အခန်းလေး
ယေရှုခရစ်ဟာ ဘယ်သူလဲ
၁၊ ၂။ (က) ထင်ပေါ်ကျော်ကြားသူတစ်ယောက်ရဲ့ နာမည်ကို သိရုံနဲ့ သူ့ကို တကယ်သိတယ်လို့ ပြောနိုင်သလား။ ရှင်းပြပါ။ (ခ) ယေရှုနဲ့ပတ်သက်ပြီး လူတွေ ဘယ်လိုပြောကြသလဲ။
ကမ္ဘာမှာ ထင်ပေါ်ကျော်ကြားသူတွေ အများကြီးရှိတယ်။ သူတို့ထဲက တချို့ရဲ့နာမည်ကို သင် သိကောင်းသိပါလိမ့်မယ်။ နာမည်သိရုံနဲ့ အဲဒီလူကို တကယ်သိတယ်လို့ မပြောနိုင်ဘူး။ သူ့ဘဝနောက်ခံ၊ သူဘယ်လိုလူစားလဲဆိုတဲ့ အသေးစိတ်အချက်အလက်တွေကို သိတယ်လို့ ပြောလို့မရဘူး။
၂ လွန်ခဲ့တဲ့နှစ်ပေါင်း ၂,၀၀၀ ခန့်က ကမ္ဘာပေါ်မှာ အသက်ရှင်ခဲ့တဲ့ ယေရှုခရစ်အကြောင်း သင် ကြားဖူးမှာပဲ။ ဒါပေမဲ့ ယေရှု ဘယ်သူလဲဆိုတာကို လူအများစု မသိကြဘူး။ တချို့က ယေရှုကို လူကောင်းတစ်ယောက်၊ တချို့ကျတော့ ပရောဖက်၊ တချို့ကျပြန်တော့ ဘုရားသခင်ဖြစ်တယ်လို့ ပြောကြတယ်။ သင်ကော ဘယ်လိုထင်သလဲ။—ရှင်းလင်းချက် ၁၂ ကိုကြည့်ပါ။
၃။ ယေဟောဝါဘုရားနဲ့ ယေရှုခရစ်အကြောင်း သိဖို့ ဘာကြောင့် အရေးကြီးသလဲ။
၃ ယေရှုနဲ့ပတ်သက်တဲ့ အမှန်တရားကို သိဖို့ အရေးကြီးတယ်။ ဘာကြောင့်လဲ။ “ထာဝရအသက် ရနိုင်ဖို့ဆိုရင် တစ်ဆူတည်းသော စစ်မှန်တဲ့ဘုရားသခင် အဖကိုရော အဖစေလွှတ်လိုက်တဲ့ ယေရှုခရစ်ကိုပါ သိကျွမ်းကြရမယ်” လို့ ကျမ်းစာမှာ ပြောထားတယ်။ (ယောဟန် ၁၇:၃) ယေဟောဝါ၊ ယေရှုနဲ့ပတ်သက်တဲ့ အမှန်တရားကို သိထားမယ်ဆိုရင် ငြိမ်းချမ်းသာယာတဲ့ မြေကြီးပရဒိသုမှာ ထာဝရအသက် ရနိုင်မယ်။ (ယောဟန် ၁၄:၆) ဒါ့အပြင် ကျွန်တော်တို့ ဘယ်လို အသက်ရှင်နေထိုင်ရမယ်၊ တခြားသူတွေကို ဘယ်လို ပြုမူဆက်ဆံရမယ်ဆိုတာနဲ့ပတ်သက်ပြီး ယေရှု အကောင်းဆုံး ပုံသက်သေပြခဲ့တယ်။ ဒါကြောင့် ယေရှုအကြောင်း သိထားတာက ကျွန်တော်တို့အတွက် အကျိုးရှိတယ်။ (ယောဟန် ၁၃:၃၄၊ ၃၅) အခန်း ၁ မှာ ဘုရားသခင်နဲ့ပတ်သက်တဲ့ အမှန်တရားကို လေ့လာခဲ့ပြီးပြီ။ အခု ယေရှုနဲ့ပတ်သက်တဲ့ ကျမ်းစာသွန်သင်ရာကို လေ့လာကြည့်ကြစို့။
မေရှိယကို တွေ့ပြီ
၄။ “မေရှိယ” နဲ့ “ခရစ်တော်” ဆိုတဲ့ အသုံးအနှုန်းတွေက ဘာအဓိပ္ပာယ်ရှိသလဲ။
၄ ယေဟောဝါက မေရှိယ၊ တစ်နည်းအားဖြင့် ခရစ်တော်ကို စေလွှတ်မယ်ဆိုပြီး ယေရှုမမွေးဖွားခင် နှစ်ပေါင်းများစွာကတည်းက ကျမ်းစာမှာ ကတိပေးခဲ့တယ်။ “မေရှိယ” ဆိုတာ ဟီဘရူးစကားကနေ၊ “ခရစ်တော်” ဆိုတာ ဂရိစကားကနေ ဆင်းသက်လာတယ်။ နှစ်ခုစလုံးဟာ မေရှိယကို ဘုရားရွေးချယ်ပြီး အထူးရာထူး ခန့်အပ်မယ်ဆိုတဲ့ အဓိပ္ပာယ်ရှိတယ်။ မေရှိယက ဘုရားရဲ့ ကတိမှန်သမျှကို ပြည့်စုံစေမယ်။ အခုချိန်မှာတောင် ယေရှုက သင့်ကို ကူညီနိုင်တယ်။ ဒါပေမဲ့ ယေရှုမမွေးဖွားခင်မှာ ‘မေရှိယဟာ ဘယ်သူများဖြစ်မလဲ’ ဆိုပြီး လူအများ သိချင်ခဲ့ကြတယ်။
၅။ ယေရှုဟာ မေရှိယဖြစ်မှန်း တပည့်တွေ ယုံသလား။
၅ ယေရှုဟာ ကြိုဟောထားတဲ့ မေရှိယဖြစ်မှန်း တပည့်တွေ ယုံကြည်စိတ်ချခဲ့ကြတယ်။ (ယောဟန် ၁:၄၁) ဥပမာ၊ ရှိမုန်ပေတရုက “သခင်ဟာ ခရစ်တော်ပဲ” ဆိုပြီး ယေရှုကို ပြောခဲ့တယ်။ (မဿဲ ၁၆:၁၆) ဒါပေမဲ့ ယေရှုဟာ မေရှိယဖြစ်မှန်း ကျွန်တော်တို့ ဘယ်လို ယုံကြည်စိတ်ချနိုင်သလဲ။
၆။ စိတ်ရင်းမှန်သူတွေ မေရှိယကို ခွဲခြားသိမြင်နိုင်ဖို့ ယေဟောဝါ ဘယ်လိုကူညီပေးသလဲ။
၆ ယေရှုမမွေးခင် အတော်ကြာကြာကတည်းက ဘုရားသခင့်ပရောဖက်တွေဟာ မေရှိယကို ခွဲခြားသိနိုင်မယ့် အသေးစိတ်အချက်အလက် အများကြီး ရေးခဲ့ကြတယ်။ ဘယ်လို ခွဲခြားသိနိုင်မလဲ။ တစ်ခါမှ မမြင်ဖူးတဲ့ လူတစ်ယောက်ကို လူစည်ကားတဲ့ ကားဂိတ်မှာ သွားကြိုရမယ် ဆိုပါစို့။ အဲဒီလူနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်တချို့ ပြောပြထားတယ်ဆိုရင် သူ့ကို ရှာလို့လွယ်မယ် မဟုတ်လား။ အဲဒီလိုပါပဲ၊ ယေဟောဝါက မေရှိယလုပ်ဆောင်မယ့်အရာ၊ သူကြုံတွေ့ရမယ့်အရာအကြောင်း ပရောဖက်တွေကတစ်ဆင့် ကြိုဟောထားတယ်။ အဲဒီကြိုဟောချက်တွေ ပြည့်စုံလာတဲ့အခါ ယေရှုဟာ မေရှိယဖြစ်မှန်း စိတ်ရင်းမှန်သူတွေ ခွဲခြားသိမြင်နိုင်မယ်။
၇။ ယေရှုဟာ မေရှိယဖြစ်မှန်း သက်သေထူတဲ့ ကြိုဟောချက်နှစ်ခုကို ပြောပြပါ။
၇ ကြိုဟောချက်နှစ်ခုကို သုံးသပ်ကြည့်ပါ။ ဦးဆုံး၊ ဘက်သလီဟင်မြို့လေးမှာ မေရှိယ မွေးဖွားမယ်ဆိုပြီး မိက္ခာက နှစ်ပေါင်း ၇၀၀ ကြိုဟောခဲ့တယ်။ (မိက္ခာ ၅:၂) အဲဒီမြို့မှာပဲ ယေရှု မွေးဖွားခဲ့တယ်။ (မဿဲ ၂:၁၊ ၃-၉) ဒုတိယ၊ အေဒီ ၂၉ မှာ မေရှိယပေါ်ထွန်းမယ်ဆိုပြီး ဒံယေလ ကြိုဟောတယ်။ (ဒံယေလ ၉:၂၅) ယေရှုဟာ ကြိုဟောထားတဲ့ မေရှိယဖြစ်မှန်း သက်သေထူတဲ့ ကြိုဟောချက်တွေ အများကြီးရှိတဲ့အနက် ဒါဟာ နှစ်ခုပဲ ရှိသေးတယ်။—ရှင်းလင်းချက် ၁၃ ကိုကြည့်ပါ။
၈၊ ၉။ ယေရှု နှစ်ခြင်းခံချိန်မှာ မေရှိယဖြစ်မှန်း သက်သေအနေနဲ့ ဘာဖြစ်ခဲ့သလဲ။
၈ ယေရှုဟာ မေရှိယဖြစ်မှန်း ရှင်းရှင်းလင်းလင်း သိနိုင်အောင် ယေဟောဝါ ဖော်ပြခဲ့တယ်။ မေရှိယကို ခွဲခြားသိမြင်နိုင်ဖို့ နှစ်ခြင်းပေးသူ ယောဟန်ကို အထောက်အထားတစ်ခုပေးမယ်လို့ ယေဟောဝါ ကတိပြုတယ်။ အေဒီ ၂၉ မှာ ယောဟန်ဆီ ယေရှု သွားပြီး ဂျော်ဒန်မြစ်မှာ နှစ်ခြင်းခံတဲ့အခါ အဲဒီအထောက်အထားကို ယောဟန် မြင်တွေ့ခဲ့ရတယ်။ “ယေရှု နှစ်ခြင်းခံပြီး ရေထဲကနေ ပေါ်လာတာနဲ့ ကောင်းကင်ပွင့်လာပြီး ဘုရားသခင့် စွမ်းအားတော်က ချိုးငှက်သဏ္ဌာန်နဲ့ ယေရှုအပေါ် ဆင်းသက်တာကို သူမြင်ရတယ်။ ဒါ့အပြင် ‘သူဟာ ငါမြတ်နိုးတဲ့ ငါ့ရဲ့ချစ်သားပဲ’ ဆိုတဲ့အသံ ကောင်းကင်ကနေ ထွက်လာတာကိုလည်း ကြားရတယ်” လို့ ကျမ်းစာပြောတယ်။ (မဿဲ ၃:၁၆၊ ၁၇) ဖြစ်ပျက်ရာကို မြင်ရကြားရတဲ့အခါ ယေရှုဟာ မေရှိယပဲဆိုတာ ယောဟန် ယုံကြည်စိတ်ချခဲ့တယ်။ (ယောဟန် ၁:၃၂-၃၄) ယေရှုအပေါ် ဘုရားသခင့်စွမ်းအားတော် သွန်းလောင်းတဲ့ အဲဒီနေ့မှာ ယေရှုဟာ မေရှိယဖြစ်လာတယ်။ သူ့ကို ခေါင်းဆောင်နဲ့ ဘုရင်အဖြစ် ဘုရား ခန့်အပ်ခဲ့တယ်။—ဟေရှာယ ၅၅:၄။
၉ ကျမ်းစာကြိုဟောချက်တွေ၊ ယေဟောဝါကိုယ်တိုင် ပြောဆိုချက်၊ နှစ်ခြင်းခံချိန်မှာ ဘုရားပြတဲ့ အထောက်အထားက ယေရှုဟာ မေရှိယပဲဆိုတာ သက်သေထူတယ်။ ဒါဆိုရင် ယေရှု ဘယ်နေရာက လာသလဲ။ ယေရှုဟာ ဘယ်လိုပုဂ္ဂိုလ်မျိုးလဲ။ ကျမ်းစာဘာပြောသလဲ လေ့လာကြည့်ကြစို့။
ယေရှု ဘယ်နေရာက လာသလဲ
၁၀။ မြေကြီးပေါ် မလာခင်က ယေရှုရဲ့ဘဝအကြောင်း ကျမ်းစာ ဘယ်လိုသွန်သင်သလဲ။
၁၀ ယေရှု မြေကြီးပေါ် မလာခင် ကောင်းကင်မှာ အကြာကြီး နေခဲ့တယ်လို့ ကျမ်းစာ သွန်သင်တယ်။ မိက္ခာက မေရှိယဟာ “ရှေးအချိန်ကတည်းက” တည်ရှိခဲ့သူလို့ ပြောခဲ့တယ်။ (မိက္ခာ ၅:၂) လူသားအဖြစ် မမွေးဖွားခင်က ကောင်းကင်မှာ နေခဲ့တယ်လို့ ယေရှုကိုယ်တိုင် မကြာခဏ ပြောခဲ့တယ်။ (ယောဟန် ၃:၁၃။ ၆:၃၈၊ ၆၂။ ၁၇:၄၊ ၅ ကိုဖတ်ပါ။) မြေကြီးပေါ် မလာခင်ကတည်းက ယေရှုဟာ ယေဟောဝါနဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ရှိတယ်။
၁၁။ ယေဟောဝါက ဘာကြောင့် ယေရှုကို အလွန်တန်ဖိုးထားသလဲ။
၁၁ ယေဟောဝါက ယေရှုကို အလွန်တန်ဖိုးထားတယ်။ ဘာကြောင့်လဲ။ ဘုရားသခင် ဦးဆုံးဖန်ဆင်းထားသူ ဖြစ်လို့ပဲ။ ယေရှုကို “ဖန်ဆင်းရာအားလုံးမှာ သားဦး” လို့ ခေါ်ထားတယ်။ * (ကောလောသဲ ၁:၁၅) ယေရှုကို ယေဟောဝါ အလွန်တန်ဖိုးထားရတဲ့ အကြောင်းရင်းက ယေရှုဟာ ဘုရားသခင်ကိုယ်တိုင် ဖန်ဆင်းခဲ့တဲ့ တစ်ဦးတည်းသောပုဂ္ဂိုလ် ဖြစ်လို့ပဲ။ ဒါကြောင့် သူ့ကို “တစ်ဦးတည်းသောသား” လို့ခေါ်တယ်။ (ယောဟန် ၃:၁၆) တခြားအရာအားလုံးကို ယေဟောဝါ ဖန်ဆင်းတဲ့အခါမှာ ပါဝင်ကူညီခဲ့တဲ့ တစ်ဦးတည်းသောသူလည်း ဖြစ်တယ်။ (ကောလောသဲ ၁:၁၆) ကောင်းကင်တမန်တွေနဲ့ လူသားတွေကို သတင်းစကား၊ ညွှန်ကြားချက် ပေးဖို့ ယေဟောဝါသုံးခဲ့တဲ့ ယေရှုတစ်ဦးတည်းကို “နှုတ်ကပတ်တော်” လို့ ခေါ်နိုင်တယ်။—ယောဟန် ၁:၁၄။
၁၂။ ဘုရားသခင်နဲ့ ယေရှုဟာ တစ်ဦးတည်းမဟုတ်မှန်း ကျွန်တော်တို့ ဘယ်လိုသိရသလဲ။
၁၂ ဘုရားသခင်နဲ့ ယေရှုဟာ တစ်ဦးတည်းပဲလို့ တချို့ ယုံကြည်ကြတယ်။ ကျမ်းစာက အဲဒီလို မသွန်သင်ဘူး။ ယေရှုဟာ ဖန်ဆင်းခံရသူ ဖြစ်တယ်ဆိုပြီး ကျမ်းစာသွန်သင်တယ်။ ဒါကြောင့် ယေရှုမှာ အစရှိတယ်။ အရာခပ်သိမ်းကို ဖန်ဆင်းတဲ့ ယေဟောဝါမှာတော့ အစမရှိဘူး။ (ဆာလံ ၉၀:၂) ဘုရားရဲ့သားတော် ယေရှုဟာ ဘုရားသခင်ဖြစ်ဖို့ တစ်ခါမှ စိတ်မကူးခဲ့ဘူး။ အဖဘုရားဟာ သားတော်ထက် ကြီးမြတ်တယ်လို့ ကျမ်းစာမှာ ရှင်းရှင်းလင်းလင်း သွန်သင်ထားတယ်။ (ယောဟန် ၁၄:၂၈ ကိုဖတ်ပါ။ ၁ ကောရိန္သု ၁၁:၃) ယေဟောဝါတစ်ပါးတည်းသာ “အနန္တတန်ခိုးရှင် ဘုရားသခင်” ဖြစ်တယ်။ (ကမ္ဘာဦး ၁၇:၁) ဘုရားသခင်သာ စကြဝဠာမှာ အကြီးမြတ်ဆုံး၊ တန်ခိုးအကြီးဆုံး ဖြစ်တယ်။—ရှင်းလင်းချက် ၁၄ ကိုကြည့်ပါ။
၁၃။ ကျမ်းစာမှာ ယေရှုကို “မျက်စိနဲ့မမြင်နိုင်တဲ့ ဘုရားသခင်ရဲ့ ပုံသဏ္ဌာန်” လို့ ဘာကြောင့် ပြောတာလဲ။
၁၃ ယေဟောဝါနဲ့ သားတော်ယေရှုဟာ ကောင်းကင်နဲ့ မြေကြီးကို မဖန်ဆင်းခင် နှစ်သန်းထောင်ချီကတည်းက အတူတကွ အလုပ်လုပ်ခဲ့ကြတယ်။ တစ်ဦးနဲ့တစ်ဦး သိပ်ချစ်မြတ်နိုးမှာပဲ။ (ယောဟန် ၃:၃၅။ ၁၄:၃၁) ဖခင်ရဲ့အရည်အသွေးတွေကို အကောင်းဆုံး တုပခဲ့လို့ ယေရှုကို “မျက်စိနဲ့မမြင်နိုင်တဲ့ ဘုရားသခင်ရဲ့ ပုံသဏ္ဌာန်” လို့ ကျမ်းစာမှာ ပြောထားတယ်။—ကောလောသဲ ၁:၁၅။
၁၄။ ယေဟောဝါ တန်ဖိုးအထားရဆုံးသားဟာ လူသားအဖြစ် ဘယ်လို မွေးဖွားလာသလဲ။
၁၄ ယေဟောဝါ တန်ဖိုးအထားရဆုံးသားဟာ ကောင်းကင်ကို စွန့်ပြီး လူသားအဖြစ် မြေကြီးပေါ် မွေးဖွားလာဖို့ တလိုတလား ရှိခဲ့တယ်။ ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ။ ယေဟောဝါဟာ ကောင်းကင်မှာရှိတဲ့ မိမိသားရဲ့အသက်ကို မာရိလို့ခေါ်တဲ့ အပျိုတစ်ဦးရဲ့ သားအိမ်ထဲ အံ့ဖွယ်နည်းနဲ့ ပြောင်းရွှေ့ပေးတယ်။ ဒါကြောင့် ယေရှုမွေးဖွားလာဖို့ လူသားဖခင်တစ်ဦး မလိုအပ်ဘူး။ မာရိဟာ ပြည့်ဝစုံလင်တဲ့သားကို မွေးဖွားလာပြီး ယေရှုလို့ နာမည်ပေးတယ်။—လုကာ ၁:၃၀-၃၅။
ယေရှုဟာ ဘယ်လိုပုဂ္ဂိုလ်မျိုးလဲ
၁၅။ ယေဟောဝါအကြောင်း ဘယ်လိုနည်းနဲ့ ပိုသိရှိလာနိုင်သလဲ။
၁၅ မဿဲ၊ မာကု၊ လုကာ၊ ယောဟန်ကျမ်းကို ဖတ်မယ်ဆိုရင် ယေရှုအကြောင်း၊ သူ့အသက်တာ၊ သူ့အရည်အသွေးအကြောင်း အများကြီး သိလာမယ်။ အဲဒီကျမ်းတွေကို ခရစ်ဝင်ကျမ်းလို့ ခေါ်တယ်။ ယေရှုဟာ ဖခင်နဲ့တူတဲ့အတွက် ယေရှုအကြောင်း ကျွန်တော်တို့ သိရှိလာတာတွေက ယေဟောဝါအကြောင်း ပိုသိရှိစေပါလိမ့်မယ်။ ဒါကြောင့် ယေရှုက “ကျွန်တော့်ကို မြင်တာဟာ အဖဘုရားကို မြင်တာပဲ” လို့ပြောခဲ့တယ်။—ယောဟန် ၁၄:၉။
၁၆။ ယေရှု ဘာအကြောင်း သွန်သင်ခဲ့သလဲ၊ ယေရှုရဲ့ သွန်သင်ချက်တွေဟာ ဘယ်သူ့ဆီက လာသလဲ။
၁၆ လူအတော်များများက ယေရှုကို “ဆရာ” လို့ခေါ်ကြတယ်။ (ယောဟန် ၁:၃၈။ ၁၃:၁၃) ယေရှုက “နိုင်ငံတော်သတင်းကောင်း” အကြောင်း အဓိကသင်ပေးခဲ့တယ်။ အဲဒီနိုင်ငံတော်ဟာ ဘာလဲ။ ကမ္ဘာမြေတစ်ခုလုံးကို ကောင်းကင်ကနေ အုပ်စိုးပြီး နာခံမှုရှိတဲ့လူသားတွေအတွက် ကောင်းချီးတွေ ဆောင်ကြဉ်းပေးမယ့် ဘုရားသခင့်အစိုးရပဲ။ (မဿဲ ၄:၂၃) ယေရှုသွန်သင်သမျှဟာ ယေဟောဝါဆီကဖြစ်တယ်။ “ကျွန်တော် သင်ပေးနေတာတွေဟာ ကျွန်တော့်ရဲ့တရား မဟုတ်ဘူး။ ကျွန်တော့်ကို စေလွှတ်လိုက်တဲ့အရှင်ရဲ့ တရားတွေပဲ” ဆိုပြီး ယေရှုပြောခဲ့တယ်။ (ယောဟန် ၇:၁၆) ယေဟောဝါဟာ လူတွေကို နိုင်ငံတော်သတင်းကောင်း ကြားစေချင်မှန်း ယေရှုသိတယ်။
၁၇။ ယေရှု ဘယ်နေရာတွေမှာ သွန်သင်ခဲ့သလဲ။ တခြားသူတွေကို ယေရှု ဘာကြောင့် ကြိုးစားပမ်းစား သွန်သင်ပေးခဲ့တာလဲ။
၁၇ ယေရှု ဘယ်နေရာတွေမှာ သွန်သင်ခဲ့သလဲ။ လူတွေရှိနိုင်တဲ့ နေရာတိုင်းမှာ၊ ကျေးလက်ဒေသတွေ၊ မြို့ရွာတွေ၊ ဈေးတွေ၊ ဝတ်ပြုတဲ့နေရာတွေ၊ အိမ်တွေမှာ ဖြစ်တယ်။ ယေရှုက လူတွေ သူ့ဆီလာဖို့ စောင့်မနေဘူး။ ကိုယ်တိုင် လူတွေဆီ သွားတယ်။ (မာကု ၆:၅၆။ လုကာ ၁၉:၅၊ ၆) အချိန်၊ ခွန်အား စိုက်ထုတ်ပြီး လူတွေကို ယေရှု ကြိုးစားပမ်းစား သွန်သင်ပေးခဲ့တာ ဘာကြောင့်လဲ။ အဲဒီလိုလုပ်ဖို့ ဘုရားသခင် အလိုရှိမှန်း သိတဲ့အတွက်၊ ဖခင်ကို အမြဲနာခံတဲ့အတွက် ဖြစ်တယ်။ (ယောဟန် ၈:၂၈၊ ၂၉) ယေရှု ဟောပြောရတဲ့ နောက်အကြောင်းရင်းကတော့ လူတွေကို သနားစာနာလို့ပဲ။ (မဿဲ ၉:၃၅၊ ၃၆ ကိုဖတ်ပါ။) ဘာသာရေးခေါင်းဆောင်တွေက ဘုရားသခင်အကြောင်း၊ ဘုရားနိုင်ငံတော်အကြောင်း အမှန်အတိုင်း မသွန်သင်ပေးမှန်း ယေရှုသိတယ်။ ဒါကြောင့် လူများနိုင်သမျှများများ နိုင်ငံတော်သတင်းကောင်း ကြားနိုင်အောင် သူကူညီချင်တယ်။
၁၈။ ယေရှုရဲ့ ဘယ်အရည်အသွေးတွေကို သင် အကြိုက်ဆုံးလဲ။
၁၈ ယေရှုဟာ လူတွေကိုချစ်ပြီး ဂရုစိုက်တဲ့သူ ဖြစ်တယ်။ ကြင်နာမှုရှိသူ၊ ချဉ်းကပ်ရလွယ်သူ ဖြစ်တယ်။ ကလေးငယ်တွေတောင် သူ့အနား နေချင်ကြတယ်။ (မာကု ၁၀:၁၃-၁၆) ယေရှုက မျက်နှာမလိုက်ဘူး။ အကျင့်ပျက်ခြစားမှုနဲ့ မတရားမှုကို မုန်းတယ်။ (မဿဲ ၂၁:၁၂၊ ၁၃) အမျိုးသမီးတွေကို နှိမ်ပြီး အခွင့်အရေးနည်းနည်းပဲ ပေးတဲ့ခေတ်မှာ ယေရှုက သူတို့ကို တလေးတစား ဆက်ဆံခဲ့တယ်။ (ယောဟန် ၄:၉၊ ၂၇) ယေရှုဟာ တကယ်နှိမ့်ချသူဖြစ်တယ်။ တစ်ခါက တမန်တော်တွေကို ခြေဆေးပေးခဲ့တယ်၊ ဒါဟာ နိမ့်ကျတဲ့အစေခံတစ်ဦး လုပ်တဲ့အလုပ်ပဲ။—ယောဟန် ၁၃:၂-၅၊ ၁၂-၁၇။
၁၉။ ယေရှုဟာ လူတွေရဲ့ တကယ့်လိုအပ်ရာကို သိပြီး ကူညီပေးချင်တယ်ဆိုတာ ဘယ်အဖြစ်အပျက်က ဖော်ပြသလဲ။
၁၉ ယေရှုက လူတွေရဲ့ တကယ့်လိုအပ်ရာကို သိပြီး ကူညီပေးချင်တယ်။ ဖျားနာမှုတွေကို ဘုရားပေးတန်ခိုးနဲ့ ကုသပေးချိန်မှာ အဲဒီအချက် ထင်ရှားတယ်။ (မဿဲ ၁၄:၁၄) တစ်ခါက အနာကြီးရောဂါသည်တစ်ဦး ယေရှုဆီ လာပြီး “သခင်၊ ဆန္ဒရှိရင် ကျွန်တော့်ကို သန့်ရှင်းသွားအောင် လုပ်ပေးပါလား” လို့အသနားခံတယ်။ အဲဒီလူရဲ့ စိတ်ဒုက္ခနဲ့ ဝေဒနာအတွက် ယေရှု ကရုဏာသက်မိတယ်။ သူ့ကို သနားပြီး ကူညီပေးချင်တယ်။ ဒါကြောင့် လက်ကိုဆန့်၊ သူ့ကို လှမ်းကိုင်ပြီး “ဆန္ဒရှိတာပေါ့။ သန့်ရှင်းစေ” လို့ပြောတဲ့အခါ ချက်ချင်းပဲ အနာကြီးရောဂါ ပျောက်သွားတယ်။ (မာကု ၁:၄၀-၄၂) အဲဒီလူ ဘယ်လိုခံစားရမလဲဆိုတာ သင် မြင်ယောင်ကြည့်လိုက်ပါ။
ဖခင်အပေါ် အမြဲသစ္စာရှိ
၂၀၊ ၂၁။ ဘုရားသခင်ကို နာခံရာမှာ အကောင်းဆုံး ပုံသက်သေကို ယေရှု ဘယ်လိုတင်ပြခဲ့သလဲ။
၂၀ ယေရှုက ဘုရားသခင်ကို နာခံရာမှာ အကောင်းဆုံး ပုံသက်သေ ပြခဲ့တယ်။ ဘယ်လိုအခြေအနေပဲ ကြုံပါစေ၊ ရန်သူတွေ ဘယ်လိုပဲ ဆန့်ကျင်ပါစေ ဖခင်အပေါ် သစ္စာရှိတယ်။ ဥပမာ၊ စာတန် သွေးဆောင်တဲ့အခါ ယေရှု အပြစ်မလုပ်ဘူး။ (မဿဲ ၄:၁-၁၁) မိသားစုဝင်တချို့က ယေရှုကို မေရှိယအဖြစ် မယုံကြည်ဘဲ “စိတ်ဖောက်ပြန်သွားပြီ” လို့ ပြောခဲ့ကြတယ်။ ဒါပေမဲ့ ဘုရားအလုပ်ကို ယေရှု ဆက်လုပ်ဆောင်ခဲ့တယ်။ (မာကု ၃:၂၁) ရန်သူတွေ သူ့ကို ရက်ရက်စက်စက် ဆက်ဆံတဲ့အခါမှာလည်း ဘုရားအပေါ် ဆက်သစ္စာရှိတယ်၊ ဆန့်ကျင်သူတွေ ထိခိုက်နစ်နာသွားအောင် မလုပ်ခဲ့ဘူး။—၁ ပေတရု ၂:၂၁-၂၃။
၂၁ ယေရှုဟာ ရက်ရက်စက်စက်၊ ဝေဒနာခံစားပြီး သေဆုံးရတာတောင် ယေဟောဝါအပေါ် သစ္စာတည်ကြည်ခဲ့တယ်။ (ဖိလိပ္ပိ ၂:၈ ကိုဖတ်ပါ။) သူ သေဆုံးတဲ့နေ့မှာ ခံစားခဲ့ရတာတွေကို စဉ်းစားကြည့်ပါ။ အဖမ်းခံခဲ့ရတယ်၊ ဘုရားကို စော်ကားပြောဆိုသူလို့ စွပ်စွဲခံခဲ့ရတယ်။ ဆိုးညစ်တဲ့ တရားသူကြီးတွေ အပြစ်စီရင်တာ၊ လူအုပ် လှောင်ပြောင်တာ၊ စစ်သားတွေ ညှဉ်းဆဲတာ၊ သစ်တိုင်မှာ သံနဲ့ရိုက်တာ ခံခဲ့ရတယ်။ အသက်ထွက်ခါနီးမှာ “အဖခိုင်းသမျှ ကျွန်တော်လုပ်ပြီးပါပြီ” လို့ အော်ပြောခဲ့တယ်။ (ယောဟန် ၁၉:၃၀) ယေရှု သေဆုံးပြီး သုံးရက်မြောက်နေ့မှာ ယေဟောဝါက သူ့ကို အသက်ပြန်ရှင်စေပြီး ဝိညာဉ်ခန္ဓာ ပေးခဲ့တယ်။ (၁ ပေတရု ၃:၁၈) ရက်အတန်ကြာပြီးနောက် ယေရှုက ကောင်းကင်ကို ပြန်တက်သွားတယ်၊ “ဘုရားသခင်ရဲ့ ညာဘက်မှာ ထိုင်ပြီး” ဘုရင့်အာဏာ ရရှိမယ့်အချိန်ကို စောင့်ဆိုင်းနေခဲ့တယ်။—ဟီဘရူး ၁၀:၁၂၊ ၁၃။
၂၂။ ယေရှုဟာ ဖခင်အပေါ် သစ္စာတည်ကြည်ခဲ့လို့ ကျွန်တော်တို့အတွက် ဘာလမ်းပွင့်သွားသလဲ။
၂၂ ယေရှုဟာ ဖခင်အပေါ် သစ္စာတည်ကြည်ခဲ့လို့ ယေဟောဝါရဲ့ ရည်ရွယ်ချက်အတိုင်း မြေကြီးပရဒိသုမှာ ကျွန်တော်တို့ ထာဝစဉ်အသက်ရှင်ဖို့ လမ်းပွင့်သွားတယ်။ ယေရှုရဲ့သေခြင်းက အဲဒီလိုဖြစ်စေနိုင်တဲ့အကြောင်း နောက်အခန်းမှာ လေ့လာကြပါမယ်။
^ စာပိုဒ်၊ 11 ယေဟောဝါဟာ ဖန်ဆင်းရှင်ဖြစ်တဲ့အတွက် ကိုယ်တော့်ကို အဖလို့ ခေါ်နိုင်တယ်။ (ဟေရှာယ ၆၄:၈) ယေရှုကို ယေဟောဝါ ဖန်ဆင်းတဲ့အတွက် ဘုရားသခင်ရဲ့သားလို့ ခေါ်တယ်။ ကောင်းကင်တမန်တွေနဲ့ အာဒံကိုလည်း ဘုရားသခင်ရဲ့သားလို့ ခေါ်ထားတယ်။—ယောဘ ၁:၆။ လုကာ ၃:၃၈။
သမ္မာကျမ်းစာ သွန်သင်ရာများ