အခန်း​ဆယ့်​ကိုး

ယေဟောဝါနဲ့ အမြဲရင်းနှီးအောင် ကြိုးစားပါ

ယေဟောဝါနဲ့ အမြဲရင်းနှီးအောင် ကြိုးစားပါ

၁၊ ၂။ အခု​ခေတ်​မှာ ဘယ်​နေ​ရာ​က​နေ အကာ​အကွယ်​ရ​နိုင်​မလဲ။

မုန်​တိုင်း​ထန်​တဲ့​နေ့​မှာ သင် လမ်း​ပေါ်​ရောက်​နေ​တယ်​လို့ မြင်​ယောင်​ကြည့်​ပါ။ ကောင်း​ကင်​ကြီး မဲ​မှောင်​လာ​တယ်။ လျှပ်​စီး​တွေ​လက်၊ မိုး​ကြိုး​တွေ​ပစ်​ပြီး သဲ​ကြီး​မဲ​ကြီး မိုး​ရွာ​ချ​တော့​တယ်။ မိုး​ခို​စ​ရာ​နေ​ရာ ရှာရင်း​နဲ့ နောက်​ဆုံး​မှာ လုံ​ခြုံ​ခြောက်​သွေ့​တဲ့​နေ​ရာ​တစ်​ခု​ကို တွေ့​လိုက်​ရ​တဲ့​အခါ သင် ဘယ်​လောက် စိတ်​သက်​သာ​ရာရ​သွား​မလဲ။

ကျွန်​တော်​တို့​လည်း မုန်​တိုင်း​ထန်​တဲ့ ခေတ်​ကာလ​မှာ အသက်​ရှင်​နေ​ကြ​တယ်။ ကမ္ဘာ့​အခြေ​အနေ ဆိုး​သည်​ထက် ဆိုး​လာ​တယ်။ ‘ဘယ်​နေ​ရာ​မှာ အကာ​အကွယ်​ရ​နိုင်​မလဲ’ ဆို​ပြီး သင်​တွေး​မိ​မှာ​ပဲ။ ဆာလံ​ဆ​ရာ​က “ကိုယ်​တော်​ဟာ ကျွန်​တော့်​ခိုလှုံ​ရာ၊ ကျွန်​တော့်ရဲ​တိုက်၊ ကျွန်​တော်​ကိုး​စား​တဲ့ ဘု​ရား​သခင်​ပါ” လို့ ယေဟောဝါ​ကို ငါ​ပြော​မယ်” ဆို​ပြီး ရေးခဲ့​တယ်။ (ဆာလံ ၉၁:၂) ယေဟောဝါ​က လော​လော​ဆယ် ကျွန်​တော်​တို့ ကြုံ​နေ​ရ​တဲ့ အခက်​အခဲ​တွေ​က​နေ သက်​သာ​ရာရ​စေ​နိုင်​တဲ့​အပြင် သိပ်​ကောင်း​တဲ့ အနာ​ဂတ်​မျှော်​လင့်​ချက်​ကို​ပါ ပေး​ထား​တယ်။

၃။ ယေဟောဝါ​ကို ဘယ်​လို​နည်း​နဲ့ ကျွန်​တော်​တို့​ရဲ့​ခိုလှုံ​ရာ ဖြစ်​စေ​နိုင်​သလဲ။

ကျွန်​တော်​တို့​ကို ယေဟောဝါ ဘယ်​လို ကာ​ကွယ်​ပေး​နိုင်​သလဲ။ ယေဟောဝါ​ဟာ ဘယ်​ပြဿ​နာ​ကို​မဆို ကျွန်​တော်​တို့ ရင်​ဆိုင်​ဖြေရှင်း​နိုင်​အောင် ကူညီ​ပေး​နိုင်​တဲ့​အပြင် ကျွန်​တော်​တို့​ကို အန္တရာယ်​ပေး​နိုင်​သူ ဘယ်​သူ​မဆို​ထက် တန်ခိုး​ပို​ကြီး​တယ်။ အခု​ချိန်​မှာ အဖြစ်​ဆိုး​ကြုံရရင်​တောင် အနာ​ဂတ်​မှာ အကောင်း​အတိုင်း ပြန်​ဖြစ်​အောင် ယေဟောဝါ လုပ်​ပေး​မယ်​ဆို​တာ စိတ်​ချ​နိုင်​တယ်။ “ဘု​ရား​သခင့်​မေတ္တာ ခံစား​ရ​စေ​မယ့်​အရာတွေ​ကို အမြဲလုပ်​ဆောင်” ပါ​ဆို​ပြီး ကျမ်း​စာ​မှာ တိုက်​တွန်း​ထား​တယ်။ (ယုဒ ၂၁) ခက်​ခဲ​ချိန်​မှာ ယေဟောဝါ​ဆီ​က အကူ​အညီ​ရ​ဖို့​ဆို​ရင် ကိုယ်​တော်​နဲ့ အမြဲရင်း​နှီး​အောင် ကြိုး​စား​ဖို့ လို​တယ်။ အမြဲရင်း​နှီး​အောင် ဘယ်​လို​လုပ်​ရ​မလဲ။

ဘု​ရား​သခင့်​မေတ္တာ​ကို တုံ့​ပြန်​ပါ

၄၊ ၅။ ကျွန်​တော်​တို့​ကို ယေဟောဝါ ဘယ်​လို မေတ္တာ​ပြသလဲ။

ယေဟောဝါ​နဲ့ အမြဲရင်း​နှီး​နေ​ဖို့ ကျွန်​တော်​တို့​ကို ကိုယ်​တော် ဘယ်​လောက်​ချစ်​တယ်​ဆို​တာ သဘော​ပေါက်​ရ​မယ်။ ကျွန်​တော်​တို့​အတွက် ယေဟောဝါ လုပ်​ပေး​ခဲ့​သမျှ​ကို စဉ်း​စား​ကြည့်​ပါ။ စိတ်​ဝင်​စား​စ​ရာ အပင်​တွေ၊ တိ​ရစ္ဆာန်တွေ မျိုး​ပေါင်း​စုံလင်​တဲ့ လှ​ပတဲ့​ကမ္ဘာ​မြေကို ပေး​ထား​တယ်။ အရ​သာ​ရှိ​တဲ့ အစား​အစာ၊ သန့်​ရှင်း​တဲ့​ရေ​ကို​လည်း ပေး​ထား​တယ်။ ဘု​ရားရဲ့ နာ​မည်၊ ဘု​ရားရဲ့ အရည်​အသွေး​ကောင်း​တွေ​အကြောင်း ကျမ်း​စာ​က​တစ်ဆင့် သွန်သင်​ပေး​တယ်။ အရေး​ကြီး​ဆုံး​က​တော့ ကျွန်​တော်​တို့​အတွက် အသက်​စွန့်​ဖို့ ချစ်​သား​တော်​ယေရှု​ကို မြေကြီး​ပေါ် စေ​လွှတ်​တယ်။ ဒီ​နည်း​နဲ့ ကျွန်​တော်​တို့​ကို ချစ်​ကြောင်း ပြခဲ့​တယ်။ (ယောဟန် ၃:၁၆) ယေရှု​ရဲ့ ပူ​ဇော်​သက္ကာ​ကြောင့် ကျွန်​တော်​တို့​မှာ သိပ်​ကောင်း​တဲ့ အနာ​ဂတ်​မျှော်​လင့်​ချက် ရှိ​လာ​တယ်။

ယေဟောဝါ​က ဆင်း​ရဲ​ဒုက္ခ​မှန်​သမျှ​ကို ဖယ်​ရှား​ပေး​မယ့် ကောင်း​ကင်​အစိုး​ရ​ဖြစ်​တဲ့ မေရှိ​ယ​နိုင်​ငံ​ကို ဖွဲ့​စည်း​တည်​ထောင်​ပေး​တယ်။ အဲဒီ​နိုင်​ငံ​တော်​က မြေကြီး​ကို ပရ​ဒိ​သု​ဖြစ်​စေ​မယ်၊ အဲဒီ​မှာ လူ​အားလုံး ထာ​ဝ​စဉ် ငြိမ်သက်​ပျော်​ရွှင်​စွာ နေ​ထိုင်​ရ​မယ်။ (ဆာလံ ၃၇:၂၉) ယေဟောဝါ မေတ္တာ​ပြတဲ့ နောက်​တစ်​နည်း​က​တော့ အခု​ချိန်​မှာ အကောင်း​ဆုံး အသက်​ရှင်​နေ​ထိုင်​နိုင်​အောင် ကျွန်​တော်​တို့​ကို သင်​ပေး​တာ​ဖြစ်​တယ်။ သူ့​ဆီ ဆုတောင်း​ဖို့ ဖိတ်​ခေါ်​ထား​ပြီး ဆုတောင်း​ချက်​တွေ​ကို နား​ထောင်​ဖို့ အမြဲအသင့်​ရှိ​တယ်။ ကျွန်​တော်​တို့​အားလုံး​ကို ယေဟောဝါ မေတ္တာ​ပြတယ်။

၆။ ယေဟောဝါ​ရဲ့​မေတ္တာ​ကို သင် ဘယ်​လို​တုံ့​ပြန်​မလဲ။

ယေဟောဝါ​ရဲ့​မေတ္တာ​ကို သင် ဘယ်​လို​တုံ့​ပြန်​မလဲ။ သင့်​အတွက် ကိုယ်​တော်​လုပ်​ပေး​ထား​တာ​တွေ​ကို ကျေး​ဇူး​တင်​ကြောင်း ပြရ​မယ်။ ဝမ်း​နည်း​စ​ရာ​က အခု​ခေတ်​လူ​အများ​စု​ဟာ ကျေး​ဇူး​မသိ​တတ်​ကြ​ဘူး။ ယေရှု မြေကြီး​ပေါ်​ရှိ​တုန်း​က​လည်း အဲဒီ​အတိုင်း​ပဲ။ တစ်​ခါ​က၊ အနာ​ကြီး​ရော​ဂါသ​ည် ဆယ်​ယောက်​ကို ယေရှု ကု​သပေး​ခဲ့​တယ်။ ဒါ​ပေမဲ့ တစ်​ယောက်​ပဲ ကျေး​ဇူး​တင်​စကား လာ​ပြော​တယ်။ (လုကာ ၁၇:၁၂-၁၇) ကျွန်​တော်​တို့​လည်း ကျေး​ဇူး​သိ​တတ်​တဲ့ သူ့​လို​ပဲ ဖြစ်​ချင်​တယ်။ ယေဟောဝါ​ကို ကျေး​ဇူး​တင်​ကြောင်း အမြဲပြချင်​ပါ​တယ်။

၇။ ယေဟောဝါ​ကို ဘယ်​လောက်​အထိ ချစ်​ရ​မလဲ။

ယေဟောဝါ​ကို ချစ်​ကြောင်း ပြဖို့​လည်း လို​တယ်။ ယေရှု​က ယေဟောဝါ​ကို စိတ်​စွမ်း​ရှိ​သမျှ၊ ကိုယ်​စွမ်း​ရှိ​သမျှ၊ ဉာဏ်​စွမ်း​ရှိ​သမျှ​နဲ့ ချစ်​ရ​မယ်​လို့ တ​ပည့်တွေ​ကို သင်​ပေး​တယ်။ (မဿဲ ၂၂:၃၇ ကို​ဖတ်​ပါ။) ဘာ​ကို ဆိုလို​တာ​လဲ။

၈၊ ၉။ ယေဟောဝါ​ကို ချစ်​တယ်​ဆို​တာ ဘယ်​လို​ပြမလဲ။

ယေဟောဝါ​ကို ချစ်​တယ်​လို့ ပြော​ရုံ​နဲ့ လုံ​လောက်​ပြီလား။ မလုံ​လောက်​ဘူး။ ယေဟောဝါ​ကို စိတ်​စွမ်း​ရှိ​သမျှ၊ ကိုယ်​စွမ်း​ရှိ​သမျှ၊ ဉာဏ်​စွမ်း​ရှိ​သမျှ​နဲ့ ချစ်​တယ်​ဆို​ရင် လုပ်​ရပ်​နဲ့​သက်​သေပြကြ​မှာ ဖြစ်​တယ်။ (မဿဲ ၇:၁၆-၂၀) ဘု​ရား​သခင်​ကို ချစ်​တယ်​ဆို​ရင် ပညတ်​ချက်​တွေ လိုက်​နာ​ရ​မယ်​လို့ ကျမ်း​စာ​က ရှင်း​ရှင်း​လင်း​လင်း ပြော​တယ်။ အဲဒီ​လို​လုပ်​ဖို့ ခက်​သလား။ မခက်​ပါ​ဘူး။ ယေဟောဝါ​ရဲ့ “ပညတ်​ချက်​တွေ​ဟာ လိုက်​နာ​ဖို့ ခက်​ခဲ​လွန်း​တဲ့​အရာ မဟုတ်” လို့​ပဲ။—၁ ယောဟန် ၅:၃ ကို​ဖတ်​ပါ။

ယေဟောဝါ​ကို နာ​ခံ​တဲ့​အခါ ပျော်​ရွှင်​ကျေ​နပ်​စ​ရာ​ကောင်း​တဲ့ အသက်​တာ​ကို ပိုင်​ဆိုင်​ကြ​တယ်။ (ဟေ​ရှာ​ယ ၄၈:၁၇၊ ၁၈) ယေဟောဝါ​နဲ့ အမြဲရင်း​နှီး​အောင် ဘာ​က ကူညီ​ပေး​မလဲ​ဆို​တာ သုံးသပ်​ကြည့်​ကြ​စို့။

ယေဟောဝါ​နဲ့ ရင်း​နှီး​သည်​ထက် ရင်း​နှီး​အောင် ကြိုး​စား​ပါ

၁၀။ ဘာ​ကြောင့် ယေဟောဝါ​အကြောင်း အမြဲသင်​ယူ​နေ​ရ​မလဲ။

၁၀ သင်​ဟာ ဘယ်​လို​နည်း​နဲ့ ယေဟောဝါ​ရဲ့​မိတ်ဆွေ ဖြစ်​လာ​တာ​လဲ။ ကျမ်း​စာ​လေ့​လာ​တဲ့​အတွက် ယေဟောဝါ​ကို ပို​သိ​ကျွမ်း​လာ​ပြီး ကိုယ်​တော်​နဲ့ ပို​ရင်း​နှီး​လာ​တယ်။ အဲဒီ​ရင်း​နှီး​မှု​ဟာ အမြဲ မီး​တောက်​လောင်​နေ​တဲ့ မီး​ပုံ​နဲ့​တူ​တယ်။ မီး​တောက်​လောင်​နေ​အောင် လောင်​စာ​ထည့်​ပေး​ရ​သလို ယေဟောဝါ​နဲ့ ရင်း​နှီး​တဲ့​ဆက်ဆံ​ရေး ခိုင်​မြဲနေ​အောင် ကိုယ်​တော့်​အကြောင်း အမြဲသင်​ယူ​နေ​ဖို့ လို​တယ်။—ပညာ​အလိမ္မာ ၂:၁-၅

မီး​တောက်​လောင်​နေ​အောင် လောင်​စာ​ထည့်​ပေး​ရ​သလို ယေဟောဝါ​ကို​ချစ်​တဲ့​မေတ္တာ ရှင်​သန်​နေ​အောင် လုပ်​ဆောင်​နေ​ဖို့ လို​တယ်

၁၁။ ကျမ်း​စာ​သွန်သင်​ချက်​တွေ​က သင့်​အပေါ် ဘယ်​လို သက်​ရောက်​မှု​ရှိ​နိုင်​သလဲ။

၁၁ ကျမ်း​စာ​ကို ဆက်​လေ့​လာ​တဲ့​အခါ သင့်​ရင်​ထဲ ထိ​သွား​စေ​တဲ့​အချက်​တွေ​ကို သိ​ရှိ​လာ​လိမ့်​မယ်။ ကျမ်း​စာ​ကြို​ဟော​ချက်​တွေ​ကို ယေရှု​ရှင်း​ပြတဲ့​အခါ တ​ပည့်​နှစ်​ယောက် ဘယ်​လို​ခံစား​ခဲ့ရ​မှန်း သတိ​ပြု​ကြည့်​ပါ။ “လမ်း​မှာ ငါ​တို့​ကို သူ​စကား​တွေ​ပြော​ပြီး ကျမ်း​ချက်​တွေ အသေအချာ ရှင်း​ပြတုန်း​က ငါ​တို့​ရင်​ထဲ​မှာ လှိုက်​ဆူ​သွား​တာ​ပဲ မဟုတ်​လား” လို့ သူတို့ ပြော​ကြ​တယ်။—လုကာ ၂၄:၃၂

၁၂၊ ၁၃။ (က) ဘု​ရား​သခင်​အပေါ် ထား​တဲ့​မေတ္တာ ဘာ​ဖြစ်​သွား​နိုင်​သလဲ။ (ခ) ယေဟောဝါ​ကို​ချစ်​တဲ့​မေတ္တာ ဆက်​ရှင်​သန်​နေ​အောင် ဘယ်​လို​လုပ်​ရ​မလဲ။

၁၂ ကျမ်း​စာ​ကို နား​လည်​လာ​တဲ့​အခါ တ​ပည့်တွေ ရင်​ထဲ​ထိ​သွား​သလို သင်​လည်း ကျမ်း​စာ​အကြောင်း နား​လည်​လာ​ခါ​စ​မှာ အဲဒီ​လို စိတ်​အား​ထက်​သန်​ခဲ့​မှာ​ပဲ။ ဒါ​ဟာ ယေဟောဝါ​ကို သိ​ကျွမ်း​ဖို့၊ ကိုယ်​တော့်​ကို ချစ်​ဖို့ ကူညီ​ပေး​တယ်။ အဲဒီ​ချစ်ခြင်းမေတ္တာ အေး​စက်​သွား​တာ​ကို သင်​လို​လား​မှာ မဟုတ်​ဘူး။—မဿဲ ၂၄:၁၂

၁၃ ဘု​ရားရဲ့​မိတ်ဆွေ ဖြစ်​လာ​ပြီဆို​ရင် အဲဒီ​မိတ်ဆွေ​နှောင်​ကြိုး ခိုင်​မြဲနေ​အောင် ကြိုး​စား​ရ​မယ်။ ယေဟောဝါ​နဲ့ ယေရှု​အကြောင်း ဆက်​ပြီး လေ့​လာ​ဆည်း​ပူး​ရ​မယ်။ လေ့​လာ​ဆည်း​ပူး​ခဲ့​တာ​တွေ၊ အသက်​တာ​မှာ ဘယ်​လို​ကျင့်​သုံး​နိုင်​မလဲ ဆို​တာ​တွေ​ကို တွေး​တော​ရ​မယ်။ (ယောဟန် ၁၇:၃) ကျမ်း​စာ​ကို ဖတ်​ရှု​လေ့​လာ​တဲ့​အခါ ‘ဒီ​အချက်​က ယေဟောဝါ​အကြောင်း ဘာ​သင်​ပေး​သလဲ။ ဘု​ရား​သခင်​ကို ဘာ​ကြောင့် စိတ်​စွမ်း​ရှိ​သမျှ၊ ကိုယ်​စွမ်း​ရှိ​သမျှ ချစ်​သင့်​သလဲ’ ဆို​ပြီး ကိုယ့်​ကိုယ်​ကိုယ် မေး​ပါ။—၁ တိမောသေ ၄:၁၅

၁၄။ ဆုတောင်း​ခြင်း​က ယေဟောဝါ​ကို​ချစ်​တဲ့​မေတ္တာ ခိုင်​မြဲအောင် ဘယ်​လို ကူညီ​ပေး​နိုင်​သလဲ။

၁၄ မိတ်ဆွေ​ကောင်း​တစ်​ယောက်​နဲ့ မှန်​မှန် စကား​ပြော​မယ်​ဆို​ရင် မိတ်ဆွေ​နှောင်​ကြိုး ခိုင်​မြဲလာ​မယ်။ အလား​တူ​ပဲ၊ ယေဟောဝါ​ကို ဆုတောင်း​ပြီး မှန်​မှန်​စကား​ပြော​မယ်​ဆို​ရင် ကိုယ်​တော့်​အပေါ် ထား​တဲ့​မေတ္တာ ခိုင်​မြဲလာ​မယ်။ (၁ သက်သာ​လောနိတ် ၅:၁၇ ကို​ဖတ်​ပါ။) ဆုတောင်း​ခြင်း​ဟာ ကောင်း​ကင်​ဖခင်​ဆီ​က​ရ​တဲ့ လက်​ဆောင်​မွန်​ဖြစ်​တယ်။ ဒါ​ကြောင့် ဆုတောင်း​တဲ့​အခါ​တိုင်း ရင်​ထဲ​က​နေ လှိုက်​လှိုက်​လှဲ​လှဲ တောင်း​ရ​မယ်။ (ဆာလံ ၆၂:၈) အလွတ်​ကျက်​ပြီး ရွတ်​တာ​မျိုး မဟုတ်​ဘဲ ဆုတောင်း​တဲ့​အတိုင်း တ​ကယ်​ဖြစ်​စေ​ချင်​တဲ့​ဆန္ဒ ရှိ​ရ​မယ်။ ကျမ်း​စာ​ကို ဆက်​လေ့​လာ​ပြီး လှိုက်​လှိုက်​လှဲ​လှဲ ဆုတောင်း​မယ်​ဆို​ရင် ယေဟောဝါ​ကို​ချစ်​တဲ့​မေတ္တာ ခိုင်​မြဲနေ​ပါ​လိမ့်​မယ်။

ယေဟောဝါ​အကြောင်း တ​ခြား​သူ​တွေ​ကို ပြော​ပြပါ

၁၅၊ ၁၆။ ဟော​ပြော​ခြင်း​လုပ်ငန်း​ကို သင် ဘယ်​လို​ရှု​မြင်​သလဲ။

၁၅ ယေဟောဝါ​နဲ့ အမြဲရင်း​နှီး​ချင်​တယ်​ဆို​ရင် ကိုယ့်​ယုံ​ကြည်​ချက်​အကြောင်း တ​ခြား​သူ​တွေ​ကို ပြော​ပြဖို့​လည်း လို​တယ်။ ယေဟောဝါ​အကြောင်း ပြော​ပြရ​တာ​ဟာ တ​ကယ့်​အခွင့်​ထူး​ကြီး​ပါ​ပဲ။ (လုကာ ၁:၇၄) ခ​ရစ်​ယာန်​စစ်​အားလုံး​ကို ယေရှု​ပေး​ခဲ့​တဲ့ တာဝန်​လည်း ဖြစ်​တယ်။ ကျွန်​တော်​တို့​ယောက်​တိုင်း ဘု​ရား​သခင့်​နိုင်​ငံ​တော် သတင်း​ကောင်း​ကို ဟော​ပြော​ရ​မယ်။ သင်​ကော ဟော​ပြော​နေ​ပြီလား။—မဿဲ ၂၄:၁၄။ ၂၈:၁၉၊ ၂၀

၁၆ တမန်​တော်​ပေါလု​ဟာ ဟော​ပြော​ခြင်း​လုပ်ငန်း​ကို အလွန်​အဖိုး​တန်​တဲ့​အရာ​အဖြစ် ရှု​မြင်​ပြီး “ဘဏ္ဍာ” လို့​ခေါ်​ခဲ့​တယ်။ (၂ ကော​ရိန္သု ၄:၇) ယေဟောဝါ​အကြောင်း၊ ကိုယ်​တော့်ရည်​ရွယ်​ချက်​အကြောင်း လူ​တွေ​ကို ပြော​ပြရ​တာ​ဟာ သင်​လုပ်​နိုင်​တဲ့ အရေး​ကြီး​ဆုံး​အလုပ်​ပါ​ပဲ။ ဒါ​ဟာ ယေဟောဝါ​ကို အမှု​ဆောင်​တဲ့​နည်း​တစ်​နည်း ဖြစ်​ပြီး ကိုယ်​တော်​က​လည်း သင့်​လုပ်​ဆောင်​မှု​ကို တန်​ဖိုး​ထား​တယ်။ (ဟီ​ဘ​ရူး ၆:၁၀) ဟော​ပြော​ခြင်း​က သင်​ကိုယ်​တိုင်​နဲ့ နား​ထောင်​တဲ့​သူ​ကို​ပါ ယေဟောဝါ​နဲ့ ရင်း​နှီး​စေ​ပြီး ထာ​ဝ​ရ​အသက် ရ​စေ​နိုင်​တဲ့​အတွက် နှစ်​ဦး​နှစ်​ဖက် အကျိုး​ရှိ​တယ်။ (၁ ကော​ရိန္သု ၁၅:၅၈ ကို​ဖတ်​ပါ။) ဒီ​ထက် ပို​ပြီး​ကျေ​နပ်​မှု​ပေး​နိုင်​တဲ့ အလုပ်​မျိုး ရှိ​ပါ​ဦး​မလား။

၁၇။ ဟော​ပြော​ခြင်း​လုပ်ငန်း​ကို ဘာ​ကြောင့် အရေး​တ​ကြီး လုပ်​ရ​မလဲ။

၁၇ ဟော​ပြော​ခြင်း​လုပ်ငန်း​ကို အရေး​တ​ကြီး လုပ်​ဆောင်​ဖို့ လို​တယ်။ “တ​ရား​စကား​ကို ဟော​ပြော” ရ​မယ်။ “အရေး​တ​ကြီး ဟော​ပြော” ရ​မယ်။ (၂ တိမောသေ ၄:၂) ဘု​ရား​သခင့်​နိုင်​ငံ​တော်​အကြောင်း လူ​တွေ​ကြား​ဖို့ လို​တယ်။ “ယေဟောဝါ​ရဲ့​နေ့​ကြီး နီး​နေ​ပြီ။ နီး​နေ​ပြီ။ အလျင်​အမြန် လာ​နေ​ပြီ။” အဆုံး​ဟာ “နောက်​ကျ​မှာ မဟုတ်​ဘူး” လို့ ကျမ်း​စာ​ပြော​တယ်။ (ဇေ​ဖနိ ၁:၁၄။ ဟ​ဗက္ကုတ် ၂:၃) မကြာ​ခင် စာ​တန်​ရဲ့ ဆိုး​ညစ်​တဲ့​လော​က​ကို ယေဟောဝါ ဖျက်​ဆီး​ပါ​တော့​မယ်။ မဖျက်​ဆီး​ခင် လူ​တွေ​ကို သတိ​ပေး​ဖို့ လို​တယ်။ ဒါ​မှ ယေဟောဝါ​ကို ဝတ်​ပြု​ဖို့ သူတို့ ရွေး​ချယ်​နိုင်​မယ်။

၁၈။ ခ​ရစ်​ယာန်​စစ်​တွေ​နဲ့​အတူ ယေဟောဝါ​ကို ဘာ​ကြောင့် ဝတ်​ပြု​ကိုးကွယ်​ရ​မလဲ။

၁၈ ယေဟောဝါ​က ကျွန်​တော်​တို့​ကို ခ​ရစ်​ယာန်​စစ်​တွေ​နဲ့​အတူ ဝတ်​ပြု​ကိုးကွယ်​စေ​ချင်​တယ်။ “မေတ္တာ​စိတ်​ရှိ​စေ​ဖို့၊ အကျင့်​ကောင်း​တွေ ကျင့်​စေ​ဖို့ တိုက်​တွန်း​အား​ပေး​ပြီး အချင်း​ချင်း ထောက်​ထား​စာ​နာ​ကြ​စို့။ လူ​တ​ချို့​မှာ အတူ​တ​ကွ စည်း​ဝေး​တာ​ကို လျစ်​လျူ​ရှု​တဲ့​ထုံး​စံ ရှိ​နေ​တယ်။ ခင်​ဗျား​တို့​က​တော့ အတူ​တ​ကွ စည်း​ဝေး​တာ​ကို လျစ်​လျူ​မရှု​ကြ​ပါ​နဲ့။ အချင်း​ချင်း အား​ပေး​ကြ​ပါ။ ဘု​ရား​သခင်​ရဲ့​နေ့​ရက် နီး​လာ​တာ​ကို သိ​နေ​တဲ့​အတွက် ပို​ကြိုး​စား​အား​ထုတ်​ကြ​ပါ” လို့​ကျမ်း​စာ​ပြော​တယ်။ (ဟီ​ဘ​ရူး ၁၀:၂၄၊ ၂၅) အစည်း​အဝေး​အားလုံး​ကို အတတ်​နိုင်​ဆုံး တက်​ရောက်ရ​မယ်။ အစည်း​အဝေး​တွေ​မှာ အချင်း​ချင်း အား​ပေး​ခွင့် ရ​ကြ​တယ်။

၁၉။ ညီ​အစ်​ကို​ညီ​အစ်​မတွေ​ကို ချစ်​ဖို့ ဘာ​က ကူညီ​ပေး​နိုင်​သလဲ။

၁၉ အစည်း​အဝေး​တွေ တက်​ရောက်​တဲ့​အခါ ယေဟောဝါ​ကို ဆက်​ပြီး ဝတ်​ပြု​ကိုးကွယ်​ဖို့ ကူညီ​ပေး​နိုင်​တဲ့ မိတ်ဆွေ​ကောင်း​တွေ တွေ့​နိုင်​တယ်။ သင့်​လို​ပဲ အတတ်​နိုင်​ဆုံး ယေဟောဝါ​ကို ကြိုး​စား​ဝတ်​ပြု​နေ​တဲ့ အသက်​အရွယ်၊ အခြေ​အနေ​အမျိုး​မျိုး​ရှိ​တဲ့ ညီ​အစ်​ကို​ညီ​အစ်​မတွေ​နဲ့ ဆုံ​တွေ့​ရ​မယ်။ သူတို့​လည်း ပြီး​ပြည့်​စုံလင်​သူ​တွေ မဟုတ်​ဘူး၊ သင့်​လို​ပဲ အမှား​လုပ်​တတ်​ကြ​တယ်။ သူတို့​မှား​တဲ့​အခါ ခွင့်​လွှတ်​ဖို့ အသင့်​ရှိ​ပါ။ (ကောလောသဲ ၃:၁၃ ကို​ဖတ်​ပါ။) ညီ​အစ်​ကို​ညီ​အစ်​မတွေရဲ့ ကောင်း​ကွက်​ကို အမြဲအာ​ရုံ​စိုက်​ပါ။ ဒါ​ဆို​ရင် သူတို့​ကို ပို​ချစ်​လာ​ပြီး ယေဟောဝါ​နဲ့ ပို​ရင်း​နှီး​လာ​မယ်။

စစ်​မှန်​တဲ့​အသက်

၂၀၊ ၂၁။ “စစ်​မှန်​တဲ့​အသက်” ဆို​တာ ဘာ​လဲ။

၂၀ ယေဟောဝါ​က မိမိ​ရဲ့​မိတ်ဆွေ​အားလုံး​ကို အကောင်း​ဆုံး​အသက်​တာ ရ​ရှိ​စေ​ချင်​တယ်။ လက်​ရှိ​အသက်​တာ​နဲ့ လုံးလုံး​မတူ​တဲ့ အသက်​တာ​မျိုး​ကို အနာ​ဂတ်​မှာ ရ​ရှိ​မယ်​လို့ ကျမ်း​စာ​သွန်သင်​တယ်။

ယေဟောဝါ​က သင့်​ကို “စစ်​မှန်​တဲ့​အသက်” ရ​စေ​ချင်​တယ်။ သင်​ကော ရ​ချင်​သလား

၂၁ အနာ​ဂတ်​မှာ ကျွန်​တော်​တို့ အသက် ၇၀၊ ၈၀ လောက် မဟုတ်​ဘဲ ထာ​ဝ​စဉ် အသက်​ရှင်​ကြ​မှာ။ လှ​ပတဲ့​ပရ​ဒိ​သု​မှာ “ထာ​ဝ​ရ​အသက်” ကို ရ​ရှိ​ပါ​လိမ့်​မယ်။ ဒေါင်​ဒေါင်​မြည် ကျန်း​မာ​ပြီး ငြိမ်သက်​ပျော်​ရွှင်​စွာ နေ​ထိုင်​ရ​ပါ​လိမ့်​မယ်။ အဲ​ဒါ​ကို ကျမ်း​စာ​မှာ “စစ်​မှန်​တဲ့​အသက်” လို့​ခေါ်​တယ်။ စစ်​မှန်​တဲ့​အသက် ပေး​မယ်​လို့ ယေဟောဝါ ကတိ​ပြု​ထား​တယ်။ ဒါ​ပေမဲ့ စစ်​မှန်​တဲ့​အသက် ရ​နိုင်​ဖို့ ကျွန်​တော်​တို့​ဘက်​က အစွမ်း​ကုန် ကြိုး​စား​ရ​မယ်။—၁ တိမောသေ ၆:၁၂၊ ၁၉

၂၂။ (က) “စစ်​မှန်​တဲ့​အသက်” ကို ဘယ်​လို​ရ​နိုင်​သလဲ။ (ခ) ထာ​ဝ​ရ​အသက်​ဟာ ဘာ​ကြောင့် ကျွန်​တော်​တို့ ရ​သင့်​ရ​ထိုက်​တဲ့​အရာ မဟုတ်​သလဲ။

၂၂ “စစ်​မှန်​တဲ့​အသက်” ကို ဘယ်​လို​ရ​နိုင်​သလဲ။ “ကောင်း​မှု​ပြု​ဖို့၊ မွန်​မြတ်​တဲ့​လုပ်​ရပ်တွေ အများ​ကြီး လုပ်​ဆောင်​ဖို့” လို​တယ်။ (၁ တိမောသေ ၆:၁၈) ကျမ်း​စာ​က​နေ လေ့​လာ​သိ​ရှိ​လာ​တာ​တွေ​ကို လက်​တွေ့​ကျင့်​သုံး​ရ​မယ်​ဆို​တဲ့ သဘော​ပဲ။ ဒါ​ပေမဲ့ ကိုယ်​ပိုင်​အစွမ်း​အစ​နဲ့​တော့ စစ်​မှန်​တဲ့​အသက် မရ​နိုင်​ဘူး။ ထာ​ဝ​ရ​အသက်​ဆို​တာ သစ္စာ​ရှိ​ကျေး​ကျွန်​တွေ​ကို “မဟာ​ကရု​ဏာ​တော်” ကြောင့် ယေဟောဝါ​ပေး​တဲ့ ဆု​လက်​ဆောင်​ဖြစ်​တယ်။ ကျွန်​တော်​တို့ ရ​သင့်​ရ​ထိုက်​လို့ရ​တာ မဟုတ်​ဘူး။ (ရော​မ ၅:၁၅) ကျွန်​တော်​တို့​ရဲ့ ကောင်း​ကင်​ဖခင်​က သစ္စာ​ရှိ​ကျေး​ကျွန်​တွေ​ကို ဒီ​လက်​ဆောင် တ​ကယ်​ပေး​ချင်​နေ​တာ။

၂၃။ အခု​ချိန်​မှာ ဘာ​ကြောင့် မှန်​ကန်​တဲ့​ရွေး​ချယ်​မှု ပြု​လုပ်​ဖို့​လို​သလဲ။

၂၃ ‘ဘု​ရား​နှစ်​သက်​တဲ့​နည်း​အတိုင်း ငါ​ဝတ်​ပြု​နေ​သလား’ လို့ ကိုယ့်​ကိုယ်​ကိုယ် မေး​ပါ။ ပြု​ပြင်​ပြောင်း​လဲ​ဖို့ လို​တယ်​ဆို​ရင် ချက်​ချင်း ပြု​ပြင်​ပြောင်း​လဲ​ပါ။ ယေဟောဝါ​ကို အား​ထား​ပြီး ကိုယ်​တော့်​ကို အတတ်​နိုင်​ဆုံး နာ​ခံ​မယ်​ဆို​ရင် ယေဟောဝါ​ဟာ ကျွန်​တော်​တို့​ရဲ့​ခိုလှုံ​ရာ ဖြစ်​ပါ​လိမ့်​မယ်။ ယေဟောဝါ​က သစ္စာ​ရှိ​သူ​တွေ​ကို စာ​တန့်​ဆိုး​ညစ်​တဲ့ လော​က​ရဲ့ နောက်​ဆုံး​ကာလ​အတွင်း ကာ​ကွယ်​ပေး​မယ်။ ကတိ​ပြု​ထား​တဲ့​အတိုင်း ပရ​ဒိ​သု​မှာ ကျွန်​တော်​တို့ ထာ​ဝ​စဉ် အသက်​ရှင်​နိုင်​အောင် ကျိန်း​သေ လုပ်​ဆောင်​ပေး​မယ်။ အခု​ချိန်​မှာ မှန်​ကန်​တဲ့​ရွေး​ချယ်​မှု ပြု​လုပ်​မယ်​ဆို​ရင် စစ်​မှန်​တဲ့​အသက်​ကို သင် ပိုင်​ဆိုင်​နိုင်​ပါ​လိမ့်​မယ်။