မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ရှင်းလင်းချက်

ရှင်းလင်းချက်

၁ ယေဟောဝါ

ဘု​ရား​သခင့်​နာ​မည်​ဟာ ယေဟောဝါ​လို့ ခေါ်​တယ်၊ “ကိုယ်​တော် ဖြစ်​လာ​စေ​တယ်” လို့ အဓိပ္ပာယ်​ရှိ​တယ်။ ယေဟောဝါ​ဟာ အနန္တ​တန်ခိုး​ရှင်၊ အရာ​ခပ်​သိမ်း ဖန်​ဆင်း​ရှင်​ပဲ။ လုပ်​ဖို့ ဆုံး​ဖြတ်​ထား​တာ​မှန်​သမျှ​ကို လုပ်​ဆောင်​နိုင်​တဲ့​တန်ခိုး​လည်း ရှိ​တယ်။

ဟီ​ဘ​ရူး​ဘာ​သာ​စကား​မှာ ဘု​ရား​သခင့်​နာ​မည်​ကို ဗျည်း​လေး​လုံး​နဲ့ ရေး​သား​တယ်။ မြန်​မာ​လို​ဆို​ရင် ယ​ဟ​ဝ​ဟ ဖြစ်​တယ်။ မူ​ရင်း​ဟီ​ဘ​ရူး​ကျမ်း​စောင်​တွေ​မှာ ဘု​ရား​နာ​မည် အကြိမ်​ပေါင်း ၇,၀၀၀ နီး​ပါး ပါ​တယ်။ ကမ္ဘာ​တစ်​ဝန်း​က လူ​တွေ​ဟာ ယေဟောဝါ​ဆို​တဲ့ နာ​မည်​ကို သူတို့​ဘာ​သာ​စကား​အလိုက် ရေး​သား​ပုံ​ကိုယ်​စီ၊ အသုံး​တွင်​နေ​တဲ့ အသံ​ထွက်​ကိုယ်​စီ ရှိ​ကြ​တယ်။

အခန်း ၁၊ အပိုဒ် ၁၅

၂ ကျမ်း​စာ​ကို ‘ဘု​ရား​သခင့်​စွမ်းအား​တော်​ရဲ့ လမ်း​ညွှန်​မှု​နဲ့ ရေး​ထား​တယ်’

ကျမ်း​စာ​ရဲ့​အာ​ဘော်​ရှင်​ဟာ ဘု​ရား​သခင် ဖြစ်​တယ်။ လူ​တွေ​ကို​သုံး​ပြီး ကျမ်း​စာ​ရေး​သား​စေ​တယ်။ လုပ်ငန်း​ရှင်​တစ်​ယောက် သူ့​ကိုယ်​စား အတွင်းရေးမှူး​ကို စာ​တစ်​စောင် ရေး​ခိုင်း​တာ​နဲ့ နှိုင်း​ယှဉ်​နိုင်​တယ်။ ဘု​ရား​သခင်​က ကျမ်း​ရေး​သူ​တွေ​ကို စွမ်းအား​တော်​နဲ့ လမ်း​ညွှန်​ပြီး မိမိ​ရဲ့​အတွေး​အခေါ်​တွေ​ကို ချ​ရေး​ခိုင်း​တယ်။ ဘု​ရား​သခင်​ရဲ့ စွမ်းအား​တော်​ဟာ သူတို့​ကို နည်း​မျိုး​စုံ​နဲ့ လမ်း​ညွှန်​တယ်။ တစ်​ခါ​တစ်​ရံ စိတ်​အာ​ရုံ​တွေ၊ အိပ်​မက်​တွေ ပေး​ပြီး အဲ​ဒါ​တွေ​ကို ချ​ရေး​စေ​တယ်။

အခန်း ၂၊ အပိုဒ် ၅

၃ လမ်း​ညွှန်​ချက်​များ (အခြေ​ခံ​မူ​များ)

အခြေ​ခံ​အမှန်​တ​ရား​ကို ရှင်း​ပြတဲ့ ကျမ်း​စာ​သွန်သင်​ချက်​တွေ ဖြစ်​တယ်။ ဥပမာ၊ “မကောင်း​တဲ့ အပေါင်း​အသင်း​ဟာ ကောင်း​တဲ့​အကျင့်​ကို ပျက်​စီး​စေ​တတ်​တယ်” ဆို​တဲ့ လမ်း​ညွှန်​ချက်​က ကိုယ်​ပေါင်း​တဲ့​သူ​တွေ​ဟာ ကိုယ့်​အပေါ် ကောင်း​ကျိုး၊ ဆိုး​ကျိုး သက်​ရောက်​မှု​ရှိ​တယ်​ဆို​တာ သင်​ပေး​တယ်။ (၁ ကော​ရိန္သု ၁၅:၃၃) “လူ​ဟာ မျိုး​စေ့​ကြဲ​တဲ့​အတိုင်း ရိတ်​သိမ်း​ရ​လိမ့်​မယ်” ဆို​တဲ့ လမ်း​ညွှန်​ချက်​က ကျွန်​တော်​တို့​လုပ်​ရပ်ရဲ့ အကျိုး​ဆက်​ကို ရှောင်​လွှဲ​လို့​မရ​ဘူး​ဆို​တာ သင်​ပေး​တယ်။—ဂလာ​တိ ၆:၇

အခန်း ၂၊ အပိုဒ် ၁၂

၄ ကြို​ဟော​ချက် (ပရော​ဖက်​ပြု​ချက်)

ဘု​ရား​သခင်​ဆီ​က​လာ​တဲ့ သတင်း​စကား ဖြစ်​တယ်။ ဘု​ရား​အလို​တော်​အကြောင်း ရှင်း​ပြချက်၊ ကျင့်​ဝတ်​ဆိုင်​ရာ သွန်သင်​ချက်၊ မိန့်မှာ​ချက်၊ တ​ရား​စီ​ရင်​ချက် ဖြစ်​နိုင်​တယ်။ အနာ​ဂတ်​မှာ ဖြစ်​လာ​မယ့်​အရာ​တစ်​ခု​နဲ့​ပတ်​သက်​တဲ့ သတင်း​စကား​လည်း ဖြစ်​နိုင်​တယ်။ ကျမ်း​စာ​ထဲ​မှာ ပြည့်​စုံ​ခဲ့​ပြီး​သား ကြို​ဟော​ချက်​တွေ အများ​ကြီး​ပါ​တယ်။

အခန်း ၂၊ အပိုဒ် ၁၃

၅ မေရှိ​ယ​အကြောင်း ကြို​ဟော​ချက်​များ

မေရှိ​ယ​အကြောင်း ကျမ်း​စာ​ကြို​ဟော​ချက်​အများ​ကြီး​ကို ယေရှု ပြည့်​စုံ​စေ​တယ်။ “ မေရှိ​ယ​အကြောင်း ကြို​ဟော​ချက်​များ” လေး​ထောင့်​ကွက်​ကို ကြည့်​ပါ။

အခန်း ၂၊ အပိုဒ် ၁၇၊ အောက်​ခြေ​မှတ်​ချက်

၆ ကမ္ဘာ​မြေအတွက် ယေဟောဝါ​ရဲ့ ရည်​ရွယ်​ချက်

ယေဟောဝါ​ဟာ မိမိ​ကို​ချစ်​တဲ့​လူ​တွေ နေ​ထိုင်​ဖို့ ကမ္ဘာ​မြေကို ပရ​ဒိ​သု​စံ​အိမ်​အဖြစ် ဖန်​ဆင်း​ခဲ့​တယ်။ ကိုယ်​တော့်ရည်​ရွယ်​ချက် မပြောင်း​လဲ​ပါ​ဘူး။ မကြာ​ခင်​မှာ ဘု​ရား​သခင်​ဟာ ဆိုး​သွမ်း​မှု​ကို ဖယ်​ရှား​ပြီး မိမိ​ကို​ဝတ်​ပြု​သူ​တွေ​ကို ထာ​ဝ​ရ​အသက် ပေး​မယ်။

အခန်း ၃၊ အပိုဒ် ၁

၇ စာ​တန်​မာ​ရ်​နတ်

စာ​တန်​ဟာ ဘု​ရား​သခင်​ကို စတင်​ပုန်​ကန်​တဲ့ ကောင်း​ကင်​တ​မန် ဖြစ်​တယ်။ စာ​တန်​ဆို​တာ “ခု​ခံ​သူ” လို့​အဓိပ္ပာယ်​ရှိ​တယ်။ ယေဟောဝါ​ကို ဆန့်​ကျင်​တိုက်​ခိုက်​တဲ့​အတွက် အဲဒီ​နာ​မည် ရခဲ့​တာ။ သူ့​ကို မာ​ရ်​နတ်​လို့​လည်း ခေါ်​တယ်။ “အသရေ​ဖျက်​သူ” လို့​အဓိပ္ပာယ်​ရှိ​တယ်။ ဘု​ရား​သခင်​အကြောင်း လိမ်​ပြော​ပြီး လူ​တွေ​ကို လှည့်​စား​တဲ့​အတွက် အဲဒီ​နာ​မည် ရခဲ့​တာ။

အခန်း ၃၊ အပိုဒ် ၄

၈ ကောင်း​ကင်​တ​မန်​များ

ကမ္ဘာ​မြေကို မဖန်​ဆင်း​ခင် ကြာ​မြင့်​စွာ​က​တည်း​က ကောင်း​ကင်​တ​မန်​တွေ​ကို ယေဟောဝါ ဖန်​ဆင်း​ခဲ့​တယ်။ သူတို့​ကို ကောင်း​ကင်​မှာ​နေ​ဖို့ ဖန်​ဆင်း​ထား​တာ။ ကောင်း​ကင်​တ​မန် သန်း​ရာ​နဲ့​ချီ ရှိ​တယ်။ (ဒံယေလ ၇:၁၀) နာ​မည်​ကိုယ်​စီ၊ အရည်​အသွေး​ကိုယ်​စီ ရှိ​ကြ​တယ်။ သစ္စာ​ရှိ​တဲ့​ကောင်း​ကင်​တ​မန်​တွေ​ဟာ လူ​တွေ​ကိုးကွယ်​တာ​ကို လက်မခံ​​ဘူး၊ နှိမ့်​ချ​မှု​ရှိ​ကြ​တယ်။ သူတို့​မှာ အဆင့်​အမျိုး​မျိုး၊ တာဝန်​အမျိုး​မျိုး ရှိ​တယ်။ ယေဟောဝါ​ရဲ့ ရာ​ဇ​ပလ္လင်​ရှေ့​မှာ အမှု​ဆောင်​ရ​တာ၊ ဘု​ရားရဲ့ သတင်း​စကား​ကို ကြား​ပြော​ရ​တာ၊ မြေကြီး​ပေါ်​ရှိ ကျေး​ကျွန်​တွေ​ကို ကာ​ကွယ်၊ လမ်း​ညွှန်​ပေး​ရ​တာ၊ ဘု​ရားရဲ့ တ​ရား​စီ​ရင်​ချက်​အတိုင်း လုပ်​ဆောင်​ပေး​ရ​တာ၊ ဟော​ပြော​ခြင်း​လုပ်ငန်း​ကို ကူညီ​ပံ့​ပိုး​ပေး​ရ​တာ စ​တဲ့ တာဝန်​အမျိုး​မျိုး ရှိ​တယ်။ (ဆာလံ ၃၄:၇။ ဗျာဒိတ် ၁၄:၆။ ၂၂:၈၊ ၉) လာ​မယ့် အာ​မဂေဒုန်​စစ်​ပွဲ​မှာ ယေရှု​ဘက်​က​နေ ကူညီ​တိုက်​ခိုက်​ပေး​ကြ​လိမ့်​မယ်။—ဗျာဒိတ် ၁၆:၁၄၊ ၁၆။ ၁၉:၁၄၊ ၁၅

အခန်း ၃၊ အပိုဒ်  ၅အခန်း ၁၀၊ အပိုဒ် ၁

၉ အပြစ်

ယေဟောဝါ​နဲ့ ဒါ​မှ​မဟုတ် အလို​တော်​နဲ့ ဆန့်​ကျင်​တဲ့​အရာ​မှန်​သမျှ​ဟာ အပြစ်​ပဲ။ အပြစ်​ဟာ ဘု​ရား​နဲ့ ကျွန်​တော်​တို့​ရဲ့ ရင်း​နှီး​တဲ့​ဆက်ဆံ​ရေး​ကို ထိ​ခိုက်​စေ​တယ်။ ဒါ​ကြောင့် အပြစ်​ကို တ​မင်​တ​ကာ မလုပ်​အောင် ကူညီ​တဲ့ ပညတ်​တွေ၊ လမ်း​ညွှန်​ချက်​တွေ​ကို ဘု​ရား​ပေး​ထား​တယ်။ အစ​တုန်း​က ယေဟောဝါ ဖန်​ဆင်း​တာ​မှန်​သမျှ ပြည့်​ဝ​စုံလင်​တယ်။ ဒါ​ပေမဲ့ အာ​ဒံ​နဲ့​ဧ​ဝ ယေဟောဝါ​ကို မနာ​ခံ​တဲ့​အခါ သူတို့ အပြစ်​ရှိ​သွား​တယ်၊ ပြည့်​ဝ​စုံလင်​မှု မရှိ​တော့​ဘဲ အို​မင်း​ပြီး သေရ​တယ်။ ကျွန်​တော်​တို့​လည်း အာ​ဒံ​ဆီ​က အပြစ်​ကို အမွေ​ရခဲ့လို့ အို​မင်း​ပြီး သေကြ​ရ​တယ်။

အခန်း ၃၊ အပိုဒ် ၇အခန်း ၅၊ အပိုဒ် ၃

၁၀ အာ​မဂေဒုန်

စာ​တန့်​လော​က​နဲ့ ဆိုး​ညစ်​မှု​မှန်​သမျှ​ကို ဖျက်​ဆီး​မယ့် ဘု​ရား​သခင့်​စစ်​ပွဲ ဖြစ်​တယ်။

အခန်း ၃၊ အပိုဒ် ၁၃အခန်း ၈၊ အပိုဒ် ၁၈

၁၁ ဘု​ရား​သခင့်​နိုင်​ငံ​တော်

ဘု​ရား​သခင့်​နိုင်​ငံ​တော်​ဆို​တာ ကောင်း​ကင်​မှာ ယေဟောဝါ တည်​ထောင်​ထား​တဲ့ အစိုး​ရ ဖြစ်​တယ်။ ယေရှု​ခ​ရစ်​ဟာ ဘု​ရင်​အဖြစ် အုပ်​စိုး​မယ်။ အနာ​ဂတ်​မှာ ယေဟောဝါ​ဟာ ဒီ​နိုင်​ငံ​တော်​ကို သုံး​ပြီး ဆိုး​ညစ်​မှု​မှန်​သမျှ​ကို ဖယ်​ရှား​မယ်။ ကမ္ဘာ​မြေကို ဘု​ရား​သခင့်​နိုင်​ငံ​တော် အုပ်​စိုး​မယ်။

အခန်း ၃၊ အပိုဒ် ၁၄

၁၂ ယေရှု​ခ​ရစ်

ဘု​ရား​သခင်​က ဘာ​ကို​မှ မဖန်​ဆင်း​ခင် ယေရှု​ကို ဖန်​ဆင်း​တယ်။ လူ​အားလုံး​အတွက် အသေခံ​ဖို့ ယေရှု​ကို မြေကြီး​ပေါ် စေ​လွှတ်​ခဲ့​တယ်။ ယေရှု အသတ်​ခံ​ရ​ပြီး​တဲ့​နောက် ယေဟောဝါ​က ယေရှု​ကို ရှင်​ပြန်​ထ​မြောက်​စေ​တယ်။ အခု၊ ယေရှု​ဟာ ကောင်း​ကင်​မှာ ဘု​ရား​သခင့် နိုင်​ငံ​တော်​ဘု​ရင်​အဖြစ် အုပ်​စိုး​နေ​ပြီ။

အခန်း ၄၊ အပိုဒ် ၂

၁၃ သီ​တင်း ၇၀ အကြောင်း ကြို​ဟော​ချက်

မေရှိ​ယ​ပေါ်​လာ​မယ့်​အချိန်​ကို ကျမ်း​စာ​ကြို​ဟော​တယ်။ ၆၉ သီ​တင်း​အဆုံး​မှာ မေရှိ​ယ ပေါ်​ထွန်း​မယ်။ ၆၉ သီ​တင်း​ဟာ ဘီ​စီ ၄၅၅ မှာ စတင်​ပြီး အေဒီ ၂၉ မှာ ကုန်​ဆုံး​တယ်။

အေဒီ ၂၉ မှာ ကုန်​ဆုံး​မှန်း ဘယ်​လို​သိ​ရ​သလဲ။ နေဟမိ​ဟာ ဘီ​စီ ၄၅၅ မှာ ဂျေရု​ဆ​လင်​မြို့​ကို ပြန်​လာ​ပြီး မြို့​ကို ပြန်​တည်​ဆောက်​တယ်။ အဲဒီ​အချိန်​မှာ ၆၉ သီ​တင်း စတင်​တယ်။ (ဒံယေလ ၉:၂၅။ နေဟမိ ၂:၁၊ ၅-၈) “တစ်​ဒါ​ဇင်” ဆို​တာ ၁၂ ဂဏန်း​ကို ဆိုလို​သလို “တစ်​သီ​တင်း” ဆို​တာ ၇ ဂဏန်း​ကို ဆိုလို​တယ်။ ဒီ​ကြို​ဟော​ချက်​မှာ​ပါ​တဲ့ သီ​တင်း​ပတ်​တွေ​က ခု​နစ်​ရက်​ရှိ​တဲ့ သီ​တင်း​ပတ်​ကို မဆိုလို​ဘူး။ “တစ်​ရက်​ကို တစ်​နှစ်” ဆို​တဲ့ သတ်​မှတ်​ချက်​အရ သီ​တင်း​နှစ်​တွေ​ကို ဆိုလို​တယ်။ (တော​လည်​ရာ ၁၄:၃၄။ ယေဇကျေလ ၄:၆) သီ​တင်း​တစ်​ပတ်​ဟာ ခု​နစ်​နှစ်​ကြာ​တယ်။ ၆၉ သီ​တင်း​ဟာ (၆၉ x ၇) ၄၈၃ နှစ်​ကြာ​တယ်။ ဘီ​စီ ၄၅၅ က​နေ နှစ်​ပေါင်း ၄၈၃ နှစ်​ကို တွက်​လိုက်​ရင် အေဒီ ၂၉ အထိ​ရောက်​တယ်။ အဲဒီ​နှစ်​ဟာ ယေရှု နှစ်ခြင်း​ခံ​ပြီး မေရှိ​ယ​ဖြစ်​လာ​တဲ့​နှစ် အတိ​အကျ​ပဲ။—လုကာ ၃:၁၊ ၂၊ ၂၁၊ ၂၂

အဲဒီ​ပရော​ဖက်​ပြု​ချက်​မှာ နောက်​ထပ် ခု​နစ်​နှစ်​ကြာ​တဲ့ သီ​တင်း​ပတ်​အကြောင်း​လည်း ကြို​ဟော​ထား​တယ်။ အဲဒီ​သီ​တင်း​ပတ်​အတွင်း အေဒီ ၃၃ မှာ မေရှိ​ယ အသတ်​ခံ​ရ​မယ်။ အေဒီ ၃၆ က​စ​ပြီး ဘု​ရား​သခင့်​နိုင်​ငံ​တော် သတင်း​ကောင်း​ကို ဂျူး​လူမျိုး​အပြင် လူမျိုး​အားလုံး​ကို ဟော​ပြော​ရ​လိမ့်​မယ်။—ဒံယေလ ၉:၂၄-၂၇

အခန်း ၄၊ အပိုဒ် ၇

၁၄ သုံး​ပါး​ပေါင်း​တစ်​ဆူ သွန်သင်​ချက်

ယေဟောဝါ​ဘု​ရား​ဟာ ဖန်​ဆင်း​ရှင် ဖြစ်​တယ်၊ ဘာ​ကို​မှ မဖန်​ဆင်း​ခင် ယေရှု​ကို ဖန်​ဆင်း​ခဲ့​တယ်​လို့ ကျမ်း​စာ​သွန်သင်​တယ်။ (ကောလောသဲ ၁:၁၅၊ ၁၆) ယေရှု​ဟာ အနန္တ​တန်ခိုး​ရှင်​ဘု​ရား​သခင် မဟုတ်​ဘူး။ ဘု​ရား​နဲ့​တန်း​တူ​ဖြစ်​တယ်​လို့ သူ တစ်​ခါ​မှ မပြော​ခဲ့​ဘူး။ “အဖဘု​ရား​က ကျွန်​တော့်​ထက် ပို​ကြီး​မြတ်​တယ်” လို့​ပဲ ပြော​တယ်။ (ယောဟန် ၁၄:၂၈။ ၁ ကော​ရိန္သု ၁၅:၂၈) ခမည်း​တော်၊ သား​တော်၊ သန့်​ရှင်း​သော ဝိညာဉ်​တော်​ဟာ ပု​ဂ္ဂိုလ်​သုံး​ပါး ဘု​ရား​တစ်​ဆူ​ဆို​ပြီး ဘာ​သာ​တ​ချို့ သွန်သင်​တယ်။ တ​ကယ်​တော့ ကျမ်း​စာ​မှာ “သုံး​ပါး​ပေါင်း​တစ်​ဆူ” ဆို​တဲ့ စကား​လုံး မပါ​ဘူး။ ဒါ​ဟာ မှား​ယွင်း​တဲ့​သွန်သင်​ချက်​ပဲ။

သန့်​ရှင်း​သော ဝိညာဉ်​တော် တစ်​နည်း​အား​ဖြင့် စွမ်းအား​တော်​ဟာ ဘု​ရား​သခင်​ရဲ့ သက်​ဝင်​လှုပ်​ရှား​နေ​တဲ့ စွမ်းအား၊ အလို​တော်​ပြီး​မြောက်​စေ​ဖို့ အသုံး​ပြု​တဲ့ မျက်​မြင်​မရ​တန်ခိုး ဖြစ်​တယ်။ ပု​ဂ္ဂိုလ်​တစ်ပါး မဟုတ်​ဘူး။ ဥပမာ၊ အစော​ပိုင်း​ခရစ်​ယာန်တွေ​ဟာ “သန့်​ရှင်း​သော စွမ်းအား​တော်​နဲ့​ပြည့်” ခဲ့​တယ်။ ယေဟောဝါ​က “စွမ်းအား​တော်​ကို လူ​အမျိုး​မျိုး​အပေါ် ငါ​သွန်း​လောင်း​မယ်” လို့​ပြော​ခဲ့​တယ်။—တမန်​တော် ၂:၁-၄၊ ၁၇

အခန်း ၄၊ အပိုဒ် ၁၂အခန်း ၁၅၊ အပိုဒ် ၁၇

၁၅ လက်​ဝါး​ကား​တိုင်

စစ်​မှန်​တဲ့​ခ​ရစ်​ယာန်တွေ​ဟာ ဘု​ရား​သခင်​ကို ဝတ်​ပြု​ရာ​မှာ လက်​ဝါး​ကား​တိုင်​ကို ဘာ​လို့ မသုံး​တာ​လဲ။

  1. (၁)လက်​ဝါး​ကား​တိုင်​ကို ဟိုး​အရင်​က​တည်း​က မှား​ယွင်း​တဲ့​ဘာ​သာ​မှာ သုံး​တယ်။ ရှေး​အချိန်​က သဘာ​ဝ​တ​ရား ကိုးကွယ်​မှု​နဲ့ တိ​တ္ထိတွေရဲ့ လိင်​ဆိုင်​ရာ ဓလေ့​ထုံး​စံ​တွေ​မှာ​လည်း သုံး​တယ်။ ယေရှု​သေပြီး​နောက် နှစ်​ပေါင်း ၃၀၀ အတွင်း ခရစ်​ယာန်တွေ​ဟာ ဝတ်​ပြု​ရေး​မှာ လက်​ဝါး​ကား​တိုင် မသုံး​ကြ​ဘူး။ နောက်​ပိုင်း၊ ရော​မဧ​က​ရာဇ် ကွန်​စတင်​တိုင်း​ဟာ လက်​ဝါး​ကား​တိုင်​ကို ခ​ရစ်​ယာန်​ဘာ​သာ​ရဲ့ အမှတ်​အသား​အဖြစ် သတ်​မှတ်​လိုက်​တယ်။ ခ​ရစ်​ယာန်​ဘာ​သာ​ကို ပို​ပြီး​လူ​သိ​များ​စေ​ဖို့ ဒီ​အမှတ်​အသား​ကို အသုံး​ပြု​ကြ​တယ်။ ဒါ​ပေမဲ့ လက်​ဝါး​ကား​တိုင်​ဟာ ယေရှု​ခ​ရစ်​နဲ့ ဘာ​မှ​မပတ်​သက်​ဘူး။ “ခ​ရစ်​ယာန်​ခေတ်​မတိုင်​ခင်၊ ခ​ရစ်​ယာန်​နဲ့​မဆိုင်​တဲ့ ယဉ်​ကျေး​မှု​တွေ​မှာ လက်​ဝါး​ကား​တိုင် အသုံး​ပြု​တာ​ကို တွေ့​ရ​တယ်” လို့ ကက်​သလစ်​စွယ်​စုံ​ကျမ်း​သစ်​မှာ ရှင်း​ပြတယ်။

  2. (၂)ယေရှု​ဟာ လက်​ဝါး​ကား​တိုင်​ပေါ် သေဆုံး​ခဲ့​တာ မဟုတ်​ဘူး။ “လက်​ဝါး​ကား​တိုင်” လို့​ပြန်​ဆို​တဲ့ ဂရိ​စကား​လုံး​ဟာ “ဖြောင့်​တန်း​တဲ့​သစ်​တိုင်၊” “သစ်​ချောင်း၊” “သစ်​ပင်” ဆို​တဲ့​အဓိပ္ပာယ် ရှိ​တယ်။ “ဂရိ​ကျမ်း​စာ[ဓမ္မ​သစ်​ကျမ်း]မှာ သစ်​နှစ်​ပိုင်း​ကို ဆိုလို​တဲ့​သဘော လုံး​ဝ​မပါ​ဘူး” လို့ ကောမ်​ပဲ​နီ​ယန်​ကျမ်း​စာ​မှာ ရှင်း​ပြတယ်။ ယေရှု​ဟာ ဖြောင့်​တန်း​တဲ့ သစ်​တိုင်​ပေါ် သေဆုံး​ခဲ့​တယ်။

  3. (၃) ဝတ်​ပြု​ရေး​မှာ ရုပ်​တု​တွေ၊ အမှတ်​အသား​တွေ သုံး​တာ​ကို ယေဟောဝါ မကြိုက်​ဘူး။—ထွက်​မြောက်​ရာ ၂၀:၄၊ ၅။ ၁ ကော​ရိန္သု ၁၀:၁၄

အခန်း ၅၊ အပိုဒ် ၁၂

၁၆ အောက်​မေ့​ရာ​ပွဲ

ယေရှု​က မိမိ​ရဲ့​သေခြင်း အောက်​မေ့​ရာ​ပွဲ​ကို ကျင်း​ပဖို့ တ​ပည့်တွေ​ကို မိန့်မှာ​ခဲ့​တယ်။ အောက်​မေ့​ရာ​ပွဲ​ကို နှစ်​စဉ် နိ​သန်​လ ၁၄ ရက်​မှာ ကျင်း​ပတယ်။ အဲဒီ​နေ့​ဟာ အစ္စရေးတွေ ပသခါ​ပွဲ ကျင်း​ပတဲ့​နေ့​ပဲ။ ယေရှု​ရဲ့​အသား​နဲ့ သွေး​ကို ကိုယ်​စား​ပြု​တဲ့ မုန့်​နဲ့ ဝိုင်​ကို အောက်​မေ့​ရာ​ပွဲ တက်​ရောက်​သူ​အားလုံး​ဆီ လက်​ဆင့်​ကမ်း​တယ်။ ကောင်း​ကင်​မှာ ယေရှု​နဲ့​အတူ အုပ်​စိုး​မယ့်​သူ​တွေ​က​တော့ မုန့်​နဲ့ ဝိုင်​ကို စား​သုံး​ကြ​တယ်။ မြေကြီး​ပေါ် ထာ​ဝ​စဉ်​နေ​ထိုင်​ဖို့ မျှော်​လင့်​ချက်​ရှိ​သူ​တွေ​ဟာ မုန့်​နဲ့ ဝိုင်​ကို မစား​သုံး​ပေမဲ့ အောက်​မေ့​ရာ​ပွဲ​ကို လေး​စား​စွာ တက်​ရောက်​ကြ​တယ်။

အခန်း ၅၊ အပိုဒ် ၂၁

၁၇ အသက်

ဟီ​ဘ​ရူး​စကား​လုံး ‘နီး​ဖက်​ရှ်’ နဲ့ ဂရိ​စကား​လုံး ‘ပစီး​ခီး’ ကို မြန်​မာ​လို “အသက်” ဆို​ပြီး ကျမ်း​ချက်​တ​ချို့​မှာ ပြန်​ဆို​ထား​တယ်။ ကျမ်း​စာ​ထဲ​က အဲဒီ​ဟီ​ဘ​ရူး​နဲ့ ဂရိ​စကား​လုံး အသုံး​ပြု​ပုံ​ကို ဆန်း​စစ်​ကြည့်​တဲ့​အခါ အခြေ​ခံ​အား​ဖြင့် (၁) လူ​တွေ၊ (၂) တိ​ရစ္ဆာန်တွေ၊ (၃) လူ​နဲ့ တိ​ရစ္ဆာန်​မှာ​ရှိ​တဲ့ အသက်​ကို ရည်​ညွှန်း​မှန်း သိ​သာ​တယ်။ (ကမ္ဘာဦး ၁:၂၀။ ယေဇကျေလ ၁၈:၄။ ယောဟန် ၁၀:၁၁။ ၁ ပေတရု ၃:၂၀) တ​ချို့​ကျမ်း​စာ​တွေ​မှာ ပြန်​ဆို​ထား​သလို “ဝိညာဉ်” ကို မဆိုလို​ဘူး။ ကမ္ဘာ​မြေပေါ်​အသက်​ရှင်​တဲ့ သတ္တ​ဝါ​တွေ​နဲ့ ပတ်​သက်​ပြီး ပြော​တဲ့​အခါ ‘နီး​ဖက်​ရှ်’ နဲ့ ‘ပစီး​ခီး’ နှစ်​ခု​စ​လုံး​ဟာ အကောင်​အထည်​ရှိ​တဲ့၊ ထိ​တွေ့​လို့ရ​တဲ့၊ မြင်​တွေ့​နိုင်​တဲ့၊ သေဆုံး​တတ်​တဲ့​အရာတွေ​ကို ရည်​ညွှန်း​မှန်း ကျမ်း​စာ​က ဖော်ပြတယ်။ တစ်​ခု​ခု​ကို အကြွင်း​မဲ့၊ အစွမ်း​ရှိ​သမျှ​နဲ့ လုပ်​ဆောင်​တာ​ကို​လည်း ဆိုလို​တယ်။ (တ​ရား​ဟော​ရာ ၆:၅။ မဿဲ ၂၂:၃၇) ဒီ​မူ​ရင်း​စကား​လုံး​ဟာ သတ္တ​ဝါ​တွေရဲ့ အာ​သာ​ဆန္ဒ​ကို ရည်​ညွှန်း​တဲ့​အခါ ရှိ​သလို အသေကောင်​တွေ၊ အလောင်း​တွေ​ကို​လည်း ရည်​ညွှန်း​နိုင်​တယ်။—တော​လည်​ရာ ၆:၆။ ပညာ​အလိမ္မာ ၂၃:၂။ ဟေ​ရှာ​ယ ၅၆:၁၁။ ဟဂ္ဂဲ ၂:၁၃

အခန်း ၆၊ အပိုဒ် ၅အခန်း ၁၅၊ အပိုဒ် ၁၇

၁၈ စွမ်းအား

ကျမ်း​စာ​မှာ “စွမ်းအား” ဆို​ပြီး ပြန်​ဆို​လေ့​ရှိ​တဲ့ ဟီ​ဘ​ရူး​နဲ့ ဂရိ​စကား​လုံး​ဟာ အဓိပ္ပာယ်​များ​စွာ​ရှိ​တယ်။ နှစ်​မျိုး​စ​လုံး​ဟာ လူ​နဲ့ တိ​ရစ္ဆာန်တွေရဲ့ အသက်​စွမ်းအား၊ လေ​စ​တဲ့ မမြင်​နိုင်​တဲ့​အရာ​ကို ရည်​ညွှန်း​လေ့​ရှိ​တယ်။ ဝိညာဉ်​ပု​ဂ္ဂိုလ်​နဲ့ ဘု​ရား​သခင်​ရဲ့ သက်​ဝင်​လှုပ်​ရှား​နေ​တဲ့ စွမ်းအား ဒါ​မှ​မဟုတ် သန့်​ရှင်း​သော စွမ်းအား​တော်​ကို​လည်း ရည်​ညွှန်း​တယ်။ လူ​သေပြီး​နောက် ဆက်​အသက်​ရှင်​နေ​တဲ့​အရာ ရှိ​တယ်​လို့ ကျမ်း​စာ မသွန်သင်​ဘူး။—ထွက်​မြောက်​ရာ ၃၅:၂၁။ ဆာလံ ၁၀၄:၂၉။ မဿဲ ၁၂:၄၃။ လုကာ ၁၁:၁၃

အခန်း ၆၊ အပိုဒ် ၅အခန်း ၁၅၊ အပိုဒ် ၁၇

၁၉ ဂေဟင်​နာ

ဂေဟင်​နာ​ဆို​တာ အမှိုက်တွေ​ကို မီး​ရှို့​ဖျက်​ဆီး​တဲ့​နေ​ရာ၊ ဂျေရု​ဆ​လင်​မြို့​အနီး​မှာ​ရှိ​တဲ့ ချိုင့်​ဝှမ်း​နာ​မည် ဖြစ်​တယ်။ ယေရှု​ခေတ်​မှာ တိ​ရစ္ဆာန်​ကို​ဖြစ်​ဖြစ်၊ လူ​ကို​ဖြစ်​ဖြစ် အဲဒီ​ချိုင့်​ဝှမ်း​ထဲ ပစ်​ချ​ပြီး အရှင်​လတ်​လတ် မီး​ရှို့ ညှဉ်း​ဆဲ​တယ်​ဆို​တဲ့ အထောက်​အထား မရှိ​ဘူး။ ဒါ​ကြောင့် ဂေဟင်​နာ​ဆို​တာ လူ​သေတွေ​ကို မီး​နဲ့ ထာ​ဝ​ရညှဉ်း​ဆဲ​တဲ့၊ မမြင်​နိုင်​တဲ့​နေ​ရာ​အဖြစ် တင်​စား​လို့ မရ​ဘူး။ ဂေဟင်​နာ​ထဲ ပစ်​ချ​ခံ​ရ​သူ​တွေ​အကြောင်း ယေရှု ပြော​တဲ့​အခါ ထာ​ဝ​ရ​ဖျက်​ဆီး​ခြင်း​အကြောင်း ပြော​နေ​တာ​ဖြစ်​တယ်။—မဿဲ ၅:၂၂။ ၁၀:၂၈

အခန်း ၇၊ အပိုဒ် ၂၀

၂၀ သခင့်​ဆုတောင်း​ချက်

တ​ပည့်တွေ​ကို ဆုတောင်း​နည်း​သင်​ပေး​ချိန်​မှာ ယေရှု​တောင်း​တဲ့ ဆုတောင်း​ချက် ဖြစ်​တယ်။ ကောင်း​ကင်​အဖ ဒါ​မှ​မဟုတ် စံပြ​ဆုတောင်း​ချက်​လို့​လည်း ခေါ်​တယ်။ ဒီ​နည်း​အတိုင်း ဆုတောင်း​ဖို့ ယေရှု​သင်​ပေး​တယ်–

  • “နာ​မတော် သန့်​ရှင်း​မြင့်​မြတ်​ပါ​စေ”

    နာ​မတော် ကဲ့​ရဲ့​ရှုတ်​ချ​စ​ရာ ဖြစ်​စေ​တဲ့​အရာ​မှန်​သမျှ​ကို ဖယ်​ရှား​ပေး​ဖို့ ယေဟောဝါ​ဆီ ကျွန်​တော်​တို့ ဆုတောင်း​ကြ​တယ်။ ဒါ​မှ ကောင်း​ကင်၊ မြေကြီး​ပေါ် ရှိ​သူ​တိုင်း နာ​မတော်​ကို ဂုဏ်​တင်​ပြီး ရို​သေလေး​စား​နိုင်​မယ်။

  • “နိုင်​ငံ​တော် လာ​ပါ​စေ”

    ဘု​ရား​သခင့်​အစိုး​ရ​က စာ​တန်​ရဲ့ ဆိုး​ညစ်​တဲ့​လော​က​ကို ဖျက်​ဆီး​ဖို့၊ ကမ္ဘာ​မြေကို အုပ်​ချုပ်​ဖို့၊ ကမ္ဘာ​မြေကို ပရ​ဒိ​သု​ဖြစ်​စေ​ဖို့ ကျွန်​တော်​တို့ ဆုတောင်း​ကြ​တယ်။

  • “အလို​တော်​ဟာ . . . ကမ္ဘာ​မြေမှာ​လည်း ပြည့်​စုံ​ပါ​စေ”

    ကမ္ဘာ​မြေအတွက် ဘု​ရား​သခင့်ရည်​ရွယ်​ချက် ပြည့်​စုံ​စေ​ဖို့ ကျွန်​တော်​တို့ ဆုတောင်း​တယ်။ ဒါ​မှ ယေဟောဝါ​ရဲ့ မူ​လ​ရည်​ရွယ်​ချက်​အတိုင်း နာ​ခံ​မှု​ရှိ​တဲ့ ပြည့်​ဝ​စုံလင်​သူ​တွေ​ဟာ ပရ​ဒိ​သု​မှာ ထာ​ဝ​စဉ် အသက်​ရှင်​နိုင်​မယ်။

အခန်း ၈၊ အပိုဒ် ၂

၂၁ ရွေး​ဖိုး

ယေဟောဝါ​က လူ​တွေ​ကို အပြစ်​နဲ့ သေခြင်း​က​နေ ကယ်​တင်​ဖို့ ရွေး​ဖိုး စီ​စဉ်​ပေး​တယ်။ ရွေး​ဖိုး​ဟာ ပထ​မလူ​သား​အာ​ဒံ ဆုံး​ရှုံး​ခဲ့​တဲ့ ပြည့်​ဝ​စုံလင်​တဲ့​အသက်​ကို ပြန်​ဝယ်​ယူ​ဖို့၊ ယေဟောဝါ​နဲ့ ရင်း​နှီး​တဲ့​ဆက်ဆံ​ရေး ပြန်​ရ​နိုင်​ဖို့ ပေး​ရ​တဲ့​အခ ဖြစ်​တယ်။ ဘု​ရား​သခင်​က ယေရှု​ကို မြေကြီး​ပေါ် စေ​လွှတ်​ပြီး အပြစ်​သား​အားလုံး​အတွက် အသေခံ​စေ​ခဲ့​တယ်။ ယေရှု​ရဲ့​သေခြင်း​ကြောင့် လူ​အားလုံး ထာ​ဝ​စဉ် အသက်​ရှင်​ခွင့်၊ ပြည့်​ဝ​စုံလင်​သူ​တွေ​ဖြစ်​ခွင့် ရ​ရှိ​ကြ​တယ်။

အခန်း ၈၊ အပိုဒ် ၂၁အခန်း ၉၊ အပိုဒ် ၁၃

၂၂ ၁၉၁၄ ခု​နှစ်​ဟာ ဘာ​ကြောင့် အရေး​ပါ​တဲ့​နှစ် ဖြစ်​သလဲ

ဒံယေလ​အခန်း​ကြီး ၄ မှာ​ပါ​တဲ့ ကြို​ဟော​ချက်​အရ ၁၉၁၄ ခု​နှစ်​မှာ ဘု​ရား​သခင့်​နိုင်​ငံ တည်​ထောင်​မယ်​ဆို​တာ သိ​ရ​တယ်။

ကြို​ဟော​ချက်​– ယေဟောဝါ​က ဘု​ရင်​နေ​ဗု​ခ​ဒ်​နေ​ဇာ​ကို ခုတ်​လှဲ​ခံ​ရ​တဲ့ သစ်​ပင်​ကြီး​အကြောင်း အိပ်​မက်​ပေး​တယ်။ “ခု​နစ်​ကာလ” အတွင်း သစ်​ပင် မကြီး​ထွား​စေ​ဖို့ ပင်​စည်​ကို သံ​ကြိုး၊ ကြေး​နီ​ကြိုး​နဲ့ ပတ်​ချည်​ထား​တယ်။ အဲဒီ​နောက် သစ်​ပင် ပြန်​ကြီး​ထွား​လာ​တယ်။—ဒံယေလ ၄:၁၊ ၁၀-၁၆

အဲဒီ​ကြို​ဟော​ချက်​က ကျွန်​တော်​တို့​နဲ့​သက်​ဆိုင်​ပုံ– အဲဒီ​သစ်​ပင်​ဟာ ဘု​ရား​သခင့်​အုပ်​ချုပ်​မှု​ကို ပုံ​ဆောင်​တယ်။ ယေဟောဝါ​က ဂျေရု​ဆ​လင်​မှာ ဘု​ရင်တွေ ခန့်​အပ်​ပြီး အစ္စရေးတွေ​ကို အုပ်​စိုး​စေ​ခဲ့​တာ နှစ်​ပေါင်း​များ​စွာ ကြာ​ပြီ။ (၁ ရာ​ဇ​ဝင်​ချုပ် ၂၉:၂၃) ဒါ​ပေမဲ့ အဲဒီ​ဘု​ရင်တွေ သစ္စာ​မဲ့​တဲ့​အတွက် သူတို့​ရဲ့​မင်း​ဆက် ပြတ်​သွား​တယ်။ ဘီ​စီ ၆၀၇ မှာ ဂျေရု​ဆ​လင် ဖျက်​ဆီး​ခံ​ခဲ့ရ​တယ်။ ဒါ​ဟာ “ခု​နစ်​ကာလ” ရဲ့​အစ​ပဲ။ (၂ ဘု​ရင်​များ ၂၅:၁၊ ၈-၁၀။ ယေဇကျေလ ၂၁:၂၅-၂၇) “လူမျိုး​ခြား​တွေ​အတွက် သတ်​မှတ်​ထား​ချိန် စေ့​သွား​တဲ့​အထိ ဂျေရု​ဆ​လင်​မြို့​ကို လူမျိုး​ခြား​တွေ နင်း​ချေ​ကြ​လိမ့်​မယ်” လို့ ယေရှု​ပြော​တဲ့​အခါ “ခု​နစ်​ကာလ” ကို​ဆိုလို​နေ​တာ ဖြစ်​တယ်။ (လုကာ ၂၁:၂၄) ဒါ​ကြောင့် ယေရှု မြေကြီး​ပေါ်​ရှိ​နေ​ချိန်​မှာ “ခု​နစ်​ကာလ” မကုန်​ဆုံး​သေး​ဘူး။ “ခု​နစ်​ကာလ” အဆုံး​မှာ ဘု​ရင်​တစ်ပါး ခန့်​အပ်​မယ်​လို့ ယေဟောဝါ ကတိ​ပေး​တယ်။ ဒီ​ဘု​ရင်​သစ် ယေရှု​ရဲ့ အုပ်​ချုပ်​မှု​ဟာ ကမ္ဘာ​ပေါ်​မှာ​ရှိ​တဲ့ လူ​သား​တွေ​အတွက် ထာ​ဝ​ရ​ကောင်း​ချီးတွေ​ကို အလျှံ​ပယ် ယူ​ဆောင်​လာ​လိမ့်​မယ်။—လုကာ ၁:၃၀-၃၃

“ခု​နစ်​ကာလ” ရဲ့​ကြာ​ရှည်​မှု– “ခု​နစ်​ကာလ” ဟာ နှစ်​ပေါင်း ၂,၅၂၀ ကြာ​ရှည်​တယ်။ ဘီ​စီ ၆၀၇ က​နေ နှစ်​ပေါင်း ၂,၅၂၀ ကို ရေ​တွက်​လိုက်​ရင် ၁၉၁၄ ခု​နှစ်​မှာ ကုန်​ဆုံး​တယ်။ အဲဒီ​နှစ်​မှာ​ပဲ ယေဟောဝါ​က ယေရှု​ကို နိုင်​ငံ​တော်​ဘု​ရင်​အဖြစ် ကောင်း​ကင်​မှာ နန်း​တင်​ခဲ့​တယ်။

နှစ်​ပေါင်း ၂,၅၂၀ ကို ဘယ်​လို​ရ​သလဲ။ သုံး​ကာလ​ခွဲ​ဟာ ရက်​ပေါင်း ၁,၂၆၀ နဲ့​ညီ​တယ်​လို့ ကျမ်း​စာ​ပြော​တယ်။ (ဗျာဒိတ် ၁၂:၆၊ ၁၄) ဒါ​ကြောင့် “ခု​နစ်​ကာလ” ဟာ ရက်​ပေါင်း ၁,၂၆၀ ရဲ့​နှစ်​ဆ ရက်​ပေါင်း ၂,၅၂၀ နဲ့​ညီ​တယ်။ “တစ်​ရက်​ကို တစ်​နှစ်” ဆို​တဲ့ ကျမ်း​စာ​တွက်​ချက်​မှု​အရ ရက်​ပေါင်း ၂,၅၂၀ ဟာ နှစ်​ပေါင်း ၂,၅၂၀ နဲ့​ညီ​တယ်။—တော​လည်​ရာ ၁၄:၃၄။ ယေဇကျေလ ၄:၆

အခန်း ၈၊ အပိုဒ် ၂၃

၂၃ ကောင်း​ကင်​တ​မန်​မင်း မိ​က္ခေ​လ

“ကောင်း​ကင်​တ​မန်​တွေရဲ့ အကြီး​အမှူး” လို့ အဓိပ္ပာယ်​ရှိ​တယ်။ ကောင်း​ကင်​တ​မန်​မင်း​တစ်ပါး​တည်း ရှိ​တယ်၊ သူ့​နာ​မည် မိ​က္ခေ​လ​ဖြစ်​တယ်​လို့ ကျမ်း​စာ​ဖော်ပြတယ်။—ဒံယေလ ၁၂:၁။ ယုဒ ၉

မိ​က္ခေ​လ​ဟာ ဘု​ရား​သခင်​ရဲ့ သစ္စာ​ရှိ​ကောင်း​ကင်​တ​မန်​တပ်​ကို ဦး​ဆောင်​သူ​ပဲ။ ‘မိ​က္ခေ​လ​နဲ့ သူ့​ရဲ့​ကောင်း​ကင်​တ​မန်​တွေ​က န​ဂါး​နဲ့ သူ့​ရဲ့ ကောင်း​ကင်​တ​မန်​တွေ​ကို တိုက်​ခိုက်​တယ်’ ဆို​ပြီး ဗျာဒိတ် ၁၂:၇ မှာ​ပြော​တယ်။ ဗျာဒိတ်​ကျမ်း​မှာ ယေရှု​ကို ဘု​ရား​သခင့်​စစ်​တပ်​ရဲ့ ခေါင်း​ဆောင်​လို့ ပြော​ထား​တဲ့​အတွက် မိ​က္ခေ​လ​ဆို​တာ ယေရှု​ရဲ့ နာ​မည်​နောက်​တစ်​မျိုး ဖြစ်​တယ်။—ဗျာဒိတ် ၁၉:၁၄-၁၆

အခန်း ၉၊ အပိုဒ် ၄

၂၄ နောက်​ဆုံး​ကာလ

စာ​တန့်​လော​က​ကို ဘု​ရား​သခင့်​နိုင်​ငံ​တော် မဖျက်​ဆီး​ခင် ကမ္ဘာ​ပေါ်​မှာ သမိုင်း​ဝင်​ဖြစ်​ရပ်တွေ ဖြစ်​ပျက်​မယ့်​ကာလ​ကို ဆိုလို​တယ်။ ကျမ်း​စာ​ကြို​ဟော​ချက်​တွေ​ထဲ​က “လော​က​စ​နစ်​နိ​ဂုံး​ပိုင်း၊” “လူ​သား​ရောက်​ရှိ​နေ​ချိန်” ဆို​တဲ့ အသုံး​အနှုန်း​တွေ​ဟာ နောက်​ဆုံး​ကာလ​ကို​ပဲ ဆိုလို​တယ်။ (မဿဲ ၂၄:၃၊ ၂၇၊ ၃၇) ကောင်း​ကင်​မှာ ဘု​ရား​သခင့်​နိုင်​ငံ​တော် စတင်​အုပ်​စိုး​တဲ့ ၁၉၁၄ ခု​နှစ်​မှာ “နောက်​ဆုံး​ကာလ” စတင်​ပြီး စာ​တန့်​လော​က​ကို ဖျက်​ဆီး​မယ့် အာ​မဂေဒုန်​မှာ ကုန်​ဆုံးမ​ယ်။ —၂ တိမောသေ ၃:၁။ ၂ ပေတရု ၃:၃

အခန်း ၉၊ အပိုဒ် ၅

၂၅ ရှင်​ပြန်​ထ​မြောက်​ခြင်း

သေလွန်​သူ အသက်​ပြန်​ရှင်​လာ​အောင် ဘု​ရား​သခင် လုပ်​ပေး​တာ​ကို ရှင်​ပြန်​ထ​မြောက်​ခြင်း​လို့ ခေါ်​တယ်။ ကျမ်း​စာ​ထဲ​မှာ ရှင်​ပြန်​ထ​မြောက်​ခဲ့​သူ ကိုး​ယောက်​အကြောင်း ပါ​တယ်။ ရှင်​ပြန်​ထ​မြောက်​အောင် လုပ်​ပေး​ခဲ့​သူ​တွေ​က​တော့ ဧလိယ၊ ဧလိရှဲ၊ ယေရှု၊ ပေတရု၊ ပေါလု​ဖြစ်​တယ်။ ဘု​ရား​ပေး​တန်ခိုး​နဲ့​သာ အဲဒီ​အံ့​ဖွယ်​အမှု​တွေ​ကို လုပ်​ဆောင်​နိုင်​တာ။ “ဖြောင့်​မတ်​သူ​ရော မဖြောင့်​မတ်​သူ​တွေ​ပါ” ကမ္ဘာ​မြေပေါ် ရှင်​ပြန်​ထ​မြောက်​လာ​မယ်​ဆို​ပြီး ယေဟောဝါ ကတိ​ပေး​တယ်။ (တမန်​တော် ၂၄:၁၅) ကောင်း​ကင်​ကို ရှင်​ပြန်​ထ​မြောက်​တဲ့​အကြောင်း​ကို​လည်း ကျမ်း​စာ​ဖော်ပြတယ်။ ဘု​ရား​သခင် ဘိ​သိက်​ပေး ရွေး​ချယ်​ထား​သူ​တွေ​ဟာ ကောင်း​ကင်​မှာ ယေရှု​နဲ့​အတူ ရှိ​နေ​ဖို့ ရှင်​ပြန်​ထ​မြောက်​ကြ​တယ်။—ယောဟန် ၅:၂၈၊ ၂၉။ ၁၁:၂၅။ ဖိ​လိပ္ပိ ၃:၁၁။ ဗျာဒိတ် ၂၀:၅၊ ၆

အခန်း ၉၊ အပိုဒ် ၁၃

၂၆ နတ်​ဆိုး​ပညာ​လိုက်​စား​ခြင်း

နတ်​ဆိုး​ပညာ​လိုက်​စား​တယ်​ဆို​တာ တိုက်​ရိုက်​ဖြစ်​စေ၊ ပယော​ဂဆ​ရာ၊ နတ်​ဆ​ရာ​တို့​လို ကြား​ခံ​လူ​က​တစ်ဆင့်​ဖြစ်​စေ နတ်​ဆိုး​တွေ​နဲ့ ဆက်​သွယ်​တာ​ကို ဆိုလို​တယ်။ လူ​သေပေမဲ့ ဝိညာဉ်​မသေဘူး၊ တန်ခိုး​ကြီး​တဲ့ တ​စ္ဆေ​သရဲ ဖြစ်​သွား​တယ်​ဆို​တဲ့ သွန်သင်​ချက်​အမှား​ကို ယုံ​ကြည်​တဲ့​အတွက် နတ်​ဆိုး​ပညာ​ကို လူ​တွေ လိုက်​စား​ကြ​တယ်။ နတ်​ဆိုး​တွေ​ဟာ ဘု​ရား​ကို မနာ​ခံ​ဖို့​လည်း လူ​တွေ​ကို သွေး​ဆောင်​တယ်။ နတ်​ဆိုး​ပညာ​ထဲ​မှာ နက္ခတ်​ဗေ​ဒင်၊ ပယော​ဂအတတ်၊ မှော်​အတတ်၊ စုန်း​အတတ်၊ အယူ​သီး​တာ၊ ဂမ္ဘီရ​ပညာ၊ သဘာ​ဝ​လွန် စွမ်းအား​တွေ​လည်း ပါ​ဝင်​တယ်။ စာ​အုပ်၊ မဂ္ဂ​ဇင်း၊ ရာ​သီ​ခွင်​ဗေ​ဒင်၊ ရုပ်​ရှင်၊ ပို​စ​တာ၊ သီချင်း​အများ​စု​က မှော်​ပညာ၊ နတ်​ဆိုး​နဲ့ သဘာ​ဝ​လွန်​စွမ်းအား​တွေ​ဟာ အန္တရာယ်​ကင်း​ပြီး စိတ်​လှုပ်​ရှား​စ​ရာ​ကောင်း​တယ်​လို့ ထင်​ရ​စေ​တယ်။ လူ​သေအတွက် ပူ​ဇော်​ပသတာ၊ အသု​ဘ​အခမ်း​အနား၊ နှစ်​ပတ်​လည် စျာ​ပန​အခမ်း​အနား၊ အသု​ဘ​အိမ်​မှာ ည​လုံး​ပေါက် မအိပ်​ဘဲ​စောင့်​တာ စ​တဲ့ အသု​ဘ​ထုံး​စံ​အများ​စု​ဟာ နတ်​ဆိုး​တွေ​နဲ့ ဆက်​နွှယ်​နေ​တယ်။ တ​ချို့​သူ​တွေ​ဟာ နတ်​ဆိုး​တွေ​ဆီ​က တန်ခိုး​ရ​ဖို့ မူး​ယစ်​ဆေး သုံး​လေ့​ရှိ​တယ်။—ဂလာ​တိ ၅:၂၀။ ဗျာဒိတ် ၂၁:၈

အခန်း ၁၀၊ အပိုဒ် ၁၀အခန်း ၁၆၊ အပိုဒ် ၄

၂၇ ယေဟောဝါ​ရဲ့ အချုပ်​အခြာ​အာ​ဏာ

ယေဟောဝါ​ဟာ အနန္တ​တန်ခိုး​ရှင်၊ စ​ကြ​ဝ​ဠာ​ဖန်​ဆင်း​ရှင် ဖြစ်​တယ်။ (ဗျာဒိတ် ၁၅:၃) ဒါ​ကြောင့် အရာ​ခပ်​သိမ်း​ကို ပိုင်​ဆိုင်​သူ၊ ဖန်​ဆင်း​ရာ​အားလုံး​ကို အုပ်​စိုး​ပိုင်​ထိုက်​တဲ့ အချုပ်​အခြာ​အာ​ဏာ​ပိုင်​ရှင် ဖြစ်​တယ်။ (ဆာလံ ၂၄:၁။ ဟေ​ရှာ​ယ ၄၀:၂၁-၂၃။ ဗျာဒိတ် ၄:၁၁) ဖန်​ဆင်း​ရာ​မှန်​သမျှ​အတွက် ပညတ်​ဥ​ပဒေ​တွေ၊ နိ​ယာ​မတ​ရားတွေ​ကို ချ​မှတ်​ပေး​တယ်။ လူ​တွေ​ကို ဘု​ရင်​တင်​မြှောက်​ခွင့် ယေဟောဝါ​မှာ ရှိ​တယ်။ ဘု​ရား​သခင်​ကို ချစ်​ပြီး နာ​ခံ​တာ​ဟာ ဘု​ရားရဲ့ အချုပ်​အခြာ​အာ​ဏာ​ကို ထောက်​ခံ​ရာရောက်​တယ်။—၁ ရာ​ဇ​ဝင်​ချုပ် ၂၉:၁၁

အခန်း ၁၁၊ အပိုဒ် ၁၀

၂၈ ကိုယ်​ဝန်​ဖျက်​ချ​ခြင်း

မတော်​တ​ဆ ဒါ​မှ​မဟုတ် ခန္ဓာ​ကိုယ်​ရဲ့ သဘာ​ဝ​တုံ့​ပြန်​မှု​ကြောင့် မဟုတ်​ဘဲ မမွေး​သေး​တဲ့​က​လေး သေအောင် တ​မင်​တ​ကာ သတ်​တာ​ကို ဆိုလို​တယ်။ သန္ဓေ​တည်​ချိန်​က​စ​ပြီး က​လေး​ဟာ မိ​ခင်​ရဲ့​အစိတ်​အပိုင်း​မျှ​သာ မဟုတ်​ဘဲ လူ​သား​တစ်ဦး ဖြစ်​နေ​ပြီ။

အခန်း ၁၃၊ အပိုဒ် ၅

၂၉ သွေး​သွင်း​ခြင်း

လူ​တစ်ဦး​ရဲ့ သွေး ဒါ​မှ​မဟုတ် အဓိ​က သွေး​အစိတ်​အပိုင်း လေး​ခု​အနက် တစ်​ခု​ကို တ​ခြား​သူ​ရဲ့​ခန္ဓာ​ကိုယ်​ထဲ သွင်း​တာ၊ သွေး​ကို သို​လှောင်​ပြီး​နောက် ခန္ဓာ​ကိုယ်​ထဲ ပြန်​သွင်း​တာ ဖြစ်​တယ်။ အဓိ​က သွေး​အစိတ်​အပိုင်း​လေး​ခု​က​တော့ သွေး​နီ​ဥ၊ သွေး​ဖြူ​ဥ၊ သွေး​ဥ​မွှား၊ သွေး​ရည်​ကြည် ဖြစ်​တယ်။

အခန်း ၁၃၊ အပိုဒ် ၁၃

၃၀ ဆုံးမခြင်း

ကျမ်း​စာ​မှာ​ပါ​တဲ့ “ဆုံးမ​ခြင်း” ဆို​တဲ့ စကား​လုံး​ဟာ ပြစ်​ဒဏ်​ပေး​ရုံ​လောက်​ပဲ မဟုတ်​ဘူး။ သွန်သင်​တာ၊ ပညာ​ပေး​တာ၊ တည့်​မတ်​ပေး​တာ​တွေ ပါ​ဝင်​တယ်။ ယေဟောဝါ ဆုံးမ​တဲ့​အခါ ရုန့်​ရင်း​ကြမ်း​တမ်း​တာ၊ ရက်​စက်​တာ​တွေ မရှိ​ဘူး။ (ပညာ​အလိမ္မာ ၄:၁၊ ၂) ယေဟောဝါ​ဟာ မိ​ဘ​တွေ​အတွက် အကောင်း​ဆုံး​ပုံသက်သေ​ ချ​မှတ်​ခဲ့​တယ်။ ဘု​ရားရဲ့​ဆုံးမ​မှု ထိ​ရောက်​လွန်း​လို့ လူ​တစ်ဦး​ဟာ ဆုံးမ​မှု​ကို နှစ်​သက်​လာ​နိုင်​တယ်။ (ပညာ​အလိမ္မာ ၁၂:၁) ယေဟောဝါ​ဟာ မိမိ​ရဲ့​လူ​တွေ​ကို ချစ်​တဲ့​အတွက် သူတို့​ကို လေ့ကျင့်​ပေး​တယ်။ မှား​ယွင်း​တဲ့​သဘော​ထား​ကို တည့်​မတ်​ပေး​ဖို့၊ ကိုယ်​တော်​နှစ်​သက်​တဲ့ နည်း​အတိုင်း တွေး​တော​လုပ်​ဆောင်​တတ်​ဖို့ သွန်သင်​ချက်​တွေ ပေး​တယ်။ မိ​ဘ​တွေရဲ့​ဆုံးမ​မှု​မှာ နာ​ခံ​သင့်​တဲ့​အကြောင်း​ရင်းတွေ​ကို သား​သမီး နား​လည်​လာ​အောင် ကူညီ​ပေး​တာ ပါ​ဝင်​တယ်။ ယေဟောဝါ​နဲ့ သမ္မာ​ကျမ်း​စာ​ကို ချစ်​မြတ်​နိုး​လာ​အောင်၊ ကျမ်း​စာ​လမ်း​ညွှန်​ချက်​တွေ​ကို သဘော​ပေါက်​လာ​အောင် သွန်သင်​ပေး​တာ​လည်း ပါ​တယ်။

အခန်း ၁၄၊ အပိုဒ် ၁၃

၃၁ နတ်​ဆိုး​များ

နတ်​ဆိုး​တွေ​ဟာ လူ​ထက်​တန်ခိုး​ကြီး​တဲ့၊ မမြင်​နိုင်​တဲ့ ဝိညာဉ်​သတ္တ​ဝါ​ဆိုး​တွေ ဖြစ်​တယ်။ ဘု​ရား​သခင်​ကို သူတို့ မနာ​ခံ​တဲ့​အတွက် ဘု​ရားရဲ့ရန်​သူ၊ ကောင်း​ကင်​တ​မန်​ဆိုး​တွေ ဖြစ်​လာ​တယ်။ (ကမ္ဘာဦး ၆:၂။ ယုဒ ၆) သူတို့​ဟာ စာ​တန်​နဲ့​ပူး​ပေါင်း​ပြီး ယေဟောဝါ​ကို ဆန့်​ကျင်​ပုန်​ကန်​ခဲ့​တယ်။—တ​ရား​ဟော​ရာ ၃၂:၁၇။ လုကာ ၈:၃၀။ တမန်​တော် ၁၆:၁၆။ ယာကုပ် ၂:၁၉

အခန်း ၁၆၊ အပိုဒ်  ၄