အခန်းဆယ့်သုံး
အသက်ဆုလက်ဆောင်ကို တန်ဖိုးထားလေးမြတ်ပါ
၁။ ကျွန်တော်တို့ရဲ့ အသက်ပေးရှင်ဟာ ဘယ်သူလဲ။
ယေဟောဝါဟာ “အသက်ရှင်တဲ့ဘုရား” ဖြစ်တယ်။ (ယေရမိ ၁၀:၁၀) ကျွန်တော်တို့ရဲ့ ဖန်ဆင်းရှင်၊ အသက်ပေးရှင်လည်း ဖြစ်တယ်။ “ကိုယ်တော်က အရာခပ်သိမ်းကို ဖန်ဆင်းခဲ့တယ်။ အရာခပ်သိမ်းဟာ အလိုတော်ကြောင့် ဖန်ဆင်းခံရပြီး တည်ရှိနေတယ်” လို့ ကျမ်းစာပြောတယ်။ (ဗျာဒိတ် ၄:၁၁) ယေဟောဝါဟာ ကျွန်တော်တို့ကို အသက်ရှင်စေချင်တယ်။ အသက်ဟာ ဘုရားပေးတဲ့ အဖိုးတန်ဆုလက်ဆောင်ပဲ။—ဆာလံ ၃၆:၉ ကိုဖတ်ပါ။
၂။ အောင်မြင်တဲ့ဘဝကို ဘယ်လို ပိုင်ဆိုင်နိုင်သလဲ။
၂ ကျွန်တော်တို့ အသက်ဆက်နိုင်ဖို့ လိုအပ်တဲ့ အစာရေစာတွေကို ယေဟောဝါ ပေးထားတယ်။ (တမန်တော် ၁၇:၂၈) ဒါတင် မကသေးဘူး။ ဘဝကို ပျော်မွေ့စေချင်တယ်။ (တမန်တော် ၁၄:၁၅-၁၇) အောင်မြင်တဲ့ဘဝ ပိုင်ဆိုင်ချင်ရင် ဘုရားရဲ့ပညတ်တွေကို နာခံဖို့လိုတယ်။—ဟေရှာယ ၄၈:၁၇၊ ၁၈။
အသက်ကို ဘုရားရှုမြင်ပုံ
၃။ အာဗေလကို ကာအိန သတ်လိုက်တဲ့အခါ ယေဟောဝါ ဘာလုပ်ခဲ့သလဲ။
၃ ကျွန်တော်တို့ရဲ့အသက်ရော သူတစ်ပါးရဲ့အသက်ပါ ယေဟောဝါအတွက် အဖိုးတန်တယ်လို့ ကျမ်းစာ သွန်သင်တယ်။ အာဒံနဲ့ ဧဝရဲ့သား ကာအိနက ညီအာဗေလကို အရမ်းဒေါသထွက်တဲ့အခါ သူ့ဒေါသကို ထိန်းဖို့ ယေဟောဝါ သတိပေးတယ်။ ကာအိနက နားမထောင်ဘူး။ ဒေါသထွက်လွန်းလို့ “ညီအာဗေလကို ရန်ရှာပြီး သတ်လိုက်တယ်။” (ကမ္ဘာဦး ၄:၃-၈) အာဗေလကို သတ်လိုက်တဲ့အတွက် ကာအိနကို ယေဟောဝါ ဒဏ်ပေးခဲ့တယ်။ (ကမ္ဘာဦး ၄:၉-၁၁) ဒါကြောင့် ဒေါသထွက်တာ၊ မုန်းတီးတာဟာ အန္တရာယ်ရှိတယ်။ အကြမ်းဖက်သူ၊ ရက်စက်သူ ဖြစ်စေနိုင်လို့ပဲ။ အဲဒီလိုလူဟာ ထာဝရအသက် မရနိုင်ဘူး။ (၁ ယောဟန် ၃:၁၅ ကိုဖတ်ပါ။) ယေဟောဝါရဲ့နှစ်သက်မှု ရဖို့ လူတိုင်းကို ချစ်တတ်အောင် ကျွန်တော်တို့ သင်ယူရမယ်။—၁ ယောဟန် ၃:၁၁၊ ၁၂။
၄။ အစ္စရေးတွေကို ဘုရားပေးတဲ့ ပညတ်တစ်ခုက အသက်ဆုလက်ဆောင်အကြောင်း ဘာသင်ပေးသလဲ။
၄ နှစ်ထောင်နဲ့ချီ ကြာပြီးတဲ့နောက် မောရှေကို ပညတ်တော်ဆယ်ပါး ပေးချိန်မှာ ယေဟောဝါဟာ အသက်ကို တန်ဖိုးထားတယ်ဆိုတာ ဖော်ပြတယ်။ ပညတ်တစ်ခုမှာ “လူ့အသက် မသတ်နဲ့” လို့ ပြောထားတယ်။ (တရားဟောရာ ၅:၁၇) တမင်တကာ လူသတ်မယ်ဆိုရင် သတ်တဲ့သူဟာ သေဒဏ်ခံရမယ်။
၅။ ကိုယ်ဝန်ဖျက်ချတာကို ဘုရား ဘယ်လိုရှုမြင်သလဲ။
၅ ကိုယ်ဝန်ဖျက်ချတာကို ဘုရား ဘယ်လိုရှုမြင်သလဲ။ မမွေးသေးတဲ့ ကလေးရဲ့အသက်တောင် ယေဟောဝါအတွက် အဖိုးတန်တယ်။ အစ္စရေးတွေကိုပေးတဲ့ ပညတ်တစ်ခုမှာ လူတစ်ယောက်ဟာ ကိုယ်ဝန်ဆောင်မိခင်ကို ထိခိုက်အောင်လုပ်လို့ ကလေးသေသွားမယ်ဆိုရင် သေဒဏ်ခံရမယ်လို့ ယေဟောဝါ ပြောတယ်။ (ထွက်မြောက်ရာ ၂၁:၂၂၊ ၂၃ ကိုဖတ်ပါ။ ဆာလံ ၁၂၇:၃) ဒါကြောင့် ကိုယ်ဝန်ဖျက်ချတာ မှားတယ်ဆိုတာ သိရတယ်။—ရှင်းလင်းချက် ၂၈ ကိုကြည့်ပါ။
၆၊ ၇။ အသက်ကို တန်ဖိုးထားမှန်း ဘယ်လိုပြနိုင်သလဲ။
၆ ကျွန်တော်တို့ရဲ့အသက်ကိုရော သူတစ်ပါးရဲ့အသက်ကိုပါ တန်ဖိုးထားမှန်း ဘယ်လိုပြနိုင်သလဲ။ ကိုယ့်အသက်ကိုရော သူတစ်ပါးအသက်ကိုပါ အန္တရာယ်ဖြစ်စေမယ့်အရာ မှန်သမျှကို ရှောင်ရမယ်။ ဒါကြောင့် ဆေးရွက်ကြီး၊ ကွမ်း၊ မူးယစ်ဆေးတွေကို သုံးစွဲမှာ မဟုတ်ဘူး။ ဒါတွေဟာ ကျွန်တော်တို့ကို အန္တရာယ်ပေးနိုင်တဲ့အပြင် အသက်ပါ ဆုံးရှုံးစေနိုင်လို့ပဲ။
၇ ဘုရားပေးထားတဲ့ အသက်နဲ့ ကိုယ်ခန္ဓာကို ဘုရားနှစ်သက်တဲ့နည်းအတိုင်း အသုံးပြုရမယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ ကိုယ်ခန္ဓာကို ဂရုစိုက်ရမယ်။ ဂရုမစိုက်ရင် ဘုရားသခင့်အမြင်မှာ မသန့်ရှင်းသူတွေ ဖြစ်သွားလိမ့်မယ်။ (ရောမ ၆:၁၉။ ၁၂:၁။ ၂ ကောရိန္သု ၇:၁) အသက်ကို အဖိုးတန်တဲ့အရာအဖြစ် မရှုမြင်ဘူးဆိုရင် အသက်ပေးရှင် ယေဟောဝါကို ဝတ်ပြုဖို့ မဖြစ်နိုင်ဘူး။ အကျင့်ဆိုးတွေကို ဖြတ်ဖို့ အတော့်ကိုခက်ပေမဲ့ အသက်ကို အဖိုးတန်တဲ့အရာအဖြစ် ရှုမြင်ပြီး ကြိုးစားအားထုတ်မယ်ဆိုရင် ယေဟောဝါ ကူညီပေးပါလိမ့်မယ်။
၈။ ကိုယ့်အသက်ရော သူတစ်ပါးအသက်ပါ အန္တရာယ်ဖြစ်စေမယ့်အရာကို ရှောင်ဖို့ ကျွန်တော်တို့ ဘာလုပ်ရမလဲ။
၈ အသက်ဟာ အဖိုးတန်ဆုလက်ဆောင်ဖြစ်မှန်း ကျွန်တော်တို့ သိခဲ့ရပြီ။ ကိုယ့်အသက်ရော သူတစ်ပါးအသက်ပါ အန္တရာယ်ဖြစ်စေမယ့်အရာကို ကျွန်တော်တို့ အတတ်နိုင်ဆုံး ရှောင်မယ်ဆိုတာ ယေဟောဝါ ယုံတယ်။ ကား၊ ဆိုင်ကယ်နဲ့ တခြားယာဉ်တွေကို အန္တရာယ်ကင်းအောင် ဂရုတစိုက်မောင်းနှင်တယ်။ အန္တရာယ်ရှိတဲ့၊ ကြမ်းတမ်းတဲ့ အားကစားနည်းတွေကို ရှောင်တယ်။ (ဆာလံ ၁၁:၅) ကျွန်တော်တို့ရဲ့ နေအိမ်ကိုလည်း အတတ်နိုင်ဆုံး အန္တရာယ်ကင်းအောင် ထားတယ်။ ‘အိမ်မိုးပေါ်ကနေ တစ်ယောက်ယောက် ပြုတ်ကျလို့ အိမ်သားတွေအပေါ် အပြစ်သင့်တာမျိုး မဖြစ်စေဖို့ အိမ်သစ်ဆောက်တဲ့အခါ အိမ်မိုးပတ်လည်မှာ အကာအရံ လုပ်ထားရမယ်’ လို့ အစ္စရေးတွေကို ယေဟောဝါ မိန့်မှာတယ်။—တရားဟောရာ ၂၂:၈။
၉။ တိရစ္ဆာန်တွေကို ဘယ်လို ပြုမူဆက်ဆံသင့်သလဲ။
၉ တိရစ္ဆာန်တွေကို ကျွန်တော်တို့ရဲ့ ပြုမူဆက်ဆံပုံကလည်း ယေဟောဝါအတွက် အရေးပါတယ်။ အသားစားဖို့၊ ဝတ်ဖို့အတွက် တိရစ္ဆာန်တွေကို ယေဟောဝါ သတ်ခွင့်ပြုတယ်။ အသက်အန္တရာယ်ပြုလာတဲ့ တိရစ္ဆာန်တွေကိုလည်း သတ်ခွင့်ပြုတယ်။ (ကမ္ဘာဦး ၃:၂၁။ ၉:၃။ ထွက်မြောက်ရာ ၂၁:၂၈) ဒါပေမဲ့ တိရစ္ဆာန်တွေကို ရက်စက်တာ၊ အပျော်သဘောနဲ့ သတ်တာကို လုပ်လို့မရဘူး။—ပညာအလိမ္မာ ၁၂:၁၀။
အသက်ရဲ့မြင့်မြတ်မှုကို လေးမြတ်ပါ
၁၀။ သွေးဟာ အသက်ကို ကိုယ်စားပြုမှန်း ဘယ်လိုသိရသလဲ။
၁၀ သွေးဟာ အသက်ကို ကိုယ်စားပြုလို့ ယေဟောဝါအတွက် မြင့်မြတ်တယ်။ အာဗေလကို ကာအိန သတ်ပြီးတဲ့နောက် “မင်းညီရဲ့သွေးက မြေကြီးထဲကနေ ငါ့ကို အော်ဟစ်နေပြီ” လို့ ယေဟောဝါပြောတယ်။ (ကမ္ဘာဦး ၄:၁၀) အာဗေလရဲ့သွေးဟာ သူ့အသက်ကို ကိုယ်စားပြုတယ်။ အာဗေလကို သတ်တဲ့အတွက် ကာအိနကို ယေဟောဝါ ဒဏ်ပေးတယ်။ နောဧခေတ် ရေလွှမ်းမိုးဘေးပြီးနောက် သွေးဟာ အသက်ကို ကိုယ်စားပြုမှန်း ယေဟောဝါ ထပ်ဖော်ပြခဲ့တယ်။ နောဧနဲ့ မိသားစုတွေကို တိရစ္ဆာန်အသားစားဖို့ ယေဟောဝါ ခွင့်ပြုတယ်။ “မြေပေါ်က သက်ရှိတိရစ္ဆာန်တွေကို စားနိုင်တယ်။ စိမ်းလန်းတဲ့အပင်တွေလိုပဲ တိရစ္ဆာန်တွေကိုလည်း မင်းတို့စားဖို့ ငါပေးတယ်” လို့ ဘုရားပြောတယ်။ ဒါပေမဲ့ ယေဟောဝါ မစားခိုင်းတဲ့အရာတစ်ခု ရှိတယ်– “သွေးဟာ အသက်ဖြစ်လို့ သွေးပါတဲ့အသားကိုတော့ မစားနဲ့။”—ကမ္ဘာဦး ၁:၂၉။ ၉:၃၊ ၄။
၁၁။ အစ္စရေးလူမျိုးကို သွေးနဲ့ပတ်သက်ပြီး ဘုရား ဘယ်လိုမိန့်မှာသလဲ။
၁၁ သွေးမစားဖို့ နောဧကို မိန့်မှာပြီး အနှစ် ၈၀၀ လောက်မှာ ယေဟောဝါက “အစ္စရေးလူမျိုးဖြစ်စေ၊ လာအခြေချတဲ့ တိုင်းတစ်ပါးသားဖြစ်စေ တစ်ယောက်ယောက်က အမဲလိုက်တဲ့အခါ သားရဲ ဒါမှမဟုတ် ငှက်ကိုဖမ်းမိရင် သွေးကို သွန်ပြီး မြေနဲ့ဖုံးရမယ်” လို့ မိမိရဲ့လူမျိုးကို ထပ်မိန့်မှာတယ်။ အဲဒီနောက် ‘သွေးကို မစားရဘူး’ လို့ပြောတယ်။ (ဝတ်ပြုရာ ၁၇:၁၃၊ ၁၄) ယေဟောဝါက သွေးကို မြင့်မြတ်တဲ့အရာအဖြစ် ရှုမြင်စေချင်တုန်းပဲ။ သူတို့ အသားစားနိုင်ပေမဲ့ သွေးကိုတော့ မစားရဘူး။ တိရစ္ဆာန်တွေကို သတ်စားတဲ့အခါ သွေးကို မြေပေါ်သွန်ရမယ်။
၁၂။ သွေးကို ခရစ်ယာန်တွေ ဘယ်လိုရှုမြင်သလဲ။
၁၂ ယေရှုသေဆုံးပြီး နှစ်အနည်းငယ်အကြာမှာ ဂျေရုဆလင်မြို့မှာရှိတဲ့ တမန်တော်တွေ၊ ခရစ်ယာန်အသင်းတော် အကြီးအကဲတွေ တွေ့ဆုံခဲ့ကြတယ်။ အစ္စရေးတွေကို ပေးခဲ့တဲ့ ပညတ်တရားထဲက ဘယ်ပညတ်တွေကို ခရစ်ယာန်တွေ လိုက်နာဖို့ လိုသေးသလဲဆိုတာ ဆုံးဖြတ်ကြဖို့ဖြစ်တယ်။ (တမန်တော် ၁၅:၂၈၊ ၂၉ ကိုဖတ်ပါ။ တမန်တော် ၂၁:၂၅ ) ယေဟောဝါက သွေးဟာ မိမိအတွက် အဖိုးတန်နေဆဲပဲ၊ သွေးကို မြင့်မြတ်တဲ့အရာအဖြစ် ရှုမြင်ဖို့ လိုနေဆဲပဲဆိုတာ သူတို့နားလည်လာအောင် ကူညီပေးခဲ့တယ်။ ပထမရာစုခရစ်ယာန်တွေဟာ သွေးကို မစားရ၊ မသောက်ရဘူး။ သွေး ကောင်းကောင်းမထုတ်ထားတဲ့ အသားကို မစားရဘူး။ သွေးကို စားသောက်တာဟာ ရုပ်တုကိုးကွယ်တာ၊ လိင်အကျင့်ယိုယွင်းတာနဲ့ အတူတူပဲ။ ခရစ်ယာန်စစ်တွေဟာ အဲဒီအချိန်ကစပြီး သွေးကို မစား၊ မသောက်ကြဘူး။ အခုချိန်မှာကော။ သွေးကို မြင့်မြတ်တဲ့အရာအဖြစ် ယေဟောဝါ ရှုမြင်စေချင်တုန်းပါပဲ။
၁၃။ ခရစ်ယာန်တွေ ဘာလို့ သွေးမသွင်းတာလဲ။
၁၃ ဒါဆိုရင် ခရစ်ယာန်တွေ သွေးမသွင်းရဘူးဆိုတဲ့ သဘောလား။ ဟုတ်ပါတယ်။ သွေးကို မစားရ၊ မသောက်ရဘူးလို့ ယေဟောဝါ မိန့်မှာထားတယ်။ ဆရာဝန်က အရက်မသောက်နဲ့လို့ မှာတယ်ဆိုပါစို့။ သွေးကြောကတစ်ဆင့် ကိုယ်ခန္ဓာထဲ သွင်းမလား။ သွင်းမှာမဟုတ်ဘူး။ အဲဒီလိုပဲ၊ သွေးကို မစားရ၊ မသောက်ရဆိုတဲ့ မိန့်မှာချက်ဟာ သွေးသွင်းတာကိုလည်း လက်ခံလို့ မရဘူးဆိုတဲ့သဘောပဲ။—ရှင်းလင်းချက် ၂၉ ကိုကြည့်ပါ။
၁၄၊ ၁၅။ ခရစ်ယာန်တစ်ယောက်အနေနဲ့ အသက်ကို တန်ဖိုးထားလေးမြတ်ဖို့၊ ယေဟောဝါကို နာခံဖို့ ဘယ်လောက်အရေးကြီးသလဲ။
၁၄ ကျွန်တော်တို့ သွေးမသွင်းရင် သေမယ်လို့ ဆရာဝန် ပြောလာရင်ကော။ သွေးနဲ့ပတ်သက်တဲ့ ဘုရားရဲ့ပညတ်ကို နာခံမယ်၊ မနာခံဘူးဆိုတာ ကိုယ်တိုင်ဆုံးဖြတ်ရမယ်။ ခရစ်ယာန်တွေဟာ ဘုရားပေးတဲ့ အသက်ဆုလက်ဆောင်ကို အလွန်လေးမြတ်တဲ့အတွက် အသက်ဆက်ရှင်ဖို့ တခြားကုသနည်းတွေကို ရှာဖွေမှာဖြစ်တယ်။ သွေးသွင်းတာကိုတော့ လက်ခံမှာ မဟုတ်ဘူး။
၁၅ ကျန်းမာရေးကောင်းအောင် ကျွန်တော်တို့ အတတ်နိုင်ဆုံး ဂရုစိုက်ကြတယ်။ အသက်ဟာ ဘုရားသခင်အတွက် အဖိုးတန်လို့ သွေးသွင်းတာကိုတော့ လက်ခံမှာ မဟုတ်ဘူး။ ယေဟောဝါကို မနာခံဘဲ အသက်ဆက်ရှင်ဖို့ ကြိုးစားတာထက် ဘုရားကို နာခံတာဟာ ပိုအရေးကြီးတယ်။ “ကိုယ့်အသက်ကို ကယ်ချင်သူဟာ အသက်ဆုံးရလိမ့်မယ်။ ကျွန်တော့်ကြောင့် အသက်ဆုံးတဲ့သူကတော့ အသက်ပြန်ရှင်ရလိမ့်မယ်” လို့ ယေရှုပြောတယ်။ (မဿဲ ၁၆:၂၅) ကျွန်တော်တို့ဟာ ယေဟောဝါကို ချစ်လို့ နာခံကြတယ်။ ကျွန်တော်တို့အတွက် ဘာအကောင်းဆုံးလဲဆိုတာ ဘုရားသိတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ ယေဟောဝါလိုပဲ အသက်ကို အဖိုးတန်တဲ့အရာ၊ မြင့်မြတ်တဲ့အရာအဖြစ် ရှုမြင်ကြတယ်။—ဟီဘရူး ၁၁:၆။
၁၆။ ဘုရားရဲ့ကျေးကျွန်တွေဟာ ကိုယ်တော့်ကို ဘာလို့နာခံကြတာလဲ။
၁၆ ဘုရားရဲ့ သစ္စာရှိကျေးကျွန်တွေဟာ သွေးနဲ့ပတ်သက်တဲ့ ဘုရားရဲ့ပညတ်ကို နာခံဖို့ ဆုံးဖြတ်ထားကြတယ်။ သွေးကို စားမှာ၊ သောက်မှာ မဟုတ်ဘူး။ ဆေးကုသတဲ့အခါ သွေးကို အသုံးပြုမှာ မဟုတ်ဘူး။ * အသက်ကယ်ဖို့အတွက် တခြားကုသနည်းတွေကိုတော့ လက်ခံကြပါတယ်။ သူတို့အတွက် ဘာအကောင်းဆုံးလဲဆိုတာ အသက်နဲ့ သွေးကို ဖန်ဆင်းတဲ့အရှင် သိထားမှန်း ယုံကြည်စိတ်ချကြတယ်။ သင်ကော အဲဒီလို ယုံကြည်စိတ်ချသလား။
သွေးကိုအသုံးပြုဖို့ ယေဟောဝါ ခွင့်ပြုတဲ့ တစ်ခုတည်းသောနည်း
၁၇။ အစ္စရေးတွေ သွေးကိုအသုံးပြုဖို့ ယေဟောဝါခွင့်ပြုတဲ့ တစ်ခုတည်းသောနည်းဟာ ဘာလဲ။
၁၇ မောရှေကိုပေးခဲ့တဲ့ ပညတ်တရားမှာ “သတ္တဝါရဲ့ အသက်ဟာ သွေးမှာ ရှိတယ်။ မင်းတို့ရဲ့အပြစ်ကိုဖြေဖို့ [ခွင့်လွှတ်မှုတောင်းခံဖို့] သွေးကို ပူဇော်ရာပလ္လင်ပေါ်မှာ လောင်းရမယ်လို့ ငါသတ်မှတ်ထားပြီ။ . . . အပြစ်ကို ဖြေပေးနိုင်တာ သွေးပဲ” လို့ အစ္စရေးတွေကို ယေဟောဝါပြောတယ်။ (ဝတ်ပြုရာ ၁၇:၁၁) အစ္စရေးတွေ အပြစ်လုပ်မိတဲ့အခါ တိရစ္ဆာန်ကို ပူဇော်ပြီး တိရစ္ဆာန်ရဲ့သွေးကို ပူဇော်ရာပလ္လင်ပေါ်မှာ လောင်းဖို့ ပုရောဟိတ်ကို တောင်းဆိုနိုင်တယ်။ ဒီနည်းနဲ့ ယေဟောဝါရဲ့ ခွင့်လွှတ်မှုကို တောင်းခံနိုင်တယ်။ ဒါဟာ သွေးကိုအသုံးပြုဖို့ ယေဟောဝါခွင့်ပြုတဲ့ တစ်ခုတည်းသောနည်းပဲ။
၁၈။ ယေရှုရဲ့ ပူဇော်သက္ကာက ကျွန်တော်တို့ကို ဘာအကျိုးကျေးဇူးတွေ ရစေသလဲ။
၁၈ ယေရှု မြေကြီးပေါ်ရောက်လာပြီး ကျွန်တော်တို့ရဲ့အပြစ်တွေ ခွင့်လွှတ်ခံရဖို့ သူ့ရဲ့အသက်သွေးကို ပေးဆပ်ခဲ့တယ်။ ဒီနည်းနဲ့ တိရစ္ဆာန်ပူဇော်တဲ့ ပညတ်ကို ပယ်ဖျက်ခဲ့တယ်။ (မဿဲ ၂၀:၂၈။ ဟီဘရူး ၁၀:၁) ယေရှုရဲ့အသက်ဟာ သိပ်အဖိုးတန်တယ်။ ဒါကြောင့် ယေဟောဝါက ယေရှုကို ကောင်းကင်ဆီ ရှင်ပြန်ထမြောက်စေပြီးတဲ့နောက် လူအားလုံးကို ထာဝစဉ် အသက်ရှင်နိုင်မယ့်အခွင့် ပေးနိုင်ခဲ့တယ်။—ယောဟန် ၃:၁၆။ ဟီဘရူး ၉:၁၁၊ ၁၂။ ၁ ပေတရု ၁:၁၈၊ ၁၉။
၁၉။ ‘တစ်ယောက်ယောက် ကယ်တင်ခြင်းမရရင် အပြစ်မသင့်’ စေဖို့ ကျွန်တော်တို့ ဘာလုပ်ရမလဲ။
၁၉ ယေရှုရဲ့ အသက်ဆုလက်ဆောင်အတွက် ယေဟောဝါကို ကျွန်တော်တို့ ကျေးဇူးတင်ကြတယ်။ ယေရှုကို ယုံကြည်မယ်ဆိုရင် ထာဝစဉ် အသက်ရှင်နိုင်မယ်ဆိုတဲ့အကြောင်း လူတွေကို ပြောပြချင်တယ်။ လူတွေကို ချစ်တဲ့အတွက် ဘယ်လိုနည်းနဲ့ အသက်ရနိုင်တယ်ဆိုတာ အတတ်နိုင်ဆုံး သင်ပေးချင်တယ်။ (ယေဇကျေလ ၃:၁၇-၂၁) ဒါဆိုရင် “တစ်ယောက်ယောက် ကယ်တင်ခြင်းမရရင် ကျွန်တော့်အပြစ် မဟုတ်ဘူး။ . . . ဘုရားသခင်ရဲ့ ရည်ရွယ်ချက်မှန်သမျှ မထိမ်ချန်ဘဲ ခင်ဗျားတို့ကို ကျွန်တော် ပြောပြခဲ့လို့ပဲ” ဆိုပြီး တမန်တော်ပေါလုလို ကျွန်တော်တို့ ပြောနိုင်ပါလိမ့်မယ်။ (တမန်တော် ၂၀:၂၆၊ ၂၇) ယေဟောဝါအကြောင်း၊ အသက်ဟာ ဘုရားအတွက် တန်ဖိုးရှိကြောင်း လူတွေကို ကျွန်တော်တို့ ပြောပြတဲ့အခါ အသက်နဲ့ သွေးကို ဘယ်လောက် တန်ဖိုးထားလေးမြတ်တယ်ဆိုတာ ဖော်ပြတယ်။
^ စာပိုဒ်၊ 16 သွေးသွင်းခြင်းအကြောင်း ပိုသိချင်ရင် ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ ‘ဘုရားသခင့်မေတ္တာ ခံစားရစေမယ့်အရာတွေကို အမြဲလုပ်ဆောင်ပါ’ စာအုပ် စာမျက်နှာ ၇၇-၇၉ ကိုကြည့်ပါ။
သမ္မာကျမ်းစာ သွန်သင်ရာများ