘာ​သာ​ပြန်​ထား​ပြီး အုပ်​ရေ သန်း​ပေါင်း​ထောင်​နဲ့​ချီ ပုံ​နှိပ်​ထုတ်​ဝေ​ခဲ့​ပြီး​ပြီ။ ကမ္ဘာ့​လူ​ဦး​ရေ ၉၀ ရာ​ခိုင်​နှုန်း​ကျော်​ဟာ ကိုယ့်​ဘာ​သာ​စကား​နဲ့ ကျမ်း​စာ​ကို ဖတ်​ရှု​နိုင်​ပြီ။ ကျမ်း​စာ​ကို တစ်​ပတ်​မှာ လူ​တစ်​သန်း​ကျော် လက်​ဝယ်​ပိုင်​ဆိုင်​နိုင်​ပြီ။ ကျမ်း​စာ​လို စာ​အုပ်​မျိုး ဘယ်​မှာ​မှ မရှိ​ဘူး။

၅။ ကျမ်း​စာ​ကို “ဘု​ရား​သခင့် စွမ်းအား​တော်​ရဲ့ လမ်း​ညွှန်​မှု​နဲ့ ရေး​ထား” တယ်​လို့ ဘာ​ကြောင့် ပြော​နိုင်​တာ​လဲ။

ကျမ်း​စာ​ကို “ဘု​ရား​သခင့် စွမ်းအား​တော်​ရဲ့ လမ်း​ညွှန်​မှု​နဲ့ ရေး​ထား” တယ်။ (၂ တိမောသေ ၃:၁၆ ကို​ဖတ်​ပါ။) ‘ကျမ်း​စာ​ကို လူ​တွေ ရေး​တာ​ဆို​ရင် ဘယ်​လို​လုပ်​ပြီး ဘု​ရား​သခင်​ဆီ​က​စာ​အုပ် ဖြစ်​နိုင်​မလဲ’ လို့​တ​ချို့​တွေး​ကြ​မယ်။ “လူ​တွေ​က သန့်​ရှင်း​သော စွမ်းအား​တော်​ရဲ့ လှုံ့​ဆော်​မှု​ကို​ခံ​ရလို့ ဘု​ရား​သခင်​ဆီ​က​လာ​တဲ့ စကား​တွေ​ကို ပြန်​ဟော​တာ​ဖြစ်​တယ်” လို့ ကျမ်း​စာ အဖြေပေး​တယ်။ (၂ ပေတရု ၁:၂၁) လုပ်ငန်း​ရှင်​တစ်​ယောက်​က သူ့​ကိုယ်​စား အတွင်းရေးမှူး​ကို စာ​တစ်​စောင်​ရေး​ခိုင်း​တယ် ဆို​ပါ​စို့။ အဲဒီ​စာ​ဟာ ဘယ်​သူ့​စာ​လဲ။ အတွင်းရေးမှူးရဲ့​စာ မဟုတ်​ဘူး၊ လုပ်ငန်း​ရှင်​ရဲ့​စာ ဖြစ်​တယ်။ အဲဒီ​လို​ပဲ၊ ကျမ်း​စာ​အာ​ဘော်​ရှင်​ဟာ ဘု​ရား​သခင်​ပဲ၊ ကျမ်း​ရေး​သူ​တွေ မဟုတ်​ဘူး။ ဘု​ရား​သခင်​က သူ့​အတွေး​အခေါ်​တွေ​ကို ချ​ရေး​ဖို့ ကျမ်း​ရေး​သူ​တွေ​ကို လမ်း​ညွှန်​ခဲ့​တာ။ ဒါ​ကြောင့် ကျမ်း​စာ​ဟာ တ​ကယ်​ပဲ “ဘု​ရား​သခင်​ရဲ့ တ​ရား​စကား” ဖြစ်​တယ်။—၁ သက်သာ​လောနိတ် ၂:၁၃ရှင်း​လင်း​ချက် ၂ ကို​ကြည့်​ပါ။

ကမ္ဘာ​သစ်​ဘာ​သာ​ပြန်​ကျမ်း​ကို ဘာ​သာ​စကား​များ​စွာ​နဲ့ ရ​ရှိ​နိုင်

ကျမ်း​စာ​ဟာ တိ​ကျ​မှန်​ကန်

၆။ ကျမ်း​စာ​ဟာ ရှေ့​နောက်​ညီ​တယ်​လို့ ဘာ​ကြောင့် ပြော​နိုင်​တာ​လဲ။

ကျမ်း​စာ ရေး​သား​ပြီး​စီး​ဖို့ နှစ်​ပေါင်း ၁,၆၀၀ ကျော် ကြာ​တယ်။ ကျမ်း​ရေး​သူ​တွေ​ဟာ ခေတ်​ကာလ​အမျိုး​မျိုး​မှာ အသက်​ရှင်​ခဲ့​ကြ​တယ်။ တ​ချို့​က ပညာ​တတ်​တွေ၊ တ​ချို့​က သာ​မန်​လူ​တွေ​ပဲ။ ဥပမာ၊ ကျမ်း​ရေး​သူ​တွေ​ထဲ​မှာ ဆ​ရာ​ဝန်​တစ်​ယောက် ပါ​တယ်။ လယ်​သမား၊ တံ​ငါ​သည်၊ သိုးထိန်း၊ ပရော​ဖက်၊ တ​ရား​သူ​ကြီး၊ ဘု​ရင်တွေ​လည်း ပါ​တယ်။ ကျမ်း​ရေး​သူ​တွေ မတူ​ကြ​ပေမဲ့ ကျမ်း​စာ​တစ်​အုပ်​လုံး​ဟာ ရှေ့​နောက်​ညီ​တယ်။ ဒီ​တစ်​ခန်း​မှာ တစ်​မျိုး​ရေး​ပြီး နောက်​အခန်း​မှာ​တော့ နောက်​တစ်​မျိုး မရေး​ဘူး။ *

၇။ ကျမ်းစာ ဖတ်ရှုလေ့လာတဲ့အခါ ဘာတွေ သိရသလဲ။

ကျမ်း​စာ​ရဲ့ ဦး​ဆုံး​အခန်း​တွေ​မှာ ကမ္ဘာ့​ပြဿ​နာ​တွေ စတင်​ပေါ်​ပေါက်​လာ​ပုံ​ကို ဖော်ပြတယ်။ နောက်​ဆုံး​အခန်း​တွေ​မှာ ဘု​ရား​သခင်​က ကမ္ဘာ​မြေတစ်​ခု​လုံး​ကို သာ​ယာ​လှ​ပတဲ့​ဥ​ယျာဉ် (ပရ​ဒိ​သု) ဖြစ်​စေ​မယ်၊ ကမ္ဘာ့​ပြဿ​နာ​တွေ​ကို ဖြေရှင်း​ပေး​မယ်​ဆို​တဲ့​အကြောင်း ဖော်ပြတယ်။ နှစ်​ပေါင်း​ထောင်​ချီ​ကြာ​တဲ့ လူ့​သမိုင်း​ကြောင်း​အပြင် ဘု​ရား​သခင့်ရည်​ရွယ်​ချက် အမြဲပြည့်​စုံ​တဲ့​အကြောင်း​ကို​ပါ ကျမ်း​စာ​မှာ ဖော်ပြတယ်။

၈။ ကျမ်း​စာ​ဟာ သိ​ပ္ပံ​ပညာ​နဲ့​ကိုက်​ညီ​မှန်း ဖော်ပြတဲ့ ဥပမာ​တွေ​ကို ပြော​ပြပါ။

ကျမ်း​စာ​ဟာ သိ​ပ္ပံ​ပညာ​အကြောင်း ရှင်း​ပြတဲ့​စာ​အုပ်၊ ကျောင်း​စာ​အုပ် မဟုတ်​ပါ​ဘူး။ ဒါ​ပေမဲ့ သိ​ပ္ပံ​ပညာ​နဲ့​ပတ်​သက်​တဲ့ အကြောင်း​အရာတွေ​ကို ဖော်ပြတဲ့​အခါ တိ​ကျ​မှန်​ကန်​တယ်။ ကျမ်း​စာ​ဟာ ဘု​ရား​သခင်​ဆီ​က စာ​အုပ်​ဖြစ်​လို့ ဒီ​လို​ပဲ​ဖြစ်​ရ​မယ် မဟုတ်​လား။ ဥပမာ၊ ဝတ်ပြုရာ ၁၃:၂-၄၊ ၄၆ ​မှာ အစ္စရေး​လူမျိုး​တွေ ရော​ဂါ​မကူး​စက်​အောင် ဘယ်​လို​လုပ်​ဆောင်​ရ​မယ်​ဆို​တဲ့ ဘု​ရား​သခင့်​ညွှန်​ကြား​ချက်​တွေ ပါ​တယ်။ ဗက်​တီး​ရီး​ယား​နဲ့ ဗိုင်း​ရပ်စ်တွေ​အကြောင်း လူ​တွေ​မသိ​ခင် ဟိုး​အရင်​က​တည်း​က အဲဒီ​လို ရေးခဲ့​တာ။ ဒါ့​အပြင် ကမ္ဘာ​ကြီး​ကို “ဘာ​နဲ့​မှ မချိတ်​ဆွဲ​ဘဲ ဆိုင်း​ထား​တယ်” လို့ ကျမ်း​စာ​က တိ​ကျ​မှန်​ကန်​စွာ ဖော်ပြတယ်။ (ယောဘ ၂၆:၇) ကမ္ဘာ​ကြီး ပြား​တယ်​လို့ လူ​အများ​စု ယုံ​ကြည်​နေ​ချိန်​မှာ ကျမ်း​စာ​က ကမ္ဘာ​ကြီး လုံး​ဝန်း​တယ်​ဆို​ပြီး ဖော်ပြတယ်။—ဟေ​ရှာ​ယ ၄၀:၂၂

၉။ ကျမ်း​ရေး​သူ​တွေရဲ့ ရိုး​သား​မှု​က ဘာ​ကို နား​လည်​စေ​သလဲ။

သမိုင်း​နဲ့​ပတ်​သက်​တဲ့ ကျမ်း​စာ​ဖော်ပြချက်​တွေ​ဟာ တိ​ကျ​မှန်​ကန်​တယ်။ သမိုင်း​စာ​အုပ်​အများ​စု​ဟာ စာ​ရေး​ဆ​ရာတွေ ရိုး​သား​မှု​မရှိ​တဲ့​အတွက် အပြည့်​အဝ တိ​ကျ​မှန်​ကန်​မှု မရှိ​ဘူး။ ဥပမာ၊ ကိုယ့်​လူမျိုး စစ်​ရှုံး​တဲ့​အကြောင်း ဖော်ပြလေ့​မရှိ​ဘူး။ ဒါ​ပေမဲ့ ကျမ်း​စာ​ရေး​သူ​တွေ​က​တော့ အစ္စရေး​လူမျိုး စစ်​ရှုံး​တဲ့​အကြောင်း​ကို​တောင် ထည့်​ရေး​ထား​တယ်။ ကိုယ်​တိုင်​ရဲ့ အမှား​တွေ​အကြောင်း​ကို​လည်း ရေး​သား​ကြ​တယ်။ သာ​ဓ​က​အနေ​နဲ့ တော​လည်​ရာ​ကျမ်း​မှာ မော​ရှေ​က ကြီး​လေး​တဲ့​အမှား လုပ်​မိ​လို့ သူ့​ကို ဘု​ရား ဆုံးမ​ခဲ့​တဲ့​အကြောင်း ဝန်​ခံ​ထား​တယ်။ (တော​လည်​ရာ ၂၀:၂-၁၂) ကျမ်း​ရေး​သူ​တွေရဲ့ ရိုး​သား​မှု​က ကျမ်း​စာ​ဟာ ဘု​ရား​သခင်​ဆီ​က လာ​တယ်​ဆို​တာ သက်​သေထူ​တယ်။ ဒါ​ကြောင့် ကျမ်း​စာ​ကို ယုံ​ကြည်​စိတ်​ချ​နိုင်​တယ်။

အကြံ​ဉာဏ်​ကောင်း​တွေ​ပါ​တဲ့ စာ​အုပ်

၁၀။ ကျမ်း​စာ​အကြံ​ဉာဏ်​တွေ​ဟာ ကျွန်​တော်​တို့​အတွက် ဘာ​ကြောင့် အသုံး​ဝင်​သလဲ။

၁၀ ကျမ်း​စာ​ဟာ ‘ဘု​ရား​သခင့် စွမ်းအား​တော်​ရဲ့ လမ်း​ညွှန်​မှု​နဲ့ ရေး​ထား​တဲ့​အတွက် လူ​တွေ​ကို သွန်သင်​တဲ့​အခါ၊ အမှား​တွေ ဖော်​ထုတ်​တဲ့​အခါ၊ ပဲ့​ပြင်​တဲ့​အခါ အကျိုး​ဖြစ်​ထွန်း​စေ​တယ်။’ (၂ တိမောသေ ၃:၁၆) ကျမ်း​စာ​အကြံ​ဉာဏ်​တွေ​ဟာ ကျွန်​တော်​တို့​အတွက် အသုံး​ဝင်​နေ​တုန်း​ပဲ။ ယေဟောဝါ​က ကျွန်​တော်​တို့​ရဲ့ ဖွဲ့​စည်း​တည်​ဆောက်​ပုံ​ကို သိ​လို့ ကျွန်​တော်​တို့ ဘာ​စဉ်း​စား​နေ​တယ်၊ ဘယ်​လို​ခံစား​နေ​ရ​တယ်​ဆို​တာ​ကို​လည်း နား​လည်​တယ်။ ကိုယ့်​ကိုယ်​ကိုယ် သိ​တာ​ထက် ကျွန်​တော်​တို့​ကို ကိုယ်​တော် ပို​သိ​တယ်။ ကျွန်​တော်​တို့​ကို ပျော်​ရွှင်​စေ​ချင်​တယ်။ ကျွန်​တော်​တို့​အတွက် ဘာ​က အကျိုး​ရှိ​တယ်၊ ဘာ​က အကျိုး​ယုတ်​စေ​တယ်​ဆို​တာ​ကို​လည်း သိ​တယ်။

၁၁၊ ၁၂။ (က) မဿဲ​အခန်း​ကြီး ၅–၇ မှာ ယေရှု ဘာ​အကြံ​ဉာဏ်​ကောင်း​တွေ ပေး​ထား​သလဲ။ (ခ) ကျမ်း​စာ​က​နေ တ​ခြား​ဘာ​အကြောင်း​တွေ သိ​ရှိ​နိုင်​မလဲ။

၁၁ မဿဲ​အခန်း​ကြီး ၅ က​နေ ၇ မှာ ပျော်​ရွှင်​မှု ရ​နိုင်​တဲ့​နည်း၊ တ​ခြား​သူ​တွေ​နဲ့ သင့်​မြတ်​အောင် နေ​နိုင်​တဲ့​နည်း၊ ဆုတောင်း​နည်း၊ ငွေ​ကြေး​အပေါ် ရှု​မြင်​သင့်​ပုံ​တွေ​နဲ့​ပတ်​သက်​ပြီး ယေရှု​ရဲ့ အကြံ​ဉာဏ်​ကောင်း​တွေ ပါ​တယ်။ အဲဒီ​အကြံ​ဉာဏ်​တွေ​ဟာ လွန်​ခဲ့​တဲ့​နှစ်​ပေါင်း ၂,၀၀၀ ကျော်​က​ဖြစ်​ပေမဲ့ ဒီ​နေ့​အထိ ထိ​ရောက်​ပြီး အသုံး​ဝင်​နေ​ဆဲ​ပဲ။

၁၂ ကျမ်း​စာ​မှာ​ပါ​တဲ့ လမ်း​ညွှန်​ချက်​တွေ​က ပို​ပျော်​ရွှင်​တဲ့ မိသား​စု ဖြစ်​နိုင်​အောင်၊ လုပ်​သား​ကောင်း ဖြစ်​နိုင်​အောင်၊ တ​ခြား​သူ​တွေ​နဲ့ သင့်​သင့်​မြတ်​မြတ် နေ​နိုင်​အောင် ကူညီ​ပေး​တယ်။ ကျွန်​တော်​တို့ ဘယ်​သူ​ပဲ ဖြစ်​နေ​ပါ​စေ၊ ဘယ်​မှာ​ပဲ နေ​ထိုင်​ပါ​စေ၊ ဘယ်​လို​ပြဿ​နာ​ပဲ ကြုံ​နေ​ရ​ပါ​စေ ကျမ်း​စာ​မှာ​ပါ​တဲ့ လမ်း​ညွှန်​ချက်​တွေ​ဟာ ကျွန်​တော်​တို့​ကို ကူညီ​ပေး​နိုင်​တယ်။—ဟေ​ရှာ​ယ ၄၈:၁၇ ကို​ဖတ်​ပါ။ ရှင်း​လင်း​ချက် ၃ ကို​ကြည့်​ပါ။

ကျမ်း​စာ​ကြို​ဟော​ချက်​တွေ​ကို ယုံ​ကြည်​စိတ်​ချ​နိုင်

ကျမ်း​ရေး​သူ ဟေ​ရှာယက ဗာ​ဗု​လုန်​ကျ​ဆုံး​ခြင်း​အကြောင်း ကြို​ဟော​ခဲ့

၁၃။ ဗာ​ဗု​လုန်​မြို့​နဲ့​ပတ်​သက်​ပြီး ဟေ​ရှာ​ယ ဘာ​တွေ ကြို​ဟော​ခဲ့​သလဲ။

၁၃ ကျမ်း​စာ​ကြို​ဟော​ချက်​အများ​ကြီး ပြည့်​စုံ​ပြီး​သွား​ပြီ။ ဥပမာ၊ ဗာ​ဗု​လုန်​မြို့ ဖျက်​ဆီး​ခံ​ရ​မယ်​ဆို​ပြီး ဟေ​ရှာ​ယ ကြို​ဟော​ခဲ့​တယ်။ (ဟေ​ရှာ​ယ ၁၃:၁၉) မြို့ ဘယ်​လို​သိမ်း​ပိုက်​ခံ​ရ​မယ်​ဆို​တာ အတိ​အကျ ဖော်ပြခဲ့​တယ်။ ဗာ​ဗု​လုန်​မြို့​ကို မြို့​တံခါး​ကြီး​တွေ​နဲ့ မြစ်​က ကာ​ကွယ်​ပေး​ထား​တယ်။ ဒါ​ပေမဲ့ မြစ်​ရေ ခန်း​ပြီး မြို့​တံခါး​တွေ ပွင့်​နေ​မယ်​လို့ ဟေ​ရှာ​ယ ကြို​ဟော​တယ်။ ကျူး​ကျော်​လာ​သူ​တွေ​ဟာ တိုက်ခိုက်​စရာ​မလို​ဘဲ မြို့​ကို သိမ်း​ပိုက်​လိမ့်​မယ်။ မြို့​ကို သိမ်း​ပိုက်​မယ့်​သူ​ရဲ့ နာ​မည်​ဟာ ဆိုင်း​ရပ်​ဖြစ်​တယ်​ဆို​တာ​ကို​တောင် ဟေ​ရှာ​ယ ကြို​ဟော​ခဲ့​တယ်။—ဟေရှာယ ၄၄:၂၇–၄၅:၂ ကို​ဖတ်​ပါ။ ရှင်း​လင်း​ချက် ၄ ကို​ကြည့်​ပါ။

၁၄၊ ၁၅။ ဟေ​ရှာ​ယ ကြို​ဟော​တဲ့​အတိုင်း ဘယ်​လို ဖြစ်​ပျက်​ခဲ့​သလဲ။

၁၄ အဲဒီ​လို​ကြို​ဟော​ပြီး နှစ်​ပေါင်း နှစ်​ရာ​အကြာ​မှာ စစ်​တပ်​တစ်​တပ်​ဟာ ဗာ​ဗု​လုန်​မြို့​ကို​တိုက်​ဖို့ အသင့်​ဖြစ်​နေ​တယ်။ စစ်​တပ်​ကို ဦး​ဆောင်​တာ ဘယ်​သူ​လဲ။ ကြို​ဟော​ထား​တဲ့​အတိုင်း ပါး​ရှား​ဘု​ရင် ဆိုင်း​ရပ်​ပါ​ပဲ။ ကြို​ဟော​ထား​တဲ့​အတိုင်း တစ်​ခု​မကျန် ဖြစ်​လာခဲ့​တယ်။

၁၅ အဲဒီ​ည​မှာ ဗာ​ဗု​လုန်​မြို့​သား​တွေ ပွဲ​လုပ်​နေ​ကြ​တယ်။ မြို့​ရိုး​ကြီး​နဲ့ မြစ်​ကြောင့် ဘေး​ကင်း​လုံ​ခြုံ​တယ်​လို့ သူတို့ ယူ​မှတ်​ကြ​တယ်။ မြို့​ပြင်​မှာ​တော့ ဆိုင်း​ရပ်​ဦး​ဆောင်​တဲ့ စစ်​တပ်​က မြစ်​ရေ​ကို ဖောက်​ချ​ပြီး လမ်း​လွှဲ​လိုက်​တယ်။ မြစ်​ရေ​ကျ​သွား​တော့ ပါး​ရှား​စစ်​သား​တွေ​ဟာ မြစ်​ကို ဖြတ်​လျှောက်​ကြ​တယ်။ ဒါ​ပေမဲ့ စစ်​တပ်​က မြို့​ရိုး​ကို ဘယ်​လို​ကျော်​ဖြတ်​နိုင်​မလဲ။ ကြို​ဟော​ထား​တဲ့​အတိုင်း မြို့​တံခါး​ကြီး​တွေ ပွင့်​နေ​တဲ့​အတွက် စစ်​သား​တွေ​ဟာ တိုက်​ခိုက်​စ​ရာ​မလို​ဘဲ မြို့​ကို သိမ်း​ပိုက်​နိုင်​ခဲ့​တယ်။

၁၆။ (က) ဗာ​ဗု​လုန်ရဲ့​အနာ​ဂတ်​အကြောင်း ဟေ​ရှာ​ယ ဘယ်​လို​ကြို​ဟော​ခဲ့​သလဲ။ (ခ) ဟေ​ရှာ​ယ ကြို​ဟော​ခဲ့​တဲ့​အတိုင်း တ​ကယ်​ဖြစ်​လာ​မှန်း ဘယ်​လို​သိ​နိုင်​သလဲ။

၁၆ နောက်​နောင် ဗာ​ဗု​လုန်​မြို့​မှာ လူ​နေ​ထိုင်​တော့​မှာ မဟုတ်​ဘူး​လို့ ဟေ​ရှာ​ယ ကြို​ဟော​ထား​တယ်။ “ဗာ​ဗု​လုန်​မြို့​မှာ လူ​နေ​ထိုင်​တော့​မှာ မဟုတ်​ဘူး။ နောင်​လာ​နောက်​သား အဆက်​ဆက် လူ​နေ​ထိုင်​ရာ​ဖြစ်​တော့​မှာ မဟုတ်​ဘူး” လို့ သူ​ရေးခဲ့​တယ်။ (ဟေ​ရှာ​ယ ၁၃:၂၀) အဲဒီ​အတိုင်း တ​ကယ်​ဖြစ်​ခဲ့​သလား။ အီ​ရတ်​နိုင်ငံ၊ ဘက်​ဂဒက်​မြို့​တောင်​ဘက် မိုင် ၅၀ ခန့်​အကွာ၊ ရှေး​ဗာ​ဗု​လုန်​မြို့​ဟောင်း​နေ​ရာ​မှာ အပျက်​အယွင်း​တွေ​ပဲ ရှိ​နေ​တယ်။ အခု​ချိန်​ထိ အဲဒီ​မှာ ဘယ်​သူ​မှ မနေ​ကြ​ဘူး။ ယေဟောဝါ​က ဗာ​ဗု​လုန်​မြို့​ကို “ဖျက်​ဆီး​ခြင်း တံ​မြက်​စည်း​နဲ့” လှည်း​ပစ်​လိုက်​ပြီ။—ဟေ​ရှာ​ယ ၁၄:၂၂၊ ၂၃ *

ဗာ​ဗု​လုန်​အပျက်​အယွင်း​များ

၁၇။ ဘု​ရားရဲ့​ကတိ​အားလုံး​ကို ဘာ​ကြောင့် ယုံ​ကြည်​စိတ်​ချ​နိုင်​သလဲ။

၁၇ ကျမ်း​စာ​ကြို​ဟော​ချက်​အများ​ကြီး ပြည့်​စုံ​ခဲ့​တယ်​ဆို​တဲ့​အချက်​က အနာ​ဂတ်​နဲ့​ပတ်​သက်​တဲ့ ကျမ်း​စာ​ကြို​ဟော​ချက်​တွေ​ကို ယုံ​ကြည်​စိတ်​ချ​နိုင်​တယ်​ဆို​တာ ဖော်ပြတယ်။ ကမ္ဘာ​မြေကို သာ​ယာ​လှ​ပတဲ့​ဥ​ယျာဉ် ဖြစ်​စေ​မယ်​ဆို​တဲ့ ကတိ​အတိုင်း ယေဟောဝါ လုပ်​ဆောင်​မယ်​ဆို​တာ ယုံ​ကြည်​စိတ်​ချ​နိုင်​တယ်။ (တော​လည်​ရာ ၂၃:၁၉ ကို​ဖတ်​ပါ။) ‘မု​သာ​မသုံး​တဲ့ ဘု​ရား​သခင်​က ဟိုး​အရင်​က​တည်း​က ကတိ​ပေး​ခဲ့​တဲ့’ ထာ​ဝ​ရ​အသက် မျှော်​လင့်​ချက်​ကို ကျွန်​တော်​တို့ ပိုင်​ဆိုင်​ထား​ကြ​တယ်။—တိတု ၁:၂ *

ကျမ်း​စာ​က သင့်​အသက်​တာ​ကို ပြောင်း​လဲ​စေ​နိုင်

၁၈။ “ဘု​ရား​သခင်​ရဲ့ နှုတ်​ထွက်​စကား” အကြောင်း ပေါလု ဘယ်​လို ဖော်ပြခဲ့​သလဲ။

၁၈ ကျမ်း​စာ​လို စာ​အုပ်​မျိုး ဘယ်​မှာ​မှ မရှိ​ဘူး​ဆို​တာ ကျွန်​တော်​တို့ သိ​ခဲ့​ပြီး​ပြီ။ ကျမ်း​စာ​ဟာ ရှေ့​နောက်​ညီ​တယ်။ သိ​ပ္ပံ​ပညာ​အရ၊ သမိုင်း​အရ အမြဲ တိ​ကျ​မှန်​ကန်​တယ်။ အကြံ​ဉာဏ်​ကောင်း​တွေ၊ ပြည့်​စုံ​ခဲ့​ပြီး​သား ကြို​ဟော​ချက်​တွေ အများ​ကြီး​ပါ​တယ်။ ဒါ​တင် မက​သေး​ဘူး။ “ဘု​ရား​သခင်​ရဲ့ နှုတ်​ထွက်​စကား​ဟာ ရှင်​သန်​နေ​တယ်၊ အစွမ်း​ထက်​တယ်” ဆို​ပြီး တမန်​တော်​ပေါလု ရေးခဲ့​တယ်။ ဘာ​ကို ဆိုလို​တာ​လဲ။—ဟီ​ဘ​ရူး ၄:၁၂ ကို​ဖတ်​ပါ

၁၉၊ ၂၀။ (က) သင်​ဟာ ဘယ်​လို လူ​စား​မျိုး​ဖြစ်​မှန်း သိ​နိုင်​ဖို့ ကျမ်း​စာ​က ဘယ်​လို ကူညီ​နိုင်​သလဲ။ (ခ) ဘု​ရား​ပေး​လက်​ဆောင် ကျမ်း​စာ​အတွက် ကျေး​ဇူး​တင်​ကြောင်း ဘယ်​လို ဖော်ပြနိုင်​သလဲ။

၁၉ ကျမ်း​စာ​က သင့်​အသက်​တာ​ကို ပြောင်း​လဲ​စေ​နိုင်​တယ်။ သင်​ဟာ တ​ကယ်​ပဲ ဘယ်​လို​လူ​စား​မျိုး​ဖြစ်​တယ်​ဆို​တာ သိ​စေ​နိုင်​တယ်။ သင့်​ရဲ့ စိတ်​ကူး၊ ခံစား​ချက်​တွေ​ကို သိ​စေ​နိုင်​တယ်။ ဥပမာ၊ ကျွန်​တော်​တို့​ဟာ ဘု​ရား​ကို​ချစ်​တယ်​လို့ ထင်​နေ​နိုင်​တယ်။ ဒါ​ပေမဲ့ အဲ​ဒါ​ကို​သက်​သေပြဖို့ ကျမ်း​စာ​လမ်း​ညွှန်​ချက်​တွေ​ကို လိုက်​နာ​ရ​မယ်။

၂၀ ကျမ်း​စာ​ဟာ တ​ကယ်​ပဲ ဘု​ရား​သခင်​ဆီ​က​လာ​တဲ့ စာ​အုပ် ဖြစ်​တယ်။ ကျမ်း​စာ​ကို ဖတ်​ရှု၊ လေ့​လာ​ပြီး တန်​ဖိုး​ထား​တာ​ကို ဘု​ရား လို​လား​တယ်။ ဒီ​လက်​ဆောင်​အတွက် ကျေး​ဇူး​တင်​ပါ။ ဆက်​လေ့​လာ​ပါ။ ဒါ​ဆို​ရင် လူ​သား​တွေ​အတွက် ဘု​ရားရဲ့ ရည်​ရွယ်​ချက်​ကို နား​လည်​လာ​ပါ​လိမ့်​မယ်။ အဲဒီ​ရည်​ရွယ်​ချက်​အကြောင်း ပို​သိ​နိုင်​ဖို့ နောက်​အခန်း​မှာ လေ့​လာ​မယ်။

^ စာပိုဒ်၊ 6 ကျမ်း​စာ​ဟာ ရှေ့​နောက်​မညီ​ဘူး​လို့ တ​ချို့​ပြော​ကြ​ပေမဲ့ ဒါ​ဟာ မမှန်​ဘူး။ ယေဟောဝါ​သက်​သေတွေ​ထုတ်​ဝေ​တဲ့ သမ္မာ​ကျမ်း​စာဘု​ရား​သခင့်​နှုတ်​မြွက်​တော်​လော၊ လူ့​နှုတ်​ထွက်​လော စာ​အုပ် အခန်း ၇ ကို​ကြည့်​ပါ။

^ စာပိုဒ်၊ 16 ကျမ်း​စာ​ကြို​ဟော​ချက်​တွေ​အကြောင်း ပို​သိ​ချင်​ရင် ယေဟောဝါ​သက်​သေတွေ ထုတ်​ဝေ​တဲ့ လူ​ခပ်​သိမ်း​အတွက် စာ​အုပ်​တစ်​အုပ် ဆို​တဲ့​စာ​စောင် စာ​မျက်​နှာ ၂၇-၂၉ မှာ​ကြည့်​ပါ။

^ စာပိုဒ်၊ 17 ဗာ​ဗု​လုန်​ပျက်​စီး​ခြင်း​ဟာ ပြည့်​စုံ​ခဲ့​ပြီး​သား ကျမ်း​စာ​ကြို​ဟော​ချက်​တစ်​ခု​ပဲ ရှိ​သေး​တယ်။ ယေရှု​ခ​ရစ်​နဲ့​ပတ်​သက်​တဲ့ ကြို​ဟော​ချက်​တွေ​အကြောင်း ရှင်း​လင်း​ချက် ၅ မှာ​ကြည့်​ပါ။