အခန်းဆယ့်ခြောက်
ဘုရားသခင်ကို ဝတ်ပြုဖို့ ရွေးချယ်ပါ
၁၊ ၂။ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုမေးရမလဲ။ အဲဒီလိုမေးဖို့ ဘာကြောင့် အရေးကြီးတာလဲ။
ကျမ်းစာကို လေ့လာတာနဲ့အမျှ လူအတော်များများဟာ ဘုရားသခင်ကို ဝတ်ပြုနေတယ်လို့ပြောပြီး လက်တွေ့မှာတော့ ဘုရား မကြိုက်တာတွေကို သွန်သင်၊ လုပ်ဆောင်နေကြမှန်း သင် သိလာခဲ့ပြီ။ (၂ ကောရိန္သု ၆:၁၇) ဒါကြောင့် မှားယွင်းတဲ့ဘာသာဖြစ်တဲ့ “မဟာဗာဗုလုန်” ကနေ ထွက်ဖို့ ယေဟောဝါမိန့်မှာခဲ့တာ။ (ဗျာဒိတ် ၁၈:၂၊ ၄) ဒီတော့ သင် ဘယ်လိုလုပ်မလဲ။ ကျွန်တော်တို့ယောက်တိုင်းမှာ ရွေးချယ်စရာ ရှိနေတယ်။ ‘ဘုရားသခင် ဝတ်ပြုစေချင်တဲ့နည်းအတိုင်း ငါဝတ်ပြုချင်သလား၊ အရင်လိုပဲ ဆက်ဝတ်ပြုချင်သလား’ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် မေးရမယ်။
၂ မှားယွင်းတဲ့ဘာသာကနေ သင် နုတ်ထွက်လိုက်ပြီဆိုရင် ကောင်းပါတယ်။ ဒါပေမဲ့ မှားယွင်းတဲ့ဘာသာရဲ့ ဓလေ့ထုံးစံတချို့ကို စွဲလမ်းတွယ်တာနေဆဲ ဖြစ်နိုင်တယ်။ အဲဒီဓလေ့ထုံးစံတချို့အကြောင်း၊ အဲဒါတွေကို ယေဟောဝါရှုမြင်သလို ရှုမြင်ဖို့ ဘာကြောင့် အရေးကြီးတယ်ဆိုတဲ့အကြောင်း ဆွေးနွေးကြည့်ရအောင်။
ရုပ်တုကိုးကွယ်မှု၊ ဘိုးဘေးကိုးကွယ်မှု
၃။ (က) ရုပ်တုမသုံးဘဲ ကိုးကွယ်တာကို တချို့ ဘာကြောင့် အခက်တွေ့နိုင်သလဲ။ (ခ) ရုပ်တုသုံးပြီး ကိုးကွယ်တာနဲ့ပတ်သက်လို့ ကျမ်းစာ ဘာပြောသလဲ။
၃ တချို့လူတွေဟာ အိမ်မှာ ရုပ်တုတွေ၊ ဘုရားစင်တွေထားပြီး ကိုးကွယ်ကြတာ နှစ်ပေါင်းများစွာရှိနေပြီ။ သင်လည်း အဲဒီလိုကိုးကွယ်ခဲ့မယ်ဆိုရင် အဲဒါတွေမပါဘဲ ဘုရားကိုဝတ်ပြုရတာ တစ်မျိုးကြီးပဲ၊ မှားတယ်လို့တောင် ခံစားမိနိုင်တယ်။ ဒါပေမဲ့ ယေဟောဝါက မိမိကို ဘယ်လိုဝတ်ပြုကိုးကွယ်ရမယ်ဆိုတာ ပြောပြထားမှန်း မမေ့ပါနဲ့။ ရုပ်တုသုံးပြီး ကိုးကွယ်တာကို ယေဟောဝါ မကြိုက်ဘူးလို့ ကျမ်းစာမှာ ရှင်းရှင်းလင်းလင်း ပြောထားတယ်။—ထွက်မြောက်ရာ ၂၀:၄၊ ၅ ကိုဖတ်ပါ။ ဆာလံ ၁၁၅:၄-၈။ ဟေရှာယ ၄၂:၈။ ၁ ယောဟန် ၅:၂၁။
၄။ (က) ဘိုးဘေးတွေကို ဘာကြောင့် မကိုးကွယ်သင့်သလဲ။ (ခ) လူသေတွေနဲ့ အဆက်အသွယ်မလုပ်ဖို့ အစ္စရေးတွေကို ယေဟောဝါ ဘာကြောင့် မိန့်မှာသလဲ။
၄ အချိန်၊ ခွန်အား၊ ငွေအင်အား အကုန်ခံပြီး ကွယ်လွန်သူဘိုးဘေးတွေ စိတ်ကျေနပ်အောင် လုပ်သူတွေလည်း ရှိတယ်။ ဘိုးဘေးတွေကိုတောင် ကိုးကွယ်ကြတယ်။ ဒါပေမဲ့ သေလွန်သူတွေဟာ ကျွန်တော်တို့ကို အကူအညီမပေးနိုင်သလို အန္တရာယ်လည်း မပြုနိုင်ဘူးဆိုတာ သိခဲ့ရပြီ။ သူတို့ တစ်နေရာရာမှာ အသက်ရှင်နေတာ မဟုတ်ဘူး။ သူတို့နဲ့ ဆက်သွယ်တာ အန္တရာယ်ရှိတယ်၊ ကွယ်လွန်သူဆွေမျိုးတွေဆီက လာတယ်လို့ထင်ရတာတွေဟာ တကယ်တော့ နတ်ဆိုးတွေဆီကလာတာ ဖြစ်လို့ပဲ။ ဒါကြောင့် လူသေတွေနဲ့ အဆက်အသွယ်မလုပ်ဖို့၊ နတ်ဆိုးပညာနဲ့ဆက်နွှယ်တာ မှန်သမျှနဲ့ ကင်းကင်းရှင်းရှင်းနေဖို့ အစ္စရေးတွေကို ယေဟောဝါ မိန့်မှာခဲ့တယ်။—တရားဟောရာ ၁၈:၁၀-၁၂။ ရှင်းလင်းချက် ၂၆၊ ၃၁ ကိုကြည့်ပါ။
၅။ ရုပ်တုသုံးပြီး ကိုးကွယ်တာ၊ ဘိုးဘေးကိုးကွယ်တာတွေ မလုပ်တော့ဖို့ ဘာက ကူညီပေးနိုင်သလဲ။
၅ ရုပ်တုသုံးပြီး ကိုးကွယ်တာ၊ ဘိုးဘေးကိုးကွယ်တာတွေ မလုပ်တော့ဖို့ ဘာက ကူညီပေးနိုင်သလဲ။ အဲဒါတွေကို ယေဟောဝါ ဘယ်လိုရှုမြင်သလဲဆိုတာ သိနိုင်အောင် ကျမ်းစာဖတ်ပြီး တွေးတောဆင်ခြင်ဖို့ လိုတယ်။ အဲဒါတွေကို “ရွံမုန်း” စရာအဖြစ် ဘုရား ရှုမြင်တယ်။ (တရားဟောရာ ၂၇:၁၅) ဘုရားရှုမြင်သလို ရှုမြင်တတ်အောင်၊ ဘုရားအလိုရှိတဲ့အတိုင်း ဝတ်ပြုနိုင်အောင် ကူညီဖို့ ယေဟောဝါဆီ နေ့တိုင်း ဆုတောင်းပါ။ (ဟေရှာယ ၅၅:၉) မှားယွင်းတဲ့ဝတ်ပြုရေးနဲ့ ဆက်နွှယ်တာမှန်သမျှ သင့်အသက်တာကနေ ဖယ်ရှားဖို့ လိုအပ်တဲ့ခွန်အားကို ယေဟောဝါပေးမယ်ဆိုတာ စိတ်ချပါ။
ခရစ္စမတ်ပွဲ ကျင်းပလို့ ရသလား
၆။ ဒီဇင်ဘာ ၂၅ ရက်မှာ ယေရှုရဲ့မွေးနေ့ ကျင်းပဖို့ ဘာကြောင့် သတ်မှတ်ခဲ့ကြသလဲ။
၆ ကမ္ဘာတစ်ဝန်းမှာ ခရစ္စမတ်ပွဲဟာ လူကြိုက်များတဲ့ပွဲတစ်ခု ဖြစ်တယ်။ ယေရှုရဲ့မွေးနေ့ပွဲ ကျင်းပတာလို့ လူအများ ယူဆကြတယ်။ တကယ်တော့ ခရစ္စမတ်ဆိုတာ မှားယွင်းတဲ့ဝတ်ပြုရေးနဲ့ ဆက်နွှယ်နေတယ်။ ရောမတိတ္ထိတွေဟာ ဒီဇင်ဘာ ၂၅ ရက်မှာ နေရဲ့မွေးနေ့ကို ကျင်းပကြတယ်လို့ စွယ်စုံကျမ်းတစ်ခုမှာ ပြောတယ်။ ဒီဇင်ဘာ ၂၅ ရက်မှာ ယေရှုမွေးခဲ့တာ မဟုတ်ပေမဲ့ ချာ့ခ်ျခေါင်းဆောင်တွေက တိတ္ထိတွေကို ခရစ်ယာန်ဖြစ်စေချင်တဲ့အတွက် အဲဒီနေ့မှာ ယေရှုရဲ့မွေးနေ့ ကျင်းပဖို့ သတ်မှတ်လိုက်တယ်။ (လုကာ ၂:၈-၁၂) ခရစ္စမတ်ပွဲကို ယေရှုရဲ့တပည့်တွေ မကျင်းပခဲ့ဘူး။ ယေရှုမွေးပြီးနောက် အနှစ် ၂၀၀ အတွင်း “ယေရှုမွေးတဲ့အချိန် အတိအကျကို ဘယ်သူမှ မသိကြဘူး။ လူအနည်းငယ်သာ အဲဒီအကြောင်း စိတ်ဝင်စားကြတယ်” လို့ နက်နဲရာတွေရဲ့ မြင့်မြတ်တဲ့ဇာစ်မြစ် ဆိုတဲ့စာအုပ်က ဆိုတယ်။ ယေရှု မြေကြီးပေါ် အသက်ရှင်ပြီးနောက် နှစ်ပေါင်းများစွာကြာမှသာ ခရစ္စမတ်ပွဲကို ကျင်းပလာကြတယ်။
၇။ ခရစ်ယာန်စစ်တွေဟာ ဘာကြောင့် ခရစ္စမတ်ပွဲ မကျင်းပတာလဲ။
၇ ခရစ္စမတ်ပွဲလုပ်တာ၊ လက်ဆောင်ပေးတာစတဲ့ ထုံးစံတွေဟာ တိတ္ထိတွေကနေ အရင်းခံမှန်း လူအတော်များများ သိကြတယ်။ ဥပမာ၊ ခရစ္စမတ်ပွဲဟာ တိတ္ထိတွေကနေ အရင်းခံတဲ့အတွက် အင်္ဂလန်နိုင်ငံမှာ၊ အမေရိကရဲ့ နယ်မြေတချို့မှာ ခရစ္စမတ်ပွဲကျင်းပတာကို တစ်ချိန်က တားမြစ်ခဲ့တယ်။ ပွဲကျင်းပသူတွေကိုတောင် ပြစ်ဒဏ်ပေးတယ်။ နောက်ပိုင်းမှာတော့ ခရစ္စမတ်ပွဲကို ပြန်ကျင်းပလာကြတယ်။ ခရစ်ယာန်စစ်တွေဟာ ဘာကြောင့် ခရစ္စမတ်ပွဲ မကျင်းပကြတာလဲ။ လုပ်ဆောင်လေသမျှမှာ ဘုရားရဲ့နှစ်သက်မှုကို ရချင်လို့ပဲ။
မွေးနေ့ပွဲ ကျင်းပလို့ ရသလား
၈၊ ၉။ အစောပိုင်းခရစ်ယာန်တွေဟာ မွေးနေ့ပွဲကို ဘာကြောင့် မကျင်းပကြတာလဲ။
၈ လူကြိုက်များတဲ့ပွဲနေ့ နောက်တစ်ခုကတော့ မွေးနေ့ပွဲဖြစ်တယ်။ ခရစ်ယာန်တွေ မွေးနေ့ပွဲ ကျင်းပသင့်သလား။ ကျမ်းစာမှာ ယေဟောဝါကို မကိုးကွယ်သူတွေ ကျင်းပတဲ့ မွေးနေ့ပွဲအကြောင်းကိုပဲ ဖော်ပြထားတယ်။ (ကမ္ဘာဦး ၄၀:၂၀။ မာကု ၆:၂၁) တိတ္ထိဘုရားတွေကို ဂုဏ်တင်တဲ့အနေနဲ့ မွေးနေ့ပွဲ ကျင်းပလေ့ရှိတယ်။ ဒါကြောင့် အစောပိုင်းခရစ်ယာန်တွေဟာ “မွေးနေ့ပွဲ ကျင်းပတာကို တိတ္ထိထုံးစံအဖြစ် သတ်မှတ်ခဲ့ကြတယ်။”—ကမ္ဘာ့စွယ်စုံကျမ်း။
၉ လူတစ်ယောက် မွေးလာတဲ့အခါ နတ်သားတစ်ပါး ရောက်လာပြီး သူ့ကို တစ်သက်လုံး ကာကွယ်စောင့်ရှောက်ပေးတယ်လို့ ရှေးခေတ် ရောမနဲ့ ဂရိလူမျိုးတွေ ယုံကြတယ်။ “အဲဒီနတ်သားဟာ မွေးနေ့ရှင်နဲ့မွေးနေ့ချင်းတူတဲ့ နတ်ဘုရားနဲ့ လျှို့ဝှက်ဆန်းကြယ်စွာ ပတ်သက်နေတယ်” လို့ မွေးနေ့ဆိုင်ရာ ရှေးရိုးဓလေ့စာအုပ်က ပြောတယ်။
၁၀။ ခရစ်ယာန်တွေဟာ မွေးနေ့ပွဲကို ဘာကြောင့် မကျင်းပသင့်သလဲ။
၁၀ တိတ္ထိအယူဝါဒနဲ့ဆက်နွှယ်တဲ့ ပွဲနေ့တွေကို ယေဟောဝါ နှစ်သက်တယ်လို့ သင်ထင်သလား။ (ဟေရှာယ ၆၅:၁၁၊ ၁၂) ဘုရား မနှစ်သက်ဘူး။ ဒါကြောင့် ကျွန်တော်တို့ဟာ မွေးနေ့ပွဲတွေ၊ တိတ္ထိအယူဝါဒနဲ့ဆက်နွှယ်တဲ့ ပွဲနေ့တွေကို မကျင်းပကြဘူး။
ဇာစ်မြစ်က တကယ် အရေးကြီးလို့လား
၁၁။ တချို့က ပွဲနေ့တွေကို ဘာကြောင့် ကျင်းပကြတာလဲ။ သင့်အတွက် ဘာက အရေးကြီးဆုံး ဖြစ်ရမလဲ။
၁၁ ခရစ္စမတ်ပွဲနဲ့ တခြားပွဲနေ့တွေဟာ တိတ္ထိတွေကနေ အရင်းခံမှန်း သိကြပေမဲ့ ဆက်ကျင်းပနေသူတွေလည်း ရှိတယ်။ အဲဒီလိုအားလပ်ရက်တွေကျမှ မိသားစုတွေ ဆုံစည်းပေါင်းသင်းခွင့် ရတာလို့ ယူဆကြတယ်။ သင်ကော အဲဒီလိုယူဆသလား။ မိသားစုတွေ အချိန်ပေး ပေါင်းသင်းချင်ကြတာ မမှားပါဘူး။ ယေဟောဝါက မိသားစုကို အစပြုပေးခဲ့တဲ့အတွက် မိသားစုဝင်အချင်းချင်း ရင်းနှီးတဲ့ဆက်ဆံရေး ရှိစေချင်တယ်။ (ဧဖက် ၃:၁၄၊ ၁၅) ဆွေမျိုးတွေအကြိုက် လိုက်ပြီး မှားယွင်းတဲ့ ဘာသာရေးပွဲနေ့တွေကို ကျင်းပမယ့်အစား ယေဟောဝါနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိဖို့ အဓိကအလေးထားရမယ်။ ဒါကြောင့် တမန်တော်ပေါလုက “ဘုရားသခင် လက်ခံတဲ့အရာကို သိနိုင်ဖို့ အမြဲဆန်းစစ်ကြပါ” လို့ပြောတယ်။—ဧဖက် ၅:၁၀။
၁၂။ ပွဲနေ့တစ်ခုကို ယေဟောဝါ လက်မခံရတဲ့ အကြောင်းရင်းဟာ ဘာဖြစ်မလဲ။
၁၂ ပွဲနေ့တွေရဲ့ ဇာစ်မြစ်ဟာ အရေးမကြီးဘူးလို့ လူအများ ယူဆကြတယ်။ ယေဟောဝါကတော့ အဲဒီလို မယူဆဘူး။ မှားယွင်းတဲ့ဝတ်ပြုမှုကနေ အရင်းခံတဲ့ ပွဲနေ့တွေ၊ လူ ဒါမှမဟုတ် နိုင်ငံကို ဂုဏ်တင်တဲ့ ပွဲနေ့တွေကို ဘုရား မနှစ်သက်ဘူး။ ဥပမာ၊ အီဂျစ်လူမျိုးမှာ နတ်ဘုရားတွေအတွက် ကျင်းပတဲ့ပွဲနေ့ အများကြီးရှိတယ်။ အီဂျစ်ပြည်ကနေ လွတ်မြောက်လာပြီးနောက် အစ္စရေးတွေဟာ တိတ္ထိပွဲနေ့တစ်ခုကို လိုက်လုပ်ပြီး “ယေဟောဝါဘုရားအတွက် ပွဲတော်” လို့ခေါ်ကြတယ်။ ဒါပေမဲ့ အဲဒီလိုလုပ်တဲ့အတွက် သူတို့ကို ယေဟောဝါ ပြစ်ဒဏ်ပေးခဲ့တယ်။ (ထွက်မြောက်ရာ ၃၂:၂-၁၀) ပရောဖက်ဟေရှာယ ပြောခဲ့တဲ့အတိုင်း ကျွန်တော်တို့ဟာ “မသန့်ရှင်းတာမှန်သမျှ လက်နဲ့တောင် မထိ” ရဘူး။—ဟေရှာယ ၅၂:၁၁ ကိုဖတ်ပါ။
တခြားသူတွေနဲ့ ဆက်ဆံရာမှာ ကြင်နာမှုရှိပါ
၁၃။ ပွဲနေ့တွေ မကျင်းပတော့ဖို့ ဆုံးဖြတ်တဲ့အခါ ဘယ်မေးခွန်းတွေ ပေါ်လာနိုင်သလဲ။
၁၃ ပွဲနေ့တွေ မကျင်းပတော့ဖို့ သင် ဆုံးဖြတ်တဲ့အခါ မေးစရာအများကြီး ပေါ်လာနိုင်တယ်။ ဥပမာ၊ ခရစ္စမတ်ပွဲမှာ ဘာလို့ မပါတာလဲလို့ အလုပ်ဖော်တွေ မေးလာရင် ငါ ဘယ်လိုရှင်းပြမလဲ။ တစ်ယောက်ယောက်က ခရစ္စမတ်လက်ဆောင် ပေးလာရင်ကော ဘယ်လိုလုပ်မလဲ။ ငါ့အိမ်ထောင်ဖက်က သူနဲ့အတူ ပွဲနေ့မှာ ပါဝင်စေချင်တယ် ဆိုရင်ကော။ ပွဲနေ့တွေ၊ မွေးနေ့ပွဲတွေ မကျင်းပရလို့ ငါ့ကလေးတွေ ဝမ်းနည်းတာမျိုး မဖြစ်အောင် ဘယ်လိုလုပ်ရမလဲ။
၁၄၊ ၁၅။ ပွဲနေ့တွေမှာ ပြောလေ့ရှိတဲ့ နှုတ်ဆက်စကားတွေနဲ့ နှုတ်ဆက်လာရင်၊ လက်ဆောင်ပေးလာရင် ဘာလုပ်နိုင်သလဲ။
၁၄ အဲဒီလိုအခြေအနေမျိုးမှာ ဘာပြောရမလဲ၊ ဘာလုပ်ရမလဲဆိုတာ ဆုံးဖြတ်တဲ့အခါ ဆင်ခြင်ဉာဏ်သုံးဖို့ အရေးကြီးတယ်။ ပွဲနေ့တွေမှာ ပြောလေ့ရှိတဲ့ နှုတ်ဆက်စကားတွေနဲ့ သင့်ကို နှုတ်ဆက်လာရင် မသိချင်ယောင်ဆောင်နေဖို့ မလိုပါဘူး။ “ကျေးဇူးတင်ပါတယ်” လို့ ရိုးရိုးလေး ပြန်ပြောနိုင်တယ်။ ဒါပေမဲ့ တချို့က ဒီထက် ပိုသိချင်တယ်ဆိုရင်တော့ ပွဲနေ့မကျင်းပတဲ့ အကြောင်းရင်းကို ရှင်းပြပေးနိုင်တယ်။ အဲဒီလိုရှင်းပြတဲ့အခါ အမြဲ ကြင်နာပါ၊ လိမ္မာပါးနပ်ပါ၊ လေးစားမှုရှိပါ။ “ဆားခတ်ထားတဲ့ အစာဟာ အရသာရှိသလို ယဉ်ကျေးတဲ့စကားတွေဟာ နှစ်သက်စရာ ဖြစ်စေတယ်။ ဒါကြောင့် စကားပြောဆိုတဲ့အခါ အမြဲ ယဉ်ကျေးသိမ်မွေ့ကြပါ။ ဒါဆိုရင် လူတိုင်းကို ဘယ်လိုပြန်ပြောရမယ်ဆိုတာ သိလိမ့်မယ်” လို့ ကျမ်းစာပြောတယ်။ (ကောလောသဲ ၄:၆) တခြားသူတွေနဲ့ အချိန်ပေးပေါင်းသင်းရတာ၊ လက်ဆောင်ပေးရတာကို နှစ်သက်ပေမဲ့ ပွဲနေ့တွေကျမှ အဲဒီလိုလုပ်တာမျိုးကိုတော့ မနှစ်သက်တဲ့အကြောင်း ရှင်းပြပေးနိုင်တယ်။
၁၅ တစ်ယောက်ယောက်က လက်ဆောင်ပေးလာရင်ကော။ ဘာလုပ်ရမယ်ဆိုတာ ကျမ်းစာက အတိအကျမပြောဘူး။ ဒါပေမဲ့ ကြည်လင်တဲ့ အမှားအမှန်သိစိတ်ကို ထိန်းသိမ်းဖို့တော့ ပြောထားတယ်။ (၁ တိမောသေ ၁:၁၈၊ ၁၉) လက်ဆောင်ပေးသူက ပွဲနေ့ကို သင် မကျင်းပမှန်း မသိလို့ ပေးတာ ဖြစ်နိုင်တယ်။ ဒါမှမဟုတ် “ဒီပွဲနေ့ကို မင်းတို့ မကျင်းပဘူးဆိုတာ သိပါတယ်။ ဒါပေမဲ့ ဒီလက်ဆောင်လေးကို ပေးချင်တယ်” လို့ ပြောလာနိုင်တယ်။ အဲဒီလိုအခြေအနေမျိုးမှာ လက်ဆောင်ကို လက်ခံမယ်၊ လက်မခံဘူးဆိုတာ ကိုယ်တိုင်ဆုံးဖြတ်နိုင်တယ်။ ဘယ်လိုပဲ ဆုံးဖြတ်ပါစေ ကြည်လင်တဲ့ အမှားအမှန်သိစိတ်ကို ထိန်းသိမ်းဖို့တော့ မမေ့ပါနဲ့။ ယေဟောဝါနဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ထိခိုက်စေတဲ့အရာမှန်သမျှကို ကျွန်တော်တို့ လုပ်ချင်မှာ မဟုတ်ဘူး။
မိသားစုဝင်တွေနဲ့ ပတ်သက်လာရင်ကော
၁၆။ သင့်မိသားစုက ပွဲနေ့တွေ ကျင်းပချင်တယ်ဆိုရင် ဘယ်လိုလုပ်မလဲ။
၁၆ သင့်မိသားစုက ပွဲနေ့ကျင်းပချင်တယ် ဆိုရင်ကော။ သူတို့နဲ့ အငြင်းပွားနေစရာ မလိုပါဘူး။ သူတို့ကြိုက်တာ လုပ်ပိုင်ခွင့်ရှိတယ်ဆိုတာ မမေ့ပါနဲ့။ ကြင်နာမှုရှိပါ။ ကိုယ့်လုပ်ပိုင်ခွင့်ကို လေးစားစေချင်သလို သူတို့ရဲ့လုပ်ပိုင်ခွင့်ကိုလည်း လေးစားပါ။ (မဿဲ ၇:၁၂ ကိုဖတ်ပါ။) မိသားစုက ပွဲနေ့အတောအတွင်း သူတို့နဲ့အတူ ရှိစေချင်တယ်ဆိုရင်ကော ဘယ်လိုလုပ်မလဲ။ ဘာလုပ်မယ်ဆိုတာ မဆုံးဖြတ်ခင် မှန်ကန်တဲ့ဆုံးဖြတ်ချက် ချနိုင်အောင် ကူညီပေးဖို့ ယေဟောဝါဆီ ဆုတောင်းပါ။ အခြေအနေကို သုံးသပ်ပြီး အဲဒီပွဲနေ့အကြောင်း ရှာဖွေလေ့လာပါ။ ယေဟောဝါရဲ့နှစ်သက်မှုကို ရချင်စိတ် အမြဲရှိနေပါ။
၁၇။ တခြားကလေးတွေ ပွဲနေ့ကျင်းပတာကို မြင်တဲ့အခါ ဆုံးရှုံးနစ်နာတယ်လို့ သင့်ကလေးတွေ မခံစားရအောင် ဘယ်လိုလုပ်နိုင်သလဲ။
၁၇ တခြားကလေးတွေ ပွဲနေ့ကျင်းပတာကို မြင်တဲ့အခါ ဆုံးရှုံးနစ်နာတယ်လို့ သင့်ကလေးတွေ မခံစားရအောင် ဘယ်လိုလုပ်နိုင်သလဲ။ သူတို့အတွက် ပျော်စရာကောင်းတာလေးတွေကို မကြာမကြာ စီစဉ်ပေးနိုင်တယ်။ သူတို့ အံ့သြဝမ်းသာသွားအောင် လက်ဆောင်လေးတွေ ပေးနိုင်တယ်။ သင့်ကလေးတွေကို ပေးနိုင်တဲ့ အကောင်းဆုံးလက်ဆောင်ကတော့ သူတို့ကို အချိန်ပေးတာ၊ မေတ္တာအပြည့်နဲ့ ဂရုစိုက်တာပါပဲ။
စစ်မှန်တဲ့ ဝတ်ပြုရေးနဲ့အညီ ပြုမူနေထိုင်ပါ
၁၈။ ခရစ်ယာန်အစည်းအဝေးတွေကို ဘာကြောင့် တက်ရမလဲ။
၁၈ ယေဟောဝါရဲ့နှစ်သက်မှုရဖို့ မှားယွင်းတဲ့ဘာသာအပြင် အဲဒီဘာသာနဲ့ဆက်နွှယ်တဲ့ ဓလေ့ထုံးစံတွေ၊ ပွဲနေ့တွေနဲ့ ကင်းကင်းရှင်းရှင်းနေဖို့ လိုတယ်။ စစ်မှန်တဲ့ဝတ်ပြုရေးနဲ့အညီ ပြုမူနေထိုင်ဖို့လည်း လိုတယ်။ ဘယ်လိုနည်းနဲ့လဲ။ တစ်နည်းကတော့ ခရစ်ယာန်အစည်းအဝေးတွေ မှန်မှန်တက်ရမယ်။ (ဟီဘရူး ၁၀:၂၄၊ ၂၅ ကိုဖတ်ပါ။) စစ်မှန်တဲ့ဝတ်ပြုရေးမှာ အစည်းအဝေးတွေဟာ သိပ်အရေးကြီးတယ်။ (ဆာလံ ၂၂:၂၂။ ၁၂၂:၁) အတူစုဝေးကြတဲ့အခါ အပြန်အလှန်အားပေးခွင့် ရနိုင်တယ်။—ရောမ ၁:၁၂။
၁၉။ သိရှိလာတဲ့ ကျမ်းစာအမှန်တရားအကြောင်း တခြားသူတွေကို ပြောပြဖို့ ဘာလို့ အရေးကြီးသလဲ။
၁၉ စစ်မှန်တဲ့ ဝတ်ပြုရေးနဲ့အညီ ပြုမူနေထိုင်နိုင်တဲ့ နောက်တစ်နည်းကတော့ ကျမ်းစာကနေ သိရှိလာတာတွေကို တခြားသူတွေကို ပြန်ပြောပြတာ ဖြစ်တယ်။ ကမ္ဘာပေါ်မှာ ဖြစ်ပျက်နေတဲ့ မကောင်းမှုတွေကြောင့် လူတွေ စိတ်ဆင်းရဲနေရတယ်။ အဲဒီလိုခံစားနေရသူတချို့ကို သင် သိကောင်းသိပါလိမ့်မယ်။ သိပ်ကောင်းတဲ့ အနာဂတ်မျှော်လင့်ချက်အကြောင်း သူတို့ကို ပြောပြပါ။ အစည်းအဝေးတွေ တက်ပြီး သိရှိလာတဲ့ ကျမ်းစာအမှန်တရားအကြောင်း တခြားသူတွေကို ပြောပြပါ။ ဒါဆိုရင် မှားယွင်းတဲ့ဘာသာ၊ အဲဒီဘာသာရဲ့ ဓလေ့ထုံးစံတွေနဲ့ ပတ်သက်ချင်စိတ် လုံးဝမရှိတော့တာကို တွေ့ရပါလိမ့်မယ်။ နည်းမှန်လမ်းကျ ဝတ်ပြုဖို့ သင် ကြိုးစားနေတာကို ယေဟောဝါ ကောင်းချီး အလျှံပယ်ပေးမယ်၊ သင် ပျော်ရွှင်လာမယ်ဆိုတာ စိတ်ချပါ။—မာလခိ ၃:၁၀။
သမ္မာကျမ်းစာ သွန်သင်ရာများ