အခန်းဆယ့်ရှစ်
ငါ့အသက်တာကို ဘုရားသခင်ဆီ ဆက်ကပ်အပ်နှံပြီး နှစ်ခြင်းခံသင့်သလား
၁။ ဒီစာအုပ်ကို အသေအချာ လေ့လာပြီးနောက် သင် ဘာတွေးမိနိုင်သလဲ။
ဒီစာအုပ်ကို လေ့လာတဲ့အခါ ဘုရားကတိပြုထားတဲ့ ထာဝရအသက်၊ လူသေတွေရဲ့ အခြေအနေ၊ ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက် စတဲ့ ကျမ်းစာအမှန်တရား အတော်များများကို သင်သိခဲ့ရပြီ။ (ဒေသနာ ၉:၅။ လုကာ ၂၃:၄၃။ ယောဟန် ၅:၂၈၊ ၂၉။ ဗျာဒိတ် ၂၁:၃၊ ၄) ယေဟောဝါသက်သေတွေရဲ့ အစည်းအဝေးတွေကို စတင်တက်ရောက်ပြီး သူတို့ဟာ စစ်မှန်တဲ့ဝတ်ပြုရေးနဲ့အညီ ပြုမူနေထိုင်သူတွေဖြစ်မှန်း သင် လက်ခံမှာပါ။ (ယောဟန် ၁၃:၃၅) အခုတော့ သင်ဟာ ယေဟောဝါနဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ရှိလာပြီး ကိုယ်တော့်ကို ဝတ်ပြုဖို့ ဆုံးဖြတ်ထားမှာပဲ။ ဒါဆိုရင် ‘ဘုရားသခင်ကို ဝတ်ပြုဖို့ အခု ငါ ဘာလုပ်ရမလဲ’ လို့ သင်တွေးမိနိုင်တယ်။
၂။ အီသီယိုးပီးယားတစ်ယောက် ဘာကြောင့် နှစ်ခြင်းခံချင်တာလဲ။
၂ ယေရှုခေတ်က အီသီယိုးပီးယားတစ်ယောက်လည်း အဲဒီလိုပဲ တွေးခဲ့တယ်။ ယေရှုရဲ့တပည့်ဖိလိပ္ပုက ယေရှု ရှင်ပြန်ထမြောက်ပြီးနောက် နှစ်အနည်းငယ်အကြာမှာ သူ့ကို ဟောခဲ့တာ။ ဖိလိပ္ပုက ယေရှုဟာ မေရှိယဖြစ်မှန်း အထောက်အထားနဲ့ ရှင်းပြတယ်။ အဲဒီလူဟာ သိလိုက်ရတာတွေကြောင့် ရင်ထဲထိသွားတဲ့အတွက် “ဒီမှာ ရေရှိတာပဲ။ ကျွန်တော် နှစ်ခြင်းမခံရအောင် ဘာက တားဆီးနေလို့လဲ” လို့ပြောတော့တယ်။—တမန်တော် ၈:၂၆-၃၆။
၃။ (က) နောက်လိုက်တွေကို ယေရှု ဘယ်လိုမိန့်မှာခဲ့သလဲ။ (ခ) နှစ်ခြင်းကို ဘယ်လို ပေးရသလဲ။
၃ ယေဟောဝါကို ဝတ်ပြုချင်ရင် နှစ်ခြင်းခံရမယ်လို့ ကျမ်းစာက ရှင်းရှင်းလင်းလင်းပြောတယ်။ ‘လူမျိုးတကာဆီသွားပြီး လူတွေကို ကျွန်တော့်တပည့် ဖြစ်လာအောင် သွန်သင်ပေးကြပါ။ နှစ်ခြင်းပေးကြပါ’ ဆိုပြီး နောက်လိုက်တွေကို ယေရှုပြောတယ်။ (မဿဲ ၂၈:၁၉) ယေရှုကိုယ်တိုင် နှစ်ခြင်းခံပြီး ပုံနမူနာပြခဲ့တယ်။ ခေါင်းပေါ် ရေဖျန်းရုံမဟုတ်ဘဲ ရေထဲ စုံးစုံးမြုပ်အောင် နှစ်ခဲ့တယ်။ (မဿဲ ၃:၁၆) အခုချိန်မှာလည်း ခရစ်ယာန်တစ်ယောက် နှစ်ခြင်းခံတဲ့အခါ ရေထဲ စုံးစုံးမြုပ်အောင် နှစ်ရမယ်။
၄။ နှစ်ခြင်းက ဘာကို ဖော်ပြနေသလဲ။
၄ နှစ်ခြင်းခံတာက တကယ်ပဲ ဘုရားမိတ်ဆွေဖြစ်ချင်တယ်၊ ဘုရားကို ဝတ်ပြုချင်တယ်ဆိုတာ လူအများမြင်အောင် ပြလိုက်တာပဲ။ (ဆာလံ ၄၀:၇၊ ၈) ဒီတော့ ‘နှစ်ခြင်းခံနိုင်အောင် ဘာလုပ်ရမလဲ’ ဆိုပြီး သင် တွေးမိမှာပဲ။
အသိပညာနဲ့ ယုံကြည်ခြင်း
၅။ (က) နှစ်ခြင်းမခံခင် ဦးဆုံး ဘာလုပ်ရမလဲ။ (ခ) ခရစ်ယာန်အစည်းအဝေးတွေကို တက်ရောက်ဖို့ ဘာကြောင့် အရေးကြီးသလဲ။
၅ နှစ်ခြင်းမခံခင် ယေဟောဝါနဲ့ ယေရှုအကြောင်း သိကျွမ်းဖို့ လိုတယ်။ သင် ကျမ်းစာလေ့လာနေတယ်ဆိုကတည်းက ဒီအချက်ကို လုပ်ဆောင်နေပြီ။ (ယောဟန် ၁၇:၃ ကိုဖတ်ပါ။) ဒါနဲ့ မလုံလောက်သေးဘူး။ ယေဟောဝါရဲ့ အလိုတော်ကို “တိကျမှန်ကန်စွာ သိကျွမ်း” ဖို့လိုတယ်လို့ ကျမ်းစာပြောတယ်။ (ကောလောသဲ ၁:၉) ယေဟောဝါသက်သေတွေရဲ့ အစည်းအဝေးတွေက ယေဟောဝါနဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ခိုင်မြဲစေဖို့ ကူညီပေးပါလိမ့်မယ်။ ဒါဟာ အဲဒီအစည်းအဝေးတွေကို မှန်မှန်တက်ရောက်ဖို့ အရေးကြီးတဲ့ အကြောင်းရင်းတစ်ခုပဲ။—ဟီဘရူး ၁၀:၂၄၊ ၂၅။
၆။ နှစ်ခြင်းမခံခင်မှာ ကျမ်းစာအကြောင်း ဘယ်လောက် သိထားဖို့လိုသလဲ။
၆ နှစ်ခြင်းမခံခင် ကျမ်းစာမှာပါသမျှ သိထားရမယ်လို့ ယေဟောဝါ မတောင်းဆိုပါဘူး။ အီသီယိုးပီးယားအမျိုးသားကိုလည်း နှစ်ခြင်းမခံခင် အကုန်သိထားရမယ်လို့ ယေဟောဝါ မတောင်းဆိုခဲ့ဘူး။ (တမန်တော် ၈:၃၀၊ ၃၁) ဘုရားသခင်အကြောင်း ကျွန်တော်တို့ ထာဝစဉ် လေ့လာသွားရမှာ။ (ဒေသနာ ၃:၁၁) ဒါပေမဲ့ နှစ်ခြင်းခံဖို့ဆိုရင် အနည်းဆုံးတော့ ကျမ်းစာရဲ့ အခြေခံသွန်သင်ချက်တွေကို သိနားလည်ပြီး လက်ခံဖို့ လိုတယ်။—ဟီဘရူး ၅:၁၂။
၇။ ကျမ်းစာလေ့လာခြင်းက သင့်ကို ဘယ်လိုကူညီပေးသလဲ။
၇ “ယုံကြည်ခြင်းမရှိရင် ဘုရားသခင်ရဲ့ စိတ်တော်နဲ့ မတွေ့နိုင်ဘူး” လို့ ကျမ်းစာပြောတယ်။ (ဟီဘရူး ၁၁:၆) ဒါကြောင့် နှစ်ခြင်းမခံခင်မှာ ယုံကြည်ခြင်း ရှိဖို့လိုတယ်။ ယေရှုရဲ့နောက်လိုက်တွေ သွန်သင်ပေးတာကို ကြားတဲ့အခါ ရှေးခေတ် ကောရိန္သုမြို့သားတချို့ “ယုံကြည်လာပြီး နှစ်ခြင်းခံကြတယ်” လို့ ကျမ်းစာပြောတယ်။ (တမန်တော် ၁၈:၈) အလားတူပဲ၊ ကျမ်းစာလေ့လာခြင်းက ဘုရားရဲ့ကတိတွေကိုသာမက ယေရှုရဲ့ရွေးဖိုးဟာ အပြစ်နဲ့ သေခြင်းကနေ ကယ်တင်နိုင်စွမ်းရှိမှန်းကိုပါ ယုံကြည်လာအောင် ကူညီပေးတယ်။—ယောရှု ၂၃:၁၄။ တမန်တော် ၄:၁၂။ ၂ တိမောသေ ၃:၁၆၊ ၁၇။
တခြားသူတွေကို ကျမ်းစာအမှန်တရား ပြောပြပါ
၈။ သိရှိလာတာတွေကို တခြားသူကို ပြောပြဖို့ ဘာက လှုံ့ဆော်ပေးမလဲ။
၈ ကျမ်းစာလေ့လာတာနဲ့အမျှ သင့်အသက်တာကို ဘယ်လိုအကျိုးပြုမှန်း သိမြင်လာတဲ့အခါ ယုံကြည်ခြင်း ပိုခိုင်ခံ့လာမယ်။ အဲဒီအခါ သိရှိလာတာတွေကို တခြားသူကို ပြောပြချင်လာပါလိမ့်မယ်။ (ယေရမိ ၂၀:၉။ ၂ ကောရိန္သု ၄:၁၃) ဒါဆို ဘယ်သူ့ကို ပြောပြရမလဲ။
၉၊ ၁၀။ (က) သင် သိရှိလာတာတွေကို ဘယ်သူတွေကို အရင်ဆုံး ပြောပြနိုင်သလဲ။ (ခ) အသင်းတော်နဲ့အတူ ဟောပြောချင်တယ်ဆိုရင် ဘာလုပ်ရမလဲ။
၉ သိရှိလာတာတွေကို မိသားစု၊ မိတ်ဆွေ၊ အိမ်နီးချင်း၊ အလုပ်ဖော်တွေကို သင် ပြောပြချင်မှာပဲ။ ဒါဟာ ကောင်းပါတယ်။ အဲဒီလိုပြောပြတဲ့အခါတိုင်း ကြင်နာမှုနဲ့ မေတ္တာပါဖို့တော့ လိုတယ်။ နောက်ပိုင်းမှာ အသင်းတော်နဲ့အတူ ပူးပေါင်းပြီး ဟောပြောလာနိုင်မယ်။ အဲဒီလိုဟောဖို့ အသင့်ဖြစ်ပြီဆိုရင် အသင်းတော်နဲ့အတူ ဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်ချင်တဲ့အကြောင်း ကျမ်းစာသင်ပေးတဲ့သူကို ပြောပြနိုင်တယ်။ သင် ဟောဖို့ အသင့်ဖြစ်နေပြီ၊ ကျမ်းစာစံနှုန်းတွေနဲ့အညီ နေထိုင်နေပြီလို့ သူယူဆရင် သူနဲ့အတူ အသင်းတော်အကြီးအကဲနှစ်ဦးကို သင် တွေ့ဆုံရပါလိမ့်မယ်။
၁၀ အဲဒီတွေ့ဆုံမှုမှာ ဘာတွေပြောမှာလဲ။ ကျမ်းစာရဲ့ အခြေခံသွန်သင်ချက်တွေကို နားလည်ပြီး ယုံကြည်မှု ရှိမရှိ၊ နေ့စဉ်အသက်တာမှာ ကျမ်းစာသွန်သင်ချက်အတိုင်း နာခံနေမနေ၊ ယေဟောဝါသက်သေ ဖြစ်ချင်စိတ် တကယ်ရှိမရှိ သိနိုင်ဖို့ အကြီးအကဲတွေက သင်နဲ့ ဆွေးနွေးပါလိမ့်မယ်။ အကြီးအကဲတွေဟာ သင်အပါအဝင် အသင်းတော်သားအားလုံးကို ဂရုစိုက်သူတွေဖြစ်တဲ့အတွက် သူတို့နဲ့ စကားပြောရမှာ မကြောက်ပါနဲ့။ (တမန်တော် ၂၀:၂၈။ ၁ ပေတရု ၅:၂၊ ၃) တွေ့ဆုံမှုပြီးနောက် အသင်းတော်နဲ့အတူ ဟောပြောလို့ရမရ သင့်ကို သူတို့ အသိပေးပါလိမ့်မယ်။
၁၁။ အသင်းတော်နဲ့အတူ မဟောပြောခင် သင့်ဘက်က ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ ဘာကြောင့် အရေးကြီးတာလဲ။
၁၁ အသင်းတော်နဲ့အတူ မဟောပြောခင် သင့်ဘက်က ပြုပြင်ပြောင်းလဲဖို့ လိုအပ်တဲ့အရာတွေကို အကြီးအကဲတွေ ရှင်းပြပေးပါလိမ့်မယ်။ အဲဒီလိုပြုပြင်ပြောင်းလဲဖို့ ဘာကြောင့် အရေးကြီးတာလဲ။ ဘုရားသခင်အကြောင်း တခြားသူတွေကို ပြောပြတဲ့အခါ ကျွန်တော်တို့ဟာ ယေဟောဝါကို ကိုယ်စားပြုနေလို့၊ ကိုယ်တော့်ကို ဂုဏ်တင်တဲ့နည်းနဲ့ ပြုမူနေထိုင်ရမှာ ဖြစ်လို့ပဲ။—၁ ကောရိန္သု ၆:၉၊ ၁၀။ ဂလာတိ ၅:၁၉-၂၁။
နောင်တရပြီး ပြန်လှည့်လာပါ
၁၂။ လူတိုင်း ဘာကြောင့် နောင်တရဖို့ လိုသလဲ။
၁၂ နှစ်ခြင်းမခံခင် သင်လုပ်ရမယ့်အရာ ရှိသေးတယ်။ တမန်တော်ပေတရုက “ဒါကြောင့် ခင်ဗျားတို့ရဲ့အပြစ်တွေကို ပယ်ဖျက်စေချင်တယ်ဆိုရင် နောင်တရကြပါ။ ဘုရားသခင်ဆီ ပြန်လှည့်လာကြပါ” လို့ပြောတယ်။ (တမန်တော် ၃:၁၉) နောင်တရတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ။ လုပ်မိခဲ့တဲ့ မကောင်းမှုအတွက် အလွန်ဝမ်းနည်းတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ ဥပမာ၊ လိင်အကျင့်ယိုယွင်းတဲ့ ဘဝမျိုးနဲ့ နေထိုင်ခဲ့ရင် နောင်တရဖို့လိုတယ်။ သင့်ဘဝမှာ မှန်ရာကိုလုပ်ဖို့ အစွမ်းကုန် ကြိုးစားခဲ့ရင်တောင် နောင်တရဖို့ လိုနေဆဲပဲ။ ကျွန်တော်တို့အားလုံး အပြစ်သားတွေဖြစ်ပြီး ဘုရားရဲ့ ခွင့်လွှတ်မှု လိုအပ်နေလို့ပဲ။—ရောမ ၃:၂၃။ ၅:၁၂။
၁၃။ “ပြန်လှည့်လာကြပါ” ဆိုတာ ဘာကို ဆိုလိုတာလဲ။
၁၃ လုပ်ခဲ့တာတွေအတွက် ဝမ်းနည်းနေရုံနဲ့ လုံလောက်ပြီလား။ မလုံလောက်သေးဘူး။ “ပြန်လှည့်လာ” ရမယ်လို့ ပေတရုပြောတယ်။ အရင်က လုပ်ခဲ့တဲ့ မကောင်းတဲ့အကျင့်မှန်သမျှကို စွန့်ပယ်ပြီး မှန်ရာကို စလုပ်ရမယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ ဥပမာ၊ ကိုယ်မရောက်ဖူးတဲ့နေရာတစ်ခုကို ခရီးသွားနေတယ် ဆိုပါစို့။ တစ်အောင့်ကြာတော့ လမ်းမှားနေမှန်း သိလိုက်ရတယ်။ သင် ဘယ်လိုလုပ်မလဲ။ အရှိန်လျှော့လိုက်မယ်၊ ရပ်တန့်ပြီး ပြန်လှည့်လာမယ်၊ အဲဒီနောက် လမ်းမှန်ပေါ် သွားမှာ သေချာတယ်။ အဲဒီလိုပဲ၊ ကျမ်းစာလေ့လာတဲ့အခါ ပြောင်းလဲရမယ့်အကျင့်တွေ၊ ပြောင်းလဲရမယ့်အရာတွေ ရှိမှန်း သင် သိလာပါလိမ့်မယ်။ အဲဒီအခါ လိုလိုလားလား “ပြန်လှည့်လာ” ပါ၊ တစ်နည်းအားဖြင့် လိုအပ်သလို ပြုပြင်ပြောင်းလဲပြီး မှန်ရာကို စလုပ်ပါ။
ကိုယ့်ကိုယ်ကိုယ် ဆက်ကပ်အပ်နှံပါ
၁၄။ ဘုရားသခင်ဆီ ဘယ်လို ဆက်ကပ်အပ်နှံရသလဲ။
၁၄ နှစ်ခြင်းမခံခင် သင် လုပ်ရမယ့်အရာ နောက်တစ်ခုကတော့ ယေဟောဝါဆီ ဆက်ကပ်အပ်နှံတာပဲ။ ယေဟောဝါဆီ ဆက်ကပ်အပ်နှံတယ်ဆိုတာ ကိုယ်တော့်ကိုပဲ ဝတ်ပြုမယ်၊ ဘဝမှာ အလိုတော်ကို ဦးစားထားမယ်လို့ ဆုတောင်းပြီး ကတိပေးတာဖြစ်တယ်။—တရားဟောရာ ၆:၁၅။
၁၅၊ ၁၆။ ဘာက ယေဟောဝါဆီ ဆက်ကပ်အပ်နှံချင်စိတ် ပေါ်လာစေသလဲ။
၁၅ ယေဟောဝါကိုပဲ ဝတ်ပြုပါ့မယ်လို့ ကတိပေးတာဟာ ချစ်ရသူနဲ့ တစ်သက်လုံး အတူနေသွားမယ်လို့ ကတိပေးတာနဲ့ တူတယ်။ ဥပမာ၊ ကောင်လေးနဲ့ ကောင်မလေး ချစ်သူဘဝရောက်သွားပြီ ဆိုပါစို့။ ကောင်လေးက ကောင်မလေးအကြောင်း ပိုသိလာလေ၊ ပိုချစ်လာလေပဲ။ လက်ထပ်ယူချင်စိတ် တဖွားဖွားပေါ်လာလေပဲ။ ဘဝနဲ့ဆိုင်တဲ့ အရေးကြီးဆုံးဖြတ်ချက် ဖြစ်ပေမဲ့ ကောင်လေးဟာ ကောင်မလေးကို ချစ်တဲ့အတွက် အိမ်ထောင်တာဝန်ကို ယူဖို့ ဝန်မလေးဘူး။
၁၆ သင်လည်း ယေဟောဝါအကြောင်း သိလာတာနဲ့အမျှ ကိုယ်တော့်ကို ချစ်လာတယ်၊ ဘုရားအမှုဆောင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားချင်လာတယ်။ အဲဒီအခါ ဘုရားအမှုဆောင်မယ်လို့ ဆုတောင်းပြီး ကတိပေးချင်စိတ် တဖွားဖွားပေါ်လာပါလိမ့်မယ်။ ယေရှုနောက်လိုက် ဖြစ်ချင်သူတိုင်း “ကိုယ့်ကိုယ်ကိုယ် ငြင်းပယ်ရမယ်” လို့ ကျမ်းစာပြောတယ်။ (မာကု ၈:၃၄) ဘာကိုဆိုလိုတာလဲ။ အသက်တာမှာ ယေဟောဝါကို နာခံတာကို နံပါတ်တစ် ဦးစားထားရမယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ ကိုယ့်ဆန္ဒ၊ ကိုယ့်ပန်းတိုင်တွေထက် ယေဟောဝါဖြစ်စေချင်တာကို အဓိက ဦးစားပေးရမယ်။—၁ ပေတရု ၄:၂ ကိုဖတ်ပါ။
မပြည့်မီမှာကို မစိုးရိမ်ပါနဲ့
၁၇။ တချို့က ကိုယ့်ကိုယ်ကိုယ် ယေဟောဝါဆီ ဘာလို့ မအပ်နှံကြတာလဲ။
၁၇ တချို့က ကိုယ့်ကိုယ်ကိုယ် ယေဟောဝါဆီ မအပ်နှံကြဘူး။ ဘုရားအမှုဆောင်မယ်ဆိုတဲ့ကတိ မတည်မှာကို စိုးရိမ်နေလို့ပဲ။ ယေဟောဝါကို စိတ်မငြိုငြင်စေချင်လို့၊ မအပ်နှံဘဲနေရင် ကိုယ့်လုပ်ရပ်တွေအတွက် ယေဟောဝါဆီ ဖြေရှင်းချက် ပေးစရာမလိုဘူးဆိုပြီး ယူဆလို့ ဖြစ်နိုင်တယ်။
၁၈။ ယေဟောဝါငြိုငြင်မှာ စိုးတဲ့စိတ်ကို အောင်မြင်ကျော်လွှားဖို့ ဘာက ကူညီပေးမလဲ။
၁၈ ယေဟောဝါအပေါ်ထားတဲ့ မေတ္တာက ကိုယ်တော်ငြိုငြင်မှာ စိုးတဲ့စိတ်ကို အောင်မြင်ကျော်လွှားဖို့ သင့်ကို ကူညီပေးပါလိမ့်မယ်။ ဘုရားကိုချစ်တဲ့အတွက် ကတိတည်အောင် အတတ်နိုင်ဆုံး လုပ်ဆောင်ပါလိမ့်မယ်။ (ဒေသနာ ၅:၄။ ကောလောသဲ ၁:၁၀) ယေဟောဝါရဲ့အလိုတော်ဆောင်ဖို့ ခက်ခဲလွန်းတယ်လို့ သင်ယူဆမှာ မဟုတ်ဘူး။ တမန်တော်ယောဟန်က “ဘုရားသခင်ကို ချစ်တယ်ဆိုတာ ပညတ်ချက်တွေ လိုက်နာတာကို ဆိုလိုတယ်။ ပညတ်ချက်တွေဟာ လိုက်နာဖို့ ခက်ခဲလွန်းတဲ့အရာ မဟုတ်ပါဘူး” လို့ ရေးခဲ့တယ်။—၁ ယောဟန် ၅:၃။
၁၉။ ယေဟောဝါဆီ ဆက်ကပ်အပ်နှံရမှာကို ဘာလို့ မတွန့်ဆုတ်သင့်သလဲ။
၁၉ ယေဟောဝါဆီ ကိုယ့်ကိုယ်ကိုယ် ဆက်ကပ်အပ်နှံဖို့ ပြည့်ဝစုံလင်သူ ဖြစ်စရာ မလိုပါဘူး။ မတတ်နိုင်တာကို လုပ်ဖို့ ကိုယ်တော် ဘယ်တော့မှ မတောင်းဆိုဘူး။ (ဆာလံ ၁၀၃:၁၄) မှန်ရာလုပ်ဆောင်နိုင်အောင် သင့်ကို ကိုယ်တော် ကူညီပါလိမ့်မယ်။ (ဟေရှာယ ၄၁:၁၀) ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်ကိုးစားပါ။ ဒါဆိုရင် ‘ဘုရားက သင့်လမ်းခရီးတွေကို ဖြောင့်ဖြူးစေမယ်။’—ပညာအလိမ္မာ ၃:၅၊ ၆။
ယုံကြည်ကြောင်း လူသိရှင်ကြား ကြေညာခြင်း
၂၀။ ကိုယ့်ကိုယ်ကိုယ် ဘုရားဆီ ဆက်ကပ်အပ်နှံပြီးနောက် ဘာလုပ်ရဦးမလဲ။
၂၀ ယေဟောဝါဆီ ဆက်ကပ်အပ်နှံဖို့ အသင့်ဖြစ်ပြီလို့ သင် ယူဆသလား။ ယေဟောဝါဆီ ဆက်ကပ်အပ်နှံပြီးပြီဆိုရင် နောက်တစ်ဆင့်အတွက် အသင့်ဖြစ်နေပြီ။ သင် နှစ်ခြင်းခံရဦးမယ်။
၂၁၊ ၂၂။ သင့်ယုံကြည်ခြင်းကို ဘယ်လိုနည်းနဲ့ “လူသိရှင်ကြား ကြေညာ” နိုင်သလဲ။
၂၁ သင် ယေဟောဝါဆီ ဆက်ကပ်အပ်နှံပြီးပြီ၊ နှစ်ခြင်းခံချင်ပြီဆိုရင် အသင်းတော်မှာရှိတဲ့ အကြီးအကဲအဖွဲ့ရဲ့ ညှိနှိုင်းရေးမှူးကို အသိပေးပါ။ ကျမ်းစာရဲ့ အခြေခံသွန်သင်ချက်တွေကို သင်နဲ့ ပြန်သုံးသပ်နိုင်ဖို့ အကြီးအကဲတချို့ကို သူစီစဉ်ပေးပါလိမ့်မယ်။ သင် အရည်အချင်းပြည့်မီတယ်လို့ သူတို့ယူဆရင် ယေဟောဝါသက်သေတွေ ကျင်းပမယ့် အစည်းအဝေးကြီးတစ်ခုမှာ နှစ်ခြင်းခံနိုင်ပြီဆိုတာ အသိပေးပါလိမ့်မယ်။ အဲဒီအစည်းအဝေးမှာ နှစ်ခြင်းရဲ့အဓိပ္ပာယ်ကို ရှင်းပြတဲ့ ဟောပြောချက် ပါတယ်။ ဟောပြောသူက နှစ်ခြင်းခံဖို့ အသင့်ဖြစ်နေသူတွေကို ရိုးရှင်းတဲ့မေးခွန်းနှစ်ခု မေးပါလိမ့်မယ်။ အဲဒီမေးခွန်းတွေကို ဖြေဆိုတာဟာ သင့်ယုံကြည်ခြင်းကို “လူသိရှင်ကြား ကြေညာ” တာဖြစ်တယ်။—ရောမ ၁၀:၁၀။
၂၂ အဲဒီနောက် ရေထဲကို စုံးစုံးမြုပ်အောင် နှစ်ပြီး နှစ်ခြင်းခံရမယ်။ နှစ်ခြင်းခံတာက ယေဟောဝါဆီ သင့်ကိုယ်သင် အပ်နှံပြီးပြီ၊ အခု ယေဟောဝါသက်သေတစ်ယောက် ဖြစ်ပြီဆိုတာ လူအများရှေ့ ပြလိုက်တာပဲ။
နှစ်ခြင်းရဲ့ဆိုလိုချက်
၂၃။ “အဖဘုရားရဲ့နာမည်၊ သားတော်ရဲ့နာမည်၊ သန့်ရှင်းသော စွမ်းအားတော်ရဲ့ နာမည်နဲ့” နှစ်ခြင်းခံတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ။
၂၃ ယေရှုရဲ့တပည့်တွေဟာ “အဖဘုရားရဲ့နာမည်၊ သားတော်ရဲ့နာမည်၊ သန့်ရှင်းသော စွမ်းအားတော်ရဲ့နာမည်နဲ့” နှစ်ခြင်းခံရမယ်ဆိုပြီး ပြောထားတယ်။ (မဿဲ ၂၈:၁၉ ကိုဖတ်ပါ။) ဘာကိုဆိုလိုတာလဲ။ ယေဟောဝါရဲ့ အခွင့်အာဏာ၊ ဘုရားရဲ့ရည်ရွည်ချက်မှာ ယေရှုရဲ့အခန်းကဏ္ဍ၊ အလိုတော်ပြည့်စုံအောင် စွမ်းအားတော်ကို ဘုရားအသုံးပြုတယ်ဆိုတာ အသိအမှတ်ပြုခြင်းကို ဆိုလိုတယ်။—ဆာလံ ၈၃:၁၈။ မဿဲ ၂၈:၁၈။ ဂလာတိ ၅:၂၂၊ ၂၃။ ၂ ပေတရု ၁:၂၁။
၂၄၊ ၂၅။ (က) နှစ်ခြင်းဟာ ဘာကို ဆိုလိုတာလဲ။ (ခ) နောက်ဆုံးအခန်းမှာ ဘာအကြောင်း ဆွေးနွေးမလဲ။
၂၄ နှစ်ခြင်းမှာ အရေးကြီးတဲ့ဆိုလိုချက်တစ်ခု ရှိသေးတယ်။ ရေထဲ စုံးစုံးမြုပ်အောင် နှစ်တာက သင်ဟာ ဘဝလမ်းစဉ်ဟောင်းကို စွန့်လိုက်ပြီ၊ ဘဝလမ်းစဉ်ဟောင်းမှာ သေဆုံးသွားပြီဆိုတဲ့ သဘောပဲ။ ရေထဲက ထလာတဲ့အခါ ဘုရားအလိုတော်ဆောင်ဖို့ ဘဝသစ်မှာ ပြန်ရှင်လာပြီ၊ အခုချိန်ကစပြီး ယေဟောဝါကို ဝတ်ပြုတော့မယ်ဆိုတာ ဖော်ပြတယ်။ လူတစ်ဦး၊ အဖွဲ့အစည်းတစ်ခု၊ လုပ်ငန်းတစ်ခုဆီ သင့်ကိုယ်သင် အပ်နှံလိုက်တာ မဟုတ်မှန်း သတိရပါ။ သင့်အသက်တာကို ယေဟောဝါဆီ အပ်နှံလိုက်တာပဲ။
၂၅ ဆက်ကပ်အပ်နှံလိုက်တဲ့အတွက် ဘုရားသခင်နဲ့ သင် ရင်းနှီးခွင့်ရလာနိုင်တယ်။ (ဆာလံ ၂၅:၁၄) လူတစ်ယောက် နှစ်ခြင်းခံလိုက်တာနဲ့ ကယ်တင်ခြင်းရပြီလို့ မဆိုလိုဘူး။ တမန်တော်ပေါလုက “ကယ်တင်ခြင်းရဖို့ ကြောက်ရွံ့တုန်လှုပ်တဲ့စိတ်နဲ့ ဆက်ကြိုးစားနေကြပါ” လို့ရေးခဲ့တယ်။ (ဖိလိပ္ပိ ၂:၁၂) နှစ်ခြင်းခံတာဟာ အစပဲ ရှိသေးတယ်။ ဒီတော့ ယေဟောဝါနဲ့ အမြဲရင်းနှီးအောင် ဘာလုပ်နိုင်သလဲ။ နောက်ဆုံးအခန်းက အဖြေပေးပါလိမ့်မယ်။
သမ္မာကျမ်းစာ သွန်သင်ရာများ