အခန်း​ဆယ့်​ခု​နစ်

ဆုတောင်းခြင်း အခွင့်ထူး

ဆုတောင်းခြင်း အခွင့်ထူး

“မိုးမြေကို ဖန်ဆင်းတဲ့အရှင်” က ကျွန်တော်တို့ရဲ့ ဆုတောင်းချက်ကို ကြားချင်တယ်။—ဆာလံ ၁၁၅:၁၅

၁၊ ၂။ ဆု​တောင်​ခြင်း​ဟာ လက်​ဆောင်​မွန်​ဖြစ်​တယ်​လို့ သင် ဘာ​ကြောင့်​ယူ​ဆ​သလဲ။ ဆုတောင်း​ခြင်း​နဲ့​ပတ်​သက်​ပြီး ကျမ်း​စာ​ပြော​ထား​တာ​ကို ဘာ​ကြောင့် သိ​ဖို့​လို​သလဲ။

စ​ကြ​ဝ​ဠာ​ကြီး​နဲ့ နှိုင်း​ယှဉ်​ကြည့်​ရင် ကမ္ဘာ​မြေဟာ သေး​သေး​လေး​ပါ။ ယေဟောဝါ​က ကမ္ဘာ​မြေကို ကြည့်​လိုက်​တဲ့​အခါ လူမျိုး​အားလုံး​ဟာ ရေ​ပုံး​ထဲ​က ရေ​စက်​တစ်​စက်​လို​ပါ​ပဲ။ (ဆာလံ ၁၁၅:၁၅။ ဟေ​ရှာ​ယ ၄၀:၁၅) စ​ကြ​ဝ​ဠာ​ကြီး​နဲ့ နှိုင်း​ယှဉ်​ကြည့်​ရင် ကျွန်​တော်​တို့​ဟာ ဘာ​မှ​မဟုတ်​ဘူး။ ဒါ​ပေမဲ့ ဆာလံ ၁၄၅:၁၈၊ ၁၉ မှာ “ယေဟောဝါ​ဟာ ဆုတောင်း​တဲ့​သူ​တိုင်း၊ စိတ်​ရင်း​မှန်​နဲ့ ဆုတောင်း​သူ​တိုင်း​ရဲ့ အနီး​အပါး​မှာ ရှိ​တယ်။ ကြောက်​ရွံ့​ရို​သေသူ​တွေရဲ့ ဆန္ဒ​ကို ဖြည့်​ဆည်း​ပေး​တယ်။ သူတို့ အော်​ဟစ်​အကူ​အညီ​တောင်း​တဲ့​အခါ နား​ထောင်​ပြီး ကယ်​တင်​တယ်” လို့​ပြော​တယ်။ တ​ကယ့်​အခွင့်​ထူး​ကြီး​ကို ကျွန်​တော်​တို့ ပိုင်​ဆိုင်​ထား​တာ​ပဲ။ အနန္တ​တန်ခိုး​ရှင်၊ ဖန်​ဆင်း​ရှင် ယေဟောဝါ​က ကျွန်​တော်​တို့ အနီး​အပါး​မှာ ရှိ​နေ​ပြီး ကျွန်​တော်​တို့​ရဲ့ ဆုတောင်း​ချက်​တွေ​ကို နား​ထောင်​ချင်​တယ်။ ဆု​တောင်​ခြင်း​ဟာ အခွင့်​ထူး​ပါ​ပဲ၊ ကျွန်​တော်​တို့​တစ်​ယောက်​စီ​ကို ယေဟောဝါ​ပေး​ထား​တဲ့ လက်​ဆောင်​မွန်​ပါ​ပဲ။

ဒါ​ပေမဲ့ ယေဟောဝါ​နှစ်​သက်​တဲ့​နည်း​နဲ့ ဆုတောင်း​မှ ကိုယ်​တော် နား​ထောင်​မယ်။ ဒါ​ဆို​ရင် ဘယ်​လို ဆုတောင်း​ရ​မလဲ။ ဆုတောင်း​ခြင်း​နဲ့​ပတ်​သက်​ပြီး ကျမ်း​စာ​ပြော​ထား​တာ​ကို ကြည့်​ရ​အောင်။

ယေဟောဝါ​ဆီ ဘာ​ကြောင့် ဆုတောင်း​ရ​မလဲ

၃။ ယေဟောဝါ​ဆီ ဘာ​ကြောင့် ဆုတောင်း​ရ​မလဲ။

ယေဟောဝါ​က သူ့​ကို ဆုတောင်း​ပြီး စကား​ပြော​စေ​ချင်​တယ်။ ဒါ​ကို ဘယ်​လို​သိ​နိုင်​သလဲ။ ဖိ​လိပ္ပိ ၄:၆၊ ၇ ကို​ဖတ်​ကြည့်​ပါ။ လှိုက်​လှဲ​တဲ့ အဲဒီ​ဖိတ်​ခေါ်​ချက်​အကြောင်း စဉ်း​စား​ကြည့်​ပါ။ စ​ကြ​ဝ​ဠာ​အုပ်​စိုး​ရှင်​က သင့်​ကို အလွန်​စိတ်​ဝင်​စား​တယ်၊ သင့်​ခံစား​ချက်​တွေ၊ အခက်​အခဲ​တွေ​အကြောင်း ရင်​ဖွင့်​ပြော​ပြစေ​ချင်​တယ်။

၄။ ယေဟောဝါ​ဆီ မှန်​မှန်​ဆုတောင်း​တဲ့​အခါ ကိုယ်​တော်​နဲ့ ရင်း​နှီး​မှု​နှောင်​ကြိုး ဘယ်​လို​ခိုင်​မြဲလာ​မလဲ။

ဆုတောင်း​ခြင်း​က ယေဟောဝါ​နဲ့ ရင်း​နှီး​တဲ့​ဆက်ဆံ​ရေး​ရှိ​အောင် ကျွန်​တော်​တို့​ကို ကူညီ​ပေး​တယ်။ ကိုယ့်​စိတ်​ကူး၊ စိုး​ရိမ်​သော​က၊ ခံစား​ချက်​တွေ​ကို အချင်း​ချင်း ပုံ​မှန်​ရင်​ဖွင့်​ပြော​ဆို​တဲ့​အခါ မိတ်ဆွေ​နှောင်​ကြိုး ပို​ခိုင်​မြဲလာ​တယ်။ ယေဟောဝါ​ဆီ ဆုတောင်း​တဲ့​အခါ​လည်း အဲဒီ​အတိုင်း​ပါ​ပဲ။ ဘု​ရား​သခင်​က သူ့​ရဲ့​စိတ်​ကူး​တွေ၊ ခံစား​ချက်​တွေ၊ အနာ​ဂတ်​မှာ လုပ်​ဆောင်​မယ့်​အရာတွေ​အကြောင်း ကျမ်း​စာ​က​တစ်ဆင့် သင့်​ကို အသိ​ပေး​ပြော​ပြတယ်။ သင်​လည်း ရင်​တွင်း​ခံစား​ချက်​တွေ​ကို ဘု​ရား​ဆီ ပုံ​မှန် ရင်​ဖွင့်​ပြော​ဆို​နိုင်​တယ်။ ဒါ​ဆို​ရင် ယေဟောဝါ​နဲ့ ရင်း​နှီး​မှု​နှောင်​ကြိုး ပို​ခိုင်​မြဲလာ​ပါ​လိမ့်​မယ်။—ယာကုပ် ၄:၈

ဆုတောင်း​ချက်​တွေ​ကို ဘု​ရား​နား​ထောင်​အောင် ဘာ​လုပ်​ရ​မလဲ

၅။ ဆုတောင်း​ချက်​တိုင်း​ကို ယေဟောဝါ နား​မထောင်​မှန်း ဘယ်​လို​သိ​ရ​သလဲ။

ဆုတောင်း​ချက်​တိုင်း​ကို ယေဟောဝါ နား​ထောင်​သလား။ နား​မထောင်​ဘူး။ ယေဟောဝါ​က ပရော​ဖက်​ဟေ​ရှာ​ယ​လက်​ထက်​မှာ အစ္စရေးတွေ​ကို “[မင်း​တို့] အကြိမ်​ကြိမ် ဆုတောင်း​ရင်​လည်း ငါ​နား​မထောင်​ဘူး။ မင်း​တို့​ရဲ့​လက်​တွေ သွေး​စွန်း​နေ​တာ​ကိုး” လို့​ပြော​တယ်။ (ဟေ​ရှာ​ယ ၁:၁၅) ဒါ​ကြောင့် ကျွန်​တော်​တို့ သတိ​မထား​ဘူး​ဆို​ရင် ဘု​ရား​သခင်​နဲ့ အလှမ်း​ဝေး​စေ​တဲ့​အရာတွေ လုပ်​မိ​နိုင်​ပြီး ကျွန်​တော်​တို့​ရဲ့​ဆုတောင်း​ချက်​ကို ဘု​ရား နား​မထောင်​တဲ့​အဖြစ်​မျိုး ရောက်​သွား​နိုင်​တယ်။

၆။ ယုံ​ကြည်​ခြင်း​ရှိ​ဖို့ ဘာ​ကြောင့် အရေး​ကြီး​သလဲ။ ယုံ​ကြည်​ခြင်း​ရှိ​ကြောင်း ဘယ်​လို​သက်​သေပြမလဲ။

ကျွန်​တော်​တို့​ရဲ့ ဆုတောင်း​ချက်​တွေ​ကို ယေဟောဝါ နား​ထောင်​စေ​ချင်​ရင် ကိုယ်​တော့်​ကို ယုံ​ကြည်​ရ​မယ်။ (မာကု ၁၁:၂၄) “ယုံ​ကြည်​ခြင်း​မရှိ​ရင် ဘု​ရား​သခင်​ရဲ့ စိတ်​တော်​နဲ့ မတွေ့​နိုင်​ဘူး။ ဘာ​လို့​လဲ​ဆို​တော့ ဘု​ရား​သခင်​ကို ဝတ်​ပြု​ကိုးကွယ်​မယ်​ဆို​ရင် ဘု​ရား​သခင် တည်​ရှိ​တယ်​ဆို​တာ ယုံ​ကြည်​ရ​မယ်။ ဘု​ရား​သခင်​ဟာ မိမိ​ကို ထက်​ထက်​သန်​သန် ရှာ​ဖွေ​သူ​ကို ဆု​ချ​တဲ့​အရှင်​ပဲ​ဆို​တာ​ကို​လည်း ယုံ​ကြည်​ရ​မယ်” လို့ တမန်​တော်​ပေါလု ပြော​တယ်။ (ဟီ​ဘ​ရူး ၁၁:၆) ယုံ​ကြည်​တယ်​လို့ ပြော​ရုံ​နဲ့ မလုံ​လောက်​ဘူး။ ယေဟောဝါ​ကို နေ့​စဉ် နာ​ခံ​ခြင်း​အား​ဖြင့် အဲဒီ​လို​ယုံ​ကြည်​ကြောင်း သက်​သေပြရ​မယ်။—ယာကုပ် ၂:၂၆ ကို​ဖတ်​ပါ။

၇။ (က) ယေဟောဝါ​ဆီ ဆုတောင်း​တဲ့​အခါ ဘာ​ကြောင့် နှိမ့်​ချ​မှု​ရှိ​ဖို့၊ လေး​စား​မှု​ပြဖို့ လို​သလဲ။ (ခ) ဆုတောင်း​တဲ့​အခါ စိတ်​ရင်း​မှန်​ကြောင်း ဘယ်​လို​ပြနိုင်​သလဲ။

ယေဟောဝါ​ဆီ ဆုတောင်း​တဲ့​အခါ နှိမ့်​ချ​မှု​ရှိ​ရ​မယ်၊ လေး​စား​မှု​ပြရ​မယ်။ ဘာ​ကြောင့်​လဲ။ ကျွန်​တော်​တို့​ဟာ ဘု​ရင် ဒါ​မှ​မဟုတ် သမ္မ​တ​နဲ့ စကား​ပြော​ခွင့်​ရရင် တ​လေး​တ​စား ပြော​ဆို​မှာ​ပဲ။ ယေဟောဝါ​ဟာ အနန္တ​တန်ခိုး​ရှင်​ဘု​ရား​သခင် ဖြစ်​တဲ့​အတွက် ကိုယ်​တော်​နဲ့ စကား​ပြော​တဲ့​အခါ ပို​ပြီး​တော့​တောင် လေး​စား​မှု​ပြဖို့၊ နှိမ့်​ချ​မှု​ရှိ​ဖို့ လို​တယ် မဟုတ်​လား။ (ကမ္ဘာဦး ၁၇:၁။ ဆာလံ ၁၃၈:၆) ယေဟောဝါ​ဆီ ဆုတောင်း​တဲ့​အခါ အကြောင်း​အရာ​တစ်​မျိုး​တည်း​ကို အထပ်​ထပ်​ရွတ်​တာ​မျိုး မဟုတ်​ဘဲ စိတ်​ရင်း​မှန်​နဲ့ လှိုက်​လှိုက်​လှဲ​လှဲ ဆုတောင်း​သင့်​တယ်။—မဿဲ ၆:၇၊ ၈

၈။ တစ်​ခု​ခု​အတွက် ဆုတောင်း​ပြီး​ရင် ဘာ​လုပ်​ဖို့​လည်း လို​သလဲ။

အဲဒီ​နောက် ကျွန်​တော်​တို့​ရဲ့ ဆုတောင်း​ချက်​နဲ့​အညီ အတတ်​နိုင်​ဆုံး ပြု​မူ​နေ​ထိုင်​ရ​မယ်။ ဥပမာ၊ နေ့​စဉ်​လို​အပ်​ရာတွေ​အတွက် ယေဟောဝါ​ဆီ ဆုတောင်း​မယ်​ဆို​ရင် ကိုယ် လုပ်​နိုင်​ရက်​သား​နဲ့ ယေဟောဝါ​ပေး​မှာ​ပဲ​ဆို​ပြီး အပျင်း​ကြီး​ကြီး ထိုင်​စောင့်​နေ​လို့ မရ​ဘူး။ အလုပ်​ကြိုး​စား​ရ​မယ်၊ အလုပ်​မရွေး​ရ​ဘူး။ (မဿဲ ၆:၁၁။ ၂ သက်သာ​လောနိတ် ၃:၁၀) မကောင်း​တဲ့​အကျင့်​တစ်​ခု​ကို ဖျောက်​နိုင်​အောင် ယေဟောဝါ​ဆီ ဆုတောင်း​တယ်​ဆို​ရင် အဲဒီ​အကျင့် လုပ်​မိ​စေ​နိုင်​တဲ့ အခြေ​အနေ​မှန်​သမျှ​ကို ရှောင်ရ​မယ်။ (ကောလောသဲ ၃:၅) ဆုတောင်း​ခြင်း​နဲ့​ပတ်​သက်​ပြီး မေး​တတ်​ကြ​တဲ့ မေး​ခွန်း​တ​ချို့​ကို သုံးသပ်​ကြည့်​ရ​အောင်။

ဆုတောင်း​ခြင်း​နဲ့​ပတ်​သက်​ပြီး မေး​တတ်​ကြ​တဲ့ မေး​ခွန်း​တွေ

၉။ ဘယ်​သူ့​ဆီ ဆုတောင်း​ရ​မလဲ။ ဆုတောင်း​ချက်​နဲ့​ပတ်​သက်​ပြီး ယောဟန် ၁၄:၆ က​နေ ဘာ​သိ​ရ​သလဲ။

ဘယ်​သူ့​ဆီ ဆုတောင်း​ရ​မလဲ။ ယေရှု​က “ကောင်း​ကင်​မှာ စံ​မြန်း​တဲ့ ကျွန်​တော်​တို့​ရဲ့​အဖ” ဆီ ဆုတောင်း​ဖို့ နောက်​လိုက်​တွေ​ကို သင်​ပေး​တယ်။ (မဿဲ ၆:၉) “ကျွန်​တော်​ဟာ လမ်း​ခ​ရီး ဖြစ်​တယ်။ အမှန်​တ​ရား​လည်း ဖြစ်​တယ်။ အသက်​လည်း ဖြစ်​တယ်။ ကျွန်​တော့်​ကို မဖြတ်​သန်း​ဘဲ ဘယ်​သူ​မှ အဖဘု​ရား​ဆီ မရောက်​နိုင်​ဘူး” လို့​လည်း ပြော​တယ်။ (ယောဟန် ၁၄:၆) ဒါ​ကြောင့် ယေရှု​က​တစ်ဆင့် ယေဟောဝါ​ဆီ​ကို​ပဲ ဆုတောင်း​ရ​မယ်။ ယေရှု​က​တစ်ဆင့် ဆုတောင်း​တယ်​ဆို​တာ ဘာ​ကို​ဆိုလို​တာ​လဲ။ ယေရှု​ကို ယေဟောဝါ​လွှဲ​အပ်​ထား​တဲ့ အနေ​အထား​ကို လေး​စား​မှု​ပြရ​မယ်​ဆို​တဲ့ သဘော​ပဲ။ ယေရှု​က အပြစ်​နဲ့ သေခြင်း​က​နေ လူ​တွေ​ကို ကယ်​တင်​ဖို့ မြေကြီး​ပေါ် ရောက်​လာ​တဲ့​အကြောင်း ကျွန်​တော်​တို့ သိ​ခဲ့ရ​ပြီ။ (ယောဟန် ၃:၁၆။ ရော​မ ၅:၁၂) ယေရှု​ကို ပု​ရော​ဟိတ်​မင်း၊ တ​ရား​သူ​ကြီး​အဖြစ်​လည်း ယေဟောဝါ ခန့်​အပ်​ထား​တယ်။—ယောဟန် ၅:၂၂။ ဟီ​ဘ​ရူး ၆:၂၀

အချိန်မရွေး ဆုတောင်းနိုင်တယ်

၁၀။ ဆုတောင်း​တဲ့​အခါ အထူး​ကိုယ်​ဟန်​အနေ​အထား ရှိ​ဖို့​လို​သလား။ ရှင်း​ပြပါ။

၁၀ ဆုတောင်း​တဲ့​အခါ အထူး​ကိုယ်​ဟန်​အနေ​အထား ရှိ​ဖို့​လို​သလား။ မလို​ပါ​ဘူး။ ဆုတောင်း​တဲ့​အခါ ဒူး​ထောက်​ဖို့၊ ထိုင်​ဖို့၊ ထ​ဖို့ ယေဟောဝါ မတောင်း​ဆို​ဘူး။ လေး​စား​မှု​ရှိ​တဲ့ ဘယ်​အနေ​အထား​မျိုး​နဲ့​မဆို ယေဟောဝါ​ဆီ ဆုတောင်း​နိုင်​တယ်​လို့ ကျမ်း​စာ​သွန်သင်​တယ်။ (၁ ရာ​ဇ​ဝင်​ချုပ် ၁၇:၁၆။ နေဟမိ ၈:၆။ ဒံယေလ ၆:၁၀။ မာကု ၁၁:၂၅) ယေဟောဝါ​အတွက် အရေး​ကြီး​ဆုံး​က ကိုယ်​ဟန်​အနေ​အထား မဟုတ်​ဘဲ သဘော​ထား​မှန်​နဲ့ ဆုတောင်း​တာ ဖြစ်​တယ်။ အသံ​ထွက်​ပြီး​တော့​ဖြစ်​စေ၊ စိတ်​ထဲ​က​နေ​ဖြစ်​စေ နေ့​ရော​ည​ပါ အချိန်​မရွေး ဆုတောင်း​နိုင်​တယ်။ ကျွန်​တော်​တို့ ဆုတောင်း​တဲ့​အခါ ဘယ်​သူ​မှ မကြား​ရင်​တောင် ယေဟောဝါ ကြား​တယ်​ဆို​တာ စိတ်​ချ​နိုင်​တယ်။—နေဟမိ ၂:၁-၆

၁၁။ ဘယ်​အရာတွေ​အတွက် ယေဟောဝါ​ဆီ ဆုတောင်း​နိုင်​သလဲ။

၁၁ ဘာ​အတွက် ဆုတောင်း​နိုင်​သလဲ။ ယေဟောဝါ နှစ်​သက်​တဲ့​အရာ​မှန်​သမျှ​အတွက် ဆုတောင်း​နိုင်​တယ်။ “အလို​တော်​နဲ့​အညီ ဆုတောင်း​မယ်​ဆို​ရင် ဘု​ရား နား​ထောင်​မယ်​ဆို​တာ စိတ်​ချ​တယ်” လို့ ကျမ်း​စာ​ပြော​တယ်။ (၁ ယောဟန် ၅:၁၄) ကိုယ်​ရေး​ကိုယ်​တာ​အတွက်​ကော ဆုတောင်း​နိုင်​သလား။ ဆုတောင်း​နိုင်​ပါ​တယ်။ ယေဟောဝါ​ဆီ ဆုတောင်း​တာ​ဟာ မိတ်ဆွေ​ရင်း​တစ်​ယောက်​နဲ့ စကား​ပြော​သလို ဖြစ်​ရ​မယ်။ စိတ်​ထဲ၊ ရင်​ထဲ ရှိ​သမျှ ယေဟောဝါ​ကို ပြော​ပြနိုင်​တယ်။ (ဆာလံ ၆၂:၈) မှန်​ရာ​ကို လုပ်​နိုင်​အောင် တန်ခိုး​ကြီး​တဲ့​စွမ်းအား​တော် ပေး​ဖို့ ဆုတောင်း​နိုင်​တယ်။ (လုကာ ၁၁:၁၃) ဆုံး​ဖြတ်​ချက်​ကောင်း ချ​နိုင်​အောင် ဉာဏ်​ပညာ​ပေး​ဖို့၊ အခက်​အခဲ​တွေ​ကို ရင်​ဆိုင်​နိုင်​အောင် ခွန်​အား​ပေး​ဖို့ ယေဟောဝါ​ဆီ ဆုတောင်း​နိုင်​တယ်။ (ယာကုပ် ၁:၅) ကျွန်​တော်​တို့​ရဲ့​အပြစ်​တွေ​ကို ခွင့်​လွှတ်​ပေး​ဖို့​လည်း ဆုတောင်း​နိုင်​တယ်။ (ဧဖက် ၁:၃၊) မိသား​စု​ဝင်​တွေ၊ အသင်း​တော်​က ညီ​အစ်​ကို​ညီ​အစ်​မတွေ​အပါ​အဝင် တ​ခြား​သူ​တွေ​အတွက်​လည်း ဆုတောင်း​ပေး​နိုင်​တယ်။—တမန်​တော် ၁၂:၅။ ကောလောသဲ ၄:၁၂

၁၂။ ဆုတောင်း​တဲ့​အခါ ဘာ​ကို အဓိ​က​ထား​ရ​မလဲ။

၁၂ ဆုတောင်း​တဲ့​အခါ ဘာ​ကို အဓိ​က​ထား​ရ​မလဲ။ ယေဟောဝါ​နဲ့ အလို​တော်​ကို အဓိ​က​ထား​ရ​မယ်။ ကျွန်​တော်​တို့​အတွက် ဘု​ရား လုပ်​ပေး​ခဲ့​တာ​မှန်​သမျှ​အတွက် လှိုက်​လှိုက်​လှဲ​လှဲ ကျေး​ဇူး​တင်​ကြောင်း ပြော​နိုင်​တယ်။ (၁ ရာ​ဇ​ဝင်​ချုပ် ၂၉:၁၀-၁၃) ယေရှု မြေကြီး​ပေါ်​ရှိ​တုန်း​က တ​ပည့်တွေ​ကို သင်​ပေး​ခဲ့​တဲ့ ဆုတောင်း​ချက်​က​နေ ဒီ​အချက်​ကို သိ​နိုင်​တယ်။ (မဿဲ ၆:၉-၁၃ ကို​ဖတ်​ပါ။) ဦး​ဆုံး​အနေ​နဲ့၊ ဘု​ရား​နာ​မည် သန့်​ရှင်း​မြင့်​မြတ်​ခြင်း​ရှိ​ဖို့ ဆုတောင်း​ရ​မယ်။ အဲဒီ​နောက် နိုင်​ငံ​တော်​လာ​ဖို့၊ ကမ္ဘာ​မြေပေါ် အလို​တော်​ပြည့်​စုံ​စေ​ဖို့ ဆုတောင်း​ရ​မယ်​လို့ ယေရှု​ပြော​တယ်။ အဲ​ဒါ​တွေ​ကို အဓိ​က​ထား ဆုတောင်း​ပြီး​နောက်​မှ ကိုယ်​လို​အပ်​တာ​တွေ​ကို တောင်း​ပါ​လို့ ယေရှု​ပြော​တယ်။ ယေဟောဝါ​နဲ့ အလို​တော်​ကို ဦးစား​ထား​ဆုတောင်း​မယ်​ဆို​ရင် ကျွန်​တော်​တို့ ဘာ​ကို အဓိ​က​ထား​သလဲ​ဆို​တာ ဖော်ပြရာရောက်​တယ်။

၁၃။ ကျွန်​တော်​တို့​ရဲ့ ဆုတောင်း​ချက်​တွေ ဘယ်​လောက် ရှည်​သင့်​သလဲ။

၁၃ ကျွန်​တော်​တို့​ရဲ့ ဆုတောင်း​ချက်​တွေ ဘယ်​လောက် ရှည်​သင့်​သလဲ။ ကျမ်း​စာ​မှာ မပြော​ထား​ဘူး။ အခြေ​အနေ​ပေါ် မူ​တည်​နိုင်​တယ်။ ဥပမာ၊ အစာ​မစား​ခင် တို​တို​တုတ်​တုတ် ဆုတောင်း​နိုင်​တယ်။ ယေဟောဝါ​ကို ကျေး​ဇူး​တင်​တဲ့​အခါ၊ စိုး​ရိမ်​ပူ​ပန်​မှု​တွေ​ကို ပြော​ပြတဲ့​အခါ​မျိုး​မှာ​တော့ အရှည်​ကြီး ဆုတောင်း​နိုင်​တယ်။ (၁ ရှ​မွေ​လ ၁:၁၂၊ ၁၅) ကျွန်​တော်​တို့​ဟာ ယေရှု​ခေတ်​က လူ​တ​ချို့​လို လူ​အထင်​ကြီး​အောင် အရှည်​ကြီး ဆု​မတောင်း​ချင်​ကြ​ပါ​ဘူး။ (လုကာ ၂၀:၄၆၊ ၄၇) အဲဒီ​လို​ဆုတောင်း​ချက်​မျိုး​ကို ယေဟောဝါ အထင်​မကြီး​ဘူး။ ယေဟောဝါ​အတွက် အရေး​ကြီး​တာ​က ရင်​ထဲ​က​နေ လှိုက်​လှိုက်​လှဲ​လှဲ ဆုတောင်း​တာ ဖြစ်​တယ်။

၁၄။ ဘယ်​နှစ်​ကြိမ် ဆုတောင်း​ရ​မလဲ။ ဒီ​အချက်​က​နေ ယေဟောဝါ​နဲ့​ပတ်​သက်​ပြီး ဘာ​သိ​ရ​သလဲ။

၁၄ ဘယ်​နှစ်​ကြိမ် ဆုတောင်း​ရ​မလဲ။ ယေဟောဝါ​က သူ​နဲ့ မှန်​မှန်​စကား​ပြော​ဖို့ ကျွန်​တော်​တို့​ကို ဖိတ်​ခေါ်​ထား​တယ်။ “အမြဲဆုတောင်း​နေ​ကြ​ပါ၊” “ဇွဲ​မလျှော့​တမ်း ဆုတောင်း​ပါ၊” “အမြဲမပြတ် ဆုတောင်း​နေ​ကြ​ပါ” လို့ ကျမ်း​စာ​ပြော​တယ်။ (မဿဲ ၂၆:၄၁။ ရော​မ ၁၂:၁၂။ ၁ သက်သာ​လောနိတ် ၅:၁၇) ယေဟောဝါ​က ကျွန်​တော်​တို့​ဆုတောင်း​တာ​ကို နား​ထောင်​ပေး​ဖို့ အမြဲအသင့်​ရှိ​တယ်။ ဘု​ရားရဲ့​မေတ္တာ​နဲ့ ရက်ရော​မှု​အတွက် ကျေး​ဇူး​တင်​ကြောင်း နေ့​စဉ် ပြော​ပြနိုင်​တယ်။ ဘု​ရားရဲ့ လမ်း​ညွှန်​မှု၊ နှစ်​သိမ့်​မှု​နဲ့ ခွန်​အား​ရ​ဖို့​လည်း ဆုတောင်း​နိုင်​တယ်။ ဆုတောင်း​ခြင်း​အခွင့်​ထူး​ကို တ​ကယ်​တန်​ဖိုး​ထား​မယ်​ဆို​ရင် အခွင့်​အရေးရရင် ရ​သလို ယေဟောဝါ​နဲ့ စကား​ပြော​မှာ ဖြစ်​တယ်။

၁၅။ ဆုတောင်း​ချက်​အပြီး​မှာ “အာ​မင်” လို့ ဘာ​ကြောင့် ပြော​ရ​တာ​လဲ။

၁၅ ဆုတောင်း​ချက်​အပြီး​မှာ “အာ​မင်” လို့ ဘာ​ကြောင့် ပြော​ရ​တာလဲ။ “အာ​မင်” ဆို​တဲ့​စကား​စု​က “မှန်​ပါ​တယ်၊” “ပြော​တဲ့​အတိုင်း ဖြစ်​ပါ​စေ” ဆို​တဲ့ အဓိပ္ပာယ်​ရှိ​တယ်။ ဆုတောင်း​တဲ့​အတိုင်း တ​ကယ်​ဖြစ်​စေ​ချင်​တယ်၊ စိတ်​ရင်း​အတိုင်း ပြော​နေ​တယ်​ဆို​တာ ဖော်ပြတဲ့​နည်း ဖြစ်​တယ်။ (ဆာလံ ၄၁:၁၃) လူ​အများ​နဲ့ ဆုတောင်း​ပြီး​သွား​တဲ့​အခါ ဆုတောင်း​ချက်​ကို သဘော​တူ​ကြောင်း ပြတဲ့​အနေ​နဲ့ “အာ​မင်” ဆို​ပြီး စိတ်​ထဲ​က​ဖြစ်​စေ၊ အသံ​ထွက်​ပြီး​တော့​ဖြစ်​စေ ပြော​သင့်​တယ်​လို့ ကျမ်း​စာ​သွန်သင်​တယ်။—၁ ရာ​ဇ​ဝင်​ချုပ် ၁၆:၃၆။ ၁ ကော​ရိန္သု ၁၄:၁၆

ဆုတောင်း​ချက်​တွေ​ကို ဘု​ရား အဖြေပေး​ပုံ

၁၆။ ကျွန်​တော်​တို့​ရဲ့ ဆုတောင်း​ချက်​တွေ​ကို ယေဟောဝါ တ​ကယ် အဖြေပေး​သလား။ ရှင်း​ပြပါ။

၁၆ ကျွန်​တော်​တို့​ရဲ့ ဆုတောင်း​ချက်​တွေ​ကို ယေဟောဝါ တ​ကယ် အဖြေပေး​သလား။ အဖြေပေး​ပါ​တယ်။ ကျမ်း​စာ​မှာ ဘု​ရား​သခင်​ကို “ဆုတောင်း​သံ​ကို နား​ထောင်​တဲ့​အရှင်” လို့ ခေါ်​ထား​တယ်။ (ဆာလံ ၆၅:၂) လူ​သန်း​ပေါင်း​များ​စွာ စိတ်​ရင်း​မှန်​နဲ့ ဆုတောင်း​တဲ့​အခါ ယေဟောဝါ နား​ထောင်​ပြီး နည်း​အမျိုး​မျိုး​နဲ့ အဖြေပေး​တယ်။

၁၇။ ယေဟောဝါ​က ကောင်း​ကင်​တ​မန်​တွေ၊ မြေကြီး​ပေါ်​က ကျေး​ကျွန်​တွေ​ကို သုံး​ပြီး ဆုတောင်း​ချက်​ကို ဘယ်​လို​အဖြေပေး​သလဲ။

၁၇ ယေဟောဝါ​က ကောင်း​ကင်​တ​မန်​တွေ၊ မြေကြီး​ပေါ်​က ကျေး​ကျွန်​တွေ​ကို သုံး​ပြီး ကျွန်​တော်​တို့​ရဲ့ ဆုတောင်း​ချက်​ကို အဖြေပေး​တယ်။ (ဟီ​ဘ​ရူး ၁:၁၃၊ ၁၄) ကျမ်း​စာ​ကို နား​လည်​အောင် ကူညီ​ပေး​ဖို့ ဆုတောင်း​ပြီး​ခါ​စ​မှာ ယေဟောဝါ​သက်​သေတွေ ရောက်​လာ​တယ်​ဆို​တဲ့ တွေ့​ကြုံ​မှု​တွေ အများ​ကြီး​ရှိ​တယ်။ မြေတစ်​ပြင်​လုံး​မှာ “သတင်း​ကောင်း” ကြေ​ညာ​တဲ့​အခါ ကောင်း​ကင်​တ​မန်​တွေ​လည်း ပါ​တယ်​လို့ ကျမ်း​စာ​ပြော​တယ်။ (ဗျာဒိတ် ၁၄:၆ ကို​ဖတ်​ပါ။) ကျွန်​တော်​တို့​ထဲ​က အများ​စု​ဟာ ပြဿ​နာ​တစ်​ခု၊ လို​အပ်​ရာ​တစ်​ခု​နဲ့​ပတ်​သက်​လို့ ယေဟောဝါ​ဆီ သတ်​သတ်​မှတ်​မှတ် ဆုတောင်း​ပြီး​နောက် ညီ​အစ်​ကို​ညီ​အစ်​မတွေ​က​တစ်ဆင့် လို​အပ်​တဲ့​အကူ​အညီ ရ​ရှိ​ခဲ့​တယ်။—ပညာ​အလိမ္မာ ၁၂:၂၅။ ယာကုပ် ၂:၁၆

ကျွန်တော်တို့ရဲ့ ဆုတောင်းချက်ကို ညီအစ်ကိုညီအစ်မတွေကတစ်ဆင့် ယေဟောဝါ အဖြေပေးနိုင်တယ်

၁၈။ ယေဟောဝါ​က သန့်​ရှင်း​သော​စွမ်းအား​တော်​နဲ့ ကျမ်း​စာ​ကို​သုံး​ပြီး ဆုတောင်း​ချက်​တွေ​ကို ဘယ်​လို​အဖြေပေး​သလဲ။

၁၈ သန့်​ရှင်း​သော စွမ်းအား​တော်​က​တစ်ဆင့် ဆုတောင်း​ချက်​တွေ​ကို ယေဟောဝါ အဖြေပေး​တဲ့​အခါ​လည်း ရှိ​တယ်။ အခက်​အခဲ​တစ်​ခု​ကို ရင်​ဆိုင်​ဖြေရှင်း​ဖို့ ဆုတောင်း​တဲ့​အခါ သန့်​ရှင်း​သော စွမ်းအား​တော်​က​တစ်ဆင့် လမ်း​ညွှန်​နိုင်​တယ်၊ ခွန်​အား​ပေး​နိုင်​တယ်။ (၂ ကော​ရိန္သု ၄:၇) ယေဟောဝါ​က ကျမ်း​စာ​က​တစ်ဆင့် ဆုတောင်း​ချက်​တွေ​ကို အဖြေပေး​တယ်၊ ပညာ​ရှိ​ရှိ ဆုံး​ဖြတ်​ချက်​ချ​နိုင်​ဖို့ ကူညီ​ပေး​တယ်။ ကျမ်း​စာ​ဖတ်​တဲ့​အခါ ကျွန်​တော်​တို့​အတွက် အကူ​အညီ​ဖြစ်​စေ​တဲ့ ကျမ်း​ချက်​တွေ ရှာ​တွေ့​နိုင်​တယ်။ အစည်း​အဝေး​မှာ ကျွန်​တော်​တို့ လို​အပ်​တဲ့​အရာ​ကို မှတ်​ချက်​ပေး​ဖို့ တစ်​ယောက်​ယောက်​ကို ယေဟောဝါ လှုံ့​ဆော်​ပေး​နိုင်​တယ်။ ကျမ်း​စာ​ထဲ​က အချက်​တစ်​ချက်​ကို ကျွန်​တော်​တို့​နဲ့ သုံးသပ်​ဖို့ အသင်း​တော်​အကြီး​အကဲ​ကို​လည်း လှုံ့​ဆော်​ပေး​နိုင်​တယ်။—ဂလာ​တိ ၆:၁

၁၉။ ကျွန်​တော်​တို့​ရဲ့ ဆုတောင်း​ချက်​ကို ယေဟောဝါ အဖြေမပေး​ဘူး​လို့ ဘာ​ကြောင့် ထင်​မိ​နိုင်​သလဲ။

၁၉ တစ်​ခါ​တ​လေ၊ ‘ငါ့​ဆုတောင်း​ချက်​ကို ယေဟောဝါ ဘာ​လို့ အဖြေမပေး​သေး​တာ​လဲ’ ဆို​ပြီး တွေး​မိ​နိုင်​တယ်။ ကျွန်​တော်​တို့​ရဲ့ ဆုတောင်း​ချက်​တွေ​ကို ဘယ်​အချိန်​မှာ ဘယ်​လို​အဖြေပေး​ရ​မယ်၊ ကျွန်​တော်​တို့ ဘာ​လို​အပ်​တယ်​ဆို​တာ ကိုယ်​တော်​သိ​ထား​မှန်း မမေ့​ပါ​နဲ့။ အတော်​ကြာ​ကြာ ဆက်​ဆုတောင်း​ဖို့​လို​တဲ့​အခါ​လည်း ရှိ​နိုင်​တယ်။ ဒါ​ဟာ ဆုတောင်း​တဲ့​အတိုင်း တ​ကယ်​ဖြစ်​စေ​ချင်​မှန်း၊ ကိုယ်​တော့်​ကို တ​ကယ်​ယုံ​ကြည်​မှန်း ပြရာရောက်​တယ်။ (လုကာ ၁၁:၅-၁၀) ကျွန်​တော်​တို့ မျှော်​လင့်​မထား​တဲ့​နည်း​နဲ့ ယေဟောဝါ အဖြေပေး​တဲ့​အခါ​လည်း ရှိ​တယ်။ ဥပမာ၊ အခက်​အခဲ​တစ်​ခု​နဲ့​ပတ်​သက်​ပြီး ဆုတောင်း​တဲ့​အခါ အဲဒီ​အခက်​အခဲ​ကို ဖယ်​ရှား​ပေး​မယ့်​အစား ခံ​ရပ်​နိုင်​အောင် ကျွန်​တော်​တို့​ကို အစွမ်း​ခွန်​အား ပေး​နိုင်​တယ်။—ဖိ​လိပ္ပိ ၄:၁၃ ကို​ဖတ်​ပါ။

၂၀။ ယေဟောဝါ​ဆီ ဘာ​ကြောင့် မကြာ​ခ​ဏ ဆုတောင်း​သင့်​သလဲ။

၂၀ ယေဟောဝါ​ဆီ ဆုတောင်း​ရ​တာ​ဟာ တ​ကယ့်​ကို အခွင့်​ထူး​ကြီး​ပါ​ပဲ။ ကျွန်​တော်​တို့​ရဲ့ ဆုတောင်း​ချက်​ကို ကိုယ်​တော် နား​ထောင်​မယ်​ဆို​တာ စိတ်​ချ​နိုင်​တယ်။ (ဆာလံ ၁၄၅:၁၈) လှိုက်​လှိုက်​လှဲ​လှဲ​နဲ့ မကြာ​ခ​ဏ ဆုတောင်း​မယ်​ဆို​ရင် ယေဟောဝါ​နဲ့ ရင်း​နှီး​တဲ့​နှောင်​ကြိုး ခိုင်​မြဲသည်​ထက် ခိုင်​မြဲလာ​မယ်။