အခန်း​တစ်

ဘုရားသခင်ဟာ ဘယ်သူလဲ

ဘုရားသခင်ဟာ ဘယ်သူလဲ

၁၊ ၂။ ဘယ်​မေး​ခွန်း​တွေ​ကို လူ​တွေ မေး​တတ်​ကြ​သလဲ။

ကလေး​တွေ​ဟာ အမေး​အမြန်း​ထူ​တယ်။ သင် အဖြေပေး​လိုက်​ပေမဲ့ ‘ဘာ​ဖြစ်​လို့​လဲ’ လို့ ထပ်​မေး​လေ့​ရှိ​တယ်။ အတတ်​နိုင်​ဆုံး ရှင်း​ပြရင်​လည်း ‘ဘာ​ဖြစ်​လို့​လဲ’ ဆို​ပြီး ထပ်​မေး​ဦး​မှာ​ပဲ။

လူ​ကြီး​လူငယ်​မရွေး ကျွန်​တော်​တို့​အားလုံး မေး​ခွန်း​မေး​တတ်​ကြ​တယ်။ လမ်း မသိ​တဲ့​အခါ၊ အချိန် မသိ​တဲ့​အခါ​မျိုး​မှာ မေး​ခွန်း​မေး​တတ်​ကြ​တယ်။ လက်​ရှိ​အသက်​တာ​နဲ့ အနာ​ဂတ်​အကြောင်း အရေး​ကြီး​မေး​ခွန်း​တွေ​လည်း မေး​ကြ​တယ်။ ဒါ​ပေမဲ့ ကျေ​နပ်​လောက်​တဲ့​အဖြေ မရ​တဲ့​အခါ အဖြေရ​ဖို့ မကြိုး​စား​ကြ​တော့​ဘူး။

၃။ အရေး​ကြီး​မေး​ခွန်း​တွေရဲ့ အဖြေကို မရ​နိုင်​ဘူး​လို့ လူ​အများ ဘာ​ကြောင့် ထင်​ကြ​သလဲ။

ကျွန်​တော်​တို့​မေး​လေ့​ရှိ​တဲ့ အရေး​ကြီး​မေး​ခွန်း​တွေရဲ့​အဖြေ ကျမ်း​စာ​မှာ ရှိ​သလား။ ရှိ​တယ်​လို့ တ​ချို့​ထင်​ကြ​တယ်။ ဒါ​ပေမဲ့ ကျမ်း​စာ​ဟာ နား​လည်​ရ​ခက်​လွန်း​တယ်၊ ဆ​ရာတွေ၊ ဘာ​သာ​ရေး​ခေါင်း​ဆောင်​တွေ​ပဲ ရှင်း​ပြပေး​နိုင်​တယ်​လို့ ထင်​ကြ​တယ်။ တ​ချို့​ကျ​တော့​လည်း မသိ​ဘူး​လို့ ပြော​ရ​မှာ ရှက်​ကြ​တယ်။ သင်​ကော ဘယ်​လို​ထင်​သလဲ။

၄၊ ၅။ သင် ဘယ်​အရေး​ကြီး​မေး​ခွန်း​တွေ မေး​ချင်​သလဲ။ အဖြေရ​ဖို့ ဘာ​ကြောင့် ဆက်​ကြိုး​စား​သင့်​သလဲ။

ဘဝ​ရည်​ရွယ်​ချက်​ဟာ ဘာ​လဲ၊ လူ​သေရင် ဘာ​ဖြစ်​သွား​သလဲ၊ ဘု​ရား​သခင်​ဟာ ဘယ်​လို​ပု​ဂ္ဂိုလ်​မျိုး​လဲ​ဆို​တဲ့ မေး​ခွန်း​တွေရဲ့ အဖြေကို သင် သိ​ချင်​မှာ​ပဲ။ လူ​သိ​များ​တဲ့ ဆ​ရာ​ယေရှု​က “တောင်း​မြဲတောင်း​ပါ၊ ရ​လိမ့်​မယ်။ ရှာ​မြဲရှာ​ပါ၊ တွေ့​လိမ့်​မယ်။ ခေါက်​မြဲခေါက်​ပါ၊ တံခါး​ပွင့်​လာ​လိမ့်​မယ်” လို့​ပြော​တယ်။ (မဿဲ ၇:၇) ဒါ​ကြောင့် စိတ်​ချ​ရ​တဲ့​အဖြေ မရ​မချင်း လက်​မလျှော့​လိုက်​ပါ​နဲ့။

“ရှာ​မြဲရှာ” မယ်​ဆို​ရင် ကျမ်း​စာ​မှာ အဖြေတွေ့​ပါ​လိမ့်​မယ်။ (ပညာ​အလိမ္မာ ၂:၁-၅) အဲဒီ​အဖြေတွေ​ဟာ နား​လည်​ရ မခက်​ပါ​ဘူး။ သင် သိ​ရှိ​လာ​တာ​တွေ​ဟာ လက်​ရှိ​အသက်​တာ​မှာ ပျော်​ရွှင်​စေ​တဲ့​အပြင် အနာ​ဂတ်​မှာ​လည်း သိပ်​ကောင်း​တဲ့ မျှော်​လင့်​ချက် ရှိ​စေ​တယ်။ အခု၊ လူ​အများ​ကို စိတ်​ရှုပ်​စေ​တဲ့​မေး​ခွန်း​တစ်​ခု သုံးသပ်​ကြ​စို့။

ဘု​ရား​သခင်​ဟာ ဂရု​စိုက်​တတ်​တဲ့ ဘု​ရား​လား

၆။ လူ​တ​ချို့​ဟာ သူတို့​ဆင်း​ရဲ​ဒုက္ခ​ကြုံ​နေ​ရ​တာ​ကို ဘု​ရား​သခင် ဂရု​မစိုက်​ဘူး​လို့ ဘာ​လို့​ထင်​ကြ​သလဲ။

ကျွန်​တော်​တို့​ကို ဘု​ရား​သခင် ဂရု​မစိုက်​ဘူး​လို့ လူ​အများ ထင်​ကြ​တယ်။ ဘု​ရား​သာ တ​ကယ်​ဂရု​စိုက်​ရင် ကမ္ဘာ​ကြီး အခု​လို​ဖြစ်​နေ​မှာ မဟုတ်​ဘူး​လို့ ယူ​ဆ​ကြ​တယ်။ နေ​ရာ​တ​ကာ​မှာ စစ်​ပွဲ​တွေ၊ မုန်း​တီး​မှု​တွေ၊ စိတ်​ဆင်း​ရဲ​စ​ရာတွေ​ချည်း​ပဲ။ လူ​တွေ ဖျား​နာ​ကြ​တယ်။ ဝေ​ဒ​နာ ခံစား​ပြီး သေဆုံး​နေ​ကြ​တယ်။ တ​ချို့​က ‘ဘု​ရား​သခင်​သာ လူ​တွေ​ကို ဂရု​စိုက်​ရင် ဒီ​ဆင်း​ရဲ​ဒုက္ခတွေ မရှိ​တော့​အောင် ဘာ​လို့ မလုပ်​ပေး​တာ​လဲ’ ဆို​တာ သိ​ချင်​ကြ​တယ်။

၇။ (က) ဘု​ရား​သခင်​ကို ရက်​စက်​တဲ့​ဘု​ရားလို့ လူ​တွေ​ထင်​အောင် ဘာ​သာ​ရေး​ခေါင်း​ဆောင်​တွေ ဘယ်​လို သွန်သင်​ကြ​သလဲ။ (ခ) မကောင်း​မှု​တွေ​အတွက် ဘု​ရား​သခင်​ကို အပြစ်​တင်​လို့​မရ​ဘူး​ဆို​တာ ဘာ​ကြောင့် သေချာ​ပေါက် ပြော​နိုင်​သလဲ။

တစ်​ခါ​တစ်​ရံ ဘာ​သာ​ရေး​ခေါင်း​ဆောင်​တွေ​ဟာ ဘု​ရား​သခင်​ကို ရက်​စက်​တဲ့​ဘု​ရားလို့ လူ​တွေ​ထင်​အောင် လုပ်​ကြ​တယ်။ အဖြစ်​ဆိုး​တစ်​ခု ကြုံရ​တဲ့​အခါ ဒါ​ဟာ ဘု​ရား​အလို​တော်​ပဲ၊ ဘု​ရား​က အဲဒီ​အတိုင်း ဖြစ်​စေ​ချင်​တာ​လို့ သူတို့​ပြော​ကြ​တယ်။ တ​ကယ်​တော့ ဒါ​ဟာ ဘု​ရား​သခင်​ကို အပြစ်​တင်​နေ​တာ​ပဲ။ မကောင်း​မှု​တွေရဲ့ အရင်း​ခံ​ဟာ ဘု​ရား​သခင် မဟုတ်​ဘူး​လို့ ကျမ်း​စာ သွန်သင်​တယ်။ ဘု​ရား​သခင်​ဟာ ဘယ်​သူ့​ကို​မှ မကောင်း​တဲ့​အရာ​နဲ့ မစမ်း​သပ်​ဘူး။ “စမ်း​သပ်​မှု ကြုံရ​တဲ့​အခါ ‘ငါ့​ကို ဘု​ရား​သခင် စမ်း​သပ်​နေ​တာ​ပဲ’ လို့ မပြော​ကြ​နဲ့။ မကောင်း​တဲ့​အရာတွေ​နဲ့ ဘု​ရား​သခင်​ကို ဘယ်​သူ​မှ စမ်း​သပ်​လို့ မရ​သလို ဘု​ရား​သခင်​က​လည်း ဘယ်​သူ့​ကို​မှ မကောင်း​တဲ့​အရာ​နဲ့ မစမ်း​သပ်​ဘူး” လို့ ယာကုပ် ၁:၁၃ မှာ​ပြော​ထား​တယ်။ ဘု​ရား​သခင်​ဟာ မကောင်း​မှု​တွေ​ကို မဖယ်​ရှား​သေး​ပေမဲ့ မကောင်း​မှု​ဖြစ်​ပေါ်​အောင် ဘယ်​တော့​မှ မလုပ်​ဘူး​ဆို​တဲ့​သဘော​ပဲ။ (ယောဘ ၃၄:၁၀–၁၂ ကို​ဖတ်​ပါ။) ဥပမာ​တစ်​ခု သုံးသပ်​ရ​အောင်။

၈၊ ၉။ ဒုက္ခ​ပြဿ​နာ​တွေ​အတွက် ဘု​ရား​သခင်​ကို အပြစ်​တင်​တာ ဘာ​ကြောင့် တ​ရား​နည်း​လမ်း မကျ​သလဲ။ ဥပမာ​ပေး​ပါ။

မိ​ဘ​နဲ့​အတူ နေ​ထိုင်​တဲ့ လူငယ်​တစ်​ယောက်​အကြောင်း စဉ်း​စား​ကြည့်​ပါ။ အဖေက သူ့​ကို သိပ်​ချစ်​ပြီး ဆုံး​ဖြတ်​ချက်​ကောင်း​တွေ ချ​တတ်​အောင် သင်​ပေး​တယ်။ ဒါ​ပေမဲ့ အဲဒီ​လူငယ်​ဟာ အဖေ့​ကို ပုန်​ကန်​ပြီး အိမ်​ပေါ်​က ဆင်း​သွား​တယ်။ မကောင်း​တာ​တွေ​လုပ်​ပြီး ဒုက္ခရောက်​သွား​တယ်။ အိမ်​ပေါ်​က ဆင်း​သွား​တာ​ကို မတား​လို့ သား​ဒုက္ခရောက်​တဲ့​အခါ အဖေဖြစ်​သူ​ကို အပြစ်​တင်​မလား။ အပြစ်​တင်​လို့​မရ​ဘူး။ (လုကာ ၁၅:၁၁-၁၃) အဲဒီ​ဖခင်​လို​ပဲ ဘု​ရား​သခင်​က​လည်း လူ​တွေ ပုန်​ကန်​ပြီး မကောင်း​တာ​လုပ်​တာ​ကို မတား​ဆီး​ပေး​ဘူး။ ဒါ​ကြောင့် အဖြစ်​ဆိုး​ကြုံရ​တဲ့​အခါ ဘု​ရား​သခင်​ကြောင့် မဟုတ်​မှန်း ကျွန်​တော်​တို့ သိ​ထား​သင့်​တယ်။ ဘု​ရား​သခင်​ကို အပြစ်​တင်​တာ​ဟာ တ​ရား​နည်း​လမ်း မကျ​ဘူး။

မကောင်း​မှု​တွေ​ကို ဘု​ရား​သခင် မဖယ်​ရှား​သေး​တာ​ဟာ အကြောင်း​ကောင်း ရှိ​တယ်။ ဒါ​နဲ့​ပတ်​သက်​ပြီး ကျမ်း​စာ​ဘာ​ပြော​သလဲ​ဆို​တာ အခန်း ၁၁ မှာ ရှင်း​ပြထား​တယ်။ ကျွန်​တော်​တို့​ကို ဘု​ရား​သခင် ချစ်​တယ်၊ ကျွန်​တော်​တို့​ရဲ့ ဒုက္ခ​ပြဿ​နာ​တွေ​အတွက် ဘု​ရား​သခင်​ကို အပြစ်​တင်​လို့ မရ​ဘူး​ဆို​တာ သေချာ​တယ်။ တ​ကယ်​တော့ ဘု​ရား​သခင်​တစ်ပါး​တည်း​သာ ဒုက္ခ​ပြဿ​နာ​တွေ​ကို ဖြေရှင်း​ပေး​နိုင်​တယ်။—ဟေ​ရှာ​ယ ၃၃:၂

၁၀။ လူ​ဆိုး​တွေ​ကြောင့် ဖြစ်​ပေါ်​လာ​တဲ့ ထိ​ခိုက်​ပျက်​စီး​မှု​မှန်​သမျှ​ကို အကောင်း​အတိုင်း ပြန်​ဖြစ်​အောင် ဘု​ရား လုပ်​ပေး​မယ်​ဆို​တာ ဘာ​ကြောင့် စိတ်​ချ​နိုင်​သလဲ။

၁၀ ဘု​ရား​သခင်​ဟာ သန့်​ရှင်း​တယ်။ (ဟေ​ရှာ​ယ ၆:၃) ဘု​ရား​သခင်​လုပ်​ဆောင်​သမျှ သန့်​ရှင်း​စင်​ကြယ်​ပြီး ကောင်း​မွန်​တယ်။ ဒါ​ကြောင့် ဘု​ရား​ကို ယုံကြည်​စိတ်​ချ​နိုင်​တယ်။ လူ​တွေ​ကို​တော့ ယုံ​ကြည်​စိတ်​ချ​လို့ မရ​ဘူး။ အမှား​တွေ လုပ်​တတ်​ကြ​တယ်။ ရိုး​သား​ဖြောင့်​မတ်​တဲ့ အုပ်​စိုး​ရှင်​တောင် လူ​ဆိုး​တွေ​ကြောင့် ဖြစ်​ပေါ်​လာ​တဲ့ ထိ​ခိုက်​ပျက်​စီး​မှု​မှန်​သမျှ​ကို အကောင်း​အတိုင်း ပြန်​ဖြစ်​အောင် မလုပ်​ပေး​နိုင်​ဘူး။ ဘု​ရား​သခင်​လောက် ဘယ်​သူ​မှ အစွမ်း​တန်ခိုး မရှိ​ဘူး။ လူ​ဆိုး​တွေ​ကြောင့် ဖြစ်​ပေါ်​လာ​တဲ့ ထိ​ခိုက်​ပျက်​စီး​မှု​မှန်​သမျှ​ကို အကောင်း​အတိုင်း ပြန်​ဖြစ်​အောင် ဘု​ရား​သခင် လုပ်​ပေး​နိုင်​စွမ်း​ရှိ​သလို လုပ်​လည်း လုပ်​ပေး​မယ်။ မကောင်း​မှု​တွေ လုံး​ဝ​မရှိ​တော့​အောင် ကိုယ်​တော် လုပ်​ပေး​ပါ​လိမ့်​မယ်။—ဆာလံ ၃၇:၉–၁၁ ကို​ဖတ်​ပါ။

လူ​တွေ ဒုက္ခ​ကြုံရ​တဲ့​အခါ ဘု​ရား​သခင် ဘယ်​လို​ခံစား​ရ​သလဲ

၁၁။ သင် ဒုက္ခ​ကြုံရ​တဲ့​အခါ ဘု​ရား​သခင် ဘယ်​လို​ခံစား​ရ​သလဲ။

၁၁ ကမ္ဘာ​မှာ ဖြစ်​ပျက်​နေ​တာ​တွေ၊ သင် ဒုက္ခ​ကြုံ​နေ​ရ​တာ​တွေ​ကို မြင်​တဲ့​အခါ ဘု​ရား​သခင် ဘယ်​လို​ခံစား​ရ​သလဲ။ ဘု​ရား​သခင်​ဟာ “တ​ရား​မျှ​တ​မှု​ကို မြတ်​နိုး​တယ်” ဆို​ပြီး ကျမ်း​စာ​မှာ ပြော​ထား​တယ်။ (ဆာလံ ၃၇:၂၈) ဒါ​ကြောင့် ဘု​ရား​သခင်​ဟာ အမှား​အမှန်​နဲ့​ပတ်​သက်​တဲ့ မိမိ​ရဲ့​စံနှုန်း​တွေ​ကို အလွန်​အလေး​ထား​တယ်။ လူ​တွေ ဒုက္ခ​ကြုံ​နေ​ရ​တာ​ကို ကိုယ်​တော် မနှစ်​သက်​ဘူး။ တစ်​ချိန်​က ကမ္ဘာ​ပေါ်​မှာ ဆိုး​သွမ်း​မှု​တွေ ပြည့်​နေ​တာ​ကို မြင်​တဲ့​အခါ ကိုယ်​တော် “စိတ်​ထိ​ခိုက်​မိ​တယ်” လို့ ကျမ်း​စာ​ပြော​တယ်။ (ကမ္ဘာဦး ၆:၅၊ ၆) ဘု​ရား​သခင်​ဟာ မပြောင်း​လဲ​တတ်​ဘူး။ (မာလခိ ၃:၆) သင့်​ကို ဘု​ရား​သခင် တ​ကယ်​ဂရု​စိုက်​တယ်​လို့ ကျမ်း​စာ​ပြော​တယ်။—၁ ပေတရု ၅:၇ ကို​ဖတ်​ပါ။

ယေဟောဝါ​ဟာ မေတ္တာ​ရှိ​တဲ့ စ​ကြ​ဝ​ဠာ​ဖန်​ဆင်း​ရှင် ဖြစ်​တယ်​လို့ ကျမ်း​စာ​သွန်သင်

၁၂၊ ၁၃။ (က) တ​ခြား​သူ​တွေ​ကို ကျွန်​တော်​တို့ ချစ်​ပြီး ဂရု​စိုက်​တတ်​တာ ဘာ​ကြောင့်​လဲ။ ဆင်း​ရဲ​ဒုက္ခတွေ​ကို မြင်​တဲ့​အခါ သင် ဘယ်​လို​ခံစား​ရ​သလဲ။ (ခ) ဆင်း​ရဲ​ခက်​ခဲ​မှု​နဲ့ မတ​ရား​မှု​တွေ​ကို ဘု​ရား​သခင် ဖယ်​ရှား​ပေး​မယ်​ဆို​တာ ဘာ​ကြောင့် စိတ်​ချ​နိုင်​သလဲ။

၁၂ ဘု​ရား​သခင်​က မိမိ​ရဲ့ ပုံ​သဏ္ဌာန်​အတိုင်း လူ​တွေ​ကို ဖန်​ဆင်း​တယ်​လို့ ကျမ်း​စာ​ပြော​တယ်။ (ကမ္ဘာဦး ၁:၂၆) ဘု​ရား​သခင်​မှာ​ရှိ​တဲ့ အရည်​အသွေး​ကောင်း​တွေ ထည့်​သွင်း​ဖန်​ဆင်း​ထား​တယ်​ဆို​တဲ့ အဓိပ္ပာယ်​ပဲ။ ဒါ​ကြောင့် အပြစ်​မဲ့​သူ​တွေ ဒုက္ခရောက်​နေ​တာ မြင်​တဲ့​အခါ သင် စိတ်​မကောင်း​ဖြစ်​မိ​ရင် ဘု​ရား​သခင်​သာ​ဆို ပို​ပြီး​စိတ်​မကောင်း​ဖြစ်​မှာ​ပဲ။ ဒါ​ကို ဘယ်​လို​သိ​နိုင်​သလဲ။

၁၃ “ဘု​ရား​သခင်​ဟာ ချစ်​ခြင်း​မေတ္တာ​ဖြစ်” တယ်​လို့ ကျမ်း​စာ​သွန်သင်​တယ်။ (၁ ယောဟန် ၄:၈) ဘု​ရား​လုပ်​ဆောင်​သမျှ​ဟာ မေတ္တာ​ကို အရင်း​ခံ​တယ်။ ဘု​ရား​သခင် ချစ်​တတ်​လို့ ကျွန်​တော်​တို့​လည်း ချစ်​တတ်​ကြ​တယ်။ စဉ်း​စား​ကြည့်​ပါ– သင့်​မှာ တန်ခိုး​ရှိ​ရင် ကမ္ဘာ​ပေါ်​က ဆင်း​ရဲ​ခက်​ခဲ​မှု၊ မတ​ရား​မှု​တွေ​ကို ဖယ်​ရှား​ပေး​မယ် မဟုတ်​လား။ ဖယ်​ရှား​ပေး​မှာ​ပေါ့၊ လူ​တွေ​ကို ချစ်​တာ​ကိုး။ ဒါ​ဆို​ရင် ဘု​ရား​သခင်​ကော။ ကိုယ်​တော့်​မှာ တန်ခိုး​ရှိ​တဲ့​အပြင် ကျွန်​တော်​တို့​ကို ချစ်​တဲ့​အတွက် ဆင်း​ရဲ​ခက်​ခဲ​မှု၊ မတ​ရား​မှု​တွေ​ကို ဖယ်​ရှား​ပေး​မယ်။ ဒီ​စာ​အုပ်​ရဲ့​အစ​မှာ ဖော်ပြထား​တဲ့ ဘု​ရားရဲ့​ကတိ​မှန်​သမျှ ပြည့်​စုံ​လာ​မယ်​ဆို​တာ စိတ်​ချ​နိုင်​တယ်။ ဒါ​ပေမဲ့ အဲဒီ​ကတိ​တွေ​ကို ယုံ​ကြည်​နိုင်​ဖို့​ဆို​ရင် ဘု​ရား​သခင်​အကြောင်း ပို​သိ​ဖို့​လို​တယ်။

ဘု​ရား​သခင်​က သူ့​အကြောင်း သိ​စေ​ချင်​တယ်

တစ်​ယောက်​ယောက်​နဲ့ မိတ်ဆွေ​ဖြစ်​ချင်​ရင် သင့်​နာ​မည်​ကို ပြော​ပြပြီး မိတ်​ဆက်​သလို ဘု​ရား​သခင်​က​လည်း သူ့​နာ​မည်​ကို ကျမ်း​စာ​မှာ ဖော်ပြ

၁၄။ ဘု​ရား​သခင်​ရဲ့​နာ​မည် ဘယ်​လို​ခေါ်​သလဲ။ ဘု​ရား​နာ​မည်​ကို ဘာ​ကြောင့် အသုံးပြုသင့်​သလဲ။

၁၄ တစ်​ယောက်​ယောက်​နဲ့ မိတ်ဆွေ​ဖြစ်​ချင်​တယ်​ဆို​ရင် အရင်​ဆုံး ဘာ​လုပ်​လေ့​ရှိ​သလဲ။ သင့်​နာ​မည်​ကို ပြော​ပြီး မိတ်​ဆက်​မှာ​ပဲ။ ဘု​ရား​သခင်​မှာ​ကော နာ​မည်​ရှိ​သလား။ ကိုယ်​တော့်​နာ​မည်​ဟာ ဘု​ရား​သခင် ဒါ​မှ​မဟုတ် သခင်​ဆို​ပြီး ဘာ​သာ​အများ​စု​က သင်​ပေး​တယ်။ ဒါ​ပေမဲ့ အဲ​ဒါ​တွေ​ဟာ နာ​မည်​မဟုတ်​ဘူး။ “ဘု​ရင်၊” “သမ္မ​တ” ဆို​တဲ့ အသုံး​အနှုန်း​တွေ​လို ဂုဏ်​ပုဒ်​တွေ​ပဲ။ ဘု​ရား​သခင်​က မိမိ​ရဲ့​နာ​မည်​ဟာ ယေဟောဝါ​ဖြစ်​တယ်​လို့ ပြော​ထား​တယ်။ “ယေဟောဝါ​လို့​နာ​မည်​ရှိ​တဲ့ ကိုယ်​တော်​တစ်ပါး​တည်း​သာ မြေတစ်​ပြင်​လုံး​မှာ အမြင့်​မြတ်​ဆုံး​အရှင်​ဖြစ်​မှန်း လူ​တွေ သိ​ကြ​ပါ​စေ” ဆို​ပြီး ဆာလံ ၈၃:၁၈ မှာ​ပြော​ထား​တယ်။ ကျမ်း​ရေး​သူ​တွေ​ဟာ ဘု​ရား​နာ​မည်​ကို အကြိမ်​ပေါင်း​ထောင်​နဲ့​ချီ အသုံး​ပြု​ခဲ့​ကြ​တယ်။ ယေဟောဝါ​က သူ့​နာ​မည်​ကို သိ​စေ​ချင်​တယ်၊ အသုံး​ပြု​စေ​ချင်​တယ်။ ဘု​ရား​က သူ​နဲ့​မိတ်ဆွေ​ဖြစ်​နိုင်​ဖို့ သူ့​နာ​မည်​ကို အသိ​ပေး​တယ်။

၁၅။ ယေဟောဝါ​ဆို​တဲ့​နာ​မည်​ရဲ့ အဓိပ္ပာယ်​ဟာ ဘာ​လဲ။

၁၅ ယေဟောဝါ​ဆို​တဲ့ နာ​မည်​ဟာ အဓိပ္ပာယ်​ကျယ်​ပြန့်​တယ်။ ကတိ​မှန်​သမျှ​ကို ဘု​ရား​သခင် ပြည့်​စုံ​စေ​နိုင်​တယ်၊ ရည်​ရွယ်​ထား​တဲ့​အတိုင်း ဖြစ်​အောင် လုပ်​နိုင်​တယ်​ဆို​တဲ့ အဓိပ္ပာယ်​ရှိ​တယ်။ ဘု​ရား​သခင်​ကို ဘာ​က​မှ မတား​ဆီး​နိုင်​ဘူး။ ယေဟောဝါ​တစ်ပါး​တည်း​သာ ဒီ​နာ​မည်​ကို ပိုင်​ဆိုင်​တယ်။ *

၁၆၊ ၁၇။ (က) “အနန္တ​တန်ခိုး​ရှင်၊” (ခ) “ထာ​ဝ​ရ​ဘု​ရင်၊” (ဂ) “ဖန်​ဆင်း​ရှင်” ရဲ့ အဓိပ္ပာယ်​ဟာ ဘာ​လဲ။

၁၆ ဆာလံ ၈၃:၁၈ မှာ ယေဟောဝါ​နဲ့​ပတ်​သက်​ပြီး ‘ကိုယ်​တော်​တစ်ပါး​တည်း​သာ အမြင့်​မြတ်​ဆုံး​အရှင် ဖြစ်​တယ်’ လို့​ပြော​တယ်။ “အနန္တ​တန်ခိုး​ရှင် ယေဟောဝါ​ဘု​ရား၊ ကိုယ်​တော်​ရဲ့ လုပ်​ဆောင်​မှု​တွေ​ဟာ ကြီး​မြတ်​ပြီး အံ့​သြစ​ရာ​ကောင်း​လှ​ပါ​တယ်။ အို ထာ​ဝ​ရ​ဘု​ရင်၊ နည်း​လမ်း​တော်​တွေ​ဟာ ဖြောင့်​မတ်​မှန်​ကန်​လှ​ပါ​တယ်” လို့ ဗျာဒိတ် ၁၅:၃ မှာ​လည်း ဖော်ပြထား​တယ်။ “အနန္တ​တန်ခိုး​ရှင်” ဆို​တဲ့​စကား​လုံး​ရဲ့ အဓိပ္ပာယ်​ဟာ ဘာ​လဲ။ စ​ကြ​ဝ​ဠာ​မှာ ယေဟောဝါ​သာ တန်ခိုး​အကြီး​ဆုံး​ဆို​တဲ့ အဓိပ္ပာယ်​ပဲ။ “ထာ​ဝ​ရ​ဘု​ရင်” ဆို​တာ​က ကိုယ်​တော် အစဉ်​အမြဲတည်​ရှိ​တယ်​ဆို​တဲ့ အဓိပ္ပာယ်​ပဲ။ ဘု​ရား​သခင်​ဟာ ထာ​ဝ​စဉ်​ထာ​ဝ​ရ တည်​ရှိ​တယ်​လို့ ဆာလံ ၉၀:၂ မှာ ပြော​ထား​တယ်။ ဒါ​ဟာ အံ့​သြစ​ရာ​ပဲ မဟုတ်​လား။

၁၇ ယေဟောဝါ​တစ်ပါး​တည်း​သာ ဖန်​ဆင်း​ရှင် ဖြစ်​တယ်။ “ယေဟောဝါ​ဘု​ရား၊ ကိုယ်​တော်​က အရာ​ခပ်​သိမ်း​ကို ဖန်​ဆင်း​ခဲ့​တယ်။ အရာ​ခပ်​သိမ်း​ဟာ အလို​တော်​ကြောင့် ဖန်​ဆင်း​ခံ​ရ​ပြီး တည်​ရှိ​နေ​တယ်။ ဒါ​ကြောင့် ဂုဏ်​တင်​မှု၊ ချီး​မွမ်း​မှု​နဲ့ အစွမ်း​ခွန်​အား​တွေ​ကို ကိုယ်​တော် ရ​ထိုက်​ပါ​တယ်” လို့ ဗျာဒိတ် ၄:၁၁ မှာ​ပြော​ထား​တယ်။ ကောင်း​ကင်​မှာ​ရှိ​တဲ့ ကောင်း​ကင်​တ​မန်​တွေ​က​အစ ကြယ်​တွေ၊ သစ်​သီး​တွေ၊ ပင်လယ်​ငါး​တွေ​အဆုံး သင် စဉ်း​စား​လို့ရ​နိုင်​သမျှ အရာ​အားလုံး​ကို ယေဟောဝါ ဖန်​ဆင်း​ထား​တယ်။

ဘု​ရား​သခင့်​မိတ်ဆွေ ဖြစ်​နိုင်​သလား

၁၈။ ဘု​ရားရဲ့​မိတ်ဆွေ မဖြစ်​နိုင်​ဘူး​လို့ တ​ချို့ ဘာ​ကြောင့် တွေး​မိ​နိုင်​သလဲ။ ဒါ​နဲ့​ပတ်​သက်​ပြီး ကျမ်း​စာ​မှာ ဘာ​ပြော​ထား​သလဲ။

၁၈ ယေဟောဝါ​ရဲ့ အံ့​ဖွယ်​အရည်​အသွေး​တွေ​အကြောင်း သိ​လာ​တဲ့​အခါ တ​ချို့​က ကြောက်​စိတ်​ဝင်​ပြီး ‘ဒီ​လောက်​တန်ခိုး​ကြီး​ပြီး အရေး​ပါ​တဲ့​ဘု​ရား၊ အလှမ်း​ဝေး​လွန်း​တဲ့​ဘု​ရား​က ငါ့​ကို ဂရု​စိုက်​ပါ့​မလား’ ဆို​ပြီး တွေး​မိ​ကြ​တယ်။ ဘု​ရား​သခင်​က ကျွန်​တော်​တို့​ကို အဲဒီ​လို ခံစား​စေ​ချင်​သလား။ မခံစား​စေ​ချင်​ဘူး။ ယေဟောဝါ​ဟာ မိမိ​နဲ့ ရင်း​နှီး​စေ​ချင်​တယ်။ ဘု​ရား​သခင်​ဟာ “ကျွန်​တော်​တို့​တစ်​ယောက်​နဲ့​မှ မဝေး​ပါ​ဘူး” လို့ ကျမ်း​စာ​မှာ ဖော်ပြတယ်။ (တမန်​တော် ၁၇:၂၇) ဘု​ရား​သခင်​က မိမိ​နဲ့ ရင်း​နှီး​အောင် ကြိုး​စား​စေ​ချင်​တယ်။ ဒါ​ဆို​ရင် သင်​နဲ့ “ရင်း​နှီး​လာ​လိမ့်​မယ်” ဆို​ပြီး ကတိ​ပေး​ထား​တယ်။—ယာကုပ် ၄:၈

၁၉။ (က) ဘယ်​လို​နည်း​နဲ့ ဘု​ရား​သခင့်​မိတ်​ဆွ ဖြစ်​နိုင်​သလဲ။ (ခ) ယေဟောဝါ​ရဲ့ ဘယ်​အရည်​အသွေး​ကို သင် အနှစ်​သက်​ဆုံး​လဲ။

၁၉ ဒါ​ဆို​ရင် ဘယ်​လို​နည်း​နဲ့ ဘု​ရား​သခင့်​မိတ်ဆွေ ဖြစ်​နိုင်​သလဲ။ “ထာ​ဝ​ရ​အသက် ရ​နိုင်​ဖို့​ဆို​ရင် တစ်​ဆူ​တည်း​သော စစ်​မှန်​တဲ့​ဘု​ရား​သခင် အဖကို​ရော အဖ စေ​လွှတ်​လိုက်​တဲ့ ယေရှု​ခ​ရစ်​ကို​ပါ သိ​ကျွမ်း​ကြ​ရ​မယ်” လို့ ယေရှု​ပြော​ခဲ့​တယ်။ (ယောဟန် ၁၇:၃) ဆက်​လေ့​လာ​ဆည်း​ပူး​မယ်​ဆို​ရင် ယေဟောဝါ​နဲ့ ယေရှု​ကို သိ​ကျွမ်း​လာ​မယ်။ ဒါ​ဆို​ရင် ထာ​ဝ​ရ​အသက် ရ​နိုင်​မယ်။ ဥပမာ၊ “ဘု​ရား​သခင်​ဟာ ချစ်​ခြင်း​မေတ္တာ​ဖြစ်​တယ်” ဆို​တာ ကျွန်​တော်​တို့ သိ​လာ​ကြ​ပြီ။ (၁ ယောဟန် ၄:၁၆) ဘု​ရား​သခင်​မှာ တ​ခြား​အရည်​အသွေး​ကောင်း​တွေ အများ​ကြီး ရှိ​သေး​တယ်။ ယေဟောဝါ​ဟာ ‘ကရု​ဏာ​ရှိ​ပြီး သနား​စာ​နာ​တတ်​တဲ့​ဘု​ရား၊ အမျက်​ထွက်​နှေး​ပြီး ခိုင်​မြဲတဲ့​မေတ္တာ​နဲ့ သစ္စာ​တ​ရား ကြီး​မား​တဲ့​ဘု​ရား’ ဖြစ်​တယ်​လို့ ကျမ်း​စာ​မှာ ဖော်ပြထား​တယ်။ (ထွက်​မြောက်​ရာ ၃၄:၆) ယေဟောဝါ​ဟာ “ကောင်း​မြတ်​တယ်၊ ခွင့်​လွှတ်​ဖို့ အသင့်​ရှိ​တယ်။” (ဆာလံ ၈၆:၅) စိတ်​ရှည်​တဲ့၊ သစ္စာ​စောင့်​သိ​တဲ့​အရှင် ဖြစ်​တယ်။ (၂ ပေတရု ၃:၉။ ဗျာဒိတ် ၁၅:၄) ကျမ်း​စာ​မှာ ဘု​ရား​သခင်​အကြောင်း လေ့​လာ​တဲ့​အခါ ဘု​ရားရဲ့ အရည်​အသွေး​ကောင်း​တွေ​ကို ပို​သိ​လာ​မယ်။

၂၀-၂၂။ (က) မမြင်​ရ​တဲ့ ဘု​ရား​သခင်​နဲ့ ဘယ်​လို ရင်း​နှီး​နိုင်​သလဲ။ (ခ) ကျမ်း​စာ ဆက်​မလေ့​လာ​ဖို့ တား​ကြ​တဲ့​အခါ ဘာ​လုပ်​သင့်​သလဲ။

၂၀ မမြင်​ရ​တဲ့ ဘု​ရား​သခင်​နဲ့ ဘယ်​လို ရင်း​နှီး​နိုင်​သလဲ။ (ယောဟန် ၁:၁၈။ ၄:၂၄။ ၁ တိမောသေ ၁:၁၇) ကျမ်း​စာ​မှာ ယေဟောဝါ​အကြောင်း ဖတ်​ရ​တဲ့​အခါ ကိုယ်​တော့်​ကို တ​ကယ့်​ပု​ဂ္ဂိုလ်​အဖြစ် သိ​ကျွမ်း​လာ​တယ်။ (ဆာလံ ၂၇:၄။ ရော​မ ၁:၂၀) ယေဟောဝါ​အကြောင်း ပို​သိ​လာ​တာ​နဲ့​အမျှ ကိုယ်​တော့်​ကို ပို​ချစ်​ပြီး ပို​ရင်း​နှီး​လာ​ပါ​လိမ့်​မယ်။

ဖခင်​ဟာ သား​သမီး​တွေ​ကို ချစ်​တယ်။ ကောင်း​ကင်​ဖခင်​က ကျွန်​တော်​တို့​ကို ပို​ပြီး​ချစ်​တယ်

၂၁ ယေဟောဝါ​ဟာ ကျွန်​တော်​တို့​ရဲ့​ဖခင်​ဖြစ်​မှန်း သင် နား​လည်​လာ​ပါ​လိမ့်​မယ်။ (မဿဲ ၆:၉) ကိုယ်​တော်​က ကျွန်​တော်​တို့​ကို အသက်​ပေး​ထား​တဲ့​အပြင် အကောင်း​ဆုံး အသက်​တာ​ကို ပိုင်​ဆိုင်​စေ​ချင်​တယ်။ မေတ္တာ​ရှိ​တဲ့​ဖခင်​ဟာ သား​သမီး​တွေ​ကို အဲဒီ​လို​ပဲ ဖြစ်​စေ​ချင်​တယ်။ (ဆာလံ ၃၆:၉) သင်​ဟာ ယေဟောဝါ​ရဲ့​မိတ်ဆွေ ဖြစ်​နိုင်​တယ်​လို့ ကျမ်း​စာ​သွန်သင်​တယ်။ (ယာကုပ် ၂:၂၃) စ​ကြ​ဝ​ဠာ​ဖန်​ဆင်း​ရှင် ယေဟောဝါ​ဟာ သင့်​ကို သူ့​မိတ်ဆွေ ဖြစ်​စေ​ချင်​တယ်​ဆို​တဲ့​အချက်​ကို စဉ်း​စား​ကြည့်​ပါ။

၂၂ တ​ချို့​က သင် ဘာ​သာ​ပြောင်း​မှာ စိုး​ရိမ်လို့ ကျမ်း​စာ ဆက်​မလေ့​လာ​ဖို့ တား​ကြ​မှာ​ပဲ။ ဘု​ရား​သခင်​နဲ့ မိတ်ဆွေ​မဖြစ်​အောင် ဘယ်​သူ​ပဲ​တား​တား ခွင့်​မပြု​လိုက်​ပါ​နဲ့။ ဘု​ရား​သခင်​ဟာ အကောင်း​ဆုံး မိတ်ဆွေ​ပါ​ပဲ။

၂၃၊ ၂၄။ (က) ဘာ​ကြောင့် မေး​ခွန်း​တွေ ဆက်​မေး​သင့်​သလဲ။ (ခ) နောက်​အခန်း​မှာ ဘာ​အကြောင်း လေ့​လာ​မလဲ။

၂၃ ကျမ်း​စာ​လေ့​လာ​တဲ့​အခါ သင် နား​မလည်​တာ​တွေ ရှိ​မယ်။ မေး​ခွန်း​မေး​ဖို့၊ အကူ​အညီ​တောင်း​ဖို့ မရှက်​ပါ​နဲ့။ ကျွန်​တော်​တို့​ဟာ က​လေး​တွေ​လို နှိမ့်​ချ​မှု​ရှိ​ရ​မယ်​လို့ ယေရှု သင်​ပေး​ခဲ့​တယ်။ (မဿဲ ၁၈:၂-၄) က​လေး​တွေ​ဟာ အမေး​အမြန်း​ထူ​တယ်။ ဘု​ရား​သခင်​က သင့်​ကို အဖြေရှာ​တွေ့​စေ​ချင်​တယ်။ သင်​ယူ​သိ​ရှိ​ထား​တာ​တွေ​ဟာ အမှန်​တ​ရား ဟုတ်​မဟုတ် သိ​နိုင်​ဖို့ ကျမ်း​စာ​ကို အသေအချာ လေ့​လာ​ပါ။—တမန်​တော် ၁၇:၁၁ ကို​ဖတ်​ပါ။

၂၄ ကျမ်း​စာ​လေ့​လာ​တာ​ဟာ ယေဟောဝါ​အကြောင်း သင်​ယူ​နိုင်​တဲ့ အကောင်း​ဆုံး​နည်း​ပဲ။ ကျမ်း​စာ​ဟာ တ​ခြား​ဘယ်​စာ​အုပ်​နဲ့​မှ မတူ​ရ​တဲ့​အကြောင်း​ရင်း​ကို နောက်​အခန်း​မှာ လေ့​လာ​ကြ​မယ်။

^ စာပိုဒ်၊ 15 သင့်​ကျမ်း​စာ​မှာ ဘု​ရား​နာ​မည် မပါ​ဘူး​ဆို​ရင်၊ ဘု​ရား​နာ​မည်​ရဲ့ အဓိပ္ပာယ်​နဲ့ အသံ​ထွက်​အကြောင်း ပို​သိ​ချင်​ရင် ရှင်း​လင်း​ချက် ၁ မှာ​ကြည့်​ပါ။