အခန်း​ဆယ့်​ငါး

ဘုရားသခင်ကို နည်းမှန်လမ်းကျ ဝတ်ပြုနိုင်ပုံ

ဘုရားသခင်ကို နည်းမှန်လမ်းကျ ဝတ်ပြုနိုင်ပုံ

၁။ ဘု​ရား​သခင်​ကို နည်း​မှန်​လမ်း​ကျ ဝတ်​ပြု​နေ​မနေ ဘယ်​သူ​ပြော​ပြနိုင်​သလဲ။

ဘာ​သာ​တ​ရား​အများ​စု​က ဘု​ရား​နဲ့​ပတ်​သက်​တဲ့ အမှန်​တ​ရား​ကို သွန်သင်​ပေး​နေ​တယ်​လို့ ပြော​ကြ​တယ်။ အဲ​ဒါ မဖြစ်​နိုင်​ဘူး။ ဘု​ရား​သခင်​ဟာ ဘယ်​သူ​လဲ၊ ဘု​ရား​ကို ဘယ်​လို​ကိုးကွယ်​ရ​မလဲ ဆို​တာ​နဲ့​ပတ်​သက်​ပြီး ဘာ​သာ​တ​ရားတွေ အမျိုး​မျိုး​သွန်သင်​ပေး​နေ​လို့​ပဲ။ ဒါ​ဆို​ရင် ဘု​ရား​သခင်​ကို နည်း​မှန်​လမ်း​ကျ ဝတ်​ပြု​နေ​မနေ ဘယ်​လို​သိ​နိုင်​သလဲ။ ယေဟောဝါ​ဘု​ရား တစ်ပါး​တည်း​သာ သူ့​ကို ဘယ်​လို ဝတ်​ပြု​ရ​မလဲ​ဆို​တာ ပြော​ပြနိုင်​တယ်။

၂။ ဘု​ရား​သခင်​ကို နည်း​မှန်​လမ်း​ကျ ဝတ်​ပြု​နိုင်​တဲ့​နည်း​ကို ဘယ်​လို​သိ​နိုင်​သလဲ။

ယေဟောဝါ​က သူ့​ကို နည်း​မှန်​လမ်း​ကျ ဝတ်​ပြု​နိုင်​တဲ့​နည်း​ကို သိ​နိုင်​ဖို့ ကျမ်း​စာပေး​ထား​တယ်။ ဒါ​ကြောင့် ကျမ်း​စာ​ကို လေ့​လာ​ပါ။ ယေဟောဝါ​က ကျွန်​တော်​တို့​ကို အလွန်​ဂရု​စိုက်​တဲ့​အတွက် ကျမ်း​စာ​သွန်သင်​ချက်​တွေ​က​နေ အကျိုး​ရ​နိုင်​အောင် ကူညီ​ပေး​ပါ​လိမ့်​မယ်။—ဟေ​ရှာ​ယ ၄၈:၁၇

၃။ ဘု​ရား​သခင်​က ကျွန်​တော်​တို့​ကို ဘာ​လုပ်​စေ​ချင်​သလဲ။

ဘာ​သာ​အားလုံး​ကို ဘု​ရား​လက်ခံ​ပါ​တယ်​လို့ လူ​တ​ချို့ ပြော​ကြ​တယ်။ ယေရှု​က​တော့ အဲဒီ​လို မပြော​ဘူး။ “​‘သခင်၊ သခင်’ လို့ ကျွန်​တော့်​ကို ခေါ်​တဲ့​သူ​တိုင်း ကောင်း​ကင်​နိုင်​ငံ​ကို ဝင်​ရ​မှာ မဟုတ်​ဘူး။ ကောင်း​ကင်​မှာ​စံ​မြန်း​တဲ့ ကျွန်​တော့်​အဖရဲ့ အလို​တော်​ကို ဆောင်​တဲ့​သူ​ပဲ ဝင်​ရ​လိမ့်​မယ်” လို့ ယေရှု​ပြော​တယ်။ ဒါ​ကြောင့် ဘု​ရား​အလို​တော်​ကို သိ​အောင်​လုပ်​ပြီး အဲဒီ​အတိုင်း လုပ်​ဆောင်​ဖို့​လို​တယ်။ ယေရှု​က ဘု​ရား​သခင်​ကို မနာ​ခံ​သူ​တွေ​ကို ရာ​ဇ​ဝတ်​သား​တွေ၊ ‘တ​ရား​မဲ့​သူ​တွေ’ နဲ့ နှိုင်း​ယှဉ်​ခဲ့​တယ်၊ ဒါ​ကြောင့် ဘု​ရား​အလို​တော်​ဆောင်​သူ​ဖြစ်​ဖို့ သိပ်​အရေး​ကြီး​တယ်။—မဿဲ ၇:၂၁-၂၃

၄။ ဘု​ရား​အလို​တော်​ဆောင်​တာ​နဲ့ ပတ်​သက်​ပြီး ယေရှု ဘာ​ပြော​သလဲ။

ဘု​ရား​အလို​တော်​ကို လုပ်​ဆောင်​တဲ့​အခါ အခက်​အခဲ​တွေ ကြုံ​တွေ့​ရ​မယ်​လို့ ယေရှု သတိ​ပေး​တယ်– “ကျဉ်း​တဲ့​တံခါး​က​နေ ဝင်​ကြ​ပါ။ ပျက်​စီး​ခြင်း​ကို ပို့​ဆောင်​တဲ့ တံခါး​ဟာ ကျယ်​ဝန်း​ပြီး လမ်း​က​လည်း ပြန့်​ပြူး​တဲ့​အတွက် ဝင်​တဲ့​သူ​တွေ များ​တယ်။ အသက်​ရှင်​ခြင်း​ကို ပို့​ဆောင်​တဲ့ တံခါး​က​တော့ ကျဉ်း​မြောင်း​ပြီး လမ်း​က​လည်း ကြမ်း​တဲ့​အတွက် ရှာ​တွေ့​သူ​တွေ နည်း​တယ်။” (မဿဲ ၇:၁၃၊ ၁၄) လမ်း​ကျဉ်း၊ တစ်​နည်း​အား​ဖြင့် ဘု​ရား​သခင်​ကို နည်း​မှန်​လမ်း​ကျ ဝတ်​ပြု​ခြင်း​ဟာ ထာ​ဝ​ရ​အသက်​ကို ပို့​ဆောင်​တယ်။ လမ်း​ကျယ်၊ တစ်​နည်း​အား​ဖြင့် ဘု​ရား​သခင်​ကို နည်း​မှန်​လမ်း​ကျ ဝတ်​မပြု​တာ​ဟာ သေခြင်း​ကို ပို့​ဆောင်​တယ်။ ယေဟောဝါ​က​တော့ ဘယ်​သူ့​ကို​မှ မသေစေ​ချင်​ဘူး။ သူ့​အကြောင်း သင်​ယူ​နိုင်​တဲ့​အခွင့်​အရေး လူ​တိုင်း​ကို ပေး​ထား​တယ်။—၂ ပေတရု ၃:၉

ဘု​ရား​သခင်​ကို နည်း​မှန်​လမ်း​ကျ ဝတ်​ပြု​နိုင်​ပုံ

၅။ ဘု​ရား​သခင်​ကို နည်း​မှန်​လမ်း​ကျ ဝတ်​ပြု​သူ​တွေ​ကို ဘယ်​လို ခွဲ​ခြား​သိ​နိုင်​သလဲ။

ဘု​ရား​သခင်​ကို နည်း​မှန်​လမ်း​ကျ ဝတ်​ပြု​သူ​တွေ​ကို ခွဲ​ခြား​သိ​နိုင်​တယ်​လို့ ယေရှု​ပြော​တယ်။ သူတို့​ရဲ့​ယုံ​ကြည်​ချက်၊ သူတို့​ရဲ့​လုပ်​ရပ်​ကို ဆန်း​စစ်​ခြင်း​အား​ဖြင့် ခွဲ​ခြား​သိ​နိုင်​တယ်။ “သူတို့​ရဲ့ အသီး​ကို ကြည့်​ပြီး သူတို့​ကို ခွဲ​ခြား​သိ​လိမ့်​မယ်” လို့​ယေရှု​ပြော​တယ်။ “ကောင်း​တဲ့​အပင်​ဟာ ကောင်း​တဲ့​အသီး သီး​တတ်​တယ်” လို့​လည်း ဆက်​ပြော​တယ်။ (မဿဲ ၇:၁၆၊ ၁၇) ဘု​ရား​ကို ဝတ်​ပြု​သူ​တွေ​ဟာ ပြည့်​ဝ​စုံလင်​သူ​တွေ ဖြစ်​ရ​မယ်​လို့ မဆိုလို​ပါ​ဘူး။ ဒါ​ပေမဲ့ ဘု​ရား​သခင်​ရဲ့ ကျေး​ကျွန်​တွေ​ဟာ မှန်​ရာ​လုပ်​ဖို့ အမြဲကြိုး​စား​ကြ​တယ်။ ဘု​ရား​သခင်​ကို နည်း​မှန်​လမ်း​ကျ ဝတ်​ပြု​သူ​တွေ​ကို ခွဲ​ခြား​သိ​နိုင်​ဖို့ ဘာ​က ကူညီ​ပေး​မလဲ​ဆို​တာ ကြည့်​ရ​အောင်။

၆၊ ၇။ စစ်​မှန်​တဲ့​ဝတ်​ပြု​ရေး​ဟာ ဘာ​ကို အခြေ​ခံ​သလဲ။ ယေရှု​ရဲ့​ပုံသက်သေ​က ကျွန်​တော်​တို့​ကို ဘာ​သင်​ပေး​သလဲ။

ကျွန်​တော်​တို့​ရဲ့ ဝတ်​ပြု​ရေး​ဟာ ကျမ်း​စာ​ကို အခြေ​ခံ​ရ​မယ်။ “ကျမ်း​စောင်​အားလုံး​ဟာ ဘု​ရား​သခင့် စွမ်းအား​တော်​ရဲ့ လမ်း​ညွှန်​မှု​နဲ့ ရေး​ထား​တဲ့​အတွက် လူ​တွေ​ကို သွန်သင်​တဲ့​အခါ၊ အမှား​တွေ ဖော်​ထုတ်​တဲ့​အခါ၊ ပဲ့​ပြင်​တဲ့​အခါ၊ ဖြောင့်​မတ်​လာ​အောင် ဆုံးမ​တဲ့​အခါ အကျိုး​ဖြစ်​ထွန်း​စေ​တယ်။ အဲဒီ​အခါ ဘု​ရား​သခင်​ရဲ့​လူ​က မွန်​မြတ်​တဲ့​အလုပ် အမျိုး​မျိုး​ကို လုပ်​ဆောင်​ဖို့ အရည်​အချင်း​ပြည့်​ဝ​လာ​ပြီး လုံးလုံး​လျား​လျား အသင့်​ဖြစ်​နေ​လိမ့်​မယ်” လို့ ကျမ်း​စာ​ပြော​တယ်။ (၂ တိမောသေ ၃:၁၆၊ ၁၇) တမန်​တော်​ပေါလု​က​လည်း ခ​ရစ်​ယာန်တွေ​ကို “ခင်​ဗျား​တို့​က ဘု​ရား​သခင်​ရဲ့ တ​ရား​စကား​ကို ကျွန်​တော်​တို့​ဆီ​က​နေ ကြား​သိ​ရ​တဲ့​အခါ လူ​တွေရဲ့​စကား​လို့ သဘော​မထား​ဘဲ ဘု​ရား​သခင်​ရဲ့ တ​ရား​စကား​လို့ သဘော​ထား​ပြီး လက်ခံ​ခဲ့​တယ်။ တ​ကယ်​လည်း ဘု​ရား​သခင်​ရဲ့ တ​ရား​စကား​ပါ​ပဲ” လို့​ပြော​ခဲ့​တယ်။ (၁ သက်သာ​လောနိတ် ၂:၁၃) စစ်​မှန်​တဲ့​ဝတ်​ပြု​ရေး​ဟာ ဘု​ရား​သခင့်​နှုတ်​ထွက်​စကား သမ္မာ​ကျမ်း​စာ​ကို​ပဲ အခြေ​ခံ​တယ်။ လူ့​အယူ​အဆ၊ ထုံးတမ်း​စဉ်​လာ​နဲ့ တ​ခြား​အရာတွေ​ပေါ် အခြေ​မခံ​ဘူး။

ယေရှု​ရဲ့ သွန်သင်​ချက်​မှန်​သမျှ​ဟာ ဘု​ရား​သခင့်​နှုတ်​ထွက်​စကား​ကို အခြေ​ခံ​တယ်။ (ယောဟန် ၁၇:၁၇ ကို​ဖတ်​ပါ။) ကျမ်း​ချက်​တွေ​ကို မကြာ​ခ​ဏ သူ​ကိုး​ကား​ခဲ့​တယ်။ (မဿဲ ၄:၄၊ ၇၊ ၁၀) ဘု​ရား​သခင်​ကို နည်း​မှန်​လမ်း​ကျ ဝတ်​ပြု​သူ​တွေ​ဟာ ယေရှု​ရဲ့​ပုံသက်သေ​ကို လိုက်​လျှောက်​ကြ​တယ်။ သူတို့​သွန်သင်​သမျှ ကျမ်း​စာ​ကို အခြေ​ခံ​တယ်။

၈။ ယေဟောဝါ​ကို ဝတ်​ပြု​တာ​နဲ့​ပတ်​သက်​ပြီး ယေရှု ဘာ​သင်​ပေး​သလဲ။

ယေဟောဝါ​ကို​ပဲ ကျွန်​တော်​တို့ ဝတ်​ပြု​ရ​မယ်။ “ယေဟောဝါ​လို့ နာ​မည်​ရှိ​တဲ့ ကိုယ်​တော် တစ်ပါး​တည်း​သာ မြေတစ်​ပြင်​လုံး​မှာ အမြင့်​မြတ်​ဆုံး​အရှင် ဖြစ်​မှန်း လူ​တွေ​သိ​ကြ​ပါ​စေ” လို့ ဆာလံ ၈၃:၁၈ မှာ​ပြော​တယ်။ ယေရှု​က စစ်​မှန်​တဲ့​ဘု​ရား​သခင် ဘယ်​သူ​လဲ​ဆို​တာ လူ​တွေ​ကို သိ​စေ​ချင်​လို့ ဘု​ရား​သခင့်​နာ​မည်​ကို ပြော​ပြခဲ့​တယ်။ (ယောဟန် ၁၇:၆ ကို​ဖတ်​ပါ။) “ယေဟောဝါ​ဘု​ရား​ကို ကိုးကွယ်​ရ​မယ်။ ကိုယ်​တော်​တစ်ပါး​တည်း​ကို​ပဲ ဝတ်​ပြု​ရ​မယ်” လို့ ယေရှု​ပြော​တယ်။ (မဿဲ ၄:၁၀) ဘု​ရားရဲ့​ကျေး​ကျွန်​တွေ​အနေ​နဲ့ ကျွန်​တော်​တို့​လည်း ယေရှု​ရဲ့ ပုံသက်သေ​ကို လိုက်​ကြ​တယ်။ ယေဟောဝါ​တစ်ပါး​တည်း​ကို​ပဲ ဝတ်​ပြု​ကြ​တယ်။ ဘု​ရား​နာ​မည်​ကို သုံး​ကြ​တယ်။ တ​ခြား​သူ​တွေ​ကို ဘု​ရား​နာ​မည် ပြော​ပြတယ်။ ကျွန်​တော်​တို့​အတွက် ဘု​ရား​သခင် ဘာ​လုပ်​ပေး​မယ်​ဆို​တဲ့​အကြောင်း ပြော​ပြကြ​တယ်။

၉၊ ၁၀။ အချင်း​ချင်း​ချစ်​ကြောင်း ကျွန်​တော်​တို့ ဘယ်​လို​ပြကြ​သလဲ။

လူ​တွေ​ကို စိတ်​ရင်း​မှန်​နဲ့ ချစ်​ဖို့​လို​တယ်။ ယေရှု​က တ​ပည့်တွေ​ကို အချင်း​ချင်း​ချစ်​ကြ​ဖို့ သင်​ပေး​တယ်။ (ယောဟန် ၁၃:၃၅ ကို​ဖတ်​ပါ။) နိုင်​ငံ​နဲ့ ယဉ်​ကျေး​မှု မတူ​တာ၊ ဆင်း​ရဲ​တာ၊ ချမ်း​သာ​တာ အရေး​မကြီး​ဘူး။ အချင်း​ချင်း​ချစ်​တဲ့ မေတ္တာ​က ညီ​အစ်​ကို​ညီ​အစ်​မတွေ​ကို စည်း​လုံး​စေ​တယ်။ (ကောလောသဲ ၃:၁၄) ဒါ​ကြောင့် ကျွန်​တော်​တို့ စစ်​မတိုက်​ကြ​ဘူး၊ လူ​မသတ်​ကြ​ဘူး။ “ဖြောင့်​မှန်​ရာ​ကို မလုပ်​တဲ့​သူ​ဟာ ဘု​ရား​သခင်​ရဲ့ ဘက်​တော်​သား မဟုတ်​ဘူး။ ညီ​အစ်​ကို​ကို မုန်း​တဲ့​သူ​လည်း ဘုရား​သခင်​ရဲ့ ဘက်​တော်​သား မဟုတ်​ဘူး။ ဒီ​နည်း​နဲ့ ဘု​ရား​သခင်​ရဲ့ သား​သမီး​နဲ့ မာရ်​နတ်​ရဲ့​သား​သမီး​ကို ခွဲ​ခြား​နိုင်​တယ်” လို့ ကျမ်း​စာ​ပြော​တယ်။ “အချင်း​ချင်း ချစ်​ကြ​ပါ . . . ဆိုး​ညစ်​သူ​ရဲ့ ဘက်​တော်​သား​ဖြစ်​ပြီး ကိုယ့်​ညီ​ကို​သတ်​ခဲ့​တဲ့ ကာ​အိ​န​လို မဖြစ်​ကြ​ပါ​နဲ့” လို့​လည်း ပြော​တယ်။—၁ ယောဟန် ၃:၁၀-၁၂။ ၄:၂၀၊ ၂၁

၁၀ အချင်း​ချင်း​ကို ကူညီ​ဖို့၊ အား​ပေး​ဖို့ ကျွန်​တော်​တို့​ရဲ့ အချိန်၊ ခွန်​အား​နဲ့ ဥစ္စာ​ပစ္စည်းတွေ​ကို အသုံး​ပြု​ကြ​တယ်။ (ဟီ​ဘ​ရူး ၁၀:၂၄၊ ၂၅) “လူ​တိုင်း​ကို ကောင်း​မှု​ပြု​ကြ” တယ်။—ဂလာ​တိ ၆:၁၀

၁၁။ ယေရှု​အား​ဖြင့်​သာ ကယ်​တင်​ခြင်း​ရ​နိုင်​တယ်​လို့ ဘာ​လို့ ယုံ​ကြည်​ကြ​သလဲ။

၁၁ ယေရှု​အား​ဖြင့်​သာ ကယ်​တင်​ခြင်း​ရ​နိုင်​တယ်​လို့ ယုံ​ကြည်​ကြ​တယ်။ “သူ​က​လွဲ​လို့ ဘယ်​သူ​မှ ကျွန်​တော်​တို့​ကို မကယ်​တင်​နိုင်​ဘူး။ ဘာ​လို့​လဲ​ဆို​တော့ ကျွန်​တော်​တို့​ကို ကယ်​တင်​ဖို့ ကမ္ဘာ​ပေါ်​မှာ ဘု​ရား​သခင် ရွေး​ချယ်​ထား​တာ သူ့​နာ​မည်​ပဲ​ရှိ​တယ်။ တ​ခြား​နာ​မည် မရှိ​ဘူး” လို့ ကျမ်း​စာ​ပြော​တယ်။ (တမန်​တော် ၄:၁၂) နာ​ခံ​မှု​ရှိ​တဲ့​လူ​သား​တွေ​အတွက် ရွေး​ဖိုး​အဖြစ် အသက်​ပေး​ဖို့ ယေရှု​ကို ယေဟောဝါ စေ​လွှတ်​ခဲ့​တဲ့​အကြောင်း ဒီ​စာ​အုပ်​ရဲ့ အခန်း ၅ မှာ သိ​ခဲ့ရ​တယ်။ (မဿဲ ၂၀:၂၈) ကမ္ဘာ​မြေကို အုပ်​စိုး​ဖို့ ဘု​ရင်​အဖြစ် ယေရှု​ကို ယေဟောဝါ ရွေး​ချယ်​ခဲ့​တယ်။ ဒါ​ကြောင့် ထာ​ဝ​စဉ်​အသက်​ရှင်​ချင်​ရင် ယေရှု​ကို နာ​ခံ​ရ​မယ်​လို့ ကျမ်း​စာ​က သင်​ပေး​တယ်။—ယောဟန် ၃:၃၆ ကို​ဖတ်​ပါ။

၁၂။ နိုင်​ငံ​ရေး​မှာ ကျွန်​တော်​တို့ ဘာ​လို့ မပါ​ဝင်​ကြ​တာ​လဲ။

၁၂ နိုင်​ငံ​ရေး​မှာ မပါ​ဝင်​ရ​ဘူး။ ယေရှု​လည်း နိုင်​ငံ​ရေး​မှာ မပါ​ဝင်​ခဲ့​ဘူး။ ယေရှု​က စစ်​ဆေး​ခံ​ရ​ချိန်​မှာ ရော​မအုပ်​စိုး​ရှင် ပိလတ်​ကို “ကျွန်​တော့်​နိုင်​ငံ​ဟာ ဒီ​လော​က​နဲ့ မပတ်​သက်​ဘူး” လို့​ပြော​တယ်။ (ယောဟန် ၁၈:၃၆ ကို​ဖတ်​ပါ။) ကျွန်​တော်​တို့​လည်း ယေရှု​လို​ပဲ ဘု​ရား​သခင်​ရဲ့ ကောင်း​ကင်​နိုင်​ငံ​ကို သစ္စာ​စောင့်​သိ​ကြ​တယ်။ ဒါ​ကြောင့် ဘယ်​မှာ​ပဲ နေ​ထိုင်​ပါ​စေ နိုင်​ငံ​ရေး​မှာ မပါ​ဝင်​ကြ​ဘူး။ ဒါ​ပေမဲ့ “အထက်​အာ​ဏာ​ပိုင်၊” တစ်​နည်း​အား​ဖြင့် အစိုး​ရ​ကို နာ​ခံ​ပါ​လို့ ကျမ်း​စာ​မိန့်မှာ​ထား​တယ်။ (ရော​မ ၁၃:၁) ကျွန်​တော်​တို့​ဟာ ကိုယ်​နေ​ထိုင်​တဲ့​နိုင်​ငံ​ရဲ့ ဥ​ပဒေ​ကို လိုက်​နာ​ကြ​တယ်။ ဥ​ပဒေ​တစ်​ခု​က ဘု​ရား​ပညတ်​နဲ့ ဆန့်​ကျင်​လာရင်​တော့ “လူ့​စကား​ထက် အုပ်​စိုး​ရှင် ဘု​ရား​သခင်​ရဲ့ စကား​ကို နား​ထောင်​မှာ​ပဲ” လို့ ပြော​ခဲ့​တဲ့ တမန်​တော်​တွေ​ကို ကျွန်​တော်​တို့ အတု​ယူ​ကြ​တယ်။—တမန်​တော် ၅:၂၉။ မာကု ၁၂:၁၇

၁၃။ ဘု​ရား​နိုင်​ငံ​တော်​နဲ့​ပတ်​သက်​ပြီး ဘာ​အကြောင်း ကျွန်​တော်​တို့ ဟော​ကြ​သလဲ။

၁၃ ဘု​ရား​သခင့်​နိုင်​ငံ​တော်​က​သာ ကမ္ဘာ့​ပြဿ​နာ​တွေ​ကို ဖြေရှင်း​ပေး​နိုင်​တယ်​လို့ ကျွန်​တော်​တို့ ယုံ​ကြည်​ကြ​တယ်။ “နိုင်​ငံ​တော်​သတင်း​ကောင်း​ကို လူ​နေ​ထိုင်​ရာ မြေတစ်​ခွင်​လုံး​မှာ ဟော​ပြော​ရ​လိမ့်​မယ်” လို့ ယေရှု ပြော​ခဲ့​တယ်။ (မဿဲ ၂၄:၁၄ ကို​ဖတ်​ပါ။) ကျွန်​တော်​တို့​အတွက် ဘု​ရား​နိုင်​ငံ​တော် လုပ်​ဆောင်​ပေး​သလို ဘယ်​လူ့​အစိုး​ရ​က​မှ မလုပ်​ဆောင်​ပေး​နိုင်​ဘူး။ (ဆာလံ ၁၄၆:၃) “နိုင်​ငံ​တော် လာ​ပါ​စေ။ အလို​တော်​ဟာ ကောင်း​ကင်​မှာ ပြည့်​စုံ​သလို ကမ္ဘာ​မြေမှာ​လည်း ပြည့်​စုံ​ပါ​စေ” ဆို​ပြီး ဘု​ရား​နိုင်​ငံ​အတွက် ဆုတောင်း​ဖို့ ယေရှု သင်​ပေး​ခဲ့​တယ်။ (မဿဲ ၆:၁၀) ဘု​ရား​သခင့်​နိုင်​ငံ​ဟာ လူ့​အစိုး​ရ​အားလုံး​ကို ဖျက်​ဆီး​ပြီး “အဲဒီ​နိုင်​ငံ​တစ်​ခု​ပဲ ထာ​ဝ​စဉ် တည်​တံ့​နေ​မယ်” လို့ ကျမ်း​စာ​ပြော​တယ်။—ဒံယေလ ၂:၄၄

၁၄။ ဘယ်​သူ​တွေ​က ဘု​ရား​သခင်​ကို နည်း​မှန်​လမ်း​ကျ ဝတ်​ပြု​နေ​တယ်​လို့ သင် ယူဆ​သလဲ။

၁၄ ဒီ​အချက်​တွေ​ကို လေ့​လာ​ပြီး​တဲ့​နောက် ကိုယ့်​ကိုယ်​ကိုယ် မေး​ပါ– ‘ကျမ်း​စာ​ကို အခြေ​ခံ​ပြီး သင်​ပေး​နေ​တာ ဘယ်​သူ​တွေ​လဲ။ ဘု​ရား​နာ​မည်​ကို ပြော​ပြတာ ဘယ်​သူ​တွေ​လဲ။ အချင်း​ချင်း စိတ်​ရင်း​မှန်​နဲ့ ချစ်​ကြ​တာ ဘယ်​သူ​တွေ​လဲ။ ကျွန်​တော်​တို့​ကို ကယ်​တင်​ဖို့ ယေရှု​ကို ဘု​ရား​သခင်​စေ​လွှတ်​ခဲ့​မှန်း ယုံ​ကြည်​တာ ဘယ်​သူ​တွေ​လဲ။ နိုင်​ငံ​ရေး​မှာ မပါ​ဝင်​ကြ​တာ ဘယ်​သူ​တွေ​လဲ။ ဘု​ရား​သခင့်​နိုင်​ငံ​တော်​က​သာ လူ့​ပြဿ​နာ​တွေ​ကို ဖြေရှင်း​ပေး​နိုင်​တယ်​လို့ ဟော​နေ​တာ ဘယ်​သူ​တွေ​လဲ။’ ယေဟောဝါ​သက်​သေတွေ​ပါ​ပဲ။—ဟေ​ရှာ​ယ ၄၃:၁၀-၁၂

သင် ဘာ​လုပ်​မလဲ

၁၅။ ဘု​ရား​သခင်​နှစ်​သက်​တဲ့​နည်း​နဲ့ ဝတ်​ပြု​ချင်​တယ်​ဆို​ရင် ဘာ​လုပ်​ရ​မလဲ။

၁၅ ဘု​ရား​ရှိ​တယ်​ဆို​တာ ယုံ​ကြည်​ရုံ​နဲ့ မလုံ​လောက်​ဘူး။ ဘု​ရား​ရှိ​တယ်​ဆို​တာ နတ်​ဆိုး​တွေ​လည်း ယုံ​တာ​ပဲ။ ဒါ​ပေမဲ့ ဘု​ရား​ကို သူတို့ မနာ​ခံ​ကြ​ဘူး။ (ယာကုပ် ၂:၁၉) ဘု​ရား​သခင်​နှစ်​သက်​တဲ့​နည်း​နဲ့ ဝတ်​ပြု​ချင်​တယ်​ဆို​ရင် ဘု​ရား​ရှိ​တယ်​ဆို​တာ ယုံ​ကြည်​ရုံ​နဲ့ မလုံ​လောက်​ဘူး။ ဘု​ရား​ပြော​တဲ့​အတိုင်း လုပ်​ဆောင်​ဖို့ လို​တယ်။

၁၆။ မှား​ယွင်း​တဲ့​ဘာ​သာ​နဲ့ ဘာ​ကြောင့် မပတ်​သက်​သင့်​သလဲ။

၁၆ ဘု​ရား​သခင်​နှစ်​သက်​တဲ့​နည်း​နဲ့ ဝတ်​ပြု​ချင်​တယ်​ဆို​ရင် မှား​ယွင်း​တဲ့​ဘာ​သာ​နဲ့ မပတ်​သက်​ရ​ဘူး။ “သူ့​ဆီ​က​နေ ထွက်​သွား​ကြ။ ကိုယ့်​ကိုယ်​ကိုယ် သန့်​ရှင်း​အောင် နေ​ကြ” လို့ ပရော​ဖက်​ဟေ​ရှာ​ယ ရေးခဲ့​တယ်။ (ဟေ​ရှာ​ယ ၅၂:၁၁။ ၂ ကော​ရိန္သု ၆:၁၇) ဒါ​ကြောင့် မှား​ယွင်း​တဲ့​ဝတ်​ပြု​ရေး​နဲ့ ဆက်​နွှယ်​တာ​မှန်​သမျှ​ကို မပတ်​သက်​ရ​ဘူး။

၁၇၊ ၁၈။ “မဟာ​ဗာ​ဗု​လုန်” ဆို​တာ ဘာ​လဲ။ မှား​ယွင်း​တဲ့​ဘာ​သာ​နဲ့ မပတ်​သက်​ဖို့ ဘာ​ကြောင့် အရေး​ကြီး​သလဲ။

၁၇ မှား​ယွင်း​တဲ့​ဘာ​သာ​ဆို​တာ ဘာ​လဲ။ ကျမ်း​စာ​နဲ့​မညီ​တဲ့​နည်း​နဲ့ ဘု​ရား​သခင်​ကို ဝတ်​ပြု​ဖို့ သွန်သင်​ပေး​တဲ့ ဘာ​သာ​မှန်​သမျှ​ကို ဆိုလို​တယ်။ မှား​ယွင်း​တဲ့​ဘာ​သာ​မှန်​သမျှ​ကို “မဟာ​ဗာ​ဗု​လုန်” လို့ ကျမ်း​စာ​ခေါ်​တယ်။ (ဗျာဒိတ် ၁၇:၅) ဘာ​ကြောင့်​လဲ။ နော​ဧ​ခေတ် ရေ​လွှမ်း​မိုး​ဘေး​ပြီး​တဲ့​နောက် မှား​ယွင်း​တဲ့ ဘာ​သာ​ရေး သွန်သင်​ချက်​တွေ​ဟာ ဗာ​ဗု​လုန်​မြို့​က​နေ အစ​ပြု​ခဲ့လို့​ပဲ။ အဲဒီ​မှား​ယွင်း​တဲ့ သွန်သင်​ချက်​တွေ​ဟာ ကမ္ဘာ​အရပ်ရပ် ပျံ့​နှံ့​သွား​တယ်။ ဥပမာ၊ ဗာ​ဗု​လုန်​မြို့​မှာ နေ​ထိုင်​သူ​တွေ​ဟာ သုံး​ပါး​ပေါင်း​တစ်​ဆူ​ဘု​ရား​ကို ဝတ်​ပြု​ကြ​တယ်။ အခု​ချိန်​မှာ​လည်း ဘု​ရား​သခင်​ဟာ သုံး​ပါး​ပေါင်း​တစ်​ဆူ​ဖြစ်​တယ်​လို့ ဘာ​သာ​အများ​စု သွန်သင်​တယ်။ ကျမ်း​စာ​က​တော့ စစ်​မှန်​တဲ့​ဘု​ရား​သခင် ယေဟောဝါ​တစ်​ဆူ​တည်း ရှိ​တယ်၊ ယေရှု​ဟာ ဘု​ရားရဲ့​သား​ဖြစ်​တယ်​လို့ ရှင်း​ရှင်း​လင်း​လင်း သွန်သင်​တယ်။ (ယောဟန် ၁၇:၃) ဗာ​ဗု​လုန်​မြို့​မှာ​နေ​တဲ့​သူ​တွေ​ဟာ လူ​သေပြီး​တဲ့​နောက် ဝိညာဉ် ဆက်​အသက်​ရှင်​နေ​တယ်၊ င​ရဲ​မှာ ညှဉ်း​ဆဲ​ခံ​ရ​နိုင်​တယ်​လို့ ယုံ​ကြည်​ကြ​တယ်။ အဲဒီ​သွန်သင်​ချက်​ဟာ မမှန်​ဘူး။—ရှင်း​လင်း​ချက် ၁၄၊ ၁၇၊ ၁၈ ကို​ကြည့်​ပါ။

၁၈ မကြာ​ခင် မှား​ယွင်း​တဲ့​ဘာ​သာ​အားလုံး ဖျက်​ဆီး​ခံ​ရ​မယ်​လို့ ဘု​ရား​သခင် ကြို​ပြော​တယ်။ (ဗျာဒိတ် ၁၈:၈) မှား​ယွင်း​တဲ့​ဘာ​သာ​ကို စွန့်​ပယ်​ဖို့ ဘာ​ကြောင့် ဒီ​လောက်​အရေး​ကြီး​မှန်း သင် သဘော​ပေါက်​သလား။ ယေဟောဝါ​က အချိန်​မနှောင်း​ခင် သင့်​ကို အဲဒီ​လို​လုပ်​စေ​ချင်​တယ်။—ဗျာဒိတ် ၁၈:၄

ယေဟောဝါရဲ့လူတွေနဲ့အတူ ကိုယ်တော့်ကို ဝတ်ပြုမယ်ဆိုရင် ကမ္ဘာချီမိသားစုမှာ သင်လည်း တစ်ဦးအပါအဝင် ဖြစ်ပါလိမ့်မယ်

၁၉။ ယေဟောဝါ​ကို ဝတ်​ပြု​ဖို့ ဆုံး​ဖြတ်​မယ်​ဆို​ရင် သင့်​ကို ကိုယ်​တော် ဘယ်​လို​ကူညီ​မလဲ။

၁၉ မှား​ယွင်း​တဲ့​ဘာ​သာ​ကို စွန့်​ပြီး ယေဟောဝါ​ကို ဝတ်​ပြု​ဖို့ ဆုံး​ဖြတ်​တဲ့​အခါ မိတ်ဆွေ​နဲ့ မိသား​စု​ဝင်​တ​ချို့​က သင့်​ဆုံး​ဖြတ်​ချက်​ကို နား​လည်​နိုင်​မှာ​မဟုတ်​ဘူး။ သင် အခက်​တွေ့​အောင် တား​ဆီး​ကြ​လိမ့်​မယ်။ ဒါ​ပေမဲ့ သင့်​ကို ယေဟောဝါ ပစ်​ပယ်​မထား​ပါ​ဘူး။ အချင်း​ချင်း တ​ကယ်​ချစ်​ကြ​တဲ့ ကမ္ဘာ​ချီ​မိသား​စု​ဝင် သန်း​ပေါင်း​များ​စွာ​ထဲ​မှာ သင်​ဟာ တစ်ဦး​အပါ​အဝင် ဖြစ်​လာ​ပါ​လိမ့်​မယ်။ ကမ္ဘာ​သစ်​မှာ ထာ​ဝ​စဉ်​အသက်​ရှင်​ရ​မယ့် မျှော်​လင့်​ချက်​ကို​လည်း ပိုင်​ဆိုင်​ရ​လိမ့်​မယ်။ (မာကု ၁၀:၂၈-၃၀) ယေဟောဝါ​ကို ဝတ်​ပြု​ဖို့ သင် ဆုံး​ဖြတ်​တာ​ကို မလို​လား​တဲ့ မိတ်ဆွေ​နဲ့ မိသား​စု​ဝင်​တ​ချို့​ဟာ နောက်​ပိုင်း​မှာ ကျမ်း​စာ​လေ့​လာ​သူ​တွေ ဖြစ်​လာ​နိုင်​တယ်။

၂၀။ ဘု​ရား​သခင်​ကို နည်း​မှန်​လမ်း​ကျ ဝတ်​ပြု​ဖို့ ဘာ​ကြောင့် အရေး​ကြီး​တာ​လဲ။

၂၀ မကြာ​ခင် ဆိုး​သွမ်း​မှု​မှန်​သမျှ​ကို ဘု​ရား​သခင် ဖျက်​ဆီး​တော့​မယ်။ ဘု​ရား​သခင့်​နိုင်​ငံ​တော်​က ကမ္ဘာ​မြေကို အုပ်​ချုပ်​တော့​မယ်။ (၂ ပေတရု ၃:၉၊ ၁၃) တ​ကယ်​ပျော်​စ​ရာ​ကောင်း​တဲ့​အချိန် ဖြစ်​မှာ​ပဲ။ လူ​တိုင်း​ဟာ ယေဟောဝါ​နှစ်​သက်​တဲ့​နည်း​နဲ့ ယေဟောဝါ​ကို ဝတ်​ပြု​ကြ​ပါ​လိမ့်​မယ်။ ဒါ​ကြောင့် အခု​ချိန်​မှာ လုပ်​စရာ​ရှိ​တာ လုပ်​ဆောင်​ဖို့၊ ဘု​ရား​သခင်​ကို နည်း​မှန်​လမ်း​ကျ ဝတ်​ပြု​ဖို့ သိပ်​အရေး​ကြီး​တယ်။