အခန်း​သုံး

လူသားတွေအတွက် ဘုရားသခင့်ရည်ရွယ်ချက်ဟာ ဘာလဲ

လူသားတွေအတွက် ဘုရားသခင့်ရည်ရွယ်ချက်ဟာ ဘာလဲ

၁။ လူ​သား​တွေ​အတွက် ဘု​ရား​သခင့်ရည်​ရွယ်​ချက်​ဟာ ဘာ​လဲ။

လူ​သား​တွေ​အတွက် သိပ်​ကောင်း​တဲ့ ရည်​ရွယ်​ချက် ဘု​ရား​သခင်​ဆီ​မှာ ရှိ​တယ်။ ဘု​ရား​က ပထ​မဆုံး လူ​ယောက်ျား အာ​ဒံ​နဲ့ လူ​မိန်း​မ ဧ​ဝ​ကို ဖန်​ဆင်း​ပြီး သာ​ယာ​လှ​ပတဲ့​ဥ​ယျာဉ်​မှာ နေ​ထိုင်​စေ​တယ်။ ဘု​ရားရည်​ရွယ်​ချက်​က အာ​ဒံ​နဲ့ ဧ​ဝ သား​သမီး​တွေ​မွေး​ဖွား​ပြီး တစ်​ကမ္ဘာ​လုံး ပရ​ဒိ​သု​ဥ​ယျာဉ်​ဖြစ်​စေ​ဖို့၊ တိ​ရစ္ဆာန်တွေ​ကို စောင့်​ရှောက်​ဖို့ ဖြစ်​တယ်။—ကမ္ဘာဦး ၁:၂၈။ ၂:၈၊ ၉၊ ၁၅ရှင်း​လင်း​ချက် ၆ ကို​ကြည့်​ပါ။

၂။ (က) ရည်​ရွယ်​ထား​တဲ့​အတိုင်း ဘု​ရား​သခင် လုပ်​ဆောင်​မယ်​ဆို​တာ ကျွန်​တော်​တို့ ဘယ်​လို​သိ​ရ​သလဲ။ (ခ) ထာ​ဝ​စဉ် အသက်​ရှင်​မယ့်​အကြောင်း ကျမ်း​စာ​မှာ ဘာ​ပြော​သလဲ။

ပရ​ဒိ​သု​မှာ နေ​ထိုင်​ရ​မယ်​လို့ စဉ်း​စား​ဖူး​သလား။ “ငါ​ရည်​ရွယ်​ပြီး​ပြီ။ အဲ​ဒါ​ကို အကောင်​အထည်​ဖော်​မယ်” လို့ ယေဟောဝါ​ပြော​တယ်။ (ဟေ​ရှာ​ယ ၄၆:၉-၁၁။ ၅၅:၁၁) ဘု​ရား​သခင်​က ရည်​ရွယ်​ထား​တဲ့​အတိုင်း လုပ်​ဆောင်​ပါ​လိမ့်​မယ်၊ ဘယ်​အရာ​က​မှ သူ့​ကို မတား​ဆီး​နိုင်​ဘူး။ ကမ္ဘာ​မြေကို ဖန်​ဆင်း​ရ​တဲ့ အကြောင်း​ရင်း​ရှိ​တယ်​လို့ ယေဟောဝါ ပြော​တယ်။ ‘ကမ္ဘာ​မြေကို အကြောင်း​မဲ့ ဖန်​ဆင်း​တာ မဟုတ်​ဘူး။’ (ဟေ​ရှာ​ယ ၄၅:၁၈) ဘု​ရား​က လူ​တွေ​ကို ကမ္ဘာ​ပေါ်​မှာ ထာ​ဝ​စဉ် နေ​ထိုင်​စေ​ချင်​တယ်။ ဘယ်​လို​လူ​တွေ​ကို နေ​ထိုင်​စေ​ချင်​သလဲ။ ဘယ်​လောက်​ကြာ​ကြာ နေ​ထိုင်​စေ​ချင်​သလဲ။ “ဖြောင့်​မတ်​သူ [နာ​ခံ​မှု​ရှိ​သူ] တွေ​ဟာ ကမ္ဘာ​မြေကို ပိုင်​ဆိုင်​ပြီး ထာ​ဝ​စဉ် နေ​ထိုင်​ရ​လိမ့်​မယ်” လို့ ကျမ်း​စာ​မှာ ပြော​ထား​တယ်။—ဆာလံ ၃၇:၂၉။ ဗျာဒိတ် ၂၁:၃၊ ၄

၃။ လူ​တွေ ဖျား​နာ​ပြီး သေဆုံး​နေ​တဲ့​အတွက် ဘယ်​မေး​ခွန်း ပေါ်​လာ​သလဲ။

အခု​ချိန်​မှာ​တော့ လူ​တွေ ဖျား​နာ​ပြီး သေဆုံး​နေ​ကြ​တယ်။ နေ​ရာ​တ​ကာ​မှာ အချင်း​ချင်း တိုက်​ခိုက်​သတ်​ဖြတ်​နေ​ကြ​တယ်။ အဲဒီ​လို​ဖြစ်​ဖို့ ဘု​ရား​သခင် မရည်​ရွယ်​ခဲ့​တာ သေချာ​တယ်။ ဒါ​ဆို ဘာ​ကြောင့် အခု​လို ဖြစ်​နေ​ရ​တာ​လဲ။ ကျမ်း​စာ​က​ပဲ ရှင်း​ပြနိုင်​တယ်။

ဘု​ရား​သခင့်ရန်​သူ ပေါ်​လာ

၄၊ ၅။ (က) ဧ​ဒင်​ဥ​ယျာဉ်​မှာ ဧ​ဝ​ကို မြွေက​တစ်ဆင့် စကား​ပြော​တာ ဘယ်​သူ​လဲ။ (ခ) ရိုး​သား​သူ​တစ်​ယောက်​ဟာ သူ​ခိုး ဘယ်​လို​ဖြစ်​သွား​နိုင်​သလဲ။

ဘု​ရား​သခင်​မှာ “မာ​ရ်​နတ် စာ​တန်​လို့​ခေါ်​တဲ့” ရန်​သူ​ရှိ​တယ်​လို့ ကျမ်း​စာ​မှာ ပြော​တယ်။ စာ​တန်​က ဧ​ဒင်​ဥ​ယျာဉ်​မှာ မြွေကို​သုံး​ပြီး ဧ​ဝ​ကို စကား​ပြော​တယ်။ (ဗျာဒိတ် ၁၂:၉။ ကမ္ဘာဦး ၃:၁) မြွေ စကား​ပြော​နေ​တဲ့ ပုံ​စံ​မျိုး​ဖြစ်​အောင် သူ​ဖန်​တီး​ခဲ့​တယ်။—ရှင်း​လင်း​ချက် ၇ ကို​ကြည့်​ပါ။

ဒါ​ဆို​ရင် စာ​တန်​မာ​ရ်​နတ်​ကို ဘု​ရား​သခင် ဖန်​ဆင်း​ခဲ့​တာ​လား။ မဟုတ်​ပါ​ဘူး။ အာ​ဒံ​နဲ့ ဧ​ဝ​အတွက် ကမ္ဘာ​မြေကို ဘု​ရား​သခင် ပြင်​ဆင်​ချိန်​မှာ ရှိ​ခဲ့​တဲ့ ကောင်း​ကင်​တ​မန်​တစ်ပါး​ဟာ မာ​ရ်​နတ်​အဖြစ် ပြောင်း​လဲ​သွား​တယ်။ (ယောဘ ၃၈:၄၊ ၇) ဒါ​ဟာ ဘယ်​လို ဖြစ်​နိုင်​မှာ​လဲ။ ရိုး​သား​သူ​တစ်​ယောက်​ဟာ သူ​ခိုး ဘယ်​လို​ဖြစ်​သွား​သလဲ။ သူ​ခိုး​အနေ​နဲ့ သူ​မွေး​လာ​တာ​တော့ မဟုတ်​ဘူး။ သူ​တစ်ပါး​ပိုင်​တဲ့​ပစ္စည်း​ကို လို​ချင်​တပ်​မက်​လာ​တယ်။ အဲ​ဒါ​ကို​ပဲ တစ်​ချိန်​လုံး တွေး​နေ​တဲ့​အတွက် မကောင်း​တဲ့​ဆန္ဒ ကြီး​ထွား​လာ​တယ်။ အခွင့်​အရေးရ​တာ​နဲ့ ခိုး​တော့​တာ​ပဲ။ ဒီ​လို​နဲ့ သူ သူ​ခိုး​ဖြစ်​သွား​တယ်။—ယာကုပ် ၁:၁၃–၁၅ ကို​ဖတ်​ပါ။ ရှင်း​လင်း​ချက် ၈ ကို​ကြည့်​ပါ။

၆။ ကောင်း​ကင်​တ​မန်​တစ်ပါး​ဟာ ဘု​ရား​သခင့်ရန်​သူ ဘယ်​လို ဖြစ်​လာ​သလဲ။

မာ​ရ်​နတ်​ဖြစ်​သွား​တဲ့ ကောင်း​ကင်​တ​မန်​လည်း အဲဒီ​လို​ပါ​ပဲ။ ယေဟောဝါ​က အာ​ဒံ​နဲ့ ဧ​ဝ​ကို ဖန်​ဆင်း​ပြီး​တဲ့​နောက်​မှာ သား​သမီး​တွေ မွေး​ပြီး “ကမ္ဘာ​မြေကို ပြည့်​စေ” ပါ​လို့ ပြော​ခဲ့​တယ်။ (ကမ္ဘာဦး ၁:၂၇၊ ၂၈) ‘လူ​တွေ​အားလုံး ယေဟောဝါ​ကို မကိုးကွယ်​ဘဲ ငါ့​ကို​သာ ကိုးကွယ်​ရင် ဘယ်​လောက်​ကောင်း​မလဲ’ ဆို​ပြီး အဲဒီ​ကောင်း​ကင်​တ​မန် စဉ်း​စား​ခဲ့​မှာ​ပဲ။ အဲဒီ​လို​စဉ်း​စား​လေ ယေဟောဝါ​ပိုင်​ဆိုင်​တာ​ကို ရ​ချင်​လေ ဖြစ်​လာ​တယ်။ သူ့​ကို လူ​တွေ​ကိုးကွယ်​တာ​ကို လို​လား​တယ်။ ဒါ​ကြောင့် ဧ​ဝ​ကို လိမ်​လည်​လှည့်​ဖြား​တယ်။ (ကမ္ဘာဦး ၃:၁–၅ ကို​ဖတ်​ပါ။) ဒီ​နည်း​နဲ့ သူ​ဟာ ဘု​ရား​သခင့်ရန်​သူ စာ​တန်​မာ​ရ်​နတ် ဖြစ်​လာ​တယ်။

၇။ (က) အာ​ဒံ​နဲ့ ဧ​ဝ ဘာ​ကြောင့် သေဆုံး​ကြ​ရ​သလဲ။ (ခ) ကျွန်​တော်​တို့ ဘာ​ကြောင့် အို​မင်း​ပြီး သေဆုံး​ကြ​ရ​သလဲ။

အာ​ဒံ​နဲ့ ဧ​ဝ​ဟာ ဘု​ရား​သခင့်​စကား နား​မထောင်​ဘဲ အသီး​ကို ယူ​စား​တယ်။ (ကမ္ဘာဦး ၂:၁၇။ ၃:၆) ဒီ​နည်း​နဲ့ ယေဟောဝါ​ကို သူတို့ ပြစ်​မှား​ခဲ့​ကြ​တယ်။ အချိန်​တန်​တဲ့​အခါ ယေဟောဝါ ပြော​တဲ့​အတိုင်း သေဆုံး​သွား​ကြ​တယ်။ (ကမ္ဘာဦး ၃:၁၇-၁၉) အာ​ဒံ​နဲ့ ဧ​ဝ​ရဲ့ သား​သမီး​တွေ​လည်း အပြစ်​သား​တွေ​ပဲ။ ဒါ​ကြောင့် သူတို့ သေဆုံး​ကြ​ရ​တယ်။ (ရော​မ ၅:၁၂ ကို​ဖတ်​ပါ။) အာ​ဒံ​နဲ့ ဧ​ဝ​ရဲ့ သား​သမီး​တွေ ဘာ​ကြောင့် အပြစ်​သား​တွေ ဖြစ်​သွား​သလဲ​ဆို​တာ နား​လည်​နိုင်​ဖို့ ဥပမာ​တစ်​ခု သုံးသပ်​ကြည့်​ပါ။ ချိုင့်​နေ​တဲ့ ပုံ​စံ​ခွက်​နဲ့ မုန့်​ဖုတ်​တယ်​လို့ မြင်​ယောင်​ကြည့်​ပါ။ ထွက်​လာ​တဲ့ မုန့်​က​လည်း ချိုင့်​နေ​မှာ​ပဲ။ အာ​ဒံ​ဟာ ဘု​ရား​စကား နား​မထောင်​တဲ့​အတွက် အပြစ်​သား ဖြစ်​လာ​တယ်။ ကျွန်​တော်​တို့​အားလုံး​ဟာ အာ​ဒံ​ရဲ့​သား​သမီး​တွေ ဖြစ်​တဲ့​အတွက် အာ​ဒံ​လို​ပဲ အပြစ်​သား​တွေ ဖြစ်​လာ​တယ်။ အပြစ်​သား​တွေ ဖြစ်​တဲ့​အတွက် အားလုံး အို​မင်း​ပြီး သေဆုံး​ကြ​ရ​တယ်။—ရော​မ ၃:၂၃ရှင်း​လင်း​ချက် ၉ ကို​ကြည့်​ပါ။

၈၊ ၉။ (က) အာ​ဒံ​နဲ့ ဧ​ဝ​ကို စာ​တန် ဘယ်​လို အယုံ​သွင်းခဲ့​သလဲ။ (ခ) ပုန်​ကန်​သူ​တွေ​ကို ယေဟောဝါ ဘာ​ကြောင့် ချက်​ချင်း မဖျက်​ဆီး​ခဲ့​သလဲ။

စာ​တန်​ဟာ အာ​ဒံ​နဲ့ ဧ​ဝ​ကို ယေဟောဝါ​စကား နား​မထောင်​ဖို့ လှည့်​ဖြား​ချိန်​က​စ​ပြီး ဘု​ရား​ကို ပုန်​ကန်​ခဲ့​တယ်။ ယေဟောဝါ​ဟာ လိမ်​ညာ​သူ၊ သူတို့​ကောင်း​ကျိုး​ကို မလို​လား​တဲ့ အုပ်​စိုး​ရှင်​ပဲ​ဆို​ပြီး အာ​ဒံ​နဲ့ ဧ​ဝ​ကို စာ​တန် အယုံ​သွင်း​တယ်။ လူ​တွေ ဘာ​လုပ်​ရ​မယ်​ဆို​တာ ဘု​ရား​ပြော​စ​ရာ မလို​ဘူး၊ အမှား​အမှန်​ကို အာ​ဒံ​နဲ့ ဧ​ဝ​ကိုယ်​တိုင် ဆုံး​ဖြတ်​သင့်​တယ်​လို့ သူ​ပြော​နေ​တာ။ အဲဒီ​အခါ ယေဟောဝါ ဘယ်​လို တုံ့​ပြန်​သလဲ။ ပုန်​ကန်​သူ​တွေ​ကို ဖျက်​ဆီး​ပြီး ပုန်​ကန်​မှု​ကို ဇာတ်​သိမ်း​လိုက်​လို့ ရ​တာ​ပဲ။ ဒါ​ဆို​ရင် စာ​တန်​ဟာ လိမ်​ညာ​သူ​ပဲ​ဆို​တာ သက်​သေပြနိုင်​ပါ့​မလား။ သက်​သေပြနိုင်​မှာ မဟုတ်​ဘူး။

ဒါ​ကြောင့် ပုန်​ကန်​သူ​တွေ​ကို ယေဟောဝါ ချက်​ချင်း မဖျက်​ဆီး​ခဲ့​ဘူး။ လူ​လူ​ချင်း အုပ်​ချုပ်​ဖို့ အချိန်​ပေး​ခဲ့​တယ်။ အဲဒီ​လို​အချိန်​ပေး​တဲ့​အတွက် စာ​တန်​ဟာ လိမ်​ညာ​သူ​ဖြစ်​ပြီး ယေဟောဝါ​က​တော့ လူ​တွေရဲ့​ကောင်း​ကျိုး​ကို လို​လား​တယ်​ဆို​တာ ထင်​ရှား​လာ​ပါ​လိမ့်​မယ်။ ဒီ​အကြောင်း​ကို အခန်း ၁၁ မှာ ပို​သိ​ရ​ပါ​လိမ့်​မယ်။ အာ​ဒံ​နဲ့ ဧ​ဝ​ရဲ့ ဆုံး​ဖြတ်​ချက်​ကို သင် ဘယ်​လို​ထင်​သလဲ။ စာ​တန်​ကို ယုံ​ပြီး ဘု​ရား​စကား နား​မထောင်​တာ​ဟာ သူတို့​အတွက် မှန်​ရဲ့​လား။ ယေဟောဝါ​က အာ​ဒံ​နဲ့ ဧ​ဝ​ကို လို​အပ်​ရာ​မှန်​သမျှ ပေး​ထား​တယ်။ သူတို့​ကို ပြည့်​ဝ​စုံလင်​တဲ့ အသက်၊ လှ​ပတဲ့​စံ​အိမ်၊ ပျော်​စ​ရာ​အလုပ်​အကိုင်​တွေ ပေး​ထား​တယ်။ စာ​တန်​က​တော့ သူတို့​အတွက် ကောင်း​တာ​တစ်​ခု​မှ မလုပ်​ပေး​ဖူး​ဘူး။ သင်​သာ​ဆို​ရင် ဘယ်​လို​လုပ်​မလဲ။

၁၀။ ကျွန်​တော်​တို့​ယောက်​တိုင်း​မှာ ဘာ​ရွေး​ချယ်​စ​ရာ ရှိ​နေ​သလဲ။

၁၀ အခု၊ ကျွန်​တော်​တို့​ယောက်​တိုင်း​လည်း အလား​တူ ရွေး​ချယ်​စ​ရာ ရှိ​နေ​တယ်။ အဲဒီ​ရွေး​ချယ်​မှု​က အသက်​ရေး​နဲ့ ပတ်​သက်​နေ​တယ်။ ယေဟောဝါ​ကို အုပ်​စိုး​ရှင်​အဖြစ် နာ​ခံ​ဖို့ ရွေး​ချယ်​ပြီး စာ​တန်​ကို လိမ်​ညာ​သူ​အဖြစ် သက်​သေထူ​နိုင်​တယ်။ ဒါ​မှ​မဟုတ် စာ​တန်​ကို အုပ်​စိုး​ရှင်​အဖြစ် ရွေး​ချယ်​နိုင်​တယ်။ (ပညာ​အလိမ္မာ ၂၇:၁၁ ကို​ဖတ်​ပါ။ ဆာလံ ၇၃:၂၈) ဒီ​လော​က​မှာ လူ​နည်း​စု​ပဲ ဘု​ရား​ကို နာ​ခံ​ကြ​တယ်။ တ​ကယ်​တော့ ဘု​ရား​သခင်​ဟာ ဒီ​လော​က​ရဲ့ အုပ်​စိုး​ရှင် မဟုတ်​ဘူး။ ဒါ​ဆို​ရင် ဒီ​လော​က​ရဲ့ အုပ်​စိုး​ရှင်​ဟာ ဘယ်​သူ​လဲ။

ဒီ​လော​က​ရဲ့ အုပ်​စိုး​ရှင်​ဟာ ဘယ်​သူ​လဲ

စာ​တန်​သာ လော​က​တိုင်း​နိုင်​ငံ​အားလုံး​ကို မပိုင်​ခဲ့ရင် ယေရှု​ကို ပေး​မယ်​လို့ ကမ်း​လှမ်း​နိုင်​ပါ့​မလား

၁၁၊ ၁၂။ (က) ယေရှု​ကို စာ​တန်​ကမ်း​လှမ်း​တာ​က​နေ ဘာ​သိ​ရ​သလဲ။ (ခ) ဒီ​လော​က​ကို စာ​တန် အုပ်​စိုး​နေ​မှန်း ဘယ်​ကျမ်း​ချက်​တွေ​က ဖော်ပြသလဲ။

၁၁ ဒီ​လော​က​ကို ဘယ်​သူ​အုပ်​စိုး​နေ​မှန်း ယေရှု​သိ​တယ်။ တစ်​ခါ​မှာ၊ စာ​တန်​က ယေရှု​ကို “တိုင်း​နိုင်​ငံ​တွေ​နဲ့ ဘုန်း​စည်း​စိမ်​အားလုံး​ကို ပြပြီး​နောက် ငါ့​ကို တစ်​ကြိမ်​ပဲ ရှိ​ခိုး​ဦး​ချ​မယ်​ဆို​ရင် ဒါ​တွေ​အားလုံး မင်း​ကို ပေး​မယ်” လို့​ပြော​ခဲ့​ဖူး​တယ်။ (မဿဲ ၄:၈၊ ၉။ လုကာ ၄:၅၊ ၆) စာ​တန်​သာ တိုင်း​နိုင်​ငံ​တွေ​ကို မပိုင်​ခဲ့ရင် ယေရှု​ကို ပေး​မယ်​လို့ ကမ်း​လှမ်း​နိုင်​ပါ့​မလား။ မကမ်း​လှမ်း​နိုင်​ဘူး။ တိုင်း​နိုင်​ငံ​အားလုံး​ကို စာ​တန်​ပိုင်​တယ်။

၁၂ ‘ဒီ​လော​က​ရဲ့ အုပ်​စိုး​ရှင်​ဟာ ဘယ်​လို​လုပ်​ပြီး စာ​တန် ဖြစ်​နိုင်​မှာ​လဲ။ စ​ကြ​ဝ​ဠာ​ကို ဖန်​ဆင်း​တဲ့ အနန္တ​တန်ခိုး​ရှင် ယေဟောဝါ​ပဲ မဟုတ်​လား’ ဆို​ပြီး သင်​တွေး​မိ​မှာ​ပဲ။ (ဗျာဒိတ် ၄:၁၁) ဘု​ရား​သခင်​ဟာ စ​ကြ​ဝ​ဠာ​ကို ဖန်​ဆင်း​ခဲ့​တာ မှန်​ပါ​တယ်။ ဒါ​ပေမဲ့ ယေရှု​က စာ​တန်​ကို “ဒီ​လော​က​ရဲ့​မင်း” လို့ ခေါ်​ထား​တယ်။ (ယောဟန် ၁၂:၃၁။ ၁၄:၃၀။ ၁၆:၁၁) တမန်​တော်​ပေါလု​က စာ​တန်​မာ​ရ်​နတ်​ကို “ဒီ​လော​က​စ​နစ်​ရဲ့ ဘု​ရား” လို့ ခေါ်​ထား​တယ်။ (၂ ကော​ရိန္သု ၄:၃၊ ၄) ‘တစ်​လော​က​လုံး​ဟာ ဆိုး​ညစ်​သူ​ရဲ့ သြဇာ​အောက်​မှာ ရှိ​နေ​တယ်’ လို့ တမန်​တော်​ယောဟန် ရေးခဲ့​တယ်။—၁ ယောဟန် ၅:၁၉

စာ​တန့်​လော​က ဘယ်​လို ဖျက်​ဆီး​ခံ​ရ​မလဲ

၁၃။ ကမ္ဘာ​သစ်​တစ်​ခု ဘာ​ကြောင့် လို​အပ်​သလဲ။

၁၃ ဒီ​လော​က​ဟာ ပို​ပြီး အန္တရာယ်​များ​လာ​တယ်။ နေ​ရာ​တ​ကာ​မှာ စစ်​ပွဲ၊ အကျင့်​ပျက်​ခြစား​မှု၊ အရေ​ခြုံ​မှု၊ အကြမ်း​ဖက်​မှု​တွေ​ချည်း​ပဲ။ ဘယ်​လောက်​ပဲ ကြိုး​စား​ပါ​စေ ဒီ​ပြဿ​နာ​အားလုံး​ကို ဘယ်​လူ​သား​မှ မဖြေရှင်း​ပေး​နိုင်​ဘူး။ ဘု​ရား​သခင်​က အာ​မဂေဒုန်လို့​ခေါ်​တဲ့ စစ်​ပွဲ​မှာ ဆိုး​ညစ်​တဲ့ ဒီ​လော​က​ကို ဖျက်​ဆီး​ပြီး ဖြောင့်​မတ်​ခြင်း​တည်​တံ့​မယ့် ကမ္ဘာ​သစ်​နဲ့ အစား​ထိုး​ပါ​လိမ့်​မယ်။—ဗျာဒိတ် ၁၆:၁၄-၁၆ရှင်း​လင်း​ချက် ၁၀ ကို​ကြည့်​ပါ။

၁၄။ နိုင်​ငံ​တော်​ဘု​ရင်​အဖြစ် ဘယ်​သူ့​ကို ဘု​ရား​သခင် ရွေး​ချယ်​ထား​သလဲ။ ယေရှု​နဲ့​ပတ်​သက်​ပြီး ကျမ်း​စာ​မှာ ဘယ်​လို ကြို​ဟော​ထား​သလဲ။

၁၄ ယေဟောဝါ​က ကောင်း​ကင်​နိုင်​ငံ​ရဲ့ ဘု​ရင်​အဖြစ် ယေရှု​ခ​ရစ်​ကို ရွေး​ချယ်​တယ်။ ယေရှု​ဟာ “ငြိမ်း​ချမ်း​ရေး​မင်း​သား” အဖြစ် အုပ်​ချုပ်​မယ်၊ သူ့​အုပ်​ချုပ်​မှု အစဉ်​တည်​မယ်​လို့ ကျမ်း​စာ​မှာ နှစ်​ပေါင်း​ထောင်​နဲ့​ချီ ကြို​ဟော​ထား​တယ်။ (ဟေ​ရှာ​ယ ၉:၆၊ ၇) ယေရှု​က “နိုင်​ငံ​တော် လာ​ပါ​စေ။ အလို​တော်​ဟာ ကောင်း​ကင်​မှာ ပြည့်​စုံ​သလို ကမ္ဘာ​မြေမှာ​လည်း ပြည့်​စုံ​ပါ​စေ” ဆို​ပြီး အဲဒီ​နိုင်​ငံ​အတွက် ဆုတောင်း​ဖို့ တ​ပည့်တွေ​ကို သင်​ပေး​တယ်။ (မဿဲ ၆:၁၀) ဘု​ရား​သခင့်​နိုင်​ငံ​ဟာ လော​က​တိုင်း​နိုင်​ငံ​အားလုံး​ကို ဖယ်​ရှား​မယ်​ဆို​တဲ့​အကြောင်း အခန်း ၈ မှာ သိ​ရ​ပါ​လိမ့်​မယ်။ (ဒံယေလ ၂:၄၄ ကို​ဖတ်​ပါ။) အဲဒီ​နောက် ဘု​ရား​သခင့်​နိုင်​ငံ​ဟာ ကမ္ဘာ​မြေကို လှ​ပတဲ့​ပရ​ဒိ​သု​ဥ​ယျာဉ် ဖြစ်​စေ​မယ်။—ရှင်း​လင်း​ချက် ၁၁ ကို​ကြည့်​ပါ။

ကမ္ဘာ​သစ် နီး​ပြီ

၁၅။ “မြေကြီး​သစ်” ဆို​တာ ဘာ​လဲ။

၁၅ ကျွန်​တော်​တို့ စောင့်​မျှော်​နေ​တဲ့ “ဖြောင့်​မတ်​ခြင်း တည်​တံ့​မယ့် ကောင်း​ကင်​သစ်​နဲ့ မြေကြီး​သစ်” ရှိ​တယ်​လို့ ကျမ်း​စာ​မှာ ပြော​ထား​တယ်။ (၂ ပေတရု ၃:၁၃။ ဟေ​ရှာ​ယ ၆၅:၁၇) ကျမ်း​စာ​မှာ “မြေကြီး” လို့​ပြော​တဲ့​အခါ ကမ္ဘာ​မြေပေါ်​နေ​ထိုင်​တဲ့ လူ​တွေ​ကို ဆိုလို​တယ်။ (တ​ရား​ဟော​ရာ ၃၂:၁) ဒါ​ကြောင့် ဖြောင့်​မတ်​ခြင်း တည်​တံ့​မယ့် “မြေကြီး​သစ်” ဆို​တာ ဘု​ရား​သခင်​ကို နာ​ခံ​သူ​တွေ၊ ကောင်း​ချီး​ခံစား​ရ​သူ အားလုံး​ကို ရည်​ညွှန်း​တယ်။

၁၆။ ကမ္ဘာ​သစ်​မှာ နေ​ထိုင်​သူ​တွေ​ကို ဘု​ရား​သခင် ဘာ​လက်​ဆောင် ပေး​မလဲ။ အဲဒီ​လက်​ဆောင် ရ​နိုင်​ဖို့ ကျွန်​တော်​တို့ ဘာ​လုပ်​ရ​မလဲ။

၁၆ ကမ္ဘာ​သစ်​မှာ နေ​ထိုင်​သူ​တွေ “ထာ​ဝ​ရ​အသက်” ရ​မယ်​လို့ ယေရှု ကတိ​ပေး​ခဲ့​တယ်။ (မာကု ၁၀:၃၀) အဲဒီ​လက်​ဆောင် ရ​နိုင်​ဖို့ ကျွန်​တော်​တို့ ဘာ​လုပ်​ရ​မလဲ။ အဖြေရ​နိုင်​ဖို့ ယောဟန် ၃:၁၆ နဲ့ ၁၇:၃ ကို​ဖတ်​ပါ။ မြေကြီး​ပရ​ဒိ​သု​မှာ ရ​ရှိ​မယ့် အသက်​တာ​အကြောင်း ကျမ်း​စာ ဘာ​ပြော​သလဲ​ဆို​တာ သုံးသပ်​ကြည့်​ရ​အောင်။

၁၇၊ ၁၈။ ကမ္ဘာ​ပေါ်​မှာ ငြိမ်သက်​အေး​ချမ်း​ပြီး ဘေး​ကင်း​လုံ​ခြုံ​စွာ နေ​ထိုင်​ရ​မယ်​ဆို​တာ ဘယ်​လို သိ​နိုင်​သလဲ။

၁၇ ဆိုး​သွမ်း​မှု၊ စစ်​ပွဲ၊ ရာ​ဇ​ဝတ်​မှု၊ အကြမ်း​ဖက်​မှု​တွေ မရှိ​တော့​ဘူး။ ကမ္ဘာ​ပေါ်​မှာ လူ​ဆိုး​တွေ ရှိ​တော့​မှာ မဟုတ်​ဘူး။ (ဆာလံ ၃၇:၁၀၊ ၁၁) ဘု​ရား​သခင်​က “မြေတစ်​ခွင်​လုံး​မှာ စစ်​မှု​ကို ငြိမ်း​စေ” မယ်။ (ဆာလံ ၄၆:၉။ ဟေ​ရှာ​ယ ၂:၄) ကမ္ဘာ​ပေါ်​မှာ ဘု​ရား​ကို ချစ်​တဲ့​သူ​တွေ၊ ဘု​ရား​ကို နာ​ခံ​သူ​တွေ​ပဲ ရှိ​နေ​မယ်။ ထာ​ဝ​စဉ် ငြိမ်သက်​အေး​ချမ်း​နေ​ပါ​လိမ့်​မယ်။—ဆာလံ ၇၂:၇

၁၈ ယေဟောဝါ​ကို ဝတ်​ပြု​သူ​တွေ ဘေး​ကင်း​လုံ​ခြုံ​နေ​လိမ့်​မယ်။ ရှေး​အချိန်​က အစ္စရေးတွေ ဘု​ရား​သခင်​ကို နာ​ခံ​တဲ့​အခါ ဘု​ရား ကာ​ကွယ်​စောင့်​ရှောက်​ပေး​လို့ ဘေး​ကင်း​လုံ​ခြုံ​စွာ နေ​ထိုင်​ခဲ့ရ​တယ်။ (ဝတ်​ပြု​ရာ ၂၅:၁၈၊ ၁၉) ပရ​ဒိ​သု​ကျ​ရင် ဘာ​ကို​မှ၊ ဘယ်​သူ့​ကို​မှ ကြောက်​စ​ရာ မလို​တော့​ဘူး။ ကျွန်​တော်​တို့​အားလုံး အမြဲ ဘေး​ကင်း​လုံ​ခြုံ​စွာ နေ​ထိုင်​ရ​မယ်။—ဟေ​ရှာ​ယ ၃၂:၁၈ နဲ့ မိက္ခာ ၄:၄ ကို​ဖတ်​ပါ။

၁၉။ ကမ္ဘာ​သစ်​မှာ အစား​အစာ အလျှံ​ပယ်​ရှိ​မယ်​ဆို​တာ ဘာ​ကြောင့် စိတ်​ချ​နိုင်​သလဲ။

၁၉ အစား​အစာ အလျှံ​ပယ်​ရှိ​လိမ့်​မယ်။ “ကောက်​နှံ​တွေ​ဟာ မြေပေါ်​မှာ တောင်​ပုံ​ရာ​ပုံ ရှိ​နေ​လိမ့်​မယ်။ တောင်​ပေါ်​မှာ ဖွေး​ဖွေး​လှုပ်​နေ​လိမ့်​မယ်။” (ဆာလံ ၇၂:၁၆) “ဘု​ရား​သခင် ကောင်း​ချီး​ပေး” တဲ့​အတွက် “မြေကြီး​ဟာ အသီး​အပွင့်​တွေ​ကို ထုတ်​ပေး​လိမ့်​မယ်။”—ဆာလံ ၆၇:၆

၂၀။ တစ်​ကမ္ဘာ​လုံး ပရ​ဒိ​သု​ဖြစ်​လာ​မယ်​ဆို​တာ ဘယ်​လို​သိ​နိုင်​သလဲ။

၂၀ တစ်​ကမ္ဘာ​လုံး ပရ​ဒိ​သု​ဖြစ်​လာ​မယ်။ လူ​တိုင်း လှ​ပတဲ့​အိမ်​တွေ၊ ဥ​ယျာဉ်​ပန်း​ခြံ​တွေ ပိုင်​ဆိုင်​ကြ​မယ်။ (ဟေ​ရှာ​ယ ၆၅:၂၁၊ ၂၂ နဲ့ ဗျာဒိတ် ၁၁:၁၈ ကို​ဖတ်​ပါ။) တစ်​ကမ္ဘာ​လုံး ဧ​ဒင်​ဥ​ယျာဉ်​လို လှ​ပလာ​မယ်။ ယေဟောဝါ​က ကျွန်​တော်​တို့ လို​အပ်​ရာ​မှန်​သမျှ အမြဲ ဖြည့်​ဆည်း​ပေး​ပါ​လိမ့်​မယ်။ ဘု​ရား​သခင်​က “လက်​တော်​ကို ဖွင့်​ပြီး သက်​ရှိ​အားလုံး​ရဲ့ လို​အင်​ဆန္ဒ​ကို ဖြည့်​ဆည်း​ပေး​တယ်” လို့ ကျမ်း​စာ​မှာ ပြော​ထား​တယ်။—ဆာလံ ၁၄၅:၁၆

၂၁။ လူ​နဲ့ တိ​ရစ္ဆာန်တွေ ငြိမ်း​ချမ်း​စွာ အတူ​နေ​ထိုင်​ကြ​မယ်​ဆို​တာ ဘယ်​လို သိ​နိုင်​သလဲ။

၂၁ လူ​နဲ့ တိ​ရစ္ဆာန်တွေ ငြိမ်း​ချမ်း​စွာ အတူ​နေ​ထိုင်​ကြ​မယ်။ တိ​ရစ္ဆာန်တွေ​က လူ​တွေ​ကို အန္တရာယ်​ပြု​တော့​မှာ မဟုတ်​ဘူး။ အခု​ချိန်​မှာ အန္တရာယ်​ပေး​နိုင်​တဲ့ တိ​ရစ္ဆာန်တွေ​ကို​တောင် က​လေး​ငယ်​တွေ ကြောက်​စ​ရာ မလို​တော့​ဘူး။—ဟေ​ရှာ​ယ ၁၁:၆–၉ နဲ့ ၆၅:၂၅ ကို​ဖတ်​ပါ။

၂၂။ ဖျား​နာ​သူ​တွေ​အတွက် ယေရှု ဘာ​လုပ်​ပေး​မလဲ။

၂၂ ဖျား​နာ​သူ​တွေ မရှိ​တော့​ဘူး။ ယေရှု မြေကြီး​ပေါ်​ရှိ​တုန်း​က လူ​အများ​ကြီး​ကို ကု​သပေး​ခဲ့​တယ်။ (မဿဲ ၉:၃၅။ မာကု ၁:၄၀-၄၂။ ယောဟန် ၅:၅-၉) ဘု​ရား​သခင့်​နိုင်​ငံ​တော်​ဘု​ရင် ယေရှု​က လူ​အားလုံး​ကို ကု​သပေး​ပါ​လိမ့်​မယ်။ “နေ​မကောင်း​ဘူး” လို့ ဘယ်​သူ​မှ မညည်း​ရ​တော့​ဘူး။—ဟေ​ရှာ​ယ ၃၃:၂၄။ ၃၅:၅၊ ၆

၂၃။ သေလွန်​သူ​တွေ​ကို ဘု​ရား​သခင် ဘာ​လုပ်​ပေး​မလဲ။

၂၃ သေလွန်​သူ​တွေ အသက်​ပြန်​ရှင်​လာ​မယ်။ သေလွန်​သူ သန်း​ပေါင်း​များ​စွာ​ကို အသက်​ပြန်​ရှင်​စေ​မယ်​လို့ ဘု​ရား​သခင် ကတိ​ပေး​တယ်။ ‘ဖြောင့်​မတ်​သူ​ရော မဖြောင့်​မတ်​သူ​တွေ​ပါ ရှင်​ပြန်​ထ​မြောက်​လာ​ကြ​မယ်။’—ယောဟန် ၅:၂၈၊ ၂၉ ကို​ဖတ်​ပါ။ တမန်​တော် ၂၄:၁၅

၂၄။ ပရ​ဒိ​သု​မှာ အသက်​ရှင်​ရ​တာ​နဲ့​ပတ်​သက်​ပြီး သင် ဘယ်​လို​ခံစား​ရ​သလဲ။

၂၄ ကျွန်​တော်​တို့​အားလုံး​မှာ ရွေး​ချယ်​စ​ရာ ရှိ​နေ​တယ်။ ယေဟောဝါ​အကြောင်း သင်​ယူ​ပြီး ကိုယ်​တော့်​ကို ဝတ်​ပြု​မလား ဒါ​မှ​မဟုတ် ကိုယ့်​စိတ်​ကြိုက် လုပ်​မလား​ဆို​တာ ရွေး​ချယ်​ရ​မယ်။ ယေဟောဝါ​ကို ဝတ်​ပြု​ဖို့ ရွေး​ချယ်​ရင် သိပ်​ကောင်း​တဲ့​အနာ​ဂတ် ပိုင်​ဆိုင်​နိုင်​မယ်။ လူ​တစ်​ယောက်​က သူ​သေပြီး​တဲ့​နောက် သူ့​ကို သတိ​ရ​ပါ​လို့ ပြော​တဲ့​အခါ “ခင်​ဗျား​ဟာ ကျွန်​တော်​နဲ့​အတူ ပရ​ဒိ​သု​မှာ ရှိ​လိမ့်​မယ်” လို့ ယေရှု ကတိ​ပေး​တယ်။ (လုကာ ၂၃:၄၃) ယေရှု​ခ​ရစ်​အကြောင်း၊ ဘု​ရား​ကတိ​တွေ ပြည့်​စုံ​လာ​အောင် ယေရှု ဘယ်​လို လုပ်​ပေး​မယ်​ဆို​တဲ့​အကြောင်း ဆက်​လေ့​လာရ​အောင်။