အခန်းရှစ်
ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ
၁။ နာမည်ကျော်တဲ့ ဘယ်ဆုတောင်းချက်အကြောင်း အခု လေ့လာကြမလဲ။
ကောင်းကင်အဖ ဒါမှမဟုတ် သခင့်ဆုတောင်းချက်ဆိုတဲ့ နာမည်ကျော် ဆုတောင်းချက်ကို လူသန်းပေါင်းများစွာ သိကြတယ်။ ယေရှုက အဲဒီနည်းအတိုင်း ဆုတောင်းဖို့ တပည့်တွေကို သင်ပေးခဲ့တယ်။ ယေရှု ဘာအတွက် ဆုတောင်းခဲ့သလဲ။ အဲဒီဆုတောင်းချက်က ကျွန်တော်တို့အတွက် ဘာကြောင့် အရေးကြီးတာလဲ။
၂။ အရေးကြီးတဲ့ ဘယ်အချက်သုံးချက်အတွက် ဆုတောင်းဖို့ ယေရှု သင်ပေးခဲ့သလဲ။
၂ “ဒီနည်းအတိုင်း ခင်ဗျားတို့ ဆုတောင်းရမယ်– ‘ကောင်းကင်မှာ စံမြန်းတဲ့ ကျွန်တော်တို့ရဲ့အဖ၊ နာမတော် သန့်ရှင်းမြင့်မြတ်ပါစေ။ နိုင်ငံတော် လာပါစေ။ အလိုတော်ဟာ ကောင်းကင်မှာ ပြည့်စုံသလို ကမ္ဘာမြေမှာလည်း ပြည့်စုံပါစေ’” လို့ ယေရှုပြောတယ်။ (မဿဲ ၆:၉–၁၃ ကိုဖတ်ပါ။) ဒီအချက်သုံးချက်အတွက် ဆုတောင်းဖို့ ယေရှု ဘာလို့ သင်ပေးခဲ့တာလဲ။—ရှင်းလင်းချက် ၂၀ ကိုကြည့်ပါ။
၃။ ဘုရားသခင့်နိုင်ငံတော်အကြောင်း ဘာတွေသိဖို့ လိုသလဲ။
၃ ဘုရားသခင့်နာမည်ဟာ ယေဟောဝါဖြစ်မှန်း ကျွန်တော်တို့ သိခဲ့ကြပြီ။ လူသားတွေနဲ့ ကမ္ဘာမြေအတွက် ဘုရားအလိုတော်ကိုလည်း လေ့လာခဲ့ပြီ။ ဒါဆိုရင် “နိုင်ငံတော် လာပါစေ” လို့ပြောတဲ့အခါ ယေရှု ဘာကိုဆိုလိုတာလဲ။ ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ၊ နိုင်ငံတော်က ဘာလုပ်ပေးမှာလဲ၊ နာမတော်ကို ဘယ်လို သန့်ရှင်းမြင့်မြတ်စေမှာလဲ ဆိုတဲ့အကြောင်း လေ့လာကြစို့။
ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ
၄။ ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ၊ နိုင်ငံတော်ဘုရင်ဟာ ဘယ်သူလဲ။
၄ ယေဟောဝါက ကောင်းကင်မှာ အစိုးရတစ်ခု ဖွဲ့စည်းတည်ထောင်ပြီး ဘုရင်အဖြစ် ယေရှုကို ရွေးချယ်တယ်။ အဲဒီအစိုးရကို ဘုရားသခင့်နိုင်ငံလို့ ကျမ်းစာမှာ ခေါ်ထားတယ်။ ယေရှုဟာ “ဘုရင်တကာတို့ရဲ့ ဘုရင်၊ သခင်တကာတို့ရဲ့ သခင်ပဲ။” (၁ တိမောသေ ၆:၁၅) ယေရှုက ဘယ်လူသားအုပ်စိုးရှင်ထက်မဆို ပိုကောင်းအောင် စွမ်းဆောင်နိုင်တယ်။ လူ့အုပ်စိုးရှင်အားလုံးရဲ့ အစွမ်းတန်ခိုးကို ပေါင်းလိုက်ရင်တောင် ယေရှုရဲ့အစွမ်းတန်ခိုးကို မမီဘူး။
၅။ ဘုရားသခင့်အစိုးရဟာ ဘယ်ကနေ အုပ်ချုပ်မလဲ။ ဘာကို အုပ်ချုပ်မလဲ။
၅ ယေရှု ရှင်ပြန်ထမြောက်ပြီးနောက် ရက်လေးဆယ်အကြာမှာ ကောင်းကင်ကို ပြန်တက်သွားတယ်။ နောက်ဆုံး၊ ယေရှုကို နိုင်ငံတော်ဘုရင်အဖြစ် ယေဟောဝါ ခန့်အပ်လိုက်တယ်။ (တမန်တော် ၂:၃၃) ဘုရားသခင့်အစိုးရဟာ ကောင်းကင်ကနေ ကမ္ဘာမြေကို အုပ်ချုပ်မယ်။ (ဗျာဒိတ် ၁၁:၁၅) ဒါကြောင့် ဘုရားသခင့်နိုင်ငံကို “ကောင်းကင်နိုင်ငံ” လို့ ကျမ်းစာခေါ်ထားတယ်။—၂ တိမောသေ ၄:၁၈။
၆၊ ၇။ ယေရှုဟာ လူ့အုပ်စိုးရှင်တွေထက် ဘာကြောင့် သာသလဲ။
၆ ယေရှုဟာ “မသေနိုင်တဲ့အဖြစ်ကို ရထား” တဲ့အတွက် ဘယ်လူ့အုပ်စိုးရှင်ထက်မဆို ကြီးမြတ်တယ်လို့ ကျမ်းစာပြောတယ်။ (၁ တိမောသေ ၆:၁၆) လူ့အုပ်စိုးရှင်တိုင်း တစ်နေ့နေ့တစ်ချိန်ချိန်မှာ သေဆုံးကြရပေမဲ့ ယေရှုဟာ ဘယ်တော့မှ မသေဘူး။ ကျွန်တော်တို့အတွက် ယေရှုလုပ်ပေးမယ့် ကောင်းမှုအားလုံး ထာဝစဉ် တည်မြဲနေမှာပါ။
၇ ယေရှုဟာ တရားမျှတတဲ့၊ သနားစာနာတတ်တဲ့ဘုရင် ဖြစ်မယ်ဆိုပြီး ကျမ်းစာမှာ ဒီလိုကြိုဟောတယ်– “ယေဟောဝါရဲ့ စွမ်းအားတော်က သူ့အပေါ်မှာ တည်နေမယ်။ ဒါကြောင့် သူဟာ ဉာဏ်ပညာနဲ့ ပြည့်စုံပြီး သိနားလည်နိုင်စွမ်း ကြွယ်ဝမယ်။ အကြံဉာဏ်ကောင်းတွေ ပေးနိုင်တဲ့သူ၊ အစွမ်းခွန်အားကြီးတဲ့သူ၊ အသိပညာကြွယ်တဲ့သူ၊ ယေဟောဝါကို ကြောက်ရွံ့ရိုသေတဲ့သူ ဖြစ်လိမ့်မယ်။ ယေဟောဝါကို ကြောက်ရွံ့ရိုသေရတာ ပျော်မွေ့မယ်။ အပြင်ပန်းကိုပဲ ကြည့်ပြီး တရားမစီရင်ဘူး။ ကြားတဲ့စကားကိုပဲ မူတည်ပြီး ဆုံးမမှာ မဟုတ်ဘူး။ [ဆင်းရဲ] နိမ့်ကျသူတွေကို မျှမျှတတ တရားစီရင်မယ်။” (ဟေရှာယ ၁၁:၂-၄) အဲဒီလို ဘုရင်မျိုးကို လိုချင်တယ် မဟုတ်လား။
၈။ ယေရှုနဲ့အတူ အုပ်ချုပ်မယ့်သူတွေရှိမယ်ဆိုတာ ဘယ်လိုသိရသလဲ။
၈ ဘုရားသခင်က ကောင်းကင်နိုင်ငံမှာ ယေရှုနဲ့အတူ အုပ်ချုပ်မယ့်သူတချို့ကို ရွေးချယ်ထားတယ်။ ဥပမာ၊ တမန်တော်ပေါလုက “ငါတို့ ဆက်ပြီးခံရပ်မယ်ဆိုရင် ခရစ်တော်နဲ့အတူ ဘုရင်တွေအဖြစ် အုပ်စိုးရလိမ့်မယ်” လို့ တိမောသေကို ပြောတယ်။ (၂ တိမောသေ ၂:၁၂) ယေရှုနဲ့အတူ အုပ်စိုးမယ့်သူ ဘယ်နှစ်ယောက်ရှိသလဲ။
၉။ ယေရှုနဲ့အတူ အုပ်စိုးမယ့်သူ ဘယ်နှစ်ယောက်ရှိသလဲ။ ဘယ်အချိန်ကစပြီး သူတို့ကို ဘုရား ရွေးချယ်သလဲ။
၉ အခန်း ၇ မှာ လေ့လာခဲ့တဲ့အတိုင်း တမန်တော် ယောဟန်က ကောင်းကင်မှာ ဘုရင်ယေရှုနဲ့အတူ ၁၄၄,၀၀၀ လည်း ဘုရင်တွေအဖြစ် ရှိနေတာကို မြင်တယ်။ ၁၄၄,၀၀၀ ဟာ ဘယ်သူတွေလဲ။ ‘[ယေရှု]နာမည်နဲ့ အဖဘုရားရဲ့ နာမည်ကို နဖူးပေါ်မှာ ရေးထားတဲ့သူတွေ၊’ “သိုးသငယ်[ယေရှု] သွားလေရာ တကောက်ကောက် လိုက်သူတွေ၊ . . . လူသားတွေထဲကနေ ဝယ်ယူထားသူတွေ ဖြစ်တယ်” လို့ ယောဟန် ပြောပြတယ်။ (ဗျာဒိတ် ၁၄:၁၊ ၄ ကိုဖတ်ပါ။) ၁၄၄,၀၀၀ ဟာ ယေရှုနဲ့အတူ “ဘုရင်အဖြစ် ကမ္ဘာမြေကို အုပ်စိုး” ဖို့ ဘုရားရွေးချယ်ထားတဲ့ သစ္စာရှိခရစ်ယာန်တွေ ဖြစ်တယ်။ သူတို့သေဆုံးတဲ့အခါ ကောင်းကင်အသက်တာကို ရှင်ပြန်ထမြောက်ကြတယ်။ (ဗျာဒိတ် ၅:၁၀) ပထမရာစုကစပြီး ၁၄၄,၀၀၀ အဖွဲ့ဝင် သစ္စာရှိခရစ်ယာန်တွေကို ယေဟောဝါ ရွေးချယ်တယ်။
၁၀။ လူတွေကို အုပ်ချုပ်ဖို့ ယေရှုနဲ့ ၁၄၄,၀၀၀ ကို ယေဟောဝါ စီစဉ်ပေးတာ ဘာကြောင့် မေတ္တာပါတဲ့အစီအစဉ် ဖြစ်သလဲ။
၁၀ ယေဟောဝါက ကျွန်တော်တို့ကို အလွန်ဂရုစိုက်တဲ့အတွက် ယေရှုနဲ့အတူ လူတွေ အုပ်ချုပ်ဖို့ စီစဉ်ပေးခဲ့တယ်။ ယေရှုဟာ မင်းကောင်းတစ်ပါးဖြစ်မှာ သေချာတယ်။ ကျွန်တော်တို့ကို နားလည်ပေးတဲ့အပြင် လူ့ဘဝဟာ ဘယ်လိုမျိုးလဲ၊ ဘာဒုက္ခတွေ ကြုံရသလဲဆိုတာကိုပါ သိတယ်။ ယေရှုဟာ ‘ကျွန်တော်တို့ရဲ့ အားနည်းချက်တွေကို စာနာနိုင်တဲ့သူ၊’ “ကျွန်တော်တို့လိုပဲ အဘက်ဘက်မှာ စမ်းသပ်ခံရတဲ့သူ” ဖြစ်တယ်လို့ ပေါလုပြောတယ်။ (ဟီဘရူး ၄:၁၅။ ၅:၈) ၁၄၄,၀၀၀ ကလည်း လူ့ဘဝဟာ ဘယ်လိုမျိုးလဲဆိုတာ သိတယ်။ လူ့အားနည်းချက်တွေ၊ အဖျားအနာတွေနဲ့ ရုန်းကန်လှုပ်ရှားခဲ့ဖူးတယ်။ ဒါကြောင့် ယေရှုနဲ့ ၁၄၄,၀၀၀ ဟာ ကျွန်တော်တို့ရဲ့ ခံစားချက်ကိုသာမက ကြုံနေရတဲ့ ပြဿနာတွေကိုပါ နားလည်ပေးမယ်ဆိုတာ စိတ်ချနိုင်တယ်။
နိုင်ငံတော်က ဘာလုပ်ပေးမှာလဲ
၁၁။ ဘုရားအလိုတော် ကောင်းကင်မှာ ပြည့်စုံဖို့ တပည့်တွေကို ယေရှု ဘာလို့ ဆုတောင်းခိုင်းတာလဲ။
၁၁ ဘုရားအလိုတော် ကောင်းကင်မှာ ပြည့်စုံဖို့ တပည့်တွေကို ယေရှု ဘာလို့ဆုတောင်းခိုင်းတာလဲ။ ယေဟောဝါကို စာတန်မာရ်နတ် ဆန့်ကျင်ပုန်ကန်တဲ့အကြောင်း အခန်း ၃ မှာ သိခဲ့ရတယ်။ အဲဒီလိုပုန်ကန်ပြီးနောက် ယေဟောဝါက စာတန်၊ သစ္စာမဲ့တဲ့ ကောင်းကင်တမန်တွေ ဒါမှမဟုတ် နတ်ဆိုးတွေကို ကောင်းကင်မှာ ခဏတော့ နေခွင့်ပြုခဲ့တယ်။ ဒါကြောင့် ကောင်းကင်မှာရှိသူတိုင်း ဘုရားအလိုတော် ဆောင်တာ မဟုတ်ဘူး။ အခန်း ၁၀ မှာ စာတန်နဲ့ နတ်ဆိုးတွေအကြောင်း ပိုသိရမယ်။
၁၂။ ဗျာဒိတ် ၁၂:၁၀ မှာ အရေးပါတဲ့ ဘယ်ဖြစ်ရပ်နှစ်ခုကို ဖော်ပြထားသလဲ။
၁၂ ယေရှုဟာ ဘုရားသခင့်နိုင်ငံတော် ဘုရင်အဖြစ် ခန့်အပ်ခံရပြီး မကြာခင်မှာ စာတန်နဲ့တိုက်ခိုက်တယ်လို့ ကျမ်းစာဖော်ပြတယ်။ (ဗျာဒိတ် ၁၂:၇–၁၀ ကိုဖတ်ပါ။) အခန်းငယ် ၁၀ မှာ သိပ်အရေးပါတဲ့ ဖြစ်ရပ်နှစ်ခုကို ပြောထားတယ်။ ဘုရားသခင့်နိုင်ငံမှာ ဘုရင်အဖြစ် ယေရှုခရစ် စတင်အုပ်ချုပ်ပြီ။ စာတန်ဟာ မြေကြီးပေါ် ပစ်ချခံရပြီ။ ပြည့်စုံခဲ့ပြီးသား အဲဒီဖြစ်ရပ်နှစ်ခုကို လေ့လာကြမယ်။
၁၃။ စာတန် ပစ်ချခံရပြီးနောက် ကောင်းကင်မှာ ဘာဖြစ်ခဲ့သလဲ။
၁၃ စာတန်နဲ့ နတ်ဆိုးတွေ ကောင်းကင်က ပစ်ချခံရပြီးနောက် သစ္စာရှိကောင်းကင်တမန်တွေ ဝမ်းသာနေကြတယ်လို့ ကျမ်းစာမှာ ပြောတယ်။ “ကောင်းကင်နဲ့ ကောင်းကင်မှာ နေထိုင်သူတို့၊ ဝမ်းမြောက်ကြပါ” လို့ဖတ်ရတယ်။ (ဗျာဒိတ် ၁၂:၁၂) အခုဆိုရင် ကောင်းကင်မှာ ဘုရားအလိုတော်ဆောင်သူတွေချည်းပဲ ရှိနေလို့ အပြည့်အဝ ငြိမ်သက်စည်းလုံးနေပြီ။
၁၄။ စာတန် ကောင်းကင်က ပစ်ချခံရပြီးနောက် မြေကြီးမှာ ဘာဖြစ်ပျက်သလဲ။
၁၄ မြေကြီးပေါ်မှာတော့ လုံးဝ အခြေအနေမကောင်းဘူး။ ‘မာရ်နတ်က သူ့အချိန်နည်းနည်းပဲ ကျန်တော့မှန်းသိလို့ ဒေါသတကြီး ဆင်းလာ’ တဲ့အတွက် လူတွေ အဖြစ်ဆိုးကြုံနေရတယ်။ (ဗျာဒိတ် ၁၂:၁၂) စာတန် ဒေါသူပုန်ထနေတယ်။ ကောင်းကင်က ပစ်ချခံရပြီး မကြာခင် ဖျက်ဆီးခံရတော့မယ်ဆိုတာ သူသိတယ်။ ဒါကြောင့် တစ်ကမ္ဘာလုံး ပြဿနာတွေ၊ ဒုက္ခဝေဒနာတွေ ပြည့်နေအောင် နည်းမျိုးစုံနဲ့ လုပ်တော့တယ်။
၁၅။ ကမ္ဘာမြေအတွက် ဘုရားအလိုတော်ဟာ ဘာလဲ။
၁၅ ကမ္ဘာမြေအတွက် ဘုရားအလိုတော်ကတော့ ပြောင်းလဲမသွားပါဘူး။ ပြည့်ဝစုံလင်သူတွေကို မြေကြီးပရဒိသုမှာ ထာဝစဉ်အသက်ရှင်စေဖို့ အလိုရှိနေတုန်းပဲ။ (ဆာလံ ၃၇:၂၉) အဲဒီလိုဖြစ်ဖို့ ဘုရားသခင့်နိုင်ငံက ဘယ်လိုလုပ်ပေးမှာလဲ။
၁၆၊ ၁၇။ ဒံယေလ ၂:၄၄ ကနေ ဘုရားနိုင်ငံတော်အကြောင်း ဘာသိရသလဲ။
၁၆ “အဲဒီဘုရင်တွေလက်ထက်မှာ ကောင်းကင်အုပ်စိုးရှင် ဘုရားသခင်က ဘယ်တော့မှ မပျက်စီးမယ့် နိုင်ငံတစ်ခုကို တည်ထောင်လိမ့်မယ်။ အဲဒီနိုင်ငံဟာ တခြားလူတွေလက်ထဲ ရောက်မှာ မဟုတ်ဘူး။ အထက်မှာပြောခဲ့တဲ့ နိုင်ငံအားလုံးကို ခြေမွှဖျက်ဆီးလိမ့်မယ်။ ပြီးတဲ့နောက် အဲဒီနိုင်ငံတစ်ခုပဲ ထာဝစဉ် တည်တံ့နေမယ်” လို့ ဒံယေလ ၂:၄၄ မှာ ပြောတယ်။ အဲဒီကြိုဟောချက်ကနေ ဘုရားနိုင်ငံတော်အကြောင်း ဘာသိရသလဲ။
၁၇ ပထမအနေနဲ့၊ ဘုရားသခင့်နိုင်ငံက “အဲဒီဘုရင်တွေလက်ထက်မှာ” စတင်အုပ်ချုပ်မယ်ဆိုတာ သိရတယ်။ ဘုရားသခင့်နိုင်ငံ စတင်အုပ်ချုပ်ချိန်မှာ ကမ္ဘာပေါ်မှာ တခြားအစိုးရတွေ ရှိနေသေးတယ်ဆိုတဲ့သဘောပဲ။ ဒုတိယ၊ ဘုရားသခင့်နိုင်ငံ ထာဝစဉ်တည်မယ်၊ တခြားဘယ်အစိုးရကမှ အနိုင်ယူ၊ အစားထိုးမှာ မဟုတ်ဘူး။ တတိယ၊ ဘုရားသခင့်နိုင်ငံနဲ့ လောကတိုင်းနိုင်ငံတွေ စစ်ဖြစ်မယ်။ ဘုရားသခင့်နိုင်ငံ အောင်ပွဲခံပြီး အဲဒီနိုင်ငံတစ်ခုတည်းပဲ တစ်ကမ္ဘာလုံးကို အုပ်ချုပ်မယ်။ အဲဒီအခါ အကောင်းဆုံး အစိုးရလက်အောက်မှာ လူတွေ နေထိုင်ရမယ်။
၁၈။ ဘုရားသခင့်နိုင်ငံနဲ့ လောကအစိုးရတွေ တိုက်မယ့် နောက်ဆုံးစစ်ပွဲကို ဘယ်လိုခေါ်သလဲ။
၁၈ ဘုရားသခင့်နိုင်ငံနဲ့ လောကအစိုးရတွေ တိုက်ခိုက်မယ့် နောက်ဆုံးစစ်ပွဲကို အာမဂေဒုန်လို့ ခေါ်တယ်။ အဲဒီစစ်ပွဲ မတိုင်ခင် နတ်ဆိုးတွေဟာ “လူနေထိုင်ရာ မြေတစ်ပြင်လုံးမှာရှိတဲ့ ဘုရင်တွေ” ကို လှည့်ဖြားပြီး ‘အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့နေ့ကြီးမှာ တိုက်မယ့် စစ်ပွဲအတွက် သူတို့ကို စုရုံးစေမယ်။’ လူ့အစိုးရတွေက ဘုရားသခင့်နိုင်ငံကို တိုက်ခိုက်ကြလိမ့်မယ်။—ဗျာဒိတ် ၁၆:၁၄၊ ၁၆။ ရှင်းလင်းချက် ၁၀ ကိုကြည့်ပါ။
၁၉၊ ၂၀။ ဘုရားသခင့်နိုင်ငံ ဘာကြောင့် လိုအပ်တာလဲ။
၁၉ ဘုရားသခင့်နိုင်ငံ ဘာကြောင့် လိုအပ်တာလဲ။ အနည်းဆုံး၊ အကြောင်းရင်း သုံးခုရှိတယ်။ ပထမ၊ ကျွန်တော်တို့ဟာ အပြစ်သားတွေဖြစ်လို့ ဖျားနာပြီး သေဆုံးကြရတယ်။ ဘုရားသခင့်နိုင်ငံ အုပ်ချုပ်တဲ့အခါကျရင်တော့ ထာဝစဉ် အသက်ရှင်ရမယ်လို့ ကျမ်းစာက ပြောတယ်။ “ဘုရားသခင်က လူ့လောကကို အလွန်ချစ်တယ်။ ဒါကြောင့် မိမိရဲ့သားကို ယုံကြည်သက်ဝင်သူတိုင်း ဖျက်ဆီးမခံရဘဲ ထာဝရအသက် ရနိုင်ဖို့ အဲဒီတစ်ဦးတည်းသော သားကိုတောင် ပေးအပ်ခဲ့တယ်” လို့ ယောဟန် ၃:၁၆ မှာ ပြောတယ်။
၂၀ ဘုရားသခင့်နိုင်ငံ လိုအပ်ရတဲ့ ဒုတိယအကြောင်းရင်းကတော့ နေရာတိုင်းမှာ လူဆိုးတွေ ရှိနေလို့ပဲ။ ကလိမ်ကကျစ်လုပ်တဲ့သူတွေ၊ အကျင့်ပျက်သူတွေ အများကြီးပဲ။ အဲဒီလူတွေကို ကျွန်တော်တို့ ဖယ်ရှားနိုင်စွမ်း မရှိပေမဲ့ ဘုရားကတော့ ဖယ်ရှားပေးမယ်။ မကောင်းတာကို လုပ်မြဲလုပ်နေသူတွေဟာ အာမဂေဒုန်မှာ ဖျက်ဆီးခံရမယ်။ (ဆာလံ ၃၇:၁၀ ကိုဖတ်ပါ။) ဘုရားသခင့်နိုင်ငံ လိုအပ်ရတဲ့ တတိယအကြောင်းရင်းကတော့ လူ့အုပ်စိုးရှင်တွေဟာ ရက်စက်တယ်၊ အကျင့်ပျက်ခြစားတယ်၊ မလုပ်ပေးနိုင်တာတွေ ရှိနေလို့ပဲ။ ဘုရားသခင်ကို လူတွေ နာခံအောင် ကူညီပေးချင်စိတ် မရှိကြဘူး။ “လူလူချင်း အုပ်ချုပ်တာဟာ ထိခိုက်နစ်နာစရာတွေပဲ ဖြစ်စေတယ်” လို့ ကျမ်းစာပြောတယ်။—ဒေသနာ ၈:၉။
၂၁။ ဘုရားသခင့်နိုင်ငံဟာ ကမ္ဘာမြေပေါ်မှာ အလိုတော်ကို ဘယ်လို ပြည့်စုံစေမလဲ။
၂၁ အာမဂေဒုန်ပြီးတဲ့နောက် ဘုရားသခင့်နိုင်ငံဟာ ကမ္ဘာမြေပေါ် အလိုတော် ပြည့်စုံစေပါလိမ့်မယ်။ အဲဒီနိုင်ငံဟာ စာတန်နဲ့ နတ်ဆိုးတွေကို ဖယ်ရှားပေးမယ်။ (ဗျာဒိတ် ၂၀:၁-၃) ဘယ်သူမှ ဖျားနာမှာ၊ သေဆုံးမှာ မဟုတ်ဘူး။ ရွေးဖိုးကြောင့် သစ္စာရှိလူသားတွေ ပရဒိသုမှာ ထာဝစဉ် အသက်ရှင်ရမယ်။ (ဗျာဒိတ် ၂၂:၁-၃) ဘုရားသခင့်နိုင်ငံဟာ နာမတော်ကို သန့်ရှင်းမြင့်မြတ်စေမယ်။ ဘာကို ဆိုလိုတာလဲ။ ကမ္ဘာမြေပေါ်မှာ ဘုရားအစိုးရ အုပ်ချုပ်တဲ့အခါ ယေဟောဝါရဲ့နာမည်ကို လူအားလုံး ဂုဏ်တင်ချီးမွမ်းကြမယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။—ရှင်းလင်းချက် ၂၁ ကိုကြည့်ပါ။
ယေရှု ဘယ်အချိန်မှာ ဘုရင်ဖြစ်တာလဲ
၂၂။ ယေရှု မြေကြီးပေါ် ရှိနေချိန်မှာ ဒါမှမဟုတ် ရှင်ပြန်ထမြောက်ပြီးတာနဲ့ ဘုရင် မဖြစ်သေးဘူးဆိုတာ ဘယ်လို သိရသလဲ။
၂၂ “နိုင်ငံတော် လာပါစေ” လို့ဆုတောင်းဖို့ တပည့်တွေကို ယေရှု သင်ပေးတုန်းက ဘုရားသခင့်နိုင်ငံ မလာသေးဘူးဆိုတာ သိသာတယ်။ ယေဟောဝါက ကောင်းကင်အစိုးရကို အရင် တည်ထောင်ပြီး ယေရှုကို ဘုရင်အဖြစ် ခန့်အပ်ရဦးမယ်။ ကောင်းကင်ကို ပြန်ရောက်တာနဲ့ ယေရှု ဘုရင်ဖြစ်ပြီလား။ မဖြစ်ပါဘူး။ စောင့်နေရသေးတယ်။ ယေရှု ရှင်ပြန်ထမြောက်ပြီးနောက် အချိန်အတန်ကြာတဲ့အခါ ပေတရုနဲ့ ပေါလုက ဆာလံ ၁၁၀:၁ မှာပါတဲ့ ကြိုဟောချက်ဟာ ယေရှုဆီမှာ ပြည့်စုံတယ်လို့ ပြောခဲ့တာကို ကြည့်ရင် အဲဒီလိုစောင့်ခဲ့ရမှန်း သိနိုင်တယ်။ ကြိုဟောချက်မှာ ယေဟောဝါက “ရန်သူတွေကို မင်းရဲ့ခြေအောက်မှာ မချခင်အထိ ငါ့ညာဘက်မှာ ထိုင်နေပါ” လို့ပြောခဲ့တယ်။ (တမန်တော် ၂:၃၂-၃၅။ ဟီဘရူး ၁၀:၁၂၊ ၁၃) ဘုရင်အဖြစ် ယေဟောဝါ ခန့်အပ်မှာကို ယေရှု ဘယ်လောက်ကြာကြာ စောင့်ခဲ့ရသလဲ။
ဘုရားသခင့်နိုင်ငံဟာ ကမ္ဘာမြေပေါ်မှာ အလိုတော်ကို ပြည့်စုံစေမယ်
၂၃။ (က) နိုင်ငံတော်ဘုရင်အဖြစ် ဘယ်အချိန်မှာ ယေရှု စတင်အုပ်စိုးသလဲ။ (ခ) နောက်အခန်းမှာ ဘာအကြောင်း လေ့လာကြမလဲ။
၂၃ ကျမ်းစာကြိုဟောချက်အရ ၁၉၁၄ ခုနှစ်ဟာ အရေးပါတဲ့နှစ် ဖြစ်မယ်ဆိုတာ အဲဒီနှစ်မတိုင်ခင် နှစ်ပေါင်းများစွာကတည်းက စိတ်ရင်းမှန်တဲ့ ခရစ်ယာန်တစ်စု နားလည်ခဲ့ကြတယ်။ ၁၉၁၄ ကစတဲ့ ကမ္ဘာ့အဖြစ်အပျက်တွေက သူတို့ရဲ့နားလည်မှု မှန်တယ်ဆိုတာ သက်သေထူတယ်။ အဲဒီနှစ်မှာ ဘုရင်အဖြစ် ယေရှု စတင် အုပ်စိုးတယ်။ (ဆာလံ ၁၁၀:၂) သိပ်မကြာခင်မှာပဲ စာတန်ဟာ မြေကြီးပေါ် ပစ်ချခံခဲ့ရတယ်။ “သူ့အတွက် အချိန်နည်းနည်းပဲ ကျန်တော့တယ်။” (ဗျာဒိတ် ၁၂:၁၂) အဲဒီအချိန်အတွင်းမှာ ကျွန်တော်တို့ အသက်ရှင်နေတယ်ဆိုတဲ့ အထောက်အထားတွေကို နောက်အခန်းမှာ လေ့လာကြမယ်။ မကြာခင် ဘုရားသခင့်နိုင်ငံဟာ ကမ္ဘာမြေပေါ် ဘုရားအလိုတော် ပြည့်စုံစေမယ့်အကြောင်းကိုလည်း လေ့လာကြမယ်။—ရှင်းလင်းချက် ၂၂ ကိုကြည့်ပါ။
ကြိုက်လို ကြိုက်ငြား အကြောင်းအရာများ
ကင်းမျှော်စင်
ဘုရားသခင့်နိုင်ငံတော် ဘယ်အချိန်မှာ စတင်အုပ်ချုပ်သလဲ —အပိုင်း ၁
အဖြေကို သင် သိတယ်ဆိုရင် ဒီအကြောင်းကို ကျမ်းစာသုံးပြီး တခြားသူတွေကို ရှင်းပြပေးနိုင်သလား။
သမ္မာကျမ်းစာ သွန်သင်ရာများ