အခန်း​ဆယ့်​နှစ်

ဘုရားသခင်ရဲ့မိတ်ဆွေ ဘယ်လိုဖြစ်နိုင်သလဲ

ဘုရားသခင်ရဲ့မိတ်ဆွေ ဘယ်လိုဖြစ်နိုင်သလဲ

၁၊ ၂။ ယေဟောဝါ​ရဲ့ မိတ်ဆွေ​တ​ချို့​ဟာ ဘယ်​သူ​တွေ​လဲ။

သင် ဘယ်​သူ​နဲ့ မိတ်ဆွေ​ဖြစ်​ချင်​သလဲ။ ကိုယ်​နဲ့​အသွင်​တူ​သူ၊ ကိုယ်​နဲ့​သင့်​မြတ်​သူ၊ ကြင်နာ​တတ်​သူ၊ ကိုယ်​အထင်​ကြီး​လေး​စား​တဲ့ အရည်​အသွေး​တွေ ပိုင်​ဆိုင်​သူ​နဲ့ မိတ်ဆွေ​ဖြစ်​ချင်​မှာ​ပဲ။

ယေဟောဝါ​ဘု​ရား​က လူ​တ​ချို့​ကို မိတ်ဆွေ​အဖြစ် ရွေး​ချယ်​တယ်။ ယေဟောဝါ​ရဲ့ မိတ်ဆွေ​တစ်​ယောက်​က​တော့ အာဗြဟံ​ပဲ။ (ဟေ​ရှာ​ယ ၄၁:၈။ ယာကုပ် ၂:၂၃) ယေဟောဝါ​က ဒါဝိဒ်​ကို​လည်း ချစ်​ခင်​နှစ်​သက်​တယ်။ “ငါ​နဲ့ စိတ်​သဘော​ထား​ချင်း ကိုက်​ညီ​သူ” လို့ ဒါဝိဒ်​ကို ခေါ်​ခဲ့​တယ်။ (တမန်​တော် ၁၃:၂၂) ပရောဖက်​ဒံယေလ​ဟာ ယေဟောဝါ​အတွက် “သိပ်​တန်​ဖိုး​ထား​ရ​တဲ့​သူ” ဖြစ်​တယ်။​—ဒံယေလ ၉:၂၃

၃။ အာဗြဟံ၊ ဒါဝိဒ်​နဲ့ ဒံယေလ​တို့​ဟာ ယေဟောဝါ​ရဲ့​မိတ်ဆွေ ဘယ်​လို​ဖြစ်​လာ​သလဲ။

အာဗြဟံ၊ ဒါဝိဒ်​နဲ့ ဒံယေလ​တို့​ဟာ ယေဟောဝါ​ရဲ့​မိတ်ဆွေ ဘယ်​လို​ဖြစ်​လာ​သလဲ။ ‘ငါ့​စကား​ကို မင်း​နား​ထောင်​တယ်’ ဆို​ပြီး အာဗြဟံ​ကို ယေဟောဝါ​ပြော​တယ်။ (ကမ္ဘာဦး ၂၂:၁၈) ယေဟောဝါ​ဟာ မိမိ​ကို နှိမ့်​ချ​စိတ်​နဲ့ နာ​ခံ​သူ​တွေရဲ့ မိတ်ဆွေ​ဖြစ်​လာ​တယ်။ လူမျိုး​တစ်​မျိုး​လုံး​အနေ​နဲ့​တောင် ဘု​ရားရဲ့​မိတ်ဆွေ ဖြစ်​လာ​နိုင်​တယ်။ “ငါ့​စကား​ကို နာ​ခံ​ပါ။ ဒါ​ဆို​ရင် ငါ​ဟာ မင်း​တို့​ရဲ့ ဘု​ရား​သခင် ဖြစ်​လာ​ပြီး မင်း​တို့​လည်း ငါ့​လူ​တွေ ဖြစ်​လာ​မယ်” လို့ အစ္စရေး​လူမျိုး​ကို ယေဟောဝါ​ပြော​တယ်။ (ယေ​ရ​မိ ၇:၂၃) သင်​လည်း ယေဟောဝါ​ရဲ့​မိတ်ဆွေ ဖြစ်​ချင်​တယ်​ဆို​ရင် ကိုယ်​တော့်​စကား​ကို နာ​ခံ​ဖို့​လို​တယ်။

ယေဟောဝါ​က မိမိ​ရဲ့​မိတ်ဆွေ​တွေ​ကို ကာ​ကွယ်​ပေး

၄၊ ၅။ မိမိ​ရဲ့​မိတ်ဆွေ​တွေ​ကို ယေဟောဝါ ဘယ်​လို ကာ​ကွယ်​ပေး​သလဲ။

ယေဟောဝါ​ဟာ “စိတ်​နှလုံး​အကြွင်း​မဲ့ ဝတ်​ပြု​သူ​တွေရဲ့ အကျိုး​အတွက် အစွမ်း​တန်ခိုး​ပြဖို့” နည်း​လမ်း​ရှာ​နေ​တယ်​လို့ ကျမ်း​စာ​ပြော​တယ်။ (၂ ရာ​ဇ​ဝင်​ချုပ် ၁၆:၉) ဆာလံ ၃၂:၈ မှာ ယေဟောဝါ​က “မင်း​ကို ငါ​ထိုး​ထွင်း​ဉာဏ် ရှိ​စေ​မယ်၊ သွား​သင့်​တဲ့​လမ်း​ကို ညွှန်​ပြပေး​မယ်။ မပြတ်​ကြည့်​ရှု​ပြီး အကြံ​ဉာဏ်​ပေး​မယ်” လို့ မိတ်ဆွေ​တွေ​ကို ကတိ​ပေး​တယ်။

ကျွန်​တော်​တို့ ဘု​ရားရဲ့​မိတ်ဆွေ​ဖြစ်​တာ​ကို မလို​လား​တဲ့ ခွန်​အား​ကြီး​ရန်​သူ​တစ်ပါး ရှိ​နေ​တယ်။ ဒါ​ပေမဲ့ ယေဟောဝါ​က ကျွန်​တော်​တို့​ကို ကာ​ကွယ်​ပေး​ချင်​တယ်။ (ဆာလံ ၅၅:၂၂ ကို​ဖတ်​ပါ။) ယေဟောဝါ​ရဲ့ မိတ်ဆွေ​တွေ​အနေ​နဲ့ ကျွန်​တော်​တို့​က ကိုယ်​တော့်​ကို စိတ်​စွမ်း​ရှိ​သမျှ ဝတ်​ပြု​ကြ​တယ်။ အခက်​အခဲ​တွေ​ကြား​မှာ​တောင် ဘု​ရား​အပေါ် သစ္စာ​တည်​ကြည်​တယ်။ “ကျွန်​တော့်​ညာ​ဘက်​မှာ ဘုရား​ရှိ​နေ​လို့ ဘယ်​တော့​မှ တုန်​လှုပ်​မှာ မဟုတ်​ဘူး” ဆို​ပြီး ရေးခဲ့​တဲ့ ဆာလံ​ဆ​ရာ​လို​မျိုး ကျွန်​တော်​တို့​လည်း ယုံ​ကြည်​စိတ်​ချ​မှု ရှိ​တယ်။ (ဆာလံ ၁၆:၈။ ၆၃:၈) ဘု​ရား​သခင်​နဲ့ မိတ်​ပျက်​သွား​အောင် ကျွန်​တော်​တို့​ကို စာ​တန် ဘယ်​လို တား​ဆီး​နေ​သလဲ။

စာ​တန်​ရဲ့ စွပ်​စွဲ​ချက်

၆။ လူ​တွေ​နဲ့​ပတ်​သက်​ပြီး စာ​တန် ဘာ​ပြော​သလဲ။

ယေဟောဝါ​ကို စာ​တန် စော​ဒ​က​တက်​ခဲ့​တယ်၊ ဘု​ရား​သခင်​ဟာ လိမ်​ညာ​သူ​ဖြစ်​တယ်၊ အာ​ဒံ​နဲ့ ဧ​ဝ​ကို အမှား​အမှန် ကိုယ်​တိုင်​ဆုံး​ဖြတ်​ခွင့် မပေး​ဘဲ​ထား​တာ​ဟာ မတ​ရား​ဘူး​လို့ စွပ်​စွဲ​ခဲ့​တယ်​ဆို​တဲ့​အကြောင်း အခန်း ၁၁ မှာ သိ​ခဲ့ရ​ပြီ။ ဘု​ရား​သခင့်​မိတ်ဆွေ​ဖြစ်​ချင်​တဲ့ လူ​တွေ​ကို​လည်း စာ​တန် စွပ်​စွဲ​တဲ့​အကြောင်း ယောဘ​ကျမ်း​က​နေ သိ​ရ​တယ်။ ဘု​ရား​ကို ချစ်​လို့ မဟုတ်​ဘဲ အကျိုး​ရလို့ ဝတ်​ပြု​နေ​ကြ​တာ​ဆို​ပြီး စာ​တန် စွပ်​စွဲ​တယ်။ ဘု​ရား​ကို ကျော​ခိုင်း​သွား​အောင် ဘယ်​သူ့​ကို​မဆို သူ လုပ်​နိုင်​တယ်​လို့​တောင် ပြော​သေး​တယ်။ ယောဘ​ဆီ​က​နေ ဘာ​သင်​ယူ​နိုင်​သလဲ၊ သူ့​ကို ယေဟောဝါ ဘယ်​လို ကာ​ကွယ်​ခဲ့​သလဲ​ဆို​တာ ကြည့်​ကြ​ရ​အောင်။

၇၊ ၈။ (က) ယောဘ​ဆို​တာ ဘယ်​သူ​လဲ။ (ခ) ယောဘ​နဲ့​ပတ်​သက်​ပြီး စာ​တန် ဘာ​ပြော​သလဲ။

ယောဘ​ဆို​တာ ဘယ်​သူ​လဲ။ လွန်​ခဲ့​တဲ့​နှစ်​ပေါင်း ၃,၆၀၀ ခန့်​က အသက်​ရှင်​ခဲ့​တဲ့ လူ​ကောင်း​တစ်​ယောက်​ပါ။ အဲဒီ​တုန်း​က ကမ္ဘာ​ပေါ်​မှာ ယောဘ​လို​လူ တစ်​ယောက်​မှ​မရှိ​ဘူး​လို့ ယေဟောဝါ​ပြော​တယ်။ ယောဘ​ဟာ ဘု​ရား​သခင်​ကို အလွန်​ရို​သေလေး​စား​သူ၊ မကောင်း​မှု​ကို ရွံ​မုန်း​သူ​ဖြစ်​တယ်။ (ယောဘ ၁:၈) သူ​ဟာ ယေဟောဝါ​ရဲ့ မိတ်ဆွေ​စစ်​ပဲ။

ယောဘ အကျိုး​ရလို့ ဘု​ရား​သခင်​ကို ဝတ်​ပြု​နေ​တာ​ဆို​ပြီး စာ​တန်​စွပ်​စွဲ​တယ်။ “ခင်​ဗျား​က သူ့​ကို​ရော သူ့​အိမ်​နဲ့ ပိုင်​ဆိုင်​သမျှ​ကို​ပါ ကာ​ကွယ်​ပေး​ထား​တာ​ကိုး။ သူ​လုပ်​သမျှ​ကို ကောင်း​ချီး​ပေး​ပြီး ခြံ​မွေး​တိ​ရစ္ဆာန်တွေ​ကို​လည်း ပွား​များ​စေ​တာ​ကိုး။ ဒါ​ပေမဲ့၊ အခု လက်​ကို​ဆန့်​ပြီး သူ​ပိုင်​ဆိုင်​သမျှ​ကို ဖျက်​ဆီး​ကြည့်​ပါ​လား၊ ခင်​ဗျား​ကို ရှေ့​မှာ​တင် ကျိန်း​သေကျိန်​ဆဲ​လိမ့်​မယ်” လို့ ယေဟောဝါ​ကို စာ​တန်​ပြော​တယ်။—ယောဘ ၁:၁၀၊ ၁၁

၉။ စာ​တန် ဘာ​လုပ်​ဖို့ ယေဟောဝါ ခွင့်​ပြု​လိုက်​သလဲ။

ယောဘ​ဟာ အကျိုး​ရ​ဖို့​အတွက်​ပဲ ယေဟောဝါ​ကို ဝတ်​ပြု​နေ​တာ​လို့ စာ​တန် စွပ်​စွဲ​တယ်။ ယေဟောဝါ​ကို ယောဘ ဝတ်​မပြု​တော့​အောင် သူ​လုပ်​နိုင်​တယ်​လို့​လည်း ပြော​သေး​တယ်။ စာ​တန်​ပြော​တာ​ကို ယေဟောဝါ သဘော​မတူ​ဘူး။ ဒါ​ပေမဲ့ ဘု​ရား​ကို​ချစ်​လို့ ဘု​ရားရဲ့​မိတ်ဆွေ ဖြစ်​နေ​တာ ဟုတ်​မဟုတ် ယောဘ​ကို စမ်း​သပ်​ဖို့ ခွင့်​ပြု​လိုက်​တယ်။

ယောဘ​ကို စာ​တန် တိုက်​ခိုက်

၁၀။ ယောဘ​ကို စာ​တန် ဘယ်​လို​တိုက်​ခိုက်​သလဲ။ ယောဘ ဘယ်​လို​တုံ့​ပြန်​သလဲ။

၁၀ ဦး​ဆုံး၊ ယောဘ​ရဲ့​တိ​ရစ္ဆာန်​အားလုံး အခိုး​ခံ​ရ​အောင်၊ အသတ်​ခံ​ရ​အောင် စာ​တန်​လုပ်​တယ်။ ပြီး​တော့ ယောဘ​ရဲ့​ကျွန်​အများ​စု သေသွား​အောင် လုပ်​တယ်။ ယောဘ​ခ​မျာ အရာရာ​ဆုံး​ရှုံး​သွား​တယ်။ နောက်​ဆုံး၊ ယောဘ​ရဲ့ သား​သမီး​ဆယ်​ယောက်​ကို မုန်​တိုင်း​ကြောင့် သေသွား​အောင် လုပ်​တယ်။ ဒါ​တောင် ယေဟောဝါ​အပေါ် ယောဘ သစ္စာ​တည်​ကြည်​နေ​တုန်း​ပဲ။ “ဒါ​တွေ​အားလုံး ကြုံရ​ပေမဲ့ ယောဘ​က အပြစ်​မလုပ်​ဘူး။ ဘု​ရား​သခင် မှား​တယ်​လို့​လည်း မစွပ်​စွဲ​ဘူး။”—ယောဘ ၁:၁၂-၁၉၊ ၂၂

မိတ်ဆွေ​ပီ​သမှု​ကြောင့် ယောဘ​ကို ယေဟောဝါ ဆု​ချ

၁၁။ (က) ယောဘ​ကို စာ​တန် ဘာ​လုပ်​သေး​သလဲ။ (ခ) ယောဘ ဘယ်​လို​တုံ့​ပြန်​သလဲ။

၁၁ စာ​တန် လက်​မလျှော့​ခဲ့​ဘူး။ “သူ့​အရိုး​နဲ့ အသား​ကို ထိ​ခိုက်​ကြည့်​ပါ​လား။ ခင်​ဗျား​ကို ရှေ့​မှာ​တင် ကျိန်း​သေ ကျိန်​ဆဲ​လိမ့်​မယ်” လို့ ဘု​ရား​ကို စိန်​ခေါ်​တယ်။ ပြီး​တော့ ယောဘ​ကို ဆိုး​ဝါး​တဲ့​အနာ​စိမ်း​တွေ ပေါက်​စေ​တယ်။ (ယောဘ ၂:၅၊) ဒီ​တစ်​ခါ​လည်း ယောဘ​က ယေဟောဝါ​အပေါ် သစ္စာ​တည်​ကြည်​နေ​တုန်း​ပဲ။ “သေတဲ့​အထိ ကျုပ်​ရဲ့​သမာ​ဓိ​ကို မစွန့်​ဘူး” လို့ သူ​ပြော​တယ်။—ယောဘ ၂၇:၅

၁၂။ စာ​တန်​ဟာ မု​သာ​ကောင်​ဖြစ်​မှန်း ယောဘ ဘယ်​လို သက်​သေပြခဲ့​သလဲ။

၁၂ ယောဘ​ဟာ စာ​တန်​ရဲ့ စွပ်​စွဲ​ချက်​အကြောင်း၊ သူ ဘာ​လို့ ဒီ​လောက်​ဒုက္ခရောက်ရ​တဲ့​အကြောင်း ဘာ​ဆို​ဘာ​မှ မသိ​ဘူး။ သူ​ဒုက္ခရောက်​အောင် ယေဟောဝါ​လုပ်​နေ​တယ်​လို့ ထင်​နေ​တာ။ (ယောဘ ၆:၄။ ၁၆:၁၁-၁၄) ဒါ​တောင် ယေဟောဝါ​အပေါ် သစ္စာ​တည်​ကြည်​နေ​တုန်း​ပဲ။ အခု​တော့ သံ​သယ ကင်း​ရှင်း​သွား​ပြီ။ ယောဘ​ဟာ တစ်​ကိုယ်​ကောင်း​ဆန်​သူ မဟုတ်​ဘူး။ ဘု​ရား​ကို ချစ်​လို့ ဘု​ရားရဲ့​မိတ်ဆွေ ဖြစ်​နေ​တာ။ စာ​တန့်​စွပ်​စွဲ​ချက်​တွေ တက်​တက်​စင်​အောင် မှား​သွား​ပြီ။

၁၃။ ယောဘ​ရဲ့ သစ္စာ​တည်​ကြည်​မှု​ကြောင့် ဘာ​အကျိုး​ရခဲ့​သလဲ။

၁၃ ကောင်း​ကင်​မှာ ဘာ​တွေ​ဖြစ်​နေ​မှန်း ယောဘ မသိ​ဘူး။ ဒါ​တောင် ဘု​ရား​အပေါ် သစ္စာ​တည်​ကြည်​ပြီး စာ​တန်​ဟာ ဆိုး​ညစ်​သူ​ဖြစ်​မှန်း သက်​သေပြခဲ့​တယ်။ မိတ်ဆွေ​ပီ​သမှု​ကြောင့် ယောဘ​ကို ယေဟောဝါ ဆု​ချ​ခဲ့​တယ်။—ယောဘ ၄၂:၁၂-၁၇

သင့်​ကို စာ​တန် စွပ်​စွဲ​နေ​ပုံ

၁၄၊ ၁၅။ လူ​အားလုံး​ကို စာ​တန် ဘယ်​လို​စွပ်​စွဲ​သလဲ။

၁၄ ယောဘ​ရဲ့​ဖြစ်​ရပ်​က​နေ အရေး​ကြီး​သင်​ခန်း​စာ​တွေ သင်​ယူ​နိုင်​တယ်။ ဒီ​နေ့​လည်း အကျိုး​ရလို့ ယေဟောဝါ​ကို ကျွန်​တော်​တို့ ဝတ်​ပြု​နေ​တာ​ဆို​ပြီး စာ​တန် စွပ်​စွဲ​တယ်။ ယောဘ ၂:၄ မှာ “လူ​တွေ​ဟာ အသက်​ဆက်​ရှင်​ဖို့ ကိုယ်​ပိုင်​ဆိုင်​သမျှ​ကို ပေး​မှာ​ပဲ” လို့ စာ​တန်​ပြော​တယ်။ ယောဘ​သာ​မက လူ​အားလုံး တစ်​ကိုယ်​ကောင်း​ဆန်​တယ်​လို့ စွပ်​စွဲ​လိုက်​တာ​ပဲ။ ယောဘ​သေဆုံး​ပြီး နှစ်​ပေါင်း​များ​စွာ​ကြာ​တဲ့​အထိ စာ​တန်​ဟာ ယေဟောဝါ​ကို ကဲ့​ရဲ့​ပြော​ဆို​နေ​ဆဲ၊ ဘု​ရား​သခင့်​ကျေး​ကျွန်​တွေ​ကို စွပ်​စွဲ​နေ​ဆဲ​ပဲ။ ဥပမာ၊ ပညာ​အလိမ္မာ​ကျမ်း ၂၇:၁၁ မှာ “ငါ့​သား၊ ဉာဏ်​ပညာ​ရှိ​ပါ။ ငါ့​စိတ်​ကို ရွှင်​လန်း​စေ​ပါ။ ဒါ​မှ ငါ့​ကို ကဲ့​ရဲ့​နေ​တဲ့​သူ​ကို ငါ​ချေ​ပနိုင်​မယ်” လို့​ဖတ်​ရ​တယ်။

၁၅ ယေဟောဝါ​ကို နာ​ခံ​ပြီး ကိုယ်​တော့်​မိတ်ဆွေ​ဖြစ်​ဖို့ သင် ရွေး​ချယ်​နိုင်​တယ်။ ဒီ​နည်း​နဲ့ စာ​တန်​ဟာ မု​သာ​ကောင်​ဖြစ်​ကြောင်း သက်​သေထူ​နိုင်​တယ်။ ဘု​ရားရဲ့​မိတ်ဆွေ​ဖြစ်​လာ​ဖို့ သင့်​အသက်​တာ​မှာ အပြောင်း​အလဲ​ကြီး​တွေ လုပ်​ရ​မယ်​ဆို​ရင်​တောင် ဒါ​ဟာ ချ​နိုင်​သမျှ ဆုံး​ဖြတ်​ချက်​တွေ​ထဲ​မှာ အကောင်း​ဆုံး ဆုံး​ဖြတ်​ချက်​ပါ​ပဲ။ ဒီ​ဆုံး​ဖြတ်​ချက်​ဟာ အင်​မတန် အရေး​ကြီး​တယ်။ သင် ပြဿ​နာ​ကြုံရ​တဲ့​အခါ ဘု​ရား​အပေါ် သစ္စာ​တည်​ကြည်​မှာ မဟုတ်​ဘူး​ဆို​ပြီး စာ​တန် စွပ်​စွဲ​တယ်။ ဘုရား​သခင်​အပေါ် သစ္စာ​မတည်​ကြည်​အောင် ကျွန်​တော်​တို့​ကို သူ​လှည့်​စား​နေ​တယ်။ ဘယ်​လို​နည်း​နဲ့​လဲ။

၁၆။ (က) ယေဟောဝါ​ကို ဝတ်​မပြု​တော့​အောင် စာ​တန် တား​ဆီး​တဲ့​နည်း​တွေ​ဟာ ဘာ​လဲ။ (ခ) ယေဟောဝါ​ကို ဝတ်​မပြု​တော့​အောင် သင့်​ကို စာ​တန် ဘယ်​လို​တား​ဆီး​နိုင်​သလဲ။

၁၆ စာ​တန်​ဟာ ဘု​ရား​သခင်​နဲ့ ကျွန်​တော်​တို့ မိတ်​ပျက်​သွား​အောင် နည်း​မျိုး​စုံ​သုံး​ပြီး တား​ဆီး​နေ​တယ်။ “ဟိန်း​ဟောက်​နေ​တဲ့ ခြ​င်္သေ့​လို” တိုက်​ခိုက်​ပြီး “တစ်​ယောက်​ယောက်​ကို ဝါး​မျို​ဖို့ လှည့်​လည်​ရှာ​ဖွေ​နေ​တယ်။” (၁ ပေတရု ၅:၈) မိတ်ဆွေ​တွေ၊ မိသား​စု​ဝင်​တွေ၊ တ​ခြား​သူ​တွေ​က သင် ကျမ်း​စာ​လေ့​လာ​တာ၊ မှန်​ရာ​လုပ်​နေ​တာ​ကို တား​ဖို့ ကြိုး​စား​တဲ့​အခါ မအံ့​သြပါ​နဲ့။ သင် တိုက်​ခိုက်​ခံ​နေ​ရ​တယ်​လို့ ခံစား​မိ​နိုင်​တယ်။ * (ယောဟန် ၁၅:၁၉၊ ၂၀) ဒါ့​အပြင် စာ​တန်​ဟာ “အလင်း​ရဲ့ ကောင်း​ကင်​တ​မန်” ဖြစ်​ယောင်​ဆောင်​တတ်​တယ်။ ဒါ​ကြောင့် ယေဟောဝါ​ကို မနာ​ခံ​ဖို့ ကျွန်​တော်​တို့​ကို သူ လှည့်​စား​နိုင်​တယ်။ (၂ ကော​ရိန္သု ၁၁:၁၄) ယေဟောဝါ​ကို ဝတ်​မပြု​တော့​အောင် စာ​တန် တား​ဆီး​တဲ့ နောက်​တစ်​နည်း ရှိ​သေး​တယ်။ ကျွန်​တော်​တို့ အသုံး​မကျ​ဘူး၊ ဘု​ရား​သခင်​ကို ဝတ်​ပြု​ဖို့ မထိုက်​တန်​ဘူး​လို့ ခံစား​ရ​အောင်​လုပ်​ခြင်း​ပဲ။—ပညာ​အလိမ္မာ ၂၄:၁၀

ယေဟောဝါ​ရဲ့ ပညတ်​တွေ​ကို နာ​ခံ​ပါ

၁၇။ ယေဟောဝါ​ကို ကျွန်​တော်​တို့ ဘာ​လို့ နာ​ခံ​ကြ​တာ​လဲ။

၁၇ ယေဟောဝါ​ကို ကျွန်​တော်​တို့ နာ​ခံ​တဲ့​အခါ စာ​တန်​ဟာ မု​သာ​ကောင်​ဖြစ်​ကြောင်း သက်​သေပြရာရောက်​တယ်။ နာ​ခံ​မှု​ရှိ​ဖို့ သင့်​ကို ဘာ​က ကူညီ​ပေး​မလဲ။ “ယေဟောဝါ​ဘု​ရား​ကို စိတ်​စွမ်း​ရှိ​သမျှ၊ ကိုယ်​စွမ်း​ရှိ​သမျှ၊ ခွန်​အား​ရှိ​သမျှ ချစ်​ပါ” လို့ ကျမ်း​စာ​ပြော​တယ်။ (တ​ရား​ဟော​ရာ ၆:၅) ယေဟောဝါ​ကို ကျွန်​တော်​တို့ ချစ်​လို့ နာ​ခံ​ကြ​တာ။ ယေဟောဝါ​ကို ပို​ချစ်​လာ​တာ​နဲ့​အမျှ ကိုယ်​တော် တောင်း​ဆို​တာ​မှန်​သမျှ​ကို လုပ်​ချင်​လာ​ပါ​လိမ့်​မယ်။ “ဘု​ရား​သခင်​ကို ချစ်​တယ်​ဆို​တာ ပညတ်​ချက်​တွေ လိုက်​နာ​တာ​ကို ဆိုလို​တယ်။ ပညတ်​ချက်​တွေ​ဟာ လိုက်​နာ​ဖို့ ခက်​ခဲ​လွန်း​တဲ့​အရာ မဟုတ်​ပါ​ဘူး” လို့ တမန်​တော်​ယောဟန် ရေးခဲ့​တယ်။—၁ ယောဟန် ၅:၃

၁၈၊ ၁၉။ (က) မှား​တယ်​လို့ ယေဟောဝါ​ပြော​တဲ့ အရာ​တ​ချို့​က ဘာ​တွေ​လဲ။ (ခ) ကျွန်​တော်​တို့ မတတ်​နိုင်​တာ​ကို လုပ်​ဖို့ ယေဟောဝါ မတောင်း​ဆို​မှန်း ဘယ်​လို​သိ​ရ​သလဲ။

၁၈ မှား​တယ်​လို့ ယေဟောဝါ​ပြော​တဲ့ အရာ​တ​ချို့​က ဘာ​တွေ​လဲ။ “ ယေဟောဝါ ရွံ​မုန်း​တဲ့​အရာတွေ​ကို ရှောင်​ပါ” လေး​ထောင့်​ကွက်​မှာ ဖော်ပြထား​တယ်။ ရုတ်​တ​ရက်​ကြည့်​လိုက်​ရင် အဲ​ဒါ​တွေ​ဟာ မမှား​ဘူး​လို့ ထင်​ရ​မယ်။ ဒါ​ပေမဲ့ ကျမ်း​ချက်​တွေ​ကို ဖတ်​ပြီး အသေအချာ​စဉ်း​စား​မယ်​ဆို​ရင် ယေဟောဝါ​ရဲ့​ပညတ်​တွေ​ကို နာ​ခံ​တာ​ဟာ ပညာ​ရှိ​ရာရောက်​မှန်း နား​လည်​လာ​ပါ​လိမ့်​မယ်။ သင့်​အသက်​တာ​မှာ ပြု​ပြင်​ပြောင်း​လဲ​မှု​တ​ချို့ လုပ်​ဖို့​လို​တယ်​လို့ ခံစား​မိ​နိုင်​တယ်။ အဲဒီ​လို​လုပ်​ဖို့ ခက်​တဲ့​အခါ​တွေ​လည်း ရှိ​နိုင်​တယ်။ ဒါ​ပေမဲ့ အဲဒီ​လို ပြု​ပြင်​ပြောင်း​လဲ​မယ်​ဆို​ရင် ဘု​ရားရဲ့ မိတ်ဆွေ​စစ်​တွေ​မှာ​ရှိ​တဲ့ စိတ်​ငြိမ်သက်​မှု​နဲ့ ပျော်​ရွှင်​မှု ခံစား​ရ​ပါ​လိမ့်​မယ်။ (ဟေ​ရှာ​ယ ၄၈:၁၇၊ ၁၈) ပြု​ပြင်​ပြောင်း​လဲ​မှု​တွေ​လုပ်​ဖို့ ဖြစ်​နိုင်​မှန်း ဘယ်​လို​သိ​ရ​သလဲ။

၁၉ ကျွန်​တော်​တို့ မတတ်​နိုင်​တာ​ကို လုပ်​ဖို့ ယေဟောဝါ ဘယ်​တော့​မှ မတောင်း​ဆို​ဘူး။ (တ​ရား​ဟော​ရာ ၃၀:၁၁-၁၄) ဘု​ရား​က မိတ်ဆွေ​ရင်း​တစ်​ယောက်​လို​ပါ​ပဲ၊ ကိုယ့်​ကိုယ်​ကိုယ် သိ​တာ​ထက် ကျွန်​တော်​တို့​ကို ကိုယ်​တော် ပို​သိ​တယ်။ ကျွန်​တော်​တို့​ရဲ့ အား​သာ​ချက်​နဲ့ အား​နည်း​ချက်​တွေ​ကို သိ​တယ်။ (ဆာလံ ၁၀၃:၁၄) “ဘု​ရား​သခင်​ဟာ သစ္စာ​ရှိ​တဲ့​အတွက် ခင်​ဗျား​တို့ မခံ​နိုင်​လောက်​တဲ့ သွေး​ဆောင်​ခြင်း​ကို ခွင့်​ပြု​မှာ မဟုတ်​ဘူး။ ဒါ့​အပြင် သွေး​ဆောင်​ခံ​ရ​တဲ့​အခါ ခံ​ရပ်​နိုင်​ဖို့ လွတ်​မြောက်​ရာ​လမ်း​ကို ပြင်​ဆင်​ပေး​လိမ့်​မယ်” လို့ တမန်​တော်​ပေါလု အား​ပေး​တယ်။ (၁ ကော​ရိန္သု ၁၀:၁၃) မှန်​ရာ​ကို​လုပ်​ဖို့ ယေဟောဝါ အမြဲ ခွန်​အား​ပေး​မယ်​ဆို​တာ စိတ်​ချ​နိုင်​တယ်။ ခက်​ခဲ​တဲ့​အခြေ​အနေ​တွေ​ကို ခံ​ရပ်​နိုင်​အောင် “သာ​မန်​ထက် ထူး​ကဲ​တဲ့ တန်ခိုး” ကို ပေး​ပါ​လိမ့်​မယ်။ (၂ ကော​ရိန္သု ၄:၇) ခက်​ခဲ​တဲ့​အခြေ​အနေ​တွေ​မှာ ယေဟောဝါ​ရဲ့​အကူ​အညီ​ကို ရခဲ့​တဲ့ တမန်​တော်​ပေါလု​က “ကျွန်​တော့်​ကို အစွမ်း​ခွန်​အား​ပေး​တဲ့ ဘု​ရား​သခင်​ကြောင့် အရာရာ​ကို စွမ်း​ဆောင်​နိုင်” တယ်​လို့ ပြော​ခဲ့​တယ်။—ဖိ​လိပ္ပိ ၄:၁၃

ဘု​ရား​နှစ်​သက်​တဲ့​အရာတွေ​ကို နှစ်​သက်​လာ​အောင် သင်​ယူ​ပါ

၂၀။ ဘယ်​အရည်​အသွေး​တွေ​ကို အတု​ယူ​ရ​မလဲ။ ဘာ​ကြောင့်​လဲ။

၂၀ ယေဟောဝါ​ရဲ့​မိတ်ဆွေ ဖြစ်​ချင်​တယ်​ဆို​ရင် မှား​တယ်​လို့ ယေဟောဝါ​ပြော​တဲ့​အရာတွေ​ကို ရှောင်ရ​မယ်။ ဒါ​တင် မက​သေး​ဘူး။ (ရော​မ ၁၂:၉) ဘု​ရားရဲ့​မိတ်ဆွေ​တွေ​ဟာ ဘု​ရား​နှစ်​သက်​တာ​ကို နှစ်​သက်​ကြ​တယ်။ ဘု​ရား​နှစ်​သက်​တဲ့​အရာတွေ​ကို ဆာလံ ၁၅:၁–၅ မှာ ဖော်ပြထား​တယ်။ (ဖတ်​ပါ။) ယေဟောဝါ​ရဲ့​မိတ်ဆွေ​တွေ​ဟာ ကိုယ်​တော့်​အရည်​အသွေး​တွေ​ကို အတု​ယူ​ကြ​တယ်။ “ချစ်​ခြင်း၊ ဝမ်း​မြောက်​ခြင်း၊ ငြိမ်သက်​ခြင်း၊ စိတ်​ရှည်​ခြင်း၊ ကြင်နာ​ခြင်း၊ ကောင်း​မြတ်​ခြင်း၊ ယုံ​ကြည်​ခြင်း၊ နူး​ညံ့​သိမ်​မွေ့​ခြင်း၊ ချုပ်​တည်း​ခြင်း” စ​တဲ့​အရည်​အသွေး​တွေ​ကို ပြကြ​တယ်။—ဂလာ​တိ ၅:၂၂၊ ၂၃

၂၁။ ဘု​ရား​နှစ်​သက်​တဲ့ အရည်​အသွေး​တွေ​ကို ဘယ်​လို ပြတတ်​လာ​မလဲ။

၂၁ အဲဒီ​အရည်​အသွေး​တွေ​ကို ဘယ်​လို​ပြတတ်​လာ​မလဲ။ ကျမ်း​စာ​ကို မှန်​မှန် ဖတ်​ရှု​လေ့​လာ​ပြီး ယေဟောဝါ​နှစ်​သက်​တဲ့​အရာတွေ​ဟာ ဘာ​တွေ​လဲ​ဆို​တာ သင်​ယူ​ဖို့​လို​တယ်။ (ဟေ​ရှာ​ယ ၃၀:၂၀၊ ၂၁) ဒါ​ဆို​ရင် ယေဟောဝါ​ကို​ချစ်​တဲ့​မေတ္တာ တိုး​များ​လာ​ပါ​လိမ့်​မယ်။ အဲဒီ​မေတ္တာ တိုး​များ​လာ​တာ​နဲ့​အမျှ ဘု​ရား​ကို နာ​ခံ​ချင်​စိတ် ရှိ​လာ​ပါ​လိမ့်​မယ်။

၂၂။ ယေဟောဝါ​ကို နာ​ခံ​မယ်​ဆို​ရင် ဘာ​အကျိုး​ကျေး​ဇူး​ရ​မလဲ။

၂၂ သင့်​အသက်​တာ​မှာ လို​အပ်​တဲ့ ပြု​ပြင်​ပြောင်း​လဲ​မှု​တွေ လုပ်​တာ​ကို အင်္ကျီ​အဟောင်း​ချွတ်​ပြီး အသစ်​လဲ​ဝတ်​တာ​နဲ့ နှိုင်း​ယှဉ်​နိုင်​တယ်။ ‘စ​ရိုက်​ဟောင်း​ကို ချွတ်​ပယ်​ပြီး စ​ရိုက်​သစ်​ကို ဝတ်​ဆင်’ ဖို့ လို​တယ်​လို့ ကျမ်း​စာ​ပြော​တယ်။ (ကောလောသဲ ၃:၉၊ ၁၀) ခက်​ခဲ​မှာ​မှန်​ပေမဲ့ အဲဒီ​လို​ပြု​ပြင်​ပြောင်း​လဲ​ပြီး ယေဟောဝါ​ကို နာ​ခံ​မယ်​ဆို​ရင် ကြီး​မား​လှ​တဲ့ ‘အကျိုး​ကျေး​ဇူး’ ရ​ရှိ​မယ်​လို့ ကိုယ်​တော် ကတိ​ပေး​ထား​တယ်။ (ဆာလံ ၁၉:၁၁) ယေဟောဝါ​ကို နာ​ခံ​ဖို့ ရွေး​ချယ်​ပြီး စာ​တန်​ဟာ မု​သာ​ကောင်​ဖြစ်​ကြောင်း သက်​သေပြပါ။ နောင်​ရ​မယ့်​အကျိုး​ကို မျှော်​ကိုး​လို့​မဟုတ်​ဘဲ ကိုယ်​ကျိုး​မငဲ့​တဲ့ မေတ္တာ​နဲ့ ယေဟောဝါ​ကို ဝတ်​ပြု​ပါ။ ဒါ​ဆို​ရင် သင်​ဟာ ဘု​ရားရဲ့​မိတ်ဆွေ​စစ် ဖြစ်​လာ​ပါ​လိမ့်​မယ်။

^ စာပိုဒ်၊ 16 သင် ကျမ်း​စာ​ဆက်​မလေ့​လာ​ဖို့ တား​ဆီး​သူ​တွေ​ကို စာ​တန် ထိန်း​ချုပ်​ထား​တယ်​လို့ မဆိုလို​ဘူး။ ဒါ​ပေမဲ့ စာ​တန်​ဟာ “ဒီ​လော​က​စ​နစ်​ရဲ့ ဘု​ရား” ဖြစ်​ပြီး ‘တစ်​လော​က​လုံး​က သူ့​သြဇာ​အောက်​မှာ ရှိ​နေ​တယ်။’ ဒါ​ကြောင့် ယေဟောဝါ​ကို ဝတ်​မပြု​တော့​အောင် လူ​တ​ချို့ တား​ဆီး​ဖို့ ကြိုး​စား​တဲ့​အခါ မအံ့​သြပါ​နဲ့။—၂ ကော​ရိန္သု ၄:၄။ ၁ ယောဟန် ၅:၁၉